21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
နိုင်ငံရေးသမားတို့ရဲ့ မနက်ဖြန်

တိုက်တန်းနစ်မင်းသမီးဆိုပြီး လူသိများကာ ကျော်ကြားလာခဲ့တဲ့ ဟောလိဝုဒ် မင်းသမီး 'ကိတ်ဝင်းစလက်' အပါအဝင် ဒီဘက်ခေတ်ရဲ့ နာမည်ကျော် အော်စကာဆုရတွေချည်းပဲ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကို ဝယ်ယူကြည့် ဖြစ်ခဲ့ပါတယ်။

မထင်ရှားတဲ့ တောသားတစ်ယောက်ဘဝကနေ မထင်မှတ်ဘဲ အဆင့်ဆင့် အောင်မြင်လာတဲ့ နိုင်ငံရေးသမားတစ်ယောက် ထိပ်ဆုံးရောက်တဲ့အခါ ဝမ်း နည်းကြေကွဲဖွယ်ရာ ဇာတ်သိမ်းသွားရပုံအကြောင်းကို အမေရိကန် ကဗျာ ဆရာလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်တဲ့ 'ရောဘတ်ပင်းဝါရင်' (Robert Pen Warren) က ဝတ္ထုတစ်ပုဒ်ရေးခဲ့ပါတယ်။ အဲဒီဝတ္ထုဟာ ၁၉၄၇ ခုနှစ်မှာ ပူလစ်ဇာ ဆုရရှိခဲ့ပါတယ်။

အဲဒီဝတ္ထုကိုပဲ ဆုရပြီး နှစ်နှစ်အကြာ ၁၉၄၉ ခုနှစ်မှာ အဖြူအမည်းနဲ့ ရုပ်ရှင်ကားအဖြစ် ရိုက်ကူးပေါ်ထွက်လာခဲ့ပါတယ်။ အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုအဖြစ်နဲ့ အော်စကာ သုံးဆုရရှိခဲ့ပါတယ်။

အခု အဲဒီဝတ္ထုကိုပဲ ပထမအဖြူ အမည်းဇာတ်ကားရဲ့ နာမည်အတိုင်း ၂ဝဝ၆ ခုနှစ်မှာ ဒီဘက်ခေတ်ရဲ့ အော်စကာဆုရ ဟောလိဝုဒ်မင်းသား၊ မင်းသမီးတွေနဲ့ ဒုတိယ ဘားရှင်းအဖြစ် ရိုက်ကူးခဲ့ကြပြန်ပါတယ်။ အဲဒီမှာ အဓိက ဇာတ်ကောင်နိုင်ငံရဲ့သမ္မတအဖြစ် ဟောလိဝုဒ်ရဲ့ အော်စကာမင်းသား ကြီး 'ရှောင်ပင်း' က သရုပ်ဆောင်ထားပါတယ်။ သူနဲ့အတူ မင်းသမီးကိတ်ဝင်းစလက်က အထူးဇာတ်ပို့သလို မင်းသားကြီး 'အန်ထော်နီဟော့ပင်း'၊ မင်းသား 'ဂျု့ဒ်လော' တို့က ပါဝင်အပြိုင်ကြဲထားကြပါတယ်။

သာမန်တောမြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာနေတဲ့ လူတစ်ယောက်။ သူ့နာမည်က 'ဝီလီစတတ်'။ သူဟာ ဥပဒေပညာကျောင်းကို တက်တယ်။ နောက်ကျောင်းဆင်းတော့ ရှေ့နေတစ်ယောက်ဖြစ်အောင် ကြိုးစားရပ်တည်တယ်။ ရှေ့နေအဖြစ်နဲ့ ရပ်တည် လှုပ်ရှားရှင်သန်ရင်း တဖြည်းဖြည်းရင်ထဲမှာ နိုင်ငံရေးအတွေးအခေါ်တွေ ကိန်းအောင်းလာတယ်။ အဲဒီမှာ တစ်စတစ်စနဲ့ ဘဝတူ ဖြတ်သန်းနေထိုင်ကြသူတွေကို စည်းရုံးတတ်တဲ့ အကျင့်ရလာတယ်။ နောက်တစ်ဆင့်တက်ပြီး ဟောပြောမှုတွေ လုပ်လာတယ်။

