16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

လူငယ်နှင့် ဓမ္မတန်ဖိုး (၂)

ကလောင်စုံ

'ရူးကျွန်မူ၍ကျင့်၊ သွပ်ကျွန်မူ၍ချောင်း' ဆိုတာ ပညာရှာတဲ့နေရာမှ မဟုတ်ဘူး၊ ကုသိုလ်ရှာတဲ့ နေရာမှာလည်း ဒီလိုပဲ ကျင့်သုံးရမှာ။ နှိမ့်ချရမယ့် နေရာမှာ မောက်မာရင် လူမုန်းမယ်။ အဲ...မောက်မာလို့ရမယ့် နေရာမှာတောင် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ နေမယ်ဆိုရင်တော့ လူတိုင်းက ရှက်နိုးအားနာတောင်ဖြစ်ပြီး လေးစားလာမှာပေါ့။ ကုသိုလ်ဆိုတာ ကမ္ပည်းထိုးတာတို့၊ အသံကောင်းလွှင့်ပြီး ကြော်ငြာတာတို့အတိုင်း ဖြစ်တာ မဟုတ်ဘူး။ အမှန်တကယ်ထားတဲ့စေတနာ အတိုင်းသာ ဖြစ်တယ်ဆိုတာ စွဲစွဲမြဲ မြဲ ခံယူထားဖို့လိုတယ်။

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)ရဲ့ ဘယ်နေရာမောင်နေမတုံး ဆောင်းပါးထဲက ကောက်နုတ်ချက် ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာရှိကြတဲ့ လူငယ်လေးတွေအတွက် စိတ်ဓာတ်ခွန်အားနဲ့ အသိဥာဏ်ဗဟုသုတလေးတွေ မျှဝေပေးဖို့စေတနာနဲ့ ယဉ် ကျေးလိမ်မာသင်တန်းလေးတွေ ဖွင့်ပေးဖို့စီစဉ်နေကြတဲ့ လူငယ်အဖွဲ့ကို ဆရာတော်က အကြံပြုဆွေးနွေး သြဝါဒပေးထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။

အာဇာနည်ပုဂ္ဂိုလ်လို့ သိမှတ်လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ့်အတွက် တွက်ခြေကိုက်တဲ့ အလုပ်ထက် အများအတွက် အကျိုးရှိမယ့် အလုပ်တွေကိုပဲရွေးပြီး လုပ်ကြပုံအကြောင်း မိန့်ကြားရင်း လူငယ်လေးတွေအနေနဲ့လည်း ကိုယ့်အတွက် တွက်ခြေကိုက်တဲ့ အလုပ်၊ နေရာကို ရွေးမှာလား၊ အများအကျိုး ရှိမယ့် အလုပ်၊ နေရာကို ရွေးမှာလားလို့ မေးထားပါတယ်။ ပရဟိတကိစ္စ အပါအဝင် ကုသိုလ်အမှုကိစ္စတွေ၊ အများအကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ နေရာရချင်လို့ လုပ်မှာလား၊ နာမည်ကောင်းရဖို့ ကောင်းသတင်းကျော်စောဖို့ လုပ်မှာလား၊ ကိုယ်ကျိုးတွက်ခြေကိုက်ဖို့လုပ်မှာလား၊ အများအကျိုးသယ်ပိုးထမ်းရွက်ဖို့ လုပ် မှာလားဆိုတဲ့ မေးခွန်းတွေကိုလည်း ကိုယ့်ကိုယ်ကိုယ် ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်း ပြန်ပြီး မေးပါလို့ ဆိုထားပါတယ်။

ပရဟိတသမားဆိုတာ လောကတ္ထစရိယသမားဖြစ်တာကြောင့် လောကကောင်းကျိုးသက်သက်ကိုသာကြည့်ပြီး စွမ်းနိုင်ရာက လုပ်ရမယ်၊ အဲဒီလိုလုပ်ရာမှာ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတို့၊ ဂုဏ်သတင်းကျော် စောခြင်းတို့၊ ယုတ်စွအဆုံး ချီးမွမ်းတာတို့၊ ကျေးဇူးတင်တာတို့ အထိ ဘာမှ မမျှော်လင့်ဘဲ လုပ်ရမယ်၊ လောကကို လောဘနဲ့မကြည့်ဘဲ စွန့်လွှတ်လိုတဲ့ အလောဘစိတ်နဲ့သာ ကြည့်ရမယ်၊ ဒေါသနဲ့မကြည့်ဘဲ မေတ္တာစိတ်သက်သက်နဲ့ ကြည့်ရမယ်။ ဒါမှ အာဇာနည်တို့ရဲ့ စိတ် ထားမျိုးဖြစ်မယ်လို့ ဆိုထားပါတယ်။

