19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ပေးဆပ်မှုနဲ့ ရယူကြသူများ

ဒီဇာတ်ကားက ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်က အမေရိကန်နဲ့ နိုင်ငံတကာရုံတွေမှာ ရုံတင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားသစ်တစ်ကား ဖြစ်ပါတယ်။ အမေရိကန်စာရေးဆရာကြီး 'ဂျွန်စတိန်းဘက်' ရဲ့ In Dubious Battle ဆိုတဲ့ဝတ္ထုကို မူလနာမည်အရင်းအတိုင်း ရိုက်ကူးထားတာဖြစ်ပါတယ်။

အမေရိကန် စာရေးဆရာကြီး ဂျွန်စတိန်းဘက်ကို ကာလီဖိုးနီးယား ပြည်နယ်၊ ဆလိုငိးနက်စ်မြို့ငယ်လေးမှာ ၁၉၂ဝ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ အမေဖြစ်သူက ကျောင်းဆရာမ တစ်ယောက်ဖြစ်ပြီး စာပေလေ့လာဖတ်ရှုရတဲ့ အမွေကို သူ့ မိခင်ဆီကရခဲ့တာဖြစ်ပါတယ်။ မိသားစုက ဆင်းရဲနွမ်းပါးတော့သူလည်း ငယ်စဉ်ကတည်းက ဆင်းဆင်းရဲရဲနေခဲ့ရတယ်။ အဲဒီလို ဆင်းရဲနွမ်းပါး တဲ့ကြားက သူ့ကို ကာလီဖိုးနီးယားပြည်နယ်ထဲက စတင်းဖို့ဒ်တက္ကသိုလ်ကိုတော့ ရောက်အောင်ပို့နိုင်ခဲ့ကြတယ်။ ဂျွန်စတိန်းဘက်ဟာ အဲဒီတက္ကသိုလ်ပညာကို သင်ယူနေရင်း အလုပ်မျိုးစုံ ကျင်လည်လုပ်ကိုင်ရပါတယ်။ ခြံအလုပ်သမား၊ လမ်းဖောက်လမ်းပြင် အလုပ်သမား၊ သစ်သီးခူး၊ ဝါဂွမ်းဆွတ်၊ ကူလီထမ်းသမား စတာတွေကို လုပ်ကိုင်ရပါတယ်။ ဘဝမျိုးစုံ ရုန်းကန်ခဲ့ရတဲ့ကြားမှာ အိမ်ထောင်သုံးဆက်ကျပေမယ့် မမြဲခဲ့ဘူး။

ဆရာကြီး ဂျွန်စတိန်းဘက်ဟာ အမေရိကန်ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးနေချိန်မှာ သူလူဖြစ်လာရလို့ သူရင်ဆိုင်ဖြတ်သန်းခဲ့ရတာတွေရော၊ သူမြင်တွေ့နေရတဲ့ ရင်နင့်ဖွယ်ရာ လူ့ဘဝတွေကိုရော အရှိကိုအရှိအတိုင်း သူ့ရဲ့စာရေးခြင်း အတတ်ပညာနဲ့ ရောနှောပြီး ရေးဖွဲ့ပါတယ်။

သူရေးလိုက်တဲ့ ဝတ္ထုတွေတိုင်းကောင်းပြီး ရုပ်ရှင်အဖြစ်ပြောင်းလဲ ရိုက်ကူး ခြင်းခံရတာချည်းပါပဲ။ ဆရာကြီး ဂျွန်စတိန်းဘက်ဟာ မြေမဲ့ယာမဲ့ အလုပ် သမား၊ လယ်သမားတွေရဲ့ ဘဝ၊ ဆင်းရဲမွဲတေမှုတွေနဲ့ ရုန်းကန် လှုပ်ရှားကြရတဲ့ အမေရိကန် ပြည် ထောင်စုကြီးရဲ့ မြေပြင်ပေါ်က လူသားဘဝတွေကို အပီပြင် ဆုံးပေါ်လွင်အောင် ရေးဖွဲ့ပြနိုင်ခဲ့သူပါ။ ၁၉၃ဝ ပြည့်နှစ်ကာလက ကြုံတွေ့ရတဲ့ အမေရိကန် စီးပွားရေးပျက်ကပ် (Great Economic Depression) ကာလရဲ့ တကယ်ဖြစ်ပျက်ခဲ့တာတွေကို ဂျွန်စတိန်းဘက်လို ပီပြင်အောင်ရေးပြနိုင်တဲ့သူ (စာရေးဆရာ) တစ်ယောက်မှမရှိသေးဘူးလို့ ဝေဖန်ရေးဆရာတွေရဲ့ အကဲဖြတ် ချီးကျူးခြင်းခံခဲ့ရသူဖြစ်ပါတယ်။

