16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

မာရ်နတ်ရဲ့စည်းစိမ် ဝတ္ထုတိုများ

ကြူးနှစ်

အမျိုးသားစာပေဆုရရှိခဲ့တဲ့ 'မာရ်နတ်ရဲ့စည်းစိမ်' ဝတ္ထုတိုစုစည်းမှု စာအုပ်မှာ ဝတ္ထုတိုအချို့ ထပ်မံ ဖြည့်စွက်ပြီး  ပြန်လည် ထုတ်ဝေလိုက် တဲ့ စာအုပ်ဖြစ်ပါတယ်။

ဇာတ်လမ်းဇာတ်ကွက်အကြောင်း အရာထက်ဝတ္ထုတို တစ်ပုဒ်ရဲ့အရသာ၊ ဝတ္ထုတိုကပေးတဲ့ အတွေးရသကို ဖတ်ရှုခံစားချင်သူတွေအတွက် ချင်ခြင်းပြေစေမယ့် ဝတ္ထုတိုတွေလို့ ဆိုနိုင်ပါတယ်။

ဝဋ်ကြွေး ဝတ္ထုတိုကတော့ အရက်ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားရရှာသူ 'ထူးထူးဟန်' ဆိုတဲ့ လူငယ်လေးတစ်ယောက် အကြောင်းဖြစ်ပါတယ်။ အရက် သောက်၊ အရက်စွဲပြီး အရက်ကြောင့် သေဆုံးသွားရပုံဟာ မဆန်းတဲ့ ဇာတ် လမ်း အကြောင်းအရာ ဖြစ်ပေမယ့် စာတော်တဲ့ လိမ္မာတဲ့စက်မှုကျောင်းသား ထူးထူးဟန် ၈၈ အရေးအခင်း ကျောင်းအပိတ်မှာ အရက်ဆိုင်ထဲ ဝင်ပုန်းဖြစ်ပုံတွေ၊ အစိုးရခွင့်ပြုချက်နဲ့ ထုတ်လုပ်ဖြန့်ချိရောင်းချပါတယ်ဆိုတဲ့ စက်ရုံထုတ် အရက်ဖြူ အဆီတွေရဲ့ ဆိုးကျိုးတွေကို လူမှုဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အပြောတွေ၊ အပြတွေနဲ့ ပံ့ပိုးတင်ပြထားတာကြောင့် ဝတ္ထုဟာ သက်ဝင်လှုပ်ရှား ဆန်းသစ်လာပါတယ်။ ထူးထူးဟန် သေတော့ သူ့အဖေ၊အမေက ငိုတဲ့အခါ ခုမှငိုမနေနဲ့ အဖေတို့အမေတို့ အလိုလိုက်လို့ ညီလေးသေရတာလို့ ထူးထူးဟန်ရဲ့ အစ်ကိုကြီးက ငိုသံပါကြီးနဲ့ အော်လိုက်ပုံကို ရေးဖွဲ့ထားတာဟာ ဝတ္ထုရဲ့ဇာတ်ရှိန်ကို မြှင့်လိုက်တဲ့နေရာပါပဲ။ ထူးထူးဟန်ကိုသတ်တာ အဖေနဲ့အမေတဲ့။ အဲဒီမှာ ထူးထူးဟန်ရဲ့ အစ်ကိုကြီးအောက် အစ်ကိုငယ်က ထူးထူးဟန်ကိုသတ်တာ အဖေနဲ့အမေမဟုတ်ဘူးလို့ဒေါသနဲ့ ဝင်အော်ပြောလိုက်ပုံ၊ သူ့ညီလေးကိုသတ်တဲ့ တရားခံအစစ်ရှိတဲ့နေရာကို ဒေါသတကြီး စွပ်စွဲညွှန်ပြလိုက်ပုံနဲ့ဝတ္ထုကို အဆုံးသတ်ထားပါတယ်။ စာဖတ်သူကို အတွေးတွေ ဆင့်ပွားမိ စေမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်းအရာ ဆန်းသစ်တဲ့ ဝတ္ထုတွေပါသလို ဇာတ်လမ်းအကြောင်းအရာ ရိုးရှင်းတဲ့ဝတ္ထုတွေလည်း ပါဝင်ပါတယ်။ ဝတ္ထုတိုအားလုံးမှာ တူညီတဲ့ အချက်ကတော့ ဆန်းတဲ့အကြောင်းအရာဖြစ်ဖြစ်၊ ရိုးရှင်းတဲ့အကြောင်းအရာဖြစ်ဖြစ် အကြောင်းအရာက တစ်ဆင့် အတွေးတွေ ဆင့်ပွားမိအောင် ရေးဖွဲ့တင်ပြထားတာပဲ ဖြစ်ပါတယ်။ စာရေးသူက သူပြောချင်တဲ့အဓိကအချက်ကို စာဖတ်သူဆီပေးဖို့အတွက် ဇာတ်ကောင် တွေ၊ အဖြစ်အပျက် အကြောင်းအရာတွေကို သိုင်းကာဝိုင်းကာ ပုံဖော်ရာမှာ စာဖတ်သူဝတ္ထုဆုံးတဲ့အထိ လိုက်ပါလာနိုင်အောင် ဆွဲဆောင်ရေးဖွဲ့နိုင်စွမ်းရှိတာကို တွေ့ရမှာဖြစ်ပါတယ်။