လောကတ္ထစရိယသမား အာဇာနည် ပုဂ္ဂိုလ်ဖြစ်ဖို့အတွက် ယုံကြည် ထိုက်သူဖြစ်အောင်လည်း ရိုးသားရမယ်၊ အားကိုးထိုက်သူဖြစ်အောင်လည်း ကြိုးစားရမယ်၊ လေးစားထိုက်သူ ဖြစ်အောင်လည်း ဖြူစင်(စင်ကြယ်) ရမယ်ဆိုတဲ့ အချက်သုံးချက်ကိုလည်း ဆရာတော်က အဓိပ္ပာယ်ဖွင့်ဆို ရှင်းလင်းတင်ပြထားပါတယ်။ ကိုယ့်လုပ်ရပ်အပေါ် အနည်းဆုံး ကျေးဇူးတင်စကားလေး အပြောခံချင် တာတို့လို ကိုယ်ကျိုးငဲ့မှုမျိုး မရှိမှဖြစ်မယ်ဆိုတဲ့ အကြောင်းကို ဂျပန်ဘုန်းတော်ကြီးတစ်ပါးနဲ့ အလှူရှင် တစ်ဦးရဲ့ အကြောင်းနဲ့ ပမာပြု ရှင်းပြထားပြီး၊ ကိုယ်ပေးတဲ့ပညာ၊ ပစ္စည်း၊ ဥစ္စာ စသဖြင့်ကို ယူမယ့်သူတွေဆိုတာ ကိုယ့်ရဲ့ကျေးဇူးရှင်တွေ၊ ကိုယ့်လုပ်ငန်းကို ဖြည့်စွက်ကူညီသူတွေ ဖြစ်တယ်ဆိုတာကို သဘောပေါက် ထားရမယ်၊ အဲဒီလို အခြေခံကျကျ ရိုး သားသူတွေဖြစ်ရမယ်လို့ မိန့်ကြားထားပါတယ်။

ပေးလိုသူမှန်ရင် ပေးရမယ့်သူရှိရာကို သွားရှာပြီး ပေးရတယ်၊ လာယူတာတို့၊ တောင်းဆိုတာတို့၊ တောင်းပန်တိုးလျှိုးတာတို့ကို စောင့်မျှော်မနေ ရဘူးဆိုတဲ့ အကြောင်းကို မြတ်စွာ ဘုရားရှင်က ကျွတ်ထိုက်တဲ့ သတ္တဝါ ဝေနေယျတို့အတွက်ဆိုရင် ပင့်ဖိတ်တာကို စောင့်မနေဘဲ ကိုယ်တော်တိုင်ကြွရောက်ဟောကြားပုံ၊ ပထမဆုံး တရားခရီးဖြစ်တဲ့ ပဉ္စဝဂ္ဂီတို့ကို တရားဟောဖို့ ကြွရောက်ပုံ၊ နောက်ဆုံး ပရိနိဗ္ဗာန်စံဝင်ခါနီးမှာတောင် သုဘဒ္ဒပရိဗိုဇ်ရှိရာ မပင့်မဖိတ်ဘဲ ကြွတော်မူခဲ့ပုံတွေနဲ့ ပမာပြု တင်ပြထားပါတယ်။

တရားပွဲတွေမှာ လာပင့်တဲ့ကားက အိုချာလို့၊ လမ်းကြမ်းလို့၊ ဓမ္မပူဇာက မဖြစ်လောက်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဇီဇာကြောင်ကြတာ၊ ငြင်းပယ်ကြတာတွေကို ကြားရတိုင်း ဘုရားရှင်အပေါ် ရှက်နိုးအားနာကြီး ဖြစ်ဖြစ်သွားပြီး ကြည်ညိုစိတ်တွေလည်း ပိုပိုတိုးလာတယ်၊ လူငယ်တွေ အနေနဲ့လည်း ဘုရားရှင်အပေါ်မှာ အာရုံပြုပြီး ကြည်ညိုအားကျ ကြရမယ်၊ အထက်တန်းရောက်လိုရင် အထက်ရောက်နေသူတွေကို သွားရည်ကျပြီး မျှော်နေရမှာ မဟုတ်ဘူး၊ အားကျပြီး အတုယူရမှာလို့ ဆရာတော်က ဆိုထားပါတယ်။

လူငယ်တွေ ဘယ်နေရာမှာနေမလဲ၊ ဘယ်စိတ်ဓာတ်မျိုးမွေးမလဲ၊ ဘယ်လိုကောင်းကျိုးတွေ ဆောင်မလဲဆိုတာ ရွေးတတ်ဖို့ ဆရာတော်က အကြံပြု ဆွေးနွေးတင်ပြထားတာပါ။