၁၉၃၉ ခုနှစ်က သူရေးခဲ့တဲ့ 'ဒေါသမာန်' (ဆရာမောင်ထွန်းသူ ဘာသာပြန်) ဝတ္ထုဟာ လယ်ထွန်စက်တွေ ပေါ်ပေါက်လာချိန် အခြေအနေပျက်ပြီး ဖရိုဖရဲဖြစ်သွားကြရတဲ့ လယ်သမား မိသားစုတွေရဲ့ ဘဝကို တကယ့်အမှန်တရားရဲ့ ကြေကွဲဆို့နစ်ဖွယ်ရာအဖြစ် ပီပြင်လွန်းလို့ အမေရိကန် ပြည်ထောင်စုရဲ့ အမြင့်ဆုံး စာပေဆုဖြစ်တဲ့ 'ပူလစ်ဇာဆု'ကို ရခဲ့သလို၊ ဆွီဒင်ရဲ့ အမြင့်ဆုံး စာပေနိုဘယ်ဆုကိုလည်း ရရှိခဲ့ပါတယ်။ အဲဒီဝတ္ထုကို ရုပ်ရှင်အဖြစ် ပြောင်းလဲ ရိုက်ကူးလိုက်ပြန်တော့လည်း 'အော်စကာဆု' ရရှိတဲ့ ရုပ်ရှင်ဖြစ်ရပြန်ပါတယ်။

အခု ဒါရိုက်တာဂျိမ်းစစ်ဖရန်ကို (James Franco) က သူကိုယ်တိုင် ဇာတ်ညွန်းရေး၊ သူကိုယ်တိုင် သရုပ်ဆောင်ခဲ့တဲ့ ဒီဝတ္ထုကိုတော့ မြန်မာစာပေလောကမှာ ဘာသာပြန်တာလည်း မတွေ့ဘူး။ ဆရာကြီးတွေရဲ့ ပြောသံလည်း မကြားဖူးခဲ့ပါဘူး။ ဒါပေမယ့် အခုဝယ်ယူခဲ့ပြီး ကြည့်လိုက်မိတဲ့အခါမှာတော့ လယ်သမား၊ ယာသမား၊ ခြံသမားတွေ မိမိတို့ရဲ့ လက်ရှိမြေပိုင်ခြံပိုင်ဘဝကနေ အခြေပျက်ပြီး မိမိတို့မြေကို မတရားယူထားတဲ့ ယုတ်မာသူ ငွေရှင်သူဌေးကြီးတွေရဲ့ အောက်မှာ မဝရေစာစားရတဲ့ အလုပ်သမားဘဝတွေရောက်ရပြီး ကယ်သူဝေးကြရပုံအကြောင်း ရင်နင့်ဖွယ်ရာ ရိုက်ကူးတင်ပြထားတာကို တွေ့ရပါတယ်။

ဒါရိုက်တာ ဂျိမ်းစစ်ဖရန်ကိုဟာ လူငယ်ပေမယ့် သူဖန်တီးခဲ့သမျှအရာတွေဟာ အားလုံးထိတ်ထိတ်ကြဲတွေချည်းပဲဖြစ်နေတာကို တွေ့ရပါတယ်။

ရုပ်ရှင်ကို ဝတ္ထုတစ်ပုဒ်လုံးအတွက် ကွက်တိဝင်အောင် ရိုက်ကူးနိုင်တာ ကို တွေ့ရပါတယ်။ ဝတ္ထုရဲ့ အဆုံးပိုင်းက အခန်းတစ်ခုကို ရုပ်ရှင်ဇာတ်ကားရဲ့ အဖွင့်မှာစတင်ပြီး အသက်ရှင်ကျန်ရစ်သူ ဇာတ်ကောင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံတွေနဲ့ စတင်ထားပါတယ်။

အချိန်ကာလက ၁၉၃၃ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုကြီးထဲက ပြည်နယ်တစ်ခုဖြစ်တဲ့ ကာလီဖိုးနီးယား ပြည်နယ်ထဲမှာ တိုင်းပြည်ရဲ့ စီးပွားရေး ပျက်ကပ်တစ်ခုကို အကြောင်းပြုပြီး၊ တောမီးလောင် တောကြောင် လက်ခမောင်းခတ်ဆိုသလို ငွေရှင်ကြေးရှင်တွေက အာဏာရှင်တွေကို ငွေပေးပေါင်းပြီး ကျေးလက်မြို့ရွာအောက်ခြေလူတန်းစားတွေအပေါ် မတရား အနိုင်ကျင့်ကာ ရက်စက်နေကြတဲ့အချိန်။

