16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
အချိန်မတိုင်မီ ထွက်ခွာသွားကြသူများ

ဒီရုပ်ရှင်ဇာတ်ကားက ၂ဝဝ၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားပါ။ တကယ်တော့ ဒီရုပ်ရှင်ကား အခွေလေးကို ရွှေဘုံသာလမ်းထောင့်က ဝယ်နေကျဆိုင်မှာ အမြဲတွေ့မြင်နေခဲ့ပေမယ့် အဲဒီတုန်းက သိပ်စိတ်မဝင်စားတာနဲ့ မဝယ်ဖြစ်ခဲ့ပါဘူး။ ဟိုတလောမှ လက်ဖက်ရည်ဆိုင်ထိုင်ရင်း မိတ်ဆွေတစ်ယောက်က ဘယ်လိုကောင်းတယ်ဆိုတဲ့အကြောင်း စနစ်တကျ ပြောပြရင်း ညွှန်းခဲ့လို့ ပြန်ရှာဝယ်ပြီး ကြည့်ဖြစ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ လက်ရှိတိုးတက်နေတဲ့ နည်းပညာခေတ်ကြီးထဲမှာပဲ မိမိတို့ ဂျပန်လူမျိုးတွေရဲ့ ရိုးရာအစဉ်အလာတွေကို တိုးတက်နေတဲ့နည်းပညာ ခေတ်ကြီးအတိုင်း လိမ္မာပါးနပ်တဲ့ ငွေရှင်ကြေးရှင်တို့က စီးပွားရှာကြပုံ အကြောင်းနဲ့ မိမိကိုယ်တိုင်ကွန်ပျူတာ နည်းပညာတွေကြားမှာ နေထိုင်တဲ့ မိန်းမချော ကလေးဟာ တစ်နွယ်ငင်တစင်ပါဆိုသလို အနုပညာချစ်တဲ့စိတ်ကနေ အနုပညာရှင် သာမန်ဂီတသမားလေးကို ချစ်မိသွားရာမှာ မိမိချစ်သူဘယ် ဘဝရောက်ရောက် နောက်တော်ပါးက မခွဲမခွာနေထိုင်ခဲ့ ပုံလေးနဲ့ သာမန်ဂီတ သမားလေးမှာလည်း ဂီတသမားအဖြစ်ကနေ ဂုဏ်သရေနိမ့်ပါးတဲ့ အလုပ် သမားဘဝရောက်ရှိသွားရပုံတွေကို ရောနှောပြီး ရိုက်ကူးတင်ပြထားတာပါ။

၂ နာရီနဲ့ ၁ဝ မိနစ်ကြာမြင့်တဲ့ ဒီဇာတ်ကားဟာ အကောင်းဆုံးနိုင်ငံ ခြား ရုပ်ရှင်ဆုတွေကိုလည်း ရရှိထားပါတယ်။ ဒါရိုက်တာ Yojiro Takita က ရိုက်ကူးပြီး Masahiro Motoki နဲ့  Ryoko Hirosue တို့က အဓိကဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်ပေးထားကြပါတယ်။ ရုပ်ရှင်ကို အခစားအလောင်း ပြင်ဆင်နေကြသူတွေရဲ့ လှုပ်ရှားနေတဲ့အခန်းနဲ့စတင်ပါတယ်။ ပြီးတော့မှ ဇာတ်လမ်းရဲ့အစကို ပြန်သွားပါတယ်။ 'ဒေဂို' ဆိုတဲ့ လူငယ်လေးဟာ ဆယ်လိုတယောတီးခတ်တဲ့ ဂီတသမားအဖြစ်နဲ့ သူ့ဘဝကို ဆုံးခန်းတိုင်တဲ့ထိ အောင်သွားမယ်လို့ ဆုံးဖြတ်ချက်ချထားဟန်တူပါတယ်။ ဒါကြောင့်ပဲထင်ပါရဲ့။ သူပါဝင်တီးခတ်ခွင့်ရရှိနေတဲ့ 'အော်ခက်စထရာ' ဝိုင်းကြီးအားကိုးနဲ့ ဆယ်လို(ဘေ့စ်တယော) တယောအကောင်းစားကြီးကို ဂျပန်ငွေ ၁၈ သန်းနဲ့ စွန့်စွန့်စားစား အကြွေးဝယ်ယူလိုက်ပါတယ်။

ဒေဂိုပါဝင်တဲ့ ဆင်ဖိုနီသံစုံတီး ဝိုင်းကြီးရဲ့ ဂီတသံစဉ်တွေဟာ ခမ်းနားကြီး ကျယ်လွန်းတဲ့ ဧည့်ခန်းကြီး အတွင်းမှာ အပြီးတိုင် ပြည့်စုံလွန်းနေပါတယ်။ ဆယ်လို (Cello) လို့ခေါ်တဲ့ တယောကြီးရဲ့ ကြိုးတွေပေါ်မှာ လှုပ်ရှားနေတဲ့ ဒေဂိုရဲ့ လက်ချောင်းတွေဟာလည်း ရဲရင့်တဲ့ အမူအရာတွေ ပြည့်နှက်နေပါ တယ်။ သူ့ချစ်သူ 'မီကာ'ကို ရိုးရိုးလေးပဲပြောပါတယ်။ ''ငါ့ရဲ့ ဂီတသံစဉ်တွေ အနားမှာ မင်းရှိနေရင် ငါ့ဘဝပြည့်စုံပြီ''တဲ့။ အခြားသူတွေလို ကြီးကျယ်ခမ်း နားတဲ့ အခြားတပ်မက်မှုတွေ မရှိဘဲ သူတို့ နှစ်ယောက် အခန်းတစ်ခုမှာ ချစ်သူ အဖြစ်နေထိုင်ကြတယ်။

ဒီအဖြစ်အပျက်က တိုကျိုမြို့ကြီးမှာပါ။ ဘဝဆိုတာ မထင်မှတ်တဲ့ အချိုး အကွေ့အလှည့်အပြောင်းတွေဟာ အလိုမရှိ၊ မဖိတ်ခေါ်ဘဲ ရောက်လာလေ့ ရှိတတ်တာကို 'ဒေဂို' တစ်ယောက် မသိခဲ့တာလား။ မသိချင်ယောင် ဆောင်ကာ မေ့လျော့ထားခဲ့တာလား။ ဘာပဲဖြစ်ဖြစ် အဖြစ်အပျက်တွေဟာ အချိန်ကျရင်တော့ ရောက်လာရစမြဲပါပဲ။

ဒီလိုနဲ့ တစ်ည အင်နဲ့အားနဲ့ တီးခတ်ဖျော်ဖြေတဲ့ ဂီတပွဲကြီးပြီးဆုံး သွားချိန်မှာ ''ခင်ဗျားတို့ တီးခတ်တဲ့ ဂီတသံစဉ်တွေဟာ တကယ့်ကို အံ့မခန်းအောင်ကောင်းလှပါတယ်ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဂီတဝိုင်း ကြီးကို ဖျက်သိမ်းလိုက်ပါပြီ''လို့ တီး ဝိုင်းပိုင်ရှင် ဂျပန်သူဌေးကြီးက ပြောချလိုက်ပါတယ်။ တီးဝိုင်းပိုင်ရှင် သူဌေးရဲ့ စကားသံဆုံးတာနဲ့ တစ်ပြိုင် နက် ကိုယ့်တူရိယာ ကိုယ်ယူပြီး ခန်းမကြီးထဲက ထွက်သွားကြပါတော့ တယ်။ အဲဒီမှာ လူငယ်လေး 'ဒေဂို' တစ်ယောက်တည်းသာ တယောကြီးကိုဖက်ပြီး အခန်းထဲမှာ သက်မဲ့ ကျောက်ရုပ်ကြီးတစ်ရုပ်လို့ဖြစ် ကျန် နေရစ်ခဲ့ပါတယ်။

သြော်-ဒါဆို ငါအလုပ်ပြုတ်သွား ပြီပေါ့လေ။ ဒီတယောကြီးနဲ့ အသက်မွေးဝမ်းကျောင်းလို့ မရတော့ဘူးပေါ့။ တကယ်တော့ ဒီတူရိယာ ဆယ်လို တယောကြီးမှာ ဘာအပြစ်မှမရှိပါဘူး။ ငါကသာ ပါရမီနည်းပါးတဲ့ သူ ပါ။ သူ့ရင်ထဲမှာ တွေးရင်းပြန်လာခဲ့ပါတယ်။

အိမ်ပြန်ရောက်တော့ ချစ်သူ 'မီကာ' ကို သူ့အဖြစ်အပျက်တွေ ပြောပြလိုက်တယ်။ ချစ်တဲ့ ကောင်မ လေးက ဒီစကားကြောင့် ဘာမှ အထိတ်တလန့်မဖြစ်ဘူး၊ အေးဆေးပဲ။ သူမ အလုပ်ကပြန်တိုင်း ဝယ်လာတဲ့ ညစာတွေအတွက် ချက်ပြုတ်ဖို့ ပြင်ဆင်တယ်။ ''အဲဒီ အကြောင်းတွေ မေ့ထားလိုက်။ ငါပဲ အလုပ်လုပ် မယ်''တဲ့။ သူမက ပြောတာပါ။ ဒါပေမယ့် တယောကြီးကို အကြွေးဝယ်ထားတဲ့ ဂျပန်ငွေ ၁၈ သန်းကလည်း ရှိသေးတယ်။

ခုလို အခြေအနေမှာ ဒေဂိုက သူ့ရဲ့မွေးရပ်ဇာတိတောမြို့ကလေး ဖြစ်တဲ့ 'ရာမာဂါတာ' ဆိုတဲ့ မြို့ ကလေးကိုပဲ ပြန်တော့မယ်ဆိုတော့။ ကောင်မလေးက ''ကောင်းတယ် သဘောတူတယ်''လို့ ကောက်ကာငင်ကာ ပြောလိုက်တာကြောင့် သူအံ့သြ သွားတယ်။

''ဟင်-မင်းစိတ်ထဲမှာ ဘာမှမ ဖြစ်ဘူးလား'' ဆိုတော့ မဖြစ်ဘူး အေးအေးဆေးဆေးပါပဲလို့ အမူအရာနဲ့ ပြတယ်။ ဘယ်သွားသွား ဘာဖြစ် ဖြစ် မညည်းမညူစတမ်း နောက်က လိုက်မယ်ဆိုတဲ့ သဘောပေါ့။ ဒီ အချိန်မှာ ပြုံးပြနေတဲ့ သူမရဲ့ အပြုံး က ရှင်းလင်းပြီး သန့်ရှင်းစင်ကြယ် လွန်းနေတယ်။ ချစ်သူနှစ်ဦးရဲ့ တောင့် တတဲ့ အိပ်မက်တွေဟာ အလကား ဖြစ်သွားပြီ။ ရာမာဂါတာဆိုတဲ့ မြို့ ကလေးက တောင်တန်းတွေ အောက် မှာရှိနေတဲ့ တောမြို့လေးပါ။ သူ့အလုပ်ကလေး သူအဆင်ပြေနေတဲ့  ချစ်သူကို ဒီလို မပြည့်မစုံတဲ့နေရာကို ခေါ်လာခဲ့ရတာ အတော်အားတုံ့ အားနာဖြစ်နေရပါတယ်။ ဒီမြို့ ဒီနေရာလေးက သူ့အမေ့အိမ်လေးရှိတဲ့ နေရာ။ အမေကတော့ မရှိတော့ ပါဘူး။

အရင်တုန်းက ဒီနေရာလေးမှာ ကော်ဖီဆိုင်လေးဖွင့်ခဲ့တယ်။ အဖေ မရှိတော့ကတည်းက အမေဟာ ဒီ ဆိုင်လေးနဲ့ အထီးကျန်စွာ နေခဲ့ရတဲ့ နေရာ။ အဖေရဲ့ မျက်နှာကိုတော့ မမှတ်မိ၊ ပုံဖော်ကြည့်လို့ မရတော့။ ဒီ အိမ်ကလေးမှာ နှစ်ယောက်သား ချက်ပြုတ်စားသောက်နေကြရင်းနဲ့ သတင်းစာထဲက ကြော်ငြာတစ်ခုကို တွေ့ကာ စိတ်ဝင်စားသွားပြီး ကောင် မလေးကို မပြောဘဲ အလုပ်ရှာထွက် ခဲ့တယ်။

ဂျပန်ပြည်မှာ ဟိုအရင်ခေတ် တွေတုန်းကတော့ လူတစ်ယောက် သေဆုံးခဲ့ပြီဆိုရင် မိသားစုတွေက အသုဘပွဲကို စီစဉ်လုပ်ဆောင်တယ်။ အခုခေတ်မှာတော့ ညိနမအေုနမျ လို့ ခေါ်တဲ့ ဈာပနပွဲကို အစအဆုံး စီစဉ် ပေးတဲ့ အေဂျင်စီတွေပေါ်လာတယ်။ အလောင်းတွေကို အလှပြင်ပေးရတဲ့ အလုပ်လုပ်ကြရတယ်။ ကြော်ငြာထဲ မှာတော့ 'ထွက်ခွာသူများနဲ့ အလုပ်လုပ်ခြင်း'လို့ ရေးထားတော့ ခရီးသွားသူ တွေနဲ့ လုပ်ကိုင်ရမယ် ထင်ခဲ့တာ။ ဒါပေမယ့် တစ်လယန်းငါးသောင်း ဆိုတဲ့အားက မနည်းတော့ ဝင်လုပ် ဖြစ်သွားတယ်။

သေဆုံးတဲ့ လူတွေကလည်း ကြိုး ဆွဲချသေတာမျိုးတွေနဲ့ သေဆုံးပုံ အမျိုးမျိုး။ အိမ်အပြန်ဘတ်စ်ကား ပေါ်မှာ ကောင်မလေးတွေက သူ့ကိုလက်ညှိုးထိုးပြီး သူ့ခန္ဓာကိုယ်ဆီက အနံ့အသက်တွေအကြောင်း အတင်း တုတ်ကြတာကို သူသိသွားပြီး မှတ်တိုင်တစ်ခုမှာ ဆင်းကာ အရင်က သိခဲ့ဖူးတဲ့ ရေချိုးခန်းမှာ ရေဝင်ချိုးပြီး တစ်ကိုယ်လုံး ဆေးကြောပစ်လိုက်တယ်။ ရေချိုးခန်းဖွင့်စားတဲ့ မိသားစုနဲ့ လည်း အရင်က ရင်းနှီးကြတယ်။

တစ်နေ့မှာတော့ သူမရှိတုန်း ပျင်းပျင်းရှိတာနဲ့ တွေ့တဲ့ အခွေကောက်ဖွင့်ကြည့်ရာက သူလေ့ကျင့် ခဲ့တဲ့ လူသေအလောင်းပြုပြင်ရေး မှတ်တမ်းခွေ ဖြစ်နေတာတွေ့သွားတယ်။

''ရှင်လူသေ အလောင်းတွေနဲ့ ဒီအလုပ်လုပ်နေတာ မရှက်ဘူးလား။ ကျွန်မတောင်းပန်ပါတယ်။ အဲဒီ အလုပ်ကထွက်လိုက်ပါရှင်''ဆိုတော့ ''ဘာကို ရှက်ရမှာလဲကွာ၊ လူတွေ သေကြတယ်ဆိုတာ သဘာဝပဲလေ။ မင်းလည်း သေမှာ၊ ငါလည်း သေမှာ ပဲလေ''လို့ ပြောပြတယ်။

ဒါပေမယ့် ချစ်သူမိန်းကလေး 'မီကာ'က မရတော့ဘူး။ ဒီအလုပ်ကို ဆက်လုပ်မယ်ဆိုရင် ကျွန်မအိမ်ပြန် တော့မယ်တဲ့။ ဒီလိုနဲ့ နှင်းတွေကျနေ တဲ့ ဆောင်းရက်ကြီးထဲ ဒေါသဖြစ်ပြီး သူ့ကိုထားပစ်ခဲ့တယ်။ ချစ်သူက ပစ်ထားခဲ့ခြင်းခံရတဲ့ နောက်သူလည်း ငွေအရလွယ်တဲ့ ဒီအလုပ်ကို မလုပ်ချင်တော့ဘူး။ ထွက်ဖို့သွားပြောလိုက် တယ်။ ဒါပေမယ့် သူမထွက်ဖြစ်ခဲ့ပြန် ဘူး။ ဆက်လုပ်နေမိတယ်။

ဒါပေမယ့် လအနည်းငယ်ကြာ တော့ ချစ်သူကောင်မလေး 'မီကာ' သူ့ဆီပြန်ရောက်လာတယ်။ သူမမှာ ကိုယ်ဝန်ရှိနေပြီ။ သူတို့နှစ်ယောက် ဆယ်လ်မွန်ငါးတွေ သေဆုံးတဲ့ ညနေခင်းတစ်ခုရဲ့အဖြစ်ကို တံတား ပေါ်ကနေ ကြည့်နေမိခဲ့ကြတယ်။ တစ်ရက်မှာတော့ သူတို့နှစ်ယောက်ရဲ့ အိမ်ကလေးဆီကို သူ့အမေ နာမည်နဲ့ လိပ်မူပြီးတပ်ထားတဲ့ စာ တစ်စောင်ရောက်လာတယ်။

သူ့အဖေသေသွားပြီတဲ့။ သူအံ့ သြနေတယ်။ နှစ်ပေါင်း ၃ဝ ကျော် သားသမီးကို ပစ်ထားခဲ့တဲ့ မိဘဆိုတာ ဘယ်လောက်တာဝန်မဲ့လိုက်သလဲ။ ဘာလို့ သွားရမှာလဲ။ အဲဒီမှာ အလုပ်အတူ တွဲလုပ်တဲ့ အေဂျင်စီက အမျိုးသမီးက တောင်းပန်တယ်။ ''သူ့ရဲ့ နောက်ဆုံးအချိန်ကို ပြင်ပေး လိုက်ပါဟာ၊ ငါတောင်းပန်ပါတယ်။ ငါလည်း နင့်လိုပဲ ခြောက်နှစ်သား အရွယ်လေးကို ပစ်ပြီးဘဝတစ်ခုကို စဖို့ မြို့ကလေးဆီ ပြောင်းလာခဲ့ တယ်။ ဒါပေမယ့် ခုဒီအလုပ်မှာ ပိတ်မိသွားတယ်။ အိမ်ပြန်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာပါပဲ''တဲ့။ လက်စသက်တော့ ဒီအမျိုးသမီးမှာလည်း သူ့ဇာတ်လမ်းနဲ့သူ မြှုပ်ကွက်တွေနဲ့ကိုးလို့ သူတွေး လိုက်မိပြန်ပါတယ်။

နောက်ဆုံးတော့ သူ့အဖေရဲ့ အ လောင်းကို ပြင်ပေးဖို့ တံငါဆိပ်ကမ်း လေးဆီကို ကောင်မလေးကို ခေါ်ပြီး အတူထွက်လာခဲ့တော့တယ်။

အဖေဆိုသူရဲ့ ပိုင်ဆိုင်မှုကို ကြည့်လိုက်တော့ အင်္ကျီသေတ္တာလေး တစ်ခုရယ်။ စာအုပ်တချို့ရယ်ပါပဲ။ အသက် ၇ဝ ကျော် ယောက်ျား တစ် ယောက်ရဲ့ ရှင်သန်မှုကလည်း ဘယ်လိုကြီးလဲ။ ဒါပဲလား။ ဒါလောက်ပဲ လားဆိုပြီး သူအတွေးတွေနဲ့ နစ်မြောနေပါတယ်။ သူ့အဖေရဲ့မျက်နှာကို အနီးကပ်ငုံ့ကြည့်ပြီး ကိုင်တွယ်နေရင်း မျက်ရည်တွေ တစ်ပေါက်ချင်းကျလာနေပါတယ်။

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.