ကြူးနှစ်ရဲ့ လေနီကြမ်းတို့ ဝှေ့ရမ်းခဲ့ပြီးနောက် ဆောင်းပါးမှာတော့ အနာဂတ်ကမ္ဘာကို ဦးဆောင်ကြမယ့် လူငယ်တွေလင်းလက်တောက်ပြောင် လာဖို့လိုကြောင်း၊ လူငယ်တွေအနေနဲ့လည်း လူငယ်ဘဝကတည်းက ဓမ္မကိုနားလည်ပြီး ဓမ္မနဲ့အညီ ကျင့်ကြံနေထိုင်ဖို့ လိုပုံအကြောင်းတင်ပြထားပါတယ်။

ဘာကြောင့် လူငယ်လူရွယ်တွေ အိမ်နီးချင်းနိုင်ငံတွေဆီရောက်သွားပြီး တစ်ပါးကျွန်ဘဝရောက်နေသလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို ထုတ်ကြည့်ရင် ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ရာ နိုင်ငံဖြစ်ပါလျက် ဗုဒ္ဓအဆုံးအမနဲ့ သွေဖည်ခဲ့တာကြောင့်ဖြစ်တယ်ဆိုတဲ့  အကြောင်းကိုပဒေသရာဇ်ခေတ်က အစ စစ်အုပ်ချုပ်ရေးကာလထိ အုပ်ချုပ်သူတို့ရဲ့ အမြော်အမြင်နည်းခဲ့ပုံတွေနဲ့ ပမာပြပြီး တင်ပြထားပါတယ်။

ဗုဒ္ဓအဆုံးအမနဲ့ ကျွမ်းဝင်ပြီးသား လူကြီးတွေဝန်းရံမှသာ သတ္တိဗျတ္တိနဲ့ ပြည့်စုံတဲ့ လူငယ်လူရွယ် အချွန်အမွန်တွေ ပေါ်ပေါက်လာမှာဖြစ်ပြီး လူငယ်တွေအနေနဲ့လည်း ဓမ္မကို လူငယ်ဘဝကတည်းက နားမလည်ရင် လူကြီးဘဝမှာ အဓမ္မဝါဒီဖြစ်သွားဖို့ ရာနှုန်းများတယ်၊ သူငယ်နှပ်စားဥာဏ် အသိမျိုးနဲ့ ကိုယ့်ဘက်ကိုယက်ဖို့သာ အာရုံ စိုက်သူတွေ ဖြစ်သွားနိုင်တယ်လို့ ဆိုထားပါတယ်။

နှစ်ပေါင်း ၆ဝ ကျော်အတွင်း စနစ်ဆိုးဝါဒဆိုး အမျိုးမျိုးရဲ့ ပယောဂကြောင့် ပြိုလဲလုလု၊ ယိုယွင်းယိုင် စောင်းနေတဲ့အခြေအနေတွေကို ပြန်လည် တည့်မတ်ဖို့အတွက် လူငယ် တွေဟာ ဓမ္မလမ်းကြောင်းပေါ်ကနေ မိမိတို့ရဲ့စွမ်းရည်တွေကို အသုံးချ အကောင်အထည်ဖော်ရမယ်၊ ကိုယ်ကျင့်တရား ဖြူဖြူစင်စင်နဲ့ လောက ကောင်းကျိုး သယ်ပိုးရမယ်လို့ အကြံပြုထားပါတယ်။

ဒီစာအုပ်မှာ ဓမ္မဒူတ ဒေါက်တာ အရှင်ပညိဿရ၊ မောင်ခိုင်တည်၊ အရှင်ပညာသီဟာဘိဝံသ၊ သားအေးည၊ ဓမ္မင်္ဂါ၊ အနွေးသခင်၊ အရှင်သုခမိန္ဒ(စဝ်ဆုခမ်း-တန့်ယန်း)၊ ဓမ္မသုတေ သီ(မန္တလေး)၊ ပညာပါရမီဆရာတော် ဦးဥာဏဝရ စတဲ့ ရဟန်းစာဆို (၁၁) ပါးရဲ့ လူငယ်နှင့် ဓမ္မတန်ဖိုးဆိုင်ရာ ဆောင်းပါး (၂၁)ပုဒ်ပါဝင်ပါတယ်။

လောကသရဖူ စာအုပ်တိုက်က နေ တန်ဖိုး ၃ဝဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

 

မြန်မာပြည် ပန်းချီဆရာများ

မောင်ကိုကို (အမရပူရ)

ပန်းချီဆရာတွေရဲ့ ပုံရိပ်၊ ပန်းချီဆရာတွေ ဖြတ်သန်းခဲ့ရတဲ့ဘဝ၊ ပန်းချီဆရာတွေရဲ့စိတ်ခံစားမှု၊ သူတို့ ပန်းချီနဲ့ သူတို့ရဲ့ ဖန်တီးတင်ပြပုံတွေ အကြောင်း စုစည်းတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။