တစ်နေ့ သုံးဒေါ်လာပေးမယ်လို့ အသံပြုပေမယ့် တကယ်ပေးတော့ တစ်နေ့လုပ်အားခ တစ်ဒေါ်လာပဲရကြ။ ဒါကို မတရားပါဘူးလို့ ဆန့်ကျင်ဝံ့တဲ့ သူလည်းတစ်ယောက်မှမရှိ။ ရှိခဲ့ရင်လည်း နှိပ်စက်ညှဉ်းပန်းတာတွေ၊ သတ်ဖြတ်ပစ်တာတွေကြောင့်မလှုပ်ရဲကြ။ တိုင်စရာနေရာမရှိ။ တစ်နေကုန်တစ်နေ ခန်းမတန်တဆလုပ်ရပေမယ့် အမေရိကန်လူမျိုးအချင်းချင်း သူတို့ပေးသ လောက် ကျွေးသလောက်နဲ့ နေကြရတယ်။

အဲဒီ ကာလီဖိုးနီးယား ပြည်နယ်ကြီးတစ်ခုလုံးအတွင်းက မြို့တွေ ရွာတွေတိုင်း ဒီလိုအဖြစ်ဆိုးကြီးကို ခံစားနေကြရတယ်။ အဲဒါ သိနေတဲ့မြို့တစ်မြို့က 'မက်ကလော့' (ဂျိမ်းစ် ဖရန်ကို) ဆိုတဲ့ လူငယ်က ဒီအဖြစ်ဆိုးကြီးကို တွန်းလှန်ဖြိုဖျက်ဖို့ အတွက် နည်းလမ်းကို အမြဲမပြတ် စဉ်းစားရင်း လျှို့ဝှက်အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ထားတယ်။

အဲဒီအကြောင်းကို ကြားသိလိုက်ရတဲ့ အခြားမြို့နယ်လေးတစ်မြို့က 'ဂျင်နိုလန်' ဆိုတဲ့ လူငယ်လေးတစ် ယောက်က အဝတ်တစ်ထည်ကိုယ် တစ်ခုနဲ့ ခရီးဝေးနှင်ပြီး အရောက်လာ ကာ 'မက်ကလော့'နဲ့ ပူးပေါင်းတယ်။ 'ဂျင်နိုလန်' ရဲ့ ဖခင် 'ရေးနိုလန်' ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခရောက်သူတွေ ရဲ့ ကိုယ်စားမတရားတာကို ဆန့်ကျင်မိတဲ့အတွက် ယုတ်မာသူငွေရှင်ကြီးတွေရဲ့ အကြိမ်ပေါင်းများစွာ ရိုက်နှက် နှိပ်စက်တာကို ခံရတယ်။

လက်ဆစ်တွေကို ရိုက်ချိုးခံရတယ်။ နောက်ဆုံး အဓိကရုဏ်းတစ်ခုထဲမှာ ရဲကပစ်လိုက်တဲ့ ကျည်ဆံက ရင်ဝကိုမှန်ပြီး သေဆုံးသွားရရှာတယ်။ အဲဒီအဖြစ်တွေဟာ ဂျင်နိုလန်ရဲ့ မျက်စိနဲ့ တပ်အပ်မြင်ရတာတွေကြောင့် ရင်ထဲမှာနာနာကြည်းကြည်း တေးမှတ်ထားတယ်။ အဲဒီကိစ္စတွေ အတွက် တစ်နေ့မှာ တုံ့ပြန်တိုက်ခိုက်မှကိုဖြစ်မယ်။ အဲဒီအတွက် အခွင့်အရေးတစ်ခုကို ရှာဖွေရမယ်ဆိုပြီး အဲဒီရည်ရွယ်ချက်နဲ့ ဝေးလံတဲ့ အရပ်ဒေသကနေ လာရောက်ပူးပေါင်းတာ ပဲဖြစ်ပါတယ်။