ဝတ္ထုတို ၂၉ပုဒ်ပါဝင်ပြီး စိတ်ကူးချိုချို စာပေကနေ တန်ဖိုး ၄ဝဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

 

သံစဉ်ချိုချို ဂီတတေးဥယျာဉ် (ရေဒီယိုတေးများ ခံစားမှုစာစု)

မောင်ဟံသာ

ခေတ်ဟောင်းပဲဖြစ်ဖြစ်၊ ခေတ်ပေါ်ပဲဖြစ်ဖြစ် သူများသီချင်းကို ပြန်ဆိုတဲ့အခါမှာ မူရင်းအဆိုရှင်ထက် ကောင်းအောင်ဆိုနိုင်မလား၊ ဆိုနိုင်ရင်တော့ဆိုလိုက်၊ မဆိုနိုင်ဘူးဆိုရင်တော့ မူရင်းအဆိုတော်ရဲ့ ဆိုပေါက်အတိုင်း အကောင်းဆုံးဖြစ်အောင်ဆိုပါ။ မူရင်းရသပျောက်သွားအောင် ဆိုဟန်တွေ၊ ဆိုပေါက်တွေ ပြောင်းတာ၊ စာသားတွေဖြည့်တာဖြုတ်တာ ဘယ်တော့မှ မလုပ်ပါနဲ့။ မူရင်းအဆိုတော် ကို မစော်ကားပါနဲ့တဲ့။