ပန်းချီဆရာတွေနဲ့ ကိုယ်တိုင် တွေ့ဆုံ၊ သူတို့ပြောတဲ့စကားတွေကို အသေအချာ ဖမ်းဆုပ်၊ သူတို့ရဲ့ ပန်းချီကားတွေကို စိမ့်ဝင်ခံစားပြီး သူတို့ ပုံရိပ်တွေ၊ သူတို့ခံစားမှုတွေ၊ သူတို့ ပန်းချီတွေ ရုံးကြွလာအောင် ဆရာ မောင်ကိုကိုက ရေးဖွဲ့တင်ပြထားတာပါ။

ပန်းချီဆရာတွေနဲ့ ဆရာမောင်ကိုကိုရဲ့ စကားဝိုင်းမှာ စာဖတ်သူ ကိုယ်တိုင်ပါဝင်နေရသလိုမျိုး၊ သူတို့ရေးဆွဲတဲ့ ပန်းချီကားတွေရဲ့ ရှေ့မှောက် စာဖတ်သူကိုယ်တိုင် ရောက်သွားရသလိုမျိုး ရေးဖွဲ့တင်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။

ပန်းချီစိုးနိုင်အကြောင်းမှာဆိုရင် စိုးနိုင်ရဲ့ ငယ်ဘဝ၊ ငယ်ငယ်ကတည်းက ကျန်းမာရေးမကောင်းတဲ့ အခြေအနေ၊ ကျန်းမာရေးမကောင်းတဲ့ကြားက ခုထိ ပန်းချီအနုပညာအပေါ် ရူးသွပ်ရင်း ရဲရဲရင့်ရင့် ရှင်သန်နေပုံ၊ သူ့ရဲ့ မဂ္ဂဇင်းသရုပ်ဖော်ပန်းချီဆရာဘဝ ဖြတ်သန်းမှု၊ ပန်းချီတွေရေး၊ တစ်ကိုယ်တော် ပြပွဲတွေလုပ်ရင်း ကိုယ်ပိုင်ဟန်နဲ့ အောင်မြင်လာပုံ အကြောင်းတွေကို ဖတ်ရမှာဖြစ်ပါတယ်။

စိုးနိုင်ရဲ့ ဟန်တစ်ခုဖြစ်တဲ့ ဂြိုဟ်သားလိုလို၊ တိရစ္ဆာန်လိုလို၊ လူလိုလို၊ ဘာလိုလို ပန်းချီကားတွေကို ကြည့်ပြီး သူ့ဆွေမျိုးတွေက ဒါတွေက ပန်းချီ လားလို့ ဝေဖန်ကြသတဲ့။ ဒီပန်းချီကားတွေ ရောင်းရတယ်ဆိုတော့ အံ့သြကြသတဲ့။ သိပ်လက်မခံချင်ကြဘူးတဲ့။ အင်းပေါ့လေ လူမစွမ်း နတ်မတာနေ မှာပေါ့လို့ ဆိုကြသတဲ့။ ကျန်းမာရေး မကောင်းတဲ့၊ သူ့ကိုယ်ပိုင်ဟန် အနုပညာကို သူ့ကိုယ်တွင်း အသွေးအသားထဲမှာ သူ့ဥာဏ်နဲ့ရှာဖွေတွေ့ ရှိခဲ့သူ စိုးနိုင်က သူ့ဆွေမျိုးတွေရဲ့ ဝေဖန်မှုတွေ အကြောင်းပြောရင်း အူလှိုက်သည်းလှိုက် ရယ်မောနေပုံကို စာဖတ်သူတွေ့ရမှာ ဖြစ်ပါတယ်။

ဒီစာအုပ်မှာ ဇော်ဇော်အောင်၊ ချမ်းငြိမ်းကျော်၊ မျိုးသန့်အောင်၊ မင်းဇော်၊ မြင့်နိုင်၊ မြတ်ကျော့၊ ပြည့်ဖြိုးအောင်၊ မော်မော်၊ မန္တလေးအောင်ကျော်၊ မန္တလေးကြည်ဝင်း၊ ဝင်းမြင့်ဦး၊ ထွန်းထွန်းလင်း၊ ရှိန်၊ ဝင်းတင့်၊ နုနု၊ ဇွဲရန်နိုင်စတဲ့ ပန်းချီဆရာ ၁၇ ဦး အကြောင်း ရေးဖွဲ့တင်ပြထားတာကို တွေ့ရမှာပါ။

စိတ်ကူးချိုချိုအနုပညာကနေ တန်ဖိုး ၄ဝဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.