 ရောက်လာတော့ မက်ကလော့ (ဂျိမ်းစ်ဖရန်ကို) ဆိုတဲ့လူငယ်က နွေးနွေးထွေးထွေး ဆီးကြိုတယ်။ ပြီးတော့ မေးတယ်။ ''ပြောင်းလဲမှုကို လိုချင်တဲ့ ငါလိုအစွန်းရောက်သမားနဲ့ မင်းဘာဖြစ်လို့ ပေါင်းချင်ရတာလဲ''ဆိုတော့ 'ဂျင်နိုလန်'ဆိုတဲ့ လူငယ်က သူတွေ့ကြုံခဲ့ရတဲ့ ရင်နာစရာဖြစ်ရပ်ဆိုးတွေအကြောင်း ရှင်းပြတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အလုပ်သမားတွေဟာ မင်းမဲ့ဝါဒနဲ့ ညစ်ပတ်တဲ့ အရင်း ရှင်စနစ်နဲ့ အနိုင်ကျင့်တာကို ခံနေရတယ်။ ကျေးလက်က လူတွေက ပိုပြီး ခံစားရတယ်။ အဲဒီကိစ္စတွေအတွက် အဲဒါတွေအားလုံးကို ပြောင်းလဲပစ်ရမယ်။ နောက်ဆုံး စိုက်ခင်းတစ်ခင်းက လူတချို့တစ်ဝက်လောက်ပဲဖြစ်ဖြစ် ပြောင်းလဲအောင်လုပ်ရမယ်လို့ ပြန် ပြောပါတယ်။

ဒီလိုနဲ့ စိတ်တူကိုယ်တူဖြစ်သွားတဲ့ 'မက်ကလော့'နဲ့ 'ဂျင်နိုလန်' တို့ နှစ်ယောက်ဟာ နောက်တစ်နေ့မနက်မှာပဲ စိုက်ခင်းထဲမှာ လုပ်မယ့်အလုပ်သမားတွေလို ဝတ်ဆင်ပြီး တောလမ်း ခရီးနှင်လာခဲ့ကြရကနေ တစ်ဆင့်ရထားကြီးကို ခိုးစီးပြီး 'တောဂက်စ်တောင်ကြား' မှာရှိတဲ့ လယ်တွေ ခြံ တွေ ဆီကို လာခဲ့ကြတယ်။

ဂျင်နိုလန်ဟာ သူ့အဖေ ရေးနိုလန်က မသေခင်မှာ သူ့ကို ပညာရပ်တစ်ခုခုနဲ့ ထူးချွန်အောင်လုပ်ဖို့ တက္ကသိုလ်ဆက်တက်ရမယ်လို့မှာခဲ့ပေမယ့် ကမ္ဘာကြီးက အလုပ်ကြိုးစားတဲ့ သူတွေကို လိမ်ညာလှည့်စားပြီး နှိပ်စက်ကာ ခိုင်းစားနေကြတယ်။ စီးပွားရေး ပျက်ကပ်တစ်ခုကြောင့် အမေရိကန် ပြည်သူပြည်သားတွေရဲ့ လေးပုံတစ်ပုံဟာ အလုပ်လက်မဲ့တွေ မဖြစ်ဖြစ်အောင် ဆက်လက်ဖန်တီးပြီး ကိုယ်ကျိုးရှာသူတွေရှိလာကြတယ်။ ဒီအလုပ်လက်မဲ့ ပြဿနာကို အချိန် အကြာကြီး ဆက်လက်ခံစားကြရပြီး ကျန်းမာရေး ကိစ္စတွေဆိုးဝါးတဲ့အထိ ဖြစ်လာနေတယ်။ ဒါကြောင့် သူ့ဖခင် ဖြစ်စေချင်တဲ့ ထူးချွန်သူ ပညာတတ် ဘဝကို စွန့်လွှတ်လိုက်တယ်။

သူတို့နှစ်ယောက်ဟာ အလုပ်သမားအသစ်များအဖြစ် ဝင်ရောက်ကာ ခြံအလုပ်သမားဟောင်းတွေကြားမှာ ထွန်ယက်စိုက်ပျိုးတာ၊ သစ်သီးခူးတာတွေကို ဝင်လုပ်ရင်း တဖြည်း ဖြည်း စည်းရုံးသိမ်းသွင်းယူကြတယ်။ သူတို့နှစ်ယောက်အပေါ် ယုံကြည်စိတ်ချအောင်လည်း နေပြကြတယ်။

သူတို့စည်းရုံးမိတော့ သူတို့ပိုင်တဲ့မြေတစ်နေရာမှာ စားသောက်စရာတွေကို သိုလှောင်ထားပြီး အလုပ်မလုပ်တော့ဘဲ သပိတ်မှောက်ဆန္ဒပြကြတယ်။ အစားအစာတွေကို မီးရှို့ခံရတယ်။ ဆူပူအောင်တမင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူဌေးအရင်းရှင် လူယုတ်မာတွေက စစ်တပ်ကို လက် ကိုင်တုတ်လုပ်တယ်။ ပစ်ခတ်သတ် ဖြတ်ဖြိုခွဲမှုတွေကြားမှာ လူတွေသေကြတယ်။ အဖမ်းခံကြရတယ်။

