14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

မြန်မာ့သမိုင်းမှ ထင်ပေါ်ကျော်ကြားအနုပညာရှင်များ

ကောင်းပြည့်စုံ

'ဗိုလ်အောင်ဒင်လိုရယ်(ရီ) လိုက်မယ်' ဟူသောစကားများ၊ 'ဖား'တုလို့ခရုခုန် အိုင်ပျက်ရုံရှိတော့မှာပေါ့ရာမရာ' ဟူသည့် ဗိုလ်အောင်ဒင်က သူ့တပည့်ရာမအား ပြောသောစကား များသည် ဗိုလ်အောင်ဒင်ကားပြပြီး လူတိုင်းပါးစပ်ဖျား ရေပန်းစားသည်အထိ အောင်မြင်ခဲ့သည်။ ဗိုလ် အောင်ဒင်၏ အောင်မြင်မှုသည် ဗြိတိသျှဘားမားရုပ်ရှင်နှင့် ရွှေဒုံးဘီအောင်၏ အောင်မြင်မှုသာမကဘဲ ခင်မောင်ရင်ကိုပါ ပရိသတ်များ ချစ်ခင်မှုပိုလာပြီး လူသိများ ထင်ရှားလာခဲ့၏။

 ရွှေဒုံးဘီအောင် (၁၉ဝ၆-၁၉၈၆) ဆောင်းပါးထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ မြန်မာစာပေလောကမှာ စာရေးဆရာအဖြစ်၊ ရုပ်ရှင်လောကမှာ ဒါရိုက်တာအဖြစ် ထင်ရှားခဲ့သူ ဆရာရွှေဒုံးဘီအောင်ရဲ့ စာပေဘဝ ဖြတ်သန်းမှု၊ ရုပ်ရှင်ဒါရိုက်တာအဖြစ် ဖြတ်သန်းမှုတွေ အကြောင်း တင်ပြထားတာဖြစ်ပါတယ်။ ဒဂုန်မဂ္ဂဇင်းမှာ လက်ထောက်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပုံ အကြောင်း၊ ရွှေဒုံးဘီအောင် ကလောင်အမည်နဲ့ ရေးသား ခဲ့တဲ့ ဝတ္ထုတွေအကြောင်း၊ စာပေနယ်  က ရုပ်ရှင်နယ်ကို အကူးမှာ ဇာတ်ညွှန်းရေးဆရာအဖြစ် စတင်ခဲ့ပုံအကြောင်း၊ ၁၉၄ဝ-၄၁ ခုနှစ်မှာ ဗြိ တိသျှဘားမား ရုပ်ရှင်အတွက် 'ဗိုလ်အောင်ဒင်' အသံတိတ်ဇာတ်ကားကို ကိုယ်တိုင် ဝတ္ထုဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာအဖြစ် ပထမဦးဆုံး စတင်ရိုက်ကူးခဲ့ရာမှာ အောင်မြင်ခဲ့ပုံ အကြောင်း၊ ဗိုလ်အောင်ဒင်ကို ပရိ သတ်ချစ်ခင်မှန်းသိတာကြောင့် ဒုတိယကမ္ဘာစစ်အတွင်းမှာပဲ 'ဗိုလ် အောင်ဒင် ပြန်လာပြီ' ဝတ္ထုကို ထပ်မံရေးသားထုတ်ဝေခဲ့ကြောင်း၊ ၁၉၈၆ ခုနှစ်မှာ ရုပ်ရှင်အမြုတေ ရုပ်ရှင် ပညာပေးစာအုပ်ကို ထုတ်ဝေခဲ့ပုံအကြောင်း စတဲ့ ဆရာ့ရဲ့အနုပညာဖြတ်သန်းမှုတွေ အကြောင်း ဖတ်ရမှာ ဖြစ်ပါတယ်။

ဆရာ့ရဲ့ဟန်ပန် ဆရာ့ရဲ့ စိတ်နေစိတ်ထားနဲ့ပတ်သက်ပြီး 'ဆရာ ရွှေဒုံးဘီအောင်သည် စကားကို တိုးတိုးတိတ်တိတ်မပြောတတ်၊ စကားပြောရာ၌ ပွင့်လင်းပြီးဟာသပါ၏။ မည်သည့်စကားကို ပြောပြောနှိမ့်ချ၍ ပြောတတ်သည်။ ဘာပညာမှ ဟုတ်ဟုတ်ငြားငြားမတတ်ပါဟု ပြော၏။ အင်္ဂလိပ်စကား၊ ပိဠိစကား၊ သက္ကတစကားများကို မပြောမဖြစ်မှပြောသည်။ ပြောလျှင် အလွန်ပီသသည်။ ရှင်းသည်။ တိကျမှန်ကန်သည်။ အိန္ဒိယစကား သုံးလေးမျိုးပြောတတ်၏။ ဆရာသည် ပညာမာနနှင့် ပတ်သက်၍ သရုပ်ဆောင်လူဟောင်းများကို အောက်မကျို့သောသတ္တိနှင့် မာန်အပြည့်ရှိသူဖြစ်သည်'လို့ မှတ်တမ်းပြုတင်ပြထားပါတယ်။

