24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book New

ပညာနဲ့လူမျိုးကို စောင့်ရှောက်ပါ

လူထုစိန်ဝင်း

သမိုင်းကို မေ့ပစ်ရ၊ ဖျောက်မပစ်ရသလို ဖျက်လည်းမပစ်ရဘူး။ ကိုယ်ကြိုက်သလို ပြုပြင်တာလည်း မလုပ်ရဘူး။ အရှိကို အရှိအတိုင်းတန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ရမယ်။ သမိုင်းကို ပြန်လည်လေ့လာသုံးသပ်တဲ့အခါမှာ သူ့ခေတ်သူ့အခါက အခြေအနေအတိုင်း သုံးသပ်ရတယ်။ ကိုယ့်ခေတ်ကိုယ့်အခါက အမြင်နဲ့သမိုင