မမအေးတို့တေးဥယျာဉ် စာစုထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ အဆိုပညာဂီတပညာနဲ့ပတ်သက်ပြီး ဒေါ်မာမာအေး လမ်းညွှန်ပြောကြား ချက်တွေထဲက ကောက်နုတ်တင်ပြ ထားတဲ့ စာပိုဒ်ဖြစ်ပြီး ၁၉၇၆ ခုနှစ်မှာ အမှတ်စဉ် (၁) အဖြစ်စတင်တဲ့ အဆိုတော်ကြီး မာမာအေးရဲ့ 'အေး'အဆို လေ့ကျင့်ရေးကျောင်းမှာ စာရေးသူ ဆရာမောင်ဟန်သာ သင်တန်းတက်ချိန်က အတွေ့အကြုံခံစားမှုတွေ အကြောင်း တင်ပြထားတဲ့စာစုဖြစ်ပါတယ်။ ခုချိန်မှာတော့ မြန်မာသံ ပြန်ဆိုတေးသီချင်းတချို့ကို နားဆင် လိုက်တဲ့အခါ စာသားတွေ မှားလိုမှား၊ မလိုအပ်ဘဲ အသံရှည်ဆွဲလိုဆွဲ၊ မလို အပ်ဘဲ အရစ်တွေအကွန့်တွေ ထည့်လိုထည့်နဲ့ မူရင်းသီချင်းကို နား ထောင်လို့မရအောင် လုပ်ပစ်ကြတာဟာ ဝမ်းနည်းစရာကောင်းသလို မြန်မာသံသီချင်းတွေရဲ့ ကျဆုံးခန်းလည်း ဖြစ်တယ်လို့ စာရေးသူက သုံးသပ်ထားပါတယ်။ အဆိုတော်ကြီး မေလှ မြိုင်ရဲ့ ကျော်ကြားခဲ့တဲ့ 'မြိုင်' သီချင်းကို မေလှမြိုင် သက်ရှိထင်ရှားရှိနေချိန် မှာ ထုတ်လုပ်သူတချို့က မာမာအေးကို ပြန်ဆိုခိုင်းပုံအကြောင်း၊ အမေ မြိုင်ကို မီအောင် ငါမဆိုနိုင်ဘူး။ ငါဆိုလိုက်လို့ ကောင်းရင်ပဲဖြစ်ဖြစ်၊ မကောင်းရင်ပဲဖြစ်ဖြစ် အမေမြိုင်ကို စော်ကားသလိုဖြစ်မှာမို့ ငါမဆိုဘူး၊ အမေမြိုင်မရှိတော့တဲ့အခါမှ ဆိုချင် လည်းဆိုမှာပေါ့ လို့ ဒေါ်မာမာအေးက ငြင်းခဲ့ပုံအကြောင်းတွေကိုလည်း တင်ပြထားပါတယ်။

ဒီစာစုမှာ ၁၉၇ဝ ကျော်ကာလ စာရေးသူ စက်မှုတက္ကသိုလ်ကျောင်း သားဘဝက မြန်မာ့ဂီတအပေါ် ရူးသွပ်စွဲလမ်းခဲ့ပုံတွေ၊ သီချင်းပဟေဠိဖြေဖို့ မြန်မာ့အသံကို ရောက်သွားရင်း အဆိုတော်ကြီးတွေဖြစ်တဲ့ ချစ်စပယ်၊ တင်တင်မြ၊ မာမာအေးတို့ကို စမြင်ဖူး တွေ့ဖူးပုံတွေ၊ 'အေး' အဆိုလေ့ကျင့် ရေးသင်တန်းကို ရောက်သွားပြီး သီချင်းဆိုပုံဆိုနည်း သင်ယူခဲ့ရပုံတွေကို လေ့ကျင့်သင်ယူခဲ့ရတဲ့ သီချင်း နမူနာတွေနဲ့တကွ ခံစားတင်ပြထားတာကို တွေ့ရမှာပါ။

