24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

 

လှပမှုနှင့် ရိုးရှင်းမှုကိုချစ်တတ်အောင်သင်ယူပါ

ဒေါက်တာဇော်မြင့်နီ

ကြယ်ကလေးရေ ...

မင်းရယ်၊ ကိုယ်ရယ် မင်းချစ်တဲ့ ကျီးကလေးတွေရယ်၊ မင်းမြတ်နိုးတဲ့ စိမ်းလန်းမြက်ခင်းရယ်၊ အရာအားလုံးဟာ ကွန်ရက်တစ်ခုလို ပတ်သက်ဆက်နွယ်နေကြတယ်။ ကွန်ရက်ကြိုးမျှင်လေးတစ်ခု ပြတ်တောက်သွားတာနဲ့ သက်ရှိကွန်ရက်ကြီးတစ်ခုလုံး တစ်စတစ်စ ပျက်စီးသွားမှာပေါ့။ ရေတွေ၊ လေတွေ၊ သစ်ပင်တောတောင်တွေ၊ ကျေးငှက်သားရဲတွေထဲက တစ်ခုခု ချို့ယွင်းပျက်စီး သွား တာနဲ့ သက်ရှိလောကကြီးတစ်ခုလုံးဟာ မတွေးဝံ့စရာပါပဲ ကြယ်ကလေးရာ။

သဘာဝ ပတ်ဝန်းကျင် လုံခြုံစိတ်ချရမှုစာစုထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်သူ လူငယ်လေးတစ်ယောက်ကို ကြယ်ကလေးလို့ တင်စားခေါ်ဝေါ်တိုင်တည်ရင်း လုံခြုံစိတ်ချရမှု တစ်စတစ်စ ယုတ်လျော့လာတဲ့ သဘာဝပတ်ဝန်းကျင် အကြောင်း ရေးသားတင်ပြထားတာပါ။ စက်ဆီနံ့တွေ၊ မီးခိုးမြူမှုန်တွေ၊ အမှိုက်ပုံအနံ့ဆိုးတွေဟာ လေထုမလုံခြုံမှုကို ဖော်ပြနေသလို မြေညစ်ညမ်းခြင်းတွေ၊ မြေဆီလွှာ မြေ သြဇာ ညံ့လာတာတွေဟာ ကမ္ဘာမြေရဲ့လုံခြုံမှုကို ခြိမ်းခြောက်နေတာလို့ ဆိုထားပါတယ်။ လူ့ပတ်ဝန်းကျင်မှာ ပါးစပ်ပေါက်တွေ တစ်နေ့တခြား များပြားလာတာ၊ ဆင်းရဲနွမ်းပါးမှုတွေ တွေ့နေရတာဟာလည်း သဘာဝပတ်ဝန်းကျင် လုံခြုံမှုကို ခြိမ်းခြောက်နေတဲ့ ပြဿနာတစ်ခု ဖြစ်ပါသတဲ့။

သဘာဝပတ်ဝန်းကျင် မလုံခြုံရင် လူတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကိုပါ ထိခိုက်နိုင်ပုံ အကြောင်းကို ၁၉၇ဝ ပြည့်နှစ်ဝန်းကျင်မှာ မြေဆီလွှာပြုန်းတီးမှု ပြဿနာကြောင့် စိုက်ပျိုးမြေတွေ ကမောက်ကမဖြစ်ပြီး ငတ်မွတ်မှုဘေး စတင်ကြုံတွေ့ခဲ့ရတဲ့ အီသီယိုးပီးယားနိုင်ငံဟာ စားနပ်ရိက္ခာရရှိဖို့အတွက် နယ်မြေပြောင်းရွှေ့လုပ်ကိုင်ရင်း ဆိုမာလီယာနိုင်ငံနဲ့ စစ်မက်ဖြစ်ပွားရတဲ့ အထိ အဖြစ်ဆိုးခဲ့ရပုံအကြောင်းနဲ့ ပမာပြုတင်ပြထားပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ မြစ်ကြီးတွေအကြောင်း၊ တစ်ကမ္ဘာ လုံးမှာရှိတဲ့ သောက်သုံးရေပမာဏနဲ့ သောက်သုံးသူ အရေ အတွက် မမျှမတဖြစ်လာပုံ အကြောင်း၊ အနာဂတ်ကမ္ဘာ ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် အရေးပါနေတဲ့ ရေအကြောင်း၊ သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတုမမျှမတ ဖြစ်လာတဲ့အပြင် ရေကြီးရေလျှံခြင်းတွေပါ ဖြစ်ပေါ်လာပုံအကြောင်း၊ ဇီဝမျိုးစုံ မျိုးတုံးလာတာကလည်း သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ ဆက်စပ်နေပုံအကြောင်းစတဲ့ သဘာဝပတ်ဝန်းကျင် လုံခြုံမှု ကင်းမဲ့လာရခြင်း အကြောင်းအရင်းတွေကို တင်ပြထားတာ တွေ့ရမှာပါ။

သဘာဝပတ်ဝန်းကျင်ဟာ ပထဝီနယ်နိမိတ် ပိုင်းခြားသတ်မှတ်နိုင်ခြင်း မရှိတာကြောင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံထွေးရောယှက်တင် ဆက်စပ်ဖြစ်ပေါ်နိုင်တာမို့ လှပငြိမ်းချမ်းတဲ့ အနာဂတ်ကမ္ဘာကို ရရှိချင်တယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်းမှာ တာဝန်ရှိတယ်လို့ ဆိုထား ပါတယ်။ ဘာကြောင့်ဆိုရင် ရာစုနှစ်သစ်ရဲ့ ရွှေရောင်နေ့သစ်တွေကို ဖျက်ဆီးပစ်မယ့် ပြဿနာကောင် ဟာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ဖြစ်နေလို့ ဖြစ်ပါသတဲ့။

အမှိုက်တွေနဲ့ကမ္ဘာ စာစုကတော့ လူတွေရဲ့ မဆင်မခြင် သုံးစွဲမှုတွေကြောင့် မလိုအပ်ဘဲ အမှိုက်တွေ  ရှုပ်ပွပြီး သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးပုံအကြောင်း တင်ပြထားတာပါ။ အမှိုက်ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေနဲ့ အမှိုက်တွေကို ဘယ်လို စွန့်ပစ်ရမလဲ၊ ဘယ်လို အသုံး ပြန်ချရမလဲ၊ ဘယ်လိုလျော့နည်းအောင် လုပ်မလဲစတဲ့ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအကြောင်း အသေးစိတ် တင်ပြထားတာ ဖြစ်ပါတယ်။

အမှိုက်တွေလျှော့ချဖို့အတွက် ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု ထည်လဲသုံးစွဲတာကို လျှော့ချဖို့လိုပါသတဲ့။ ပစ္စည်းဟောင်းတွေကို ပြန်လည်သုံးစွဲတာ၊ ပစ္စည်း ဟောင်းတွေကို နည်းပညာနဲ့ ပြန်လည်ပြုလုပ်သုံးစွဲတာတွေ လုပ်ရပါမယ်တဲ့။ အထူးသဖြင့် ကြွပ်ကြွပ်အိတ်လိုမျိုး ထုတ်ပိုးပစ္စည်း တွေနဲ့ ထုတ်ပိုးထားတဲ့ ပစ္စည်းတွေကို ရှောင်ကြဉ်ဖို့၊ ကြွပ်ကြွပ်အိတ်အစား ဆွဲခြင်း၊ ချည်အိတ်တွေ သုံးဖို့၊ သံဘူးတွေနဲ့ ဖျော်ရည်တွေအစား အခါခါသုံးနိုင်တဲ့ ဖန်ပုလင်းနဲ့ ဖျော်ရည်တွေကိုသုံးဖို့၊ တစ်ရှူးပေပါအစား အခါခါသုံးနိုင်တဲ့ လက်ကိုင်ပဝါတွေကို သုံးစွဲဖို့စတဲ့ လူမှုဘဝမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အခြေခံ အမှိုက်ပြဿနာတွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေအကြောင်း တင်ပြထားတာဖြစ်ပါတယ်။

လှပမှုနှင့် ရိုးရှင်းမှုကို ချစ်တတ်အောင်သင်ယူပါ စာစုမှာတော့ လူတွေမရှိလည်း ဂေဟဗေဒစနစ်ကြီးက သူ့သဘာဝနဲ့သူ ဖွံ့ဖြိုးစည်ပင်နေမှာဖြစ်ပေမယ့် ဂေဟဗေဒစနစ်ကြီး မရှိဘဲနဲ့တော့ လူ့အဖွဲ့အစည်းဆိုတာ မရှိနိုင်တာကြောင့် ဂေဟဗေဒစနစ်ကြီး မပျက်စီးအောင် သဘာဝတရားကြီးရဲ့ အဓိကဖြစ်စဉ်တွေကို သိရှိအောင် သင်ယူဖို့၊ လူတွေအခြားသက်ရှိတွေ အပါအဝင် သစ်ပင်တောတောင် သဘာဝတရားကြီးကို ချစ်တတ်ဖို့၊ သဘာဝရဲ့ လှပခြင်းနဲ့ ရိုးရှင်းမှုတွေကို မြတ်နိုးတတ်အောင် သင်ယူဖို့ လိုပုံအကြောင်း ရေးဖွဲ့တင်ပြထားပါတယ်။

 ဒီစာအုပ်မှာ ကြယ်ကလေးရေလို့ တိုင်တည်ပြီး ချစ်ခင်မြတ်နိုး တန်ဖိုးထား ကာကွယ် စောင့်ရှောက်ရမယ့် သဘာဝ ပတ်ဝန်းကျင်အကြောင်း ရှင်းလင်းဆွေးနွေး တင်ပြထားတဲ့ စာစု ၁ဝ ပုဒ်ပါဝင်ပါတယ်။ မျိုးဆက်သစ် စာပေကနေ တန်ဖိုး ၁၅ဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

 

မချမ်းဘောမြို့ဝင်တောလားနှင့် အခြားဝတ္ထုတိုများ

ကြည်ဝင်း

ဆရာဝန်စာရေးဆရာ ကြည်ဝင်းရဲ့ ဆရာဝန်ဘဝအတွေ့အကြုံတွေအကြောင်း ရေးဖွဲ့ထားတဲ့ ဝတ္ထုတိုတွေကို စုစည်းထုတ်ဝေလိုက်တဲ့ စာအုပ် ဖြစ်ပါတယ်။

ကျွန်တော်ရယ်၊ ရှမ်းမလေးရယ်၊ လပြည့်ည ရောဂါဆန်းရယ် ဝတ္ထုတိုကတော့ ကချင်ပြည်နယ် မချမ်းဘော မြို့ကလေးမှာ တာဝန်ကျခိုက် စုန်းပြုစားတာကို ပျောက်အောင်ကုနိုင်တဲ့ ဆရာဝန်ကြီး၊ စုန်းပြုစားထားတဲ့ ဗိုက်ထဲက အပင်းလုံးကြီးတွေကို ခွဲထုတ်ကုသနိုင်တဲ့ ဆရာဝန်ကြီးလို့ နာမည် ကြီးခဲ့သူ ဆရာဝန်ဟာ တစ်နေ့မှာတော့ လပြည့်ညတွေရောက်တိုင်း ဗိုက်ထဲကနာနာလာတဲ့ ရှမ်းမလေး တစ်ယောက်ကို ကုသခဲ့ရတဲ့အတွေ့ အကြုံတွေအကြောင်း ရေးပြထားတာပါ။ သူတို့အိမ်နဲ့ငါးအိမ်ကျော်လောက်က အမျိုးသားတစ်ယောက်ရဲ့ ပြုစားခြင်းကို ခံရတာပါလို့ လူနာ ရှင်တွေကခံယူထားတဲ့ ရှမ်းမလေးရဲ့အဖြစ်က ဒေသခံတွေရဲ့ရိုးအမှု၊ အသိပညာအတတ်ပညာနဲ့ ဝေးအောင် ဖန်တီးခံထားရမှုကို ပေါ်လွင် စေပါတယ်။

ဝတ္ထုပါ အကြောင်းအရာက ၁၉၈၈ ဝန်းကျင်ကာလ ဖြစ်ပါတယ်။ ဒေသအငွေ့အသက်တွေ၊ ရိုးသားတဲ့ တိုင်းရင်းသားတွေရဲ့ ဓလေ့စရိုက်တွေကို ပီပြင်အောင် ဖော်ကျူးနိုင်တဲ့ဝတ္ထု၊ ရိုးရှင်းပြေပြစ်တဲ့ ရေးဖွဲ့တင်ပြပုံကြောင့် ဖတ်ရင်း ဘဝင်ကျမိစေမယ့် ဝတ္ထုလို့ ဆိုနိုင်ပါတယ်။

ကျွန်တော်နှင့် ထင်းချောင်းငါး ချောင်း 'ကွမ်ဖ' လက်ဆောင် ဝတ္ထုတိုကလည်း ၁၉၈၈ ခုနှစ်ကနေ စတင် တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်နှစ်နဲ့လေးလတွင်း လူနာတွေကိုကုသပေး၊ ခွဲစိတ်ပေးခဲ့ရာမှာ အောက်ပိုင်းဒေသမှာလို ကန်တော့သူ မရှိပုံအကြောင်း၊ မကန်တော့ချင်ကြလို့ မဟုတ်ဘဲ ကန်တော့စရာ ငွေကြေးပိုက်ဆံ မရှိပုံအကြောင်း၊ တစ်နေ့မှာတော့ 'ခွန်ဒင်း' ဆိုတဲ့ အမျိုးသမီး မွေးလူနာ တစ်ယောက်ကို ခွဲစိတ်ကုသမွေးပေးပြီးမှာ မွေးလူနာရဲ့အမျိုးသားက ကျေးဇူး တင်လို့ဆိုပြီး မီးလှုံဖို့ထင်းချောင်း ငါးချောင်းပေးဖူးပုံအကြောင်း ရေးဖွဲ့တင်ပြထားတာပါ။ အာဟာရဖြစ်မယ့် အစားအသောက်ကအစ အစစအရာရာ ရှားပါးတဲ့လူတွေရဲ့ ဘဝအကြောင်း၊ အဲဒီဒေသက ဆေးရုံတစ်ရုံရဲ့ မြင်ကွင်းအကြောင်း၊ ခက်ခဲကြမ်းတမ်းတဲ့ဒေသမှာ တာဝန်ကျနေ သူ ဆရာဝန်တစ်ယောက်ရဲ့ ဘဝအကြောင်း၊ အနေအစား အလုပ် အကိုင် ဆင်းရဲကြပေမယ့် ရိုးသားတဲ့ တိုင်းရင်းသားတွေရဲ့ ချစ်မက်ဖွယ်ရာ၊ စာနာသနားကရုဏာသက်ဖွယ်ရာ ဘဝတွေအကြောင်း ဖြစ်ပါတယ်။

ဗိုက်ခွဲထားပြီး ချုပ်ရိုးဖြေပေမယ့် အာဟာရဖြစ်လောက်တဲ့ သားငါးမစားရတာကြောင့် တော်တော်နဲ့ အနာမကျက်တဲ့ခွန်ဒင်း၊ ဆေးရုံတက် ရင်း ချက်ပြုတ်စားသောက်ဖို့ ယူလာ တဲ့ရိက္ခာ ကုန်တာကြောင့် အနာမကျက်သေးဘဲ ဆေးရုံက ဆင်းသွားသတဲ့။ ကိုယ့်ဘာသာတောင် မချမ်း ဘောမှာ ကြံဖန်ပြီးစားသောက်နေရလေတော့ ခွန်ဒင်းတို့ကို စိုက်ထုတ် မကျွေးနိုင်တာကြောင့် ဆရာဝန်လည်း မတားလိုက်နိုင်ဘူးတဲ့။ ပြီးတော့ ခွန်ဒင်းတို့ လင်မယားနှစ် ယောက်ပြန်ရမယ့်နေရာကလည်း တောင်တက်နှစ်ရက် ခြေလျင်ခရီး။ ယောကျာ်းကလည်း သယ်ပိုးစရာ ဝန်လေးတွေနဲ့။ မိန်းမကလည်း မွေးကင်း စ ကလေးကို စောင်ပတ်ပြီး နောက် ကျောမှာသိုင်းလို့။ ဝမ်းဗိုက်မှာ အပြဲအနာကြီးနဲ့။ နှင်းမှုန်တွေကြား တိုး ဝင်ပျောက်ကွယ်သွားတဲ့ သူတို့ လင်မယားကို ငေးကြည့်ပြီး အန္တရာယ်ကင်း ဘေးရှင်းစွာနဲ့ တောင်ပေါ်က သူတို့ တောင်ယာတဲကို ကောင်းမွန်စွာ ရောက်ရှိပါစေလို့ ဆုတောင်းနေရုံသာ တတ်နိုင်တဲ့ ဆရာဝန်ရဲ့ မြင်ကွင်းတွေကို ပီပြင်အောင် ရေးဖွဲ့ထားတာကို တွေ့ရမှာပါ။

ဒီစာအုပ်မှာ မချမ်းဘောမြို့ဝင်တောလား ဝတ္ထုတိုအပါအဝင် ဝတ္ထု တို ၁၂ ပုဒ် ပါဝင်ပါတယ်။ စာရေးသူရဲ့ တကယ့်အတွေ့အကြုံ ဖြစ်တာရယ်၊ အဖြစ်အပျက် အတွေ့အကြုံတွေကို ရိုးရှင်းတဲ့ တင်ပြပုံနဲ့ သိုင်းကာဝိုင်းကာ၊ ရောက်ခဲ့တဲ့ဒေသနဲ့ လျော်ညီစွာ တင်ပြထားတာရယ်ကြောင့် ရိုးရိုးလေးနဲ့ ဆန်းသစ်တဲ့ အရသာကို ခံစားမိစေမယ့် ဝတ္ထုတွေလို့ ဆိုနိုင်ပါတယ်။

        ရှင်မတောင်စာပေကနေ တန်ဖိုး ၃ဝဝဝ ကျပ်နဲ့ ဒုတိယအကြိမ်အဖြစ် ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.