 နောက်ဆုံး မက်ကလော့ဟာ ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင်ချလိုက်ပြီး လူထုကြီးအားလုံးရဲ့ ရှေ့မှာ သေနတ်ဒဏ်ရာ အချက်ပေါင်းများစွာနဲ့ သူ့အသက်ကို စတေးလိုက်တယ်။ အဲဒီလို ခေါင်းဆောင်ကို ပစ်သတ်ပြလိုက်တဲ့အတွက် အကုန်လုံးကြောက်လန့်ပြီး ပွဲပြီးသွားမယ်လို့ အရင်းရှင် တွေ၊ သူဌေးတွေရဲ့ အတွေးဟာ တက် တက်စင်အောင် လွဲမှားသွားပါတယ်။

တစ်နေ့တစ်ဒေါ်လာနဲ့ မသေမရှင်ဘဝမှာ နေကြရတဲ့ အလုပ်သမားတွေဟာ မထူးတော့တဲ့ ဘဝကို နားလည်သွားပြီး ပိုဒေါသထွက်လာကြကာ တရားမျှတတဲ့  လုပ်အားခပိုရရှိ ဖို့အတွက် ဒီတိုက်ပွဲမှာ အမြို့မြို့အနယ်နယ်က အလုပ်သမားတွေ ထပ်မံပူးပေါင်းလာကြတယ်။ နောက်တစ် နှစ်ဖြစ်တဲ့ ၁၉၃၄ ခုနှစ်မှာ အလုပ်သမားပေါင်း ၁.၅ မီလီယံကနေ အလုပ်သမား သပိတ်မှောက်သူ နှစ်မီလီယံအထိ တိုးလာတယ်။

အများစုက အသက်ဆုံးရှုံးကြရ တယ်။ အဖမ်းခံကြရတယ်။ အသတ် ခံကြရတယ်။ ဒါပေမယ့် ပြောင်းလဲမှု ကိုရဖို့အတွက် ဆက်ကြိုးစားခဲ့ကြတယ်။ ဒီကိစ္စအတွက် လာရောက်ပြီး စတင်အနစ်နာခံတဲ့ လူငယ်မက်က လော့သေဆုံးရခြင်းဟာ အလကားမဖြစ်စေရဘူးဆိုပြီး ဆက်လက်တိုက် ပွဲဝင်ကြတယ်။

၁၉၃၅ ခုနှစ်ရောက်တော့ အလုပ်သမားအက်ဥပဒေ ညီလာခံအပြီးမှာ အလုပ်သမားသမဂ္ဂအဖွဲ့အ စည်းက သပိတ်မှောက်အလုပ်သမားတွေနဲ့ ညှိနှိုင်းပေးကြတယ်။ ၁၉၃၈ ခုနှစ်ရောက်တော့ သမ္မတ ရုစဗဲ့က တရားမျှတတဲ့ အလုပ်သမား အက်ဥပဒေလုပ်အားခ စံနှုန်းကို လက်မှတ်ရေးထိုးကာ အတည်ပြုပေးလိုက်ရတယ်။ အဲဒီတော့လူတွေဟာ ဒီလို တိုက်ခိုက်ဆန့်ကျင်ကြရတာကို ချမ်းသာကြွယ်ဝချင်လို့၊ လုပ်ပိုင်ခွင့် အာဏာတွေကို လိုချင်လို့ ဖန်တီးကြ တာလို့ ထင်ကောင်းထင်ကြလိမ့်မယ်။ အမှန်တော့ အဲဒီလို မဟုတ်ပါဘူး။

လူတွေဟာ သူတို့ နေထိုင်မှုကိစ္စတွေကိုပဲ နားလည်ချင်ကြတာပါ။ သူတို့တွေဟာ မိမိတို့ရဲ့ ကိုယ်ပိုင် ဘဝတွေကို ထိန်းချုပ်ကန့်သတ်ဖို့ပဲ လုပ်ချင်ကြတာပါ။ ဒီလိုတရားမျှတ မှုကို ရဖို့အတွက် ဘယ်လောက်ပဲပေး ဆပ်ရပေးဆပ်ရ တိုက်ခိုက်ရတာ တန်ပါတယ်။

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.