အဲဒီလိုနဲ့ ကျေးလက်လူထုအားလုံးကြားမှာ ထင်ပေါ်လာတယ်။ ယုံကြည် ခြင်း၊ အားကိုးခြင်းခံလာရတယ်။ အဲဒီလို အခြေအနေမျိုးတွေကို ရရှိလာတာကို သူသိလိုက်ရတော့ နောက်ဆုံးမှာ နိုင်ငံရေးလောကကြီးထဲကို လုံးဝဆုံးဖြတ်ချက် ချပြီးဦးလည်မသုံလျှောက်လှမ်းပါတော့တယ်။

တဖြည်းဖြည်း လူသိများကျော်ကြားပြီး လျှမ်းလျှမ်းတောက်အောင်မြင်သူ ဘဝကို သူရောက်ရှိလာခဲ့ပါတော့တယ်။ ဒါပေမယ့် အရင်တုန်းက သူ့ရင်ထဲမှာရှိခဲ့တဲ့ စစ်မှန်တဲ့ ကိုယ့်ကျင့်တရားတို့၊ ရိုးသားဖြူစင်မှုတို့ဆိုတာတွေကတော့ သူ့အတွေး၊ သူ့အာရုံ၊ သူ့ခန္ဓာကိုယ်ထဲမှာ မရှိတော့ပါဘူး။

ဟိုတုန်းက သူ့ကို ရန်သူရန်ဘက်အဖြစ် သဘောထားပြီး တိုက်ခိုက်ခဲ့ကြဖူးတဲ့ နိုင်ငံရေးသမားတွေထက်ပိုပြီး သူ့ရဲ့အကျင့်စာရိတ္တ ပျက်ပြားမှုတွေက ပိုဆိုးလာပါတယ်။ ငါ့အတွက်၊ ငါ့မိသားစုအတွက်၊ ငါ့သားသမီးအတွက်ဆိုတဲ့ အတ္တတွေက လွှမ်းမိုးလာပါတယ်။

အရက်အလွန်အကျွံသောက်တတ်သူ၊ အရက်ကြိုက်တဲ့သားတစ်ယောက်လည်း ရှိပါတယ်။ တစ်နေ့မှာ သူ့ရဲ့သားက အလွန်အကျွံ အရက်မူးနေတဲ့ ကြားက ကားမောင်းမိတဲ့အတွက် ကားဟာ အရှိန်မထိန်းနိုင်တော့ဘဲ တစ်စုံတစ်ခုနဲ့ ဝင်တိုက်မိပြီး မှောက်သွားပါတယ်။ အဲဒီကားပေါ် အဖော်ပါလာ တဲ့ သူ့ရည်းစားမိန်းကလေးဟာ သေဆုံးသွားခဲ့ရပါတယ်။ စတတ်ရဲ့သားဖြစ်သူ ကိုယ်တိုင်လည်း အပြင်းအထန် ဒဏ်ရာရပြီး အရေးပေါ်မှာ ကုသရပါတယ်။ အရှိန်အဝါ အာဏာဆိုတာကို လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိထားတဲ့ 'ဝီလီစတိတ်'ဆိုတဲ့ နိုင်ငံရေးသမားကြီးဟာ ဒီကိစ္စမှာ သူ့ရဲ့သားဖြစ်သူ ဂုဏ်သိက္ခာ မပျက်အောင်နောက်ကွယ်ကနေ လိုက်ထိန်းပေးတဲ့အနေနဲ့ သေဆုံးသွားခဲ့ရတဲ့ မိန်းကလေးရဲ့ ဖခင်နဲ့သွား ရောက်တွေ့ဆုံပြီး ရဲစခန်းမှာ သူ့သားအတွက် အဆင်ပြေအောင် ထွက်ဆိုပေးဖို့ အပြင်းအထန်စည်းရုံးပါတယ်။

ဒါပေမယ့် စတတ်ရဲ့ စည်းရုံးရေးဟာ ဒီတစ်ခါတော့ ကျဆုံးသွားပါတယ်။ မအောင်မြင်ပါဘူး။

''ခင်ဗျား ကျုပ်ကို ငွေဘယ်လောက်ပေးပေး၊ အခွင့်အရေး မျှော်လင့်ချက်တွေ ဘယ်လောက်ပေးပေးမလိုချင်ဘူး။ ကျုပ်ကတော့ အမှန်တရားပဲ။ အမှန် အတိုင်းပဲပြောမှာ''ဆိုပြီး တင်းခံနေလို့ နောက်ဆုံးကြံရာမရဖြစ်ပြီး အဲဒီ မိန်း ကလေးရဲ့ အဖေကိုပါ လက်စဖျောက် ကိစ္စတုံးပစ်လိုက်မိပါရော။

နိုင်ငံရေးသမားကြီး 'ဝီလီစတတ်'ရဲ့ဘဝဟာ သားဖြစ်သူရဲ့ကိစ္စကနေ အကြောင်းခံပြီး တဖြည်းဖြည်း တစ်စတစ်စ အက်ကြောင်းတွေထလာတယ်။ အဲဒီမှာ သူသိသွားတာ တစ်ခုက လက်ရှိဘဝကြီးမှာ သူထင်ထားမိသလို ငွေရှိတိုင်း ဘာမဆိုမဖြစ်ပါလား။ ငွေနဲ့ဝယ်လို့မရတဲ့ လူတွေဆိုတာ ရှိနေပါလားဆိုတဲ့ အသိတွေ ဝင်သွားပါတယ်။

ဝီလီစတတ်ရဲ့ ဘဝလမ်းခရီးဟာ အလင်းရောင်ကင်းမဲ့စပြုလာပါတယ်။ ဘယ်သူမပြု မိမိမှုဆိုတဲ့ စကားအတိုင်း ကိုယ်ပြောမိပြုမိတာတွေရဲ့ တန်ပြန်သက်ရောက်မှုနဲ့ ရှုပ်ထွေးပွေလီကာ မွန်းကျပ်စရာတွေနဲ့ ပြည့်လာနေပါတယ်။ တဖြည်း ဖြည်း ဘဝဟာလုပ်သလိုမဖြစ်တာ တွေများလာပြီး ဖြစ်သလို လုပ်ရတာတွေများ လာပါတယ်။

ဒီအချိန်မှာ မြွေပူရာကင်းမှောင့် ဆိုတဲ့ ကိစ္စတစ်ခုဝင်လာပါတယ်။ အကျင့်ပျက်ခြစား စာရိတ္တတွေ ပျက်ယွင်းလာနေတဲ့အတွက် သူ့ဘက်မှာ ယုံကြည်သူ နည်းပါးလာနေတဲ့ကြားက သူ့အတွက် မဲဆွယ်စည်းရုံးပေးတဲ့ စည်းရုံးရေးမှူး အမျိုးသမီးလေး 'ဆေး ဒီ'ဆိုသူနဲ့ ငြိစွန်းပြန်တဲ့အတွက် ကြောင့် သောကပွေရပါတယ်။

အဲဒီမိန်းကလေးက သူမရဲ့ ဂုဏ်သိက္ခာကို ကာကွယ်တဲ့ အနေနဲ့ လက် ရှိ ဇနီးဖြစ်တဲ့ 'လူစီ'ကို တရားဝင်ကွာရှင်းလိုက်ဖို့တောင်းဆိုနေပါတယ်။ ဝီလီစတတ်ဟာ အလွန်မိန်းမရှုပ်ပွေ သူဖြစ်နေပါတယ်။ အဲဒီမှာ ပိုဆိုးတာကတော့ သူ့အတွက် အင်မတန်အား ကိုးရတဲ့ ငယ်သူငယ်ချင်း သတင်းစာ ဆရာ 'ဂျက်ဘာဒင်' ရဲ့ ရည်းစား 'အန်စတန်တင်'ဆိုတဲ့ မိန်းကလေးနဲ့ ဇွတ်ကျူးလွန်မိလိုက်ခြင်းပါပဲ။

အဲဒီမှာ ပြဿနာပိုကြီးမယ့် မီးပွားတစ်ခုဖြစ်လာပါတယ်။ အကြောင်းက  'အန်စတန်တင်' ရဲ့ ဦးလေးက သူ့ကိုကြည့်မရတဲ့ တရားသူကြီးဖြစ်နေတယ်။ တရားသူကြီးက သူ့ရဲ့အကြောင်းစုံကို ဖွင့်ချလိုက်တဲ့ အခါမှာတော့ အရှက်ဗြန်းဗြန်းကွဲပြီး ဂုဏ်သိက္ခာတွေ ထိုးဆင်းသွားရပါ တော့တယ်။

ဝီလီစတတ်ဟာ သူ့အပေါ် ဒီလိုလုပ်တဲ့အတွက်ကြောင့် တရားသူကြီး အပေါ် အငြိုးထားပြီး တရားသူကြီးရဲ့ နောက်ကြောင်းတွေ့ ပြန်လိုက်ပြီး တွေ့ရှိလာတဲ့ လာဘ်စားမှု အချက်အလက်တွေနဲ့ တရားသူကြီးကို ပြန်လည်ချုပ်ကိုင်ပြီး လက်စားချေဖို့ လုပ်ခါနီးမှာ တရားသူကြီးက ကိုယ့် ကိုယ်ကို သတ်သေသွားပါတယ်။

သူ့ဦးလေးသေသွားရပေမယ့် သူ့အပေါ်ချစ်ခဲ့တဲ့သူမို့ မိန်းကလေး 'အန်းစတန်တင်' ဝီလီစတတ်အပေါ် ခွင့်လွတ်ပါတယ်။ ဒါပေမယ့် အဲဒီမိန်းကလေး အန်းစတန်တင်ရဲ့ အစ်ကို ဖြစ်သူ ဆရာဝန်ကတော့ ခွင့်မလွတ်ဘူး။ အဲဒီဆရာဝန်ဟာ ဒီနိုင်ငံရေး သမားအာဏာကို ခုတုံးလုပ်သူ ဝီလီစတတ်ရဲ့သား ကားမှောက်ဒဏ်ရာရ တာကို အသက်မသေအောင် ကုသပေးခဲ့တဲ့သူ။

ဆရာဝန်မကျေမနပ်ဖြစ်နေတာကို သိလိုက်ရပြန်တော့ ဆရာဝန်ရဲ့ နောက်ကြောင်းတွေကို နိုင်ငံရေးသမားက လိုက်ပြန်ပါတယ်။ အဲဒီမှာ ဆရာဝန်ရဲ့ အားနည်းချက်တစ်ခုကို သူတွေ့ရှိသွားပါတယ်။ ဒါကို ကြိုသိသွားတဲ့ ဆရာဝန်က ပြည်နယ် အုပ် ချုပ်ရေးမှူးနိုင်ငံရေးသမား 'ဝီလီစတတ်' ကို မြို့တော်ခန်းမထဲမှာပဲ ခြောက်လုံးပြူးနဲ့ ပစ်သတ်လိုက်ပါ တော့တယ်။ အဲဒီ ဆရာဝန်ကိုလည်း အနားမှာရှိနေတဲ့ ဝီလီစတတ်ရဲ့ လူယုံတော်တစ်ယောက်က ချက်ချင်း ပစ်သတ်ပစ်လိုက်ပါတယ်။ ရုပ်ရှင် လည်း အဲဒီမှာ ပြီးဆုံးသွားပါတယ်။

ဒီရုပ်ရှင်ဟာ ဇာတ်ကြောင်း ပြန်ပြောပုံမျိုးနဲ့ ရိုက်ထားတဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဇာတ်ကြောင်း ပြန်ပြောပြနေတဲ့ လူက အဲဒီအချိန်က အသက်ရှင် ကျန်ရစ်နေခဲ့တဲ့ သာမန် တောသားဘဝကနေ ပြည်နယ်အုပ် ချုပ်ရေးမှူးအဆင့်ထိ မြင့်တက် အောင်မြင်သွားတဲ့ နိုင်ငံရေးသမားဝီလီစတတ်ရဲ့ ငယ်သူငယ်ချင်း သတင်းစာဆရာ 'ဂျက်ဘာဒင်' ဆိုသူ ပဲဖြစ်ပါတယ်။

ဒီနေရာမှာ 'နတ်နေကိုင်းတောင် မချန်ပါလား'ဆိုတဲ့ စကားပုံဟာ ဒီရုပ်ရှင်ကားထဲက နိုင်ငံရေးသမားလိုလူမျိုးကို ပြောခဲ့တာများလားလို့ စဉ်းစားမိပါတော့တယ်။

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.