အဲဒီအချိန်တုန်း စက်မှုတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား စာရေးသူဟာ လူတောသိပ်မတိုးရဲတဲ့ ဘဝကနေ အဆိုသင်တန်းတက်ပြီးနောက်ပိုင်း လူပုံအလယ် သီချင်းဆိုရဲလာ၊ လူတောသူတော တိုးရဲလာတဲ့ ဘဝတိုးတက်မှုတွေလည်း ရရှိခဲ့တယ် လို့ဆိုပါတယ်။ ဒီစာစုမှာ 'အေး' အဆိုသင်တန်းကျောင်းနဲ့ ပတ်သက်တဲ့ ခံစားမှုတွေအပြင် အဲဒီခေတ် ကာလရေဒီယိုသောတရှင်ကဏ္ဍမှာ တောက်ပခဲ့ကြတဲ့ စန္ဒရား ချစ်ဆွေ၊ စန္ဒရားလှထွဋ်၊ ကိုတင်လှိုင်၊ ဝင်းဦး၊ မောင်မောင်ကြီး၊ ချိုပြုံး၊ တင် တင်မြ၊ ရီရီသန့်၊ တင်ဦးလေး၊ မျိုးမြင့်လေး စတဲ့စတဲ့ အဆိုတော်တွေနဲ့ သူတို့ဆိုခဲ့တဲ့ သီချင်းတွေ အကြောင်း၊ ကျိုက္ကဆံကွင်းမှာကျင်းပတဲ့ ဂီတပဒေသာကပွဲ၊ ပြည်ထောင်စုပဒေသာကပွဲ တွေမှာ သီဆိုတင်ဆက်တဲ့ သီချင်းတွေ၊ ပြဇာတ်တွေ၊ အော်ပရာ တွေအကြောင်း၊ ပါဝင်သီဆိုကပြတင် ဆက်တဲ့ အဆိုတော်တွေ၊ ဒါရိုက်တာ တွေ၊ သရုပ်ဆောင်တွေ၊ ဂီတမှူးတွေ အကြောင်းကိုလည်း သီချင်းသံတွေ ကြားယောင်လာအောင်၊ အနုပညာပွဲ တော်မြင်ကွင်းကို မြင်ယောင်လာမိ အောင် ရေးဖွဲ့တင်ပြထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ မာမာအေးရဲ့ အဆိုသင်တန်းကျောင်း အတွေ့အကြုံတွေအကြောင်း ဦး တည်ရေးသားထားပေမယ့် အဲဒီခေတ် ကာလအဆိုတော်တွေရဲ့အကြောင်း တွေ၊ မာမာအေးရဲ့ နာမည်ကြီးခဲ့တဲ့ သီချင်းတွေအကြောင်းနဲ့ တေးရေးဆရာတွေရဲ့အကြောင်းတွေ၊ မာမာအေးနဲ့ ယှက်နွှယ်ပတ်သက်ရာ ဂီတအနုပညာလုပ်ဖော်ကိုင်ဘက်တွေဖြစ်တဲ့ ဂီတနယ်ပယ်၊ ရုပ်ရှင်နယ်ပယ်က အနုပညာရှင်တွေရဲ့ အကြောင်းတွေကိုပါ သီချင်းတွေနဲ့တကွ၊ မာမာအေး နောက်ခံတေးသီဆိုပေးခဲ့ရတဲ့ ရုပ်ရှင်ဇာတ်လမ်း၊ သရုပ်ဆောင်တွေနဲ့တကွ ဝေဝေဆာဆာတင်ပြထားတာကို တွေ့ရမှာပါ။

