21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

ပင်စင်စားအရာရှိတစ်ဦး၏ဖြောင့်ချက်

နှင့် ခေတ်အမြင်ခေတ်အတွေး ဆောင်းပါးများ

မြတ်တင့်

 

နိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ စာပေ အနုပညာတွေ ဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့သည့်ကာလ၊ ဟင်္သာတွေက ကျီးငှက်ကိုဝိုင်းပြီး ခစားကြရသည့် ၈၈ နောက်ပိုင်း ကာလမျိုးကိုလည်း အမှောင်ခေတ်ဟု ပိုင်းခြားလိုက်လျှင် ကန့်ကွက်မဲ နည်းလိမ့်မည် ထင်ပါသည်။ သည် အမှောင် ခေတ်မှာ ပုံရိပ်များစွာ ရှိသည့်အထဲက မိမိပတ်ဝန်းကျင် အဖြစ်အပျက် အချို့ကို တင်ပြလိုက်ပါသည်။

အမှောင်ခေတ်ကပုံရိပ်များ ဆောင်းပါးထဲက ကောက်နုတ်ချက် ဖြစ်ပါတယ်။ ကမ္ဘာမှာ အမှောင်ခေတ် လို့ သတ်မှတ်ခဲ့ပုံအကြောင်း ဖွင့်ဆိုတင်ပြရင်း ၁၉၆၄ -၆၅ လောက်ကစပြီး အုပ်ချုပ်ရေးဌာနမှာ   တာဝန် ထမ်းဆောင်ခဲ့သူ၊ အုပ်ချုပ်ရေး တာဝန်ထမ်းဆောင်တဲ့ တပ်မတော် အရာရှိတွေနဲ့လည်း ပူးတွဲတာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဆရာမြတ်တင့်က ၈၈ နောက်ပိုင်း စစ်အစိုးရလက်ထက် သူကြုံခဲ့ရတဲ့ တိုင်းမှူးတချို့၊ ဝန်ကြီးတချို့ရဲ့ အာဏာအလွဲသုံးစားလုပ်မှု တချို့အကြောင်း ဖွင့်ချတင်ပြထား တာဖြစ်ပါတယ်။

တိုင်းအတွင်းမှာရှိတဲ့ ဌာနဆိုင်ရာများဟာ တိုင်းမှူးလက်ခုပ်ထဲက ရေ ဖြစ်ခဲ့ပုံအကြောင်း၊ ဝန်ကြီးနဲ့ တိုင်းမှူးရဲ့ မတူညီတဲ့အမိန့်ကြားမှာ ဌာနဆိုင်ရာဝန်ထမ်းတွေဟာ အရှင် နှစ်ပါးကြား ခစားရတဲ့သူတွေလို ဖြစ်ခဲ့ပုံ အကြောင်း၊ ပြည်နယ်တစ်ခုမှာ တိုင်းမှူးနဲ့ ပြဿနာတက်တာကြောင့် ဘေးကင်းရန်ကင်းဆိုပြီးရုံးချုပ်ကို ပြောင်းထားလိုက်ပေမယ့် ကံဆိုးချင်တော့ တိုင်းမှူးဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ဝန်ကြီးအဖြစ် အဲဒီဌာနကိုရောက်လာတဲ့အခါ မယူမနေရ ပင်စင်ပေးခံလိုက် ရသူ ဌာနဆိုင်ရာအရာရှိတစ်ယောက် အကြောင်း၊ အဲဒီလိုနဲ့ နှစ်နဲ့ချီ လေ့ကျင့် ပျိုးထောင်ခဲ့ရတဲ့ ဝန်ထမ်းတွေ ပြုန်းတီးခဲ့ရပုံ အကြောင်း၊ ဝန်ကြီးက တစ်မျိုး တိုင်းမှူးကတစ်ဖုံနဲ့ ညွှန်ကြား ချက် နှစ်ခုကြားမှာ နီးရာဓား တိုင်းမှူး ခိုင်းတဲ့အတိုင်း လုပ်မိလို့ အလုပ်ပြုတ် သွားသူ စိုက်ပျိုးရေး မန်နေဂျာ တစ်ယောက်အကြောင်း၊ မီးရထားလမ်း ဇလီဖားတုံးခင်းရာမှာ နည်းစနစ် မမှန်လို့ဆိုပြီး ဝန်ကြီးက ထအကန်ခံရတဲ့  တိုင်းအင်ဂျင်နီယာ ပညာရှင်တစ်ယောက်အကြောင်း၊ လူကြီးခရီးစဉ်တွေမှာ အပြာကား ဗီဒီယိုတွေ ချောဆွဲပြပေးခဲ့ရရုံသာမက ပုဂံငှက်ကြီးထံကညာတွေ ဆက်ရသလို စီစဉ်ပေးခဲ့ရတဲ့ မြို့နယ်ဥက္ကဋ္ဌတွေရဲ့ ဘဝအကြောင်းစတဲ့ အာဏာအလွဲသုံးစား ဖြစ်စဉ်တချို့ကို ရင်ဖွင့်တင်ပြထားတာ ဖြစ်ပါတယ်။