ဒီစာအုပ်ဟာ ယခုအခါ ကွယ်လွန်သွားကြပြီဖြစ်တဲ့ မြန်မာ့အနုပညာသမိုင်းမှာ ထင်ပေါ်ကျော် ကြားခဲ့သူ အနုပညာရှင်များရဲ့ ဖြတ်သန်းမှုသမိုင်းကြောင်းကို စာဖတ်သူတွေ သိရှိရအောင် ခြုံငုံဖော်ပြထားတဲ့ ဆောင်းပါးတွေကို စုစည်းထားတာဖြစ် ပါတယ်။

လက်ဝှေ့၊ အလေးမ၊ ခြင်းလုံးခတ် စတဲ့အားကစားတွေကို လိုက်စားပြီး သံဖြူလုပ်ငန်းလုပ်ကိုင် သူဘဝကနေ ၁၇ နှစ်သားအရွယ်မှာ ရုပ်ရှင်နယ်ပယ်ထဲရောက်ခဲ့သူ၊ ၁၉၄၈ မှာ ရုံတင်ပြသတဲ့ 'သတ္တိဗျတ္တိ' အသံတိတ် ရုပ်ရှင်ကစလို့ ခေါင်းဆောင်မင်းသားဖြစ်ခဲ့သူ 'ရွှေဘ' အကြောင်းကိုတော့ 'ရုပ်ရှင်မင်းသားကြီး ရွှေဘ (၁၉၂၇-၁၉၈၄)' မှာ ဖတ်ရမှာ ဖြစ်ပါ တယ်။ သူရိုက်ကူးတဲ့ ဇာတ်ကားတွေ ဟာ နယ်ချဲ့အရင်းရှင်၊ အာဏာရှင်၊ ကုပ်သွေးစုပ်၊ ခေါင်းပုံဖြတ်၊ လူညွှန့်ခူး ဓနရှင်လူတန်းစားတွေကို တော်လှန်တဲ့ ဇာတ်ကားတွေ ၊ ပစ္စည်းမဲ့ကျောမွဲ၊ အဖိနှိပ်ခံ လူတန်းစားတွေဘက်က ရပ်တည်တဲ့ ဇာတ်ကားတွေ အများစုဖြစ်တာကြောင့် မတရားမှုကို ရွံမုန်းတဲ့၊ အမှန်တရားကိုလိုလားတဲ့ ရုပ်ရှင်ကြည့်ပရိတ်သတ်တွေဟာ ရုပ်ရှင်ကြည့်ရင်း စိတ်ဓာတ်ခွန်အားတွေပါဖြစ်လာပြီး 'ရွှေဘကွ'လို့ ပါးစပ် က မချချင်လောက်အောင် ဖြစ်ခဲ့ကြတယ်လို့ ဆိုထားပါတယ်။