အခါရာသီနှင့်လိုက်ဖက်စွာ (မိုးဖွဲ့သီချင်းများ)၊ နှစ်ခြိုက်ခဲ့ရသော မိုးသီချင်းများ စာစုတွေမှာတော့ ဂီတမိခင်ကြီး ဒေါ်စောမြအေးကြည်ရေးခဲ့တဲ့ မိုးဒေဝါပတ်ပျိုးရဲ့ ခံစားမှုရင်းမြစ် သမိုင်းကြောင်းအကြောင်း၊ မိုးဒေဝါ သီချင်းကို သီဆိုခဲ့သူ မလှရွှေဟာ မိုး ဒေဝါမလှရွှေလို့ ထင်ပေါ်ကျော်ကြား ခဲ့ပုံအကြောင်း၊ ရွှေမိုးငွေမိုး ပြဇာတ်မှာ ကြည်ကြည်ဌေးဆိုဖို့ ဗိုလ်ကလေးတင့်အောင်ရေးပေးခဲ့တဲ့ လွမ်းမေယုတောင် သီချင်းအကြောင်း၊ နိုင်ငံကျော်အဆိုတော် ရုပ်ရှင်မင်းသမီးကြီး မေရှင်သီဆိုခဲ့ပြီး ဂီတနက်သန် ကိုစောငြိမ်းရေး ဝဿန်ခါဦး သီချင်းအကြောင်း၊ ကိုစောငြိမ်းရေးပြီး ကို တင်ဖေ(ဆရာအောင်လင်း)၊ မောင်မောင်ညွှန့်တို့ သီဆိုခဲ့တဲ့ မိုးသက်လေနှင် သီချင်းအကြောင်း၊ ဆရာရန်နိုင် စိန်ရေးဖွဲ့ခဲ့ပြီး ဝင်းဦး၊ ကိုမင်းနောင်၊ မာမာအေး၊ သုမောင်၊ ဌေးဌေးမြင့်တို့ သီဆိုခဲ့ကြတဲ့ 'ချစ်မိုးကြီး' သီချင်းနဲ့ သီချင်းရဲ့ သမိုင်းကြောင်းအကြောင်း၊  မြို့မငြိမ်းရေးဖွဲ့ခဲ့ပြီး ကိုအံ့ကြီးသီဆို ထားတဲ့ ကသစ်ပန်း သီချင်း အကြောင်း စတဲ့ မိုးနဲ့ပတ်သက်ရာ မြန်မာသံ သီချင်းတွေအကြောင်းကို ရေးသူ၊ ဆိုခဲ့သူ အဆိုတော်တွေရဲ့အမည်၊ ဘဝကောက်ကြောင်း တချို့ နဲ့တကွ သီချင်းရဲ့ သမိုင်းကြောင်း တွေကိုပါ ထောင့်စေ့အောင် တင်ပြ ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီစာအုပ်မှာပါဝင်တဲ့ စာစုတွေဟာ မြန်မာ့အသံက ထုတ်လွှင့်ခဲ့ပြီး ယနေ့တိုင် ကျော်ကြားနေဆဲ ရေဒီယိုသီချင်းတွေအကြောင်း၊ ရုပ်ရှင်နောက်ခံတေး၊ ပြဇာတ်နောက်ခံတေးအဖြစ်ကနေ ကျော်ကြားလာတဲ့ သီချင်းတွေအကြောင်းကို သီချင်းရေးသူ ဂီတစာဆို၊ သီဆိုသူအဆိုတော်တွေနဲ့တကွ သီချင်းရဲ့ ရာဇဝင်ပါ ပါအောင် ခံစားတင်ပြထားတာ ဖြစ်ပါတယ်။ တေးသီချင်းတွေကို ခံစားပြရင်း အဆိုပညာနဲ့ စပ်လျဉ်းတဲ့ မှတ်သားဖွယ် အချက်တွေ၊ ပြန်ဆိုတေးအချို့မှာ တွေ့ရတတ်တဲ့ မူရင်းတေးပြုဆရာရဲ့ စာသားနဲ့ ကွဲလွဲနေတဲ့စာသားတွေ၊ တေးစာသားအမှန်နဲ့အတူ ဘာ ကြောင့် တေးပြုစာဆိုက ဒီစာသားကို သုံးခဲ့တယ်ဆိုတဲ့ အကြောင်းတွေ၊ မြန်မာသံမှာ ဘာကြောင့် ပြန်ဆိုတေး တွေပဲဖြစ်နေပြီး ဘာကြောင့် မြန်မာသံသီချင်းသစ်တွေ ထွက်ပေါ်မလာ ရသလဲဆိုတဲ့အကြောင်းတွေ စတဲ့ မြန်မာသီချင်းတွေနဲ့ ပတ်သက်တဲ့ အမြင်၊ အတွေး၊ အလွမ်း ခံစားမှုတွေ ကို တွေ့ရမှာဖြစ်ပါတယ်။

မြန်မာသံတေးသီချင်းတွေအကြောင်း ခံစားမှုစာစုအပုဒ် ၂ဝ ပါဝင်ပြီး လင်းလွန်းခင်စာပေကနေ တန်ဖိုး ၂ဝဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.