စနစ်ဟောင်းက အကျင့်ဆိုးဥာဉ်ဆိုးတွေ ဒီဘက်ခေတ်အထိ ပါမလာ၊ သယ်မလာစေချင်တဲ့စေတနာ၊ ယန္တရားအတွင်းမှာ ပါဝင်လှုပ်ရှားခဲ့ရသူ တစ်ဦးအနေနဲ့ ဘေးလူတွေထက် ပိုမြင်တာကြောင့် နိုင်ငံနဲ့လူမျိုးအတွက် ပြောသင့်တယ်၊ ပြောရဲရမယ်ဆိုတဲ့ ခံယူချက်တွေနဲ့ ရေးသားတင်ပြရခြင်း ဖြစ်တယ်လို့ စာရေးသူက ဆိုထား ပါတယ်။

တုတ်ပေါတွင် တာဝန်ရှိသည် ဆောင်းပါးမှာတော့တာဝန်ဆိုတာ အသိတရား၊ အသိစိတ်ဓာတ်နဲ့ ပေါင်းစပ်ပါမှ တာဝန်ရှိတယ်ဆိုတဲ့စိတ်၊ တာဝန်ယူလိုတဲ့စိတ်၊ တာဝန်ခံလိုတဲ့စိတ် ဖြစ်ပေါ်ကြောင်း နိဒါန်းချီရေးသားရင်း ကိုယ့်တာဝန်ကိုယ်မယူသူ၊ ကိုယ်တာဝန်ယူရမယ့်ကိစ္စ အဆင်မပြေ ဖြစ်လာတဲ့အခါ သူတစ်ပါးအပေါ် အပြစ်ပုံလွှဲချသူတွေရဲ့ အောက်တန်းကျတဲ့စိတ်ဓာတ်၊ ဖြစ်ရပ် တွေအကြောင်း တင်ပြထားတာဖြစ် ပါတယ်။

၁၉၆၅-၆၆ ဝန်းကျင်လောက်က အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ခံရတဲ့ ဒေသတစ်ခုက ရှေ့တန်းကင်း စခန်းတစ်ခုမှာ ရန်သူ့လှုပ်ရှားမှု သတင်းကွင်းဆက်တွေကိုရနိုင်ဖို့အတွက် အမာခံလူယုံအဖြစ် ကိုတုတ်ပေါဆိုသူ ဗကပ(နစ်ဖြူ) တစ်ယောက်ကို သိမ်းသွင်းမွေးမြူခဲ့ရာမှာ တစ်နေ့တော့ ကိုတုတ်ပေါဟာ ကောင်းပေ့ဆိုတဲ့ ဘရင်းဂန်းသေနတ်ကြီးကို အလစ်သုတ်ပြီး ထွက်ပြေး သွားပါသတဲ့။