ရုပ်ရှင်မင်းသားကြီး ရွှေဘရဲ့ ဘဝဖြတ်သန်းမှုတွေအကြောင်း၊ သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေ အကြောင်း၊ သူနဲ့တွဲဖက်တဲ့ ရုပ်ရှင်ဒါရိုက်တာ၊ ရုပ်ရှင်သရုပ်ဆောင်တွေအကြောင်း ဖတ်ရမှာ ဖြစ်တဲ့အပြင် ရွှေဘဟာ ၁၉၆၃ မှာ သမ္မတရုပ်ရှင် ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး သူနဲ့ တွဲဖက်သရုပ် ဆောင်တဲ့လူကြမ်းတွေရဲ့ ဘဝကို စာနာထောက်ထားတဲ့အနေနဲ့ သမ္မတလူကြမ်းအဖွဲ့ကို တည်ထောင်ခဲ့ပုံ အကြောင်း၊ လူကြမ်းတွေ ကားရိုက် ခွင့် စဉ်ဆက်မပြတ်ရရှိရေးအတွက် ကြိုးပမ်းခဲ့ပြီး လူကြမ်းတွေ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် လူကြမ်း ၄၅ ဦးအတွက်လစဉ် ဆန်၊ ဆီ ရိက္ခာနဲ့ ထောက်ပံ့ငွေတွေ ပံ့ပိုးပေးခဲ့ပုံအကြောင်း၊ လူကြမ်းမိသားစုတွေရဲ့ သာရေးနာရေးနဲ့ လူမှုရေးကိစ္စတွေကို ပစ်မထားဘဲ တတ်စွမ်းသမျှ ထောက် ပံ့ပေးခဲ့ပုံအကြောင်းစတဲ့ ရုပ်ရှင် မင်း သားကြီး ရွှေဘရဲ့ ပရဟိတ စိတ် ဓာတ်ကိုလည်း မှတ်တမ်းပြုတင်ပြ ထားတာကို တွေ့ရမှာဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်လောကမှာ မင်းသားကြီးလို့ ကျော်ကြားထင်ရှားခဲ့သူ အကယ်ဒမီ ထွန်းဝေအကြောင်းကိုတော့ ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး ထွန်းဝေ (၁၉၂ဝ-၂ဝဝ၅) မှာ မှတ်တမ်းပြုတင်ပြထားပါတယ်။ ရှေ့ဆောင်သတင်းစာ၊ မန္တလေးသူရိယနဲ့ ဘဝသတင်းစာတို့မှာ သတင်း ထောက်လုပ်ခဲ့သူ၊ ပြဇာတ်လောကမှာ ကျင်လည်ခဲ့ဖူးသူထွန်းဝေဟာ ဗြိတိသျှဘားမား ရုပ်ရှင်ခြံထဲကို ရောက်သွားတဲ့အခါ လူတကာကို ဆရာတင် ပြီး ရုပ်ရှင်အတတ်ပညာတွေကို သင် ယူခဲ့တယ်လို့ဆိုပါတယ်။ ရုပ်ရှင် လောက ရောက်စ အစပိုင်းမှာ အသင်ကင်မရာဆရာအဖြစ် ကိုယ့် ထမင်းကိုယ်စား၊ ကိုယ့်စရိတ်နဲ့ကိုယ် လုပ်ကိုင်ခဲ့ရပြီး ဆရာရွှေဒုံးဘီအောင်ဆီမှာ တပည့်ခံခဲ့ကာ ဇာတ်လမ်း မှတ်တမ်းတင်ခြင်း ကူညီလုပ် ကိုင်ပေးခဲ့ရပုံတွေ၊ ကားဆက်ခန်းမှာ လခစားဖြစ်လာပုံတွေ၊ ရုပ်ရှင်မှာ စတင်ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့အခါ လူကြမ်းဇာတ်ရံအဖြစ် သရုပ်ဆောင်ရပုံတွေ၊ လူကြမ်းအရံအဖြစ် ပါဝင်ခွင့်ရလို့ ရုပ်ရှင်ကြည့်နေစဉ်မှာ ပရိတ်သတ်က သူ့ကို မုန်းကြပေမယ့်ရုံပြင် ရောက်တဲ့အခါ ထွန်းဝေ သရုပ်ဆောင်ကောင်းကြောင်း ချီးမွမ်းကြရာကစလို့ ဒုတိယဇာတ်ရံမင်းသား ဖြစ်လာပုံတွေ၊ ထွန်းဝေရဲ့ သရုပ်ဆောင်မှုတွေဟာ ဒါရိုက်တာ ခိုင်းလို့ တမင်ဟန်ဆောင်လုပ်နေရတာနဲ့ မတူဘဲ လူ့ပတ်ဝန်းကျင်က သဘာဝကျတဲ့ လူငယ်တစ်ယောက်ရဲ့ အတွေး အခေါ် အာဘော်တွေကို ရုပ်ရှင်ပိတ်ကားကတစ်ဆင့် ပြတ်သားစွာ ထုတ်ဖော်ဖွင့်ပြသလို ဖြစ်နေတာကြောင့် ပရိသတ်က သူ့ကို မင်းသားအဖြစ် ကြည့်မြင်ချင်တဲ့ ဆန္ဒဖြစ်နေမိချိန်မှာ 'ဘုနဲ့ဘောက်' ဇာတ်ကားကစလို့ ခေါင်းဆောင်မင်းသားဖြစ်လာပုံ အကြောင်းတွေ စတဲ့ရုပ်ရှင်လောကမှာ အောက်ခြေ အခြေခံအဆင့်ကနေ စတက်လာခဲ့ရတဲ့ အကြောင်းတွေကို ဖတ်ရမှာဖြစ်ပါတယ်။

 ဒီစာအုပ်မှာ  ဒါရိုက်တာ စာရေးဆရာကြီး ဦးသုခ၊ မြတ်လေး ဝင်းဦး၊ စန္ဒာ၊ ကောလိပ်ဂျင် နေဝင်း၊ သန်းဖေလေး၊ စာရေးဆရာ သရုပ်ဆောင် မင်းသား မောင်သင်၊ ရုပ်ရှင်မင်းသား ကြီး ကျော်ဆွေ၊ ဂီတနက်သန် ကိုစောညိမ်း၊ လူရွှင်တော်သရုပ်ဆောင် ဖိုးပါကြီး၊  လေဘာတီမမြရင်၊ ဒေါ်မေသစ်၊ အဆိုတော် ဟယ်ရီလင်း၊ ဂီတလုလင် မောင်ကိုကို၊ တွံတေးသိန်းတန်၊ မော့စ် စတဲ့ ခေတ်ဟောင်း ခေတ်သစ်အနုပညာရှင် ၃၁ ဦးရဲ့ အနုပညာဖြတ် သန်းမှုတွေအကြောင်း စုစည်းတင်ပြ ထားပါတယ်။

စာပေနန်းတော် စာအုပ်တိုက်ကနေ တန်ဖိုး ၂၅ဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

 

ဒဏ်ရာများ

မောင်စိုးချိန်

 ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေရတဲ့ဘဝတွေ၊ ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားအချင်းချင်း သံသယတွေ ပွားကြပြီး ရန်သူသဖွယ် ဖြစ်နေတဲ့အကြောင်းတွေ၊ ပြည်တွင်း စစ်ဒဏ်ကို အလူးအလဲခံရတဲ့ စစ်ဒဏ်ပိဒုက္ခသည် တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကို ဖွဲ့ဆိုခံစားတင်ပြ ထားတဲ့ ကဗျာစုစည်းမှု စာအုပ်ဖြစ်ပါတယ်။

စုစည်းတင်ပြထားတဲ့ ကဗျာတွေ ကိုဒဏ်ရာများလို့ ခေါင်းစဉ်တစ်ခုတည်း ပေးထားပြီး ဒဏ်ရာများ ၁၊ ၂၊ ၃ စသဖြင့် အမှတ်စဉ်ထိုး တင်ပြထား တာကို တွေ့ရပါတယ်။

ဒဏ်ရာများ (၁) မှာတော့ စစ်ပွဲတွေဖြစ်နေတာကြောင့် အမုန်းတရားတွေသာ ကိန်းအောင်းလာကြပုံ၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ရင်ထဲမှာ ဗမာမုန်းတီးစိတ်သောစိတ်သာ ဖြစ်လာပုံ၊ တစ်ဖက်နဲ့တစ်ဖက် စစ်တိုက်ကြရာက သူ့ဘက်ကိုယ့်ဘက် မျိုးချစ်စိတ်အချင်းချင်း စစ်ခင်းတဲ့အထိ ဖြစ်လာ ပုံတွေကို ခံစား ဖွဲ့ဆိုထားပါတယ်။

စစ်ရဲ့သားကောင် ဖြစ်ကြရတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ခံစားမှုကို ကိုယ်စားဖွဲ့ဆိုထားတဲ့ ကဗျာတွေ၊ ပြည်တွင်းစစ်ကြောင့် ပျောက်ဆုံးနေတဲ့ လူ့အခွင့်အရေးတွေအကြောင်း မီးမောင်းထိုးပြတဲ့ကဗျာတွေ၊ တိုင်း ရင်းသားလူမျိုးစုတို့ရဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရေး၊ ပြည်တွင်းစစ်ရပ်စဲ ရေးအတွက် နိုင်ငံရေးစားပွဲဝိုင်းမှာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေးစတဲ့ တိုင်း ရင်းသား လူမျိုးစုတွေရဲ့ အသံကို ကိုယ်စားပြုတဲ့ ကဗျာတွေ ပါဝင်ပါတယ်။

'ဒဏ်ရာများကဗျာစုသည် လူထုသွေးမျက်ရည်များ၊ ကြေမွသွားသောဘဝများ၊ သွေးချောင်းများ၊ ပြာပုံများ၊ တောတောင်မြစ်ချောင်းများမှ မိဘမဲ့ စံပယ်ပွင့်ကလေးငယ်များအထိ ရရှိ ထားသည့် စစ်ဒဏ်ရာများမှ စီးဆင်းလာခဲ့သော ဒဏ်ရာစကားလုံး မျက်ရည်စက်များ ဖြစ်သည်။ စစ်ဒဏ်ရာ ဒဏ်ချက်အတွေ့အကြုံများမှတစ်ဆင့် ရင်တွင်းခံစားချက်ရင်ခုန်သံ အဖြစ် ကူးပြောင်းပေါ်ထွက်လာခဲ့ ခြင်းဖြစ်သည်' လို့ ကဗျာဆရာ မောင်စိုးချိန်က အမှာစကားဆိုထားပါ တယ်။ ဒဏ်ရာများကဗျာစု ၈၅ ပုဒ် ပါဝင်ပြီး တောရိုင်းနှင်းဆီစာပေကနေ တန်ဖိုး ၂ဝဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.