အဲဒီပြဿနာအတွက် တပ်ရင်းမှူးက ဖြေရှင်းချက်တောင်းတဲ့အခါ စခန်းတာဝန်ခံအရာရှိက 'တုတ်ပေါတွင် တာဝန်ရှိသည်'လို့ ဖြေရှင်းချက် ပေးခဲ့တာကြောင့် အဲဒီအမှုကိစ္စကစလို့ နောက်ပိုင်းထစ်ခနဲရှိ ပြဿနာတစ်ခုခုကြုံတိုင်း 'တုတ်ပေါတွင် တာဝန်ရှိသည်'ဆိုတဲ့ စကားတွင်ကျန် နေခဲ့ပုံအကြောင်း ရှေးဦးစွာ ခင်းကျင်းတင်ပြရင်း စာရေးသူက သူတာဝန် ထမ်းဆောင်နေစဉ်အတွင်း ကြုံတွေ့ ခဲ့ရတဲ့ အထက်လူကြီးတွေရဲ့ တာဝန် မဲ့လုပ်ရပ်အကြောင်း၊ စစ်အာဏာရှင် လက်ထက် မြန်မာ့သမိုင်းထဲက တာဝန်မဲ့လုပ်ရပ်တွေအကြောင်း တင် ပြထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မီးရထားလမ်းဘေးမြို့နယ်တစ်ခုမှာ စာရေးသူ တာဝန်ကျစဉ်က 'မီးရထားလမ်းဘေး ဝဲယာ ပေငါးဆယ်စီ ခုတ်ထွင်ရှင်း လင်းရမယ်' ဆိုတဲ့ ဗျူဟာမှူးရဲ့ အမိန့်ကြောင့်  ရှင်းလင်းပေးခဲ့ပေမယ့် မီးရထားဝန်ကြီးလာတော့ လမ်းဘေး ဝဲယာ ပြောင်ရှင်းနေတဲ့တောတွေကို ကြည့်ပြီး 'ဘယ်သူခုတ်ခိုင်းတာလဲ' လို့ ဗျူဟာမှူးကိုမေးတဲ့အခါ ဗျူဟာမှူး ဟာ သူနဲ့မဆိုင်သလို မသိသလို မျက်နှာပေးမျိုးလုပ်နေပါသတဲ့။ စာရေးသူကတော့ ဝန်ကြီးသာ သူ့ကို တိုက်ရိုက်မေးခဲ့မယ်ဆိုရင် 'ကိုတုတ် ပေါတို့အဖွဲ့တွေပါ'လို့ ဖြေမိမလား မသိဘူးလို့ ဆိုထားပါတယ်။

ဝန်းသိုမှာ လူတစ်ရာကျော် အသက်ဆုံးရှုံးမှုဖြစ်ခဲ့တဲ့ ဘုံချောင်း မီးရထား မတော်တဆဖြစ်မှု ကြုံတွေ့ ခဲ့ရစဉ်ကလည်း အဲသည်တုန်းက မီးရထားဝန်ကြီးဟာ ဘယ်သူ့ကိုမှ တောင်းပန်စကားမပြောတဲ့အပြင် စက်ခေါင်းမောင်း တုတ်ပေါသာ ထောင်ကျသွားပုံအကြောင်း၊ ရွှေဝါ ရောင် အရေးအခင်းအစပြုရာ မြန်မာပြည်အလယ်ပိုင်းမြို့ကြီး တစ်မြို့မှာ ရဟန်းတော်တစ်ပါးကို ကြိုးတုတ်ရိုက်နှက်ခဲ့ရာကစလို့ ပြဿ နာတွေ ဆက်တိုက်ဖြစ်လာတဲ့အခါ ဒီဖြစ်စဉ်ကို ဘယ်သူက ဦးဆောင် အမိန့်ပေးကြောင်း သိကြပေမယ့် ရာထူးအသေးဆုံး မြို့နယ်ဥက္ကဋ္ဌ (မောင်တုတ်ပေါလေး)သာ စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်၊ နင့်မှာ တာဝန်ရှိတယ်ဆိုပြီး မယူမနေရ ပင်စင်ပေးခြင်း ခံလိုက်ရပုံအကြောင်း၊ လယ်မြေဧက ဘယ်နှသောင်းကျော်မှာ ဘာသီးနှံတွေ စိုက်ပျိုးပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ပေးပြီး ဆည်တွေဆောက်ခဲ့တဲ့ ဝန်ကြီးဟာ ဆည်ကျိုးပြီး အောက် ပိုင်းရွာတွေ ရေဘေးဒုက္ခအကြီး အကျယ် ရောက်တဲ့အပေါ်၊ ဆည်လို့ သာခေါ်ပြီး ဘယ်မြေကိုမှ ရေမပေးနိုင် တဲ့ ဆည်တချို့ရှိနေတဲ့အပေါ် ဘာ တာဝန်မှ မယူခဲ့ပုံအကြောင်း၊ စစ်ဆင်ရေး တစ်ရပ်သဖွယ် အကွက်ကျကျ စီစဉ်ထားတဲ့ ဒီပဲယင်းလုပ်ကြံမှုကြီး မှာ သူနဲ့ပတ်သက်မှုမရှိပါဘူးလို့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ကြီးက ငြင်းခဲ့သလို တခြားသော အကြီး အကဲတွေကလည်း နှုတ်ဆိတ်နေခဲ့ပုံ အကြောင်း၊ လက်ပံတောင်းရဲ့ တန်ဆောင်တိုင်လပြည့်ညမှာ သံဃာတော်တွေကို ရေမီးအစုံနဲ့ ပူဇော်ပွဲ ကျင်းပတဲ့အခါ ကုသိုလ်ရှင်ရဲ့ အမည် ကို ကြေညာခဲ့ခြင်း မရှိကြောင်း စတဲ့ တာဝန်မဲ့တဲ့ အောက်တန်းကျ စိတ်ဓာတ်၊ ဖြစ်ရပ်တွေ အကြောင်းကို နိုင်ငံတကာက တာဝန်သိသူ၊ တာဝန် ယူရဲသူ၊ တာဝန်ခံရဲသူ အကြီးအကဲ တွေရဲ့ မြင့်မြတ်ရဲရင့်တဲ့ စိတ်ဓာတ် တွေနဲ့ယှဉ်ပြီး တင်ပြထားပါတယ်။

စစ်အာဏာရှင် လက်ထက်မှာ ဖြစ်ခဲ့တဲ့ သမိုင်းဆိုးတွေအပေါ် ဘယ် သူတွေမှာ တာဝန်ရှိတယ်ဆိုတာ သူ တို့ကိုယ်စား ကြားဝင်ပြီး 'တုတ်ပေါတွင် တာဝန်ရှိသည်'လို့ပဲ ပြောလိုက် ပါရစေလို့ စာရေးသူက ဆိုထားပါ တယ်။

ပင်စင်စား အရာရှိတစ်ဦး၏  ဖြောင့်ချက် ဆောင်းပါးမှာတော့ စာရေးသူက ဝန်ထမ်းဘဝ တာဝန် ထမ်းဆောင်ချိန်ကစလို့ ပင်စင်ယူ ချိန်ကာလအထိ ကြုံတွေ့ခဲ့ရတဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စနဲ့ မသမာမှု လုပ်ရပ်တွေကို ရှောင်တိမ်းနိုင်ခဲ့ပုံ အကြောင်း၊ မသမာမှုတွေကြားထဲမှာ နေရင်း တွေ့ကြုံရတဲ့ အတွေ့အကြုံ တချို့အကြောင်း၊ ခေတ်ရဲ့ ပြဋ္ဌာန်းချက်အရ ဆန္ဒနဲ့ သွေဖည်ပြီး လုပ်ခဲ့ ရတာရှိခဲ့ပုံတွေ အကြောင်း တင်ပြ ထားတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်ထဲက ခရိုင်မြို့ကြီး တစ်မြို့မှာ တာဝန်ကျစဉ်က မြေဂရန်ကိစ္စတွေကို ကိုင်တွယ်ခဲ့ရပေ မယ့် မသမာမှုတွေကို ရှောင်ရှားပြီး  ဆောင်ရွက်ပေးခဲ့ပုံအကြောင်း၊ ရွှေလုပ်ကွက်တွေကို ကုန်သွယ်ရေးက မန်နေဂျာနဲ့တွဲပြီး တာဝန်ယူစဉ်ကလည်း ကိုယ့်နာမည်နဲ့ဖြစ်စေ၊ ကိုယ်စားလှယ်နာမည်နဲ့ ဖြစ်စေ ရွှေလုပ်ကွက်ကို မယူခဲ့ကြောင်း၊  ကိုယ့်တာဝန်ကိုယ်ကျေရင် ပြီးရော စိတ်မျိုးနဲ့လုပ်ခဲ့ပြီး အထက်လူကြီး အိမ်ဘယ်နားရှိမှန်း၊ လူကြီး ဘာကြိုက်တတ်မှန်း မသိခဲ့တာကြောင့် 'မင်းမှာ ရိုးဂုဏ်ပဲရှိတယ်၊ ကြိုးစားဦး ညီလေး' လို့ခင်မင်တဲ့  ဆရာသမား တစ်ဦးက ဆုံးမတာ ခံခဲ့ရဖူးကြောင်း၊ အဲဒီကာလဟာ ပြင်ပပေါက်ဈေး တစ်တင်း ၃ဝဝဝ ကျပ်ရှိတဲ့ ကုလားပဲ တွေကို ၂ဝဝဝ ဈေးနဲ့ ဒေသခံလယ်သမားတွေဆီက မရောင်းမနေရ ဝယ်ယူပြီး ကိုယ်ကျိုးရှာခဲ့သူ တိုင်း မင်းကြီး တစ်ယောက်နဲ့ တွေ့ကြုံခဲ့ရပုံ အကြောင်း၊ တစ်ခါတော့ ဆီဂါလန် တစ်ထောင် လျှောက်လွှာ ဇွတ်ရေး ခိုင်းပြီး 'မင်းပေးမယ့်ဆီကို အပြင်ဈေးနဲ့ ရောင်းမယ်၊ အမြတ်တစ်ဝက် မင်းကို ပေးမယ်'လို့ ပြောသူ အထက် လူကြီးကို ငြင်းမိတာ၊ အချောင်ပေါက် တွေ့လျက် ရှောင်ဖယ်ဖယ် လုပ်ခဲ့တာ ကြောင့် ကျောင်းထိုင်ဘဝကနေ ခန်းနေဘဝ ရောက်ခဲ့ရပုံအကြောင်း၊ ဘယ်သူက ကြီးသည်ငယ်သည် မသိဘဲ ကန်တော့ငွေနဲ့အတူ အထက်လူကြီးကို ထိုင်ရှိခိုးခဲ့ရတာတွေလည်း ကြုံခဲ့ဖူးကြောင်း စတဲ့အတွေ့အကြုံ တချို့အကြောင်းတင်ပြရင်း ဒီကနေ့ခေတ်မှာ လာဘ်ပေးလာဘ်ယူ ကင်းစင်စေရေးအတွက် ဆောင်ရွက်သင့်တာတွေကို အကြံပြုတင်ပြထားပါတယ်။

'လုပ်သက်နှစ်ပေါင်းလေးဆယ် ကျော်၊ အသက်အားဖြင့် ခုနစ်ဆယ် နားချဉ်းကပ်လာသည့် အချိန်တွင် မိမိမျက်မှောက်တွင် ကြားမိမြင်မိသမျှကို ကိုယ်နဲ့မဆိုင်ဟု အသာမှိန်းမနေဘဲ အတွေ့အကြုံနှင့် ယှဉ်ကာရေးခဲ့မှ မိမိတာဝန်ကျေမည်ဟု ခံယူပါသည်။ အချို့နေရာတွေမှာ တရားခံအဖြစ်၊ အချို့နေရာတွေမှာ သက်သေအဖြစ် ကြုံတွေ့ရတာတွေရှိပါသည်'လို့ စာရေးသူက အမှာစကားဆိုထား ပါတယ်။

သူတွေ့ကြုံခဲ့၊ မြင်မိကြားမိခဲ့တဲ့ အဖြစ်အပျက်တွေ အကြောင်း ရေးသားတင်ပြထားတဲ့ နိုင်ငံရေးအတွေး အမြင်ဆောင်းပါး ၂၅ ပုဒ် ပါဝင်ပြီး ရှင်မတောင် စာပေကနေ တန်ဖိုး ၂ဝဝဝ ကျပ်နဲ့ ဖြန့်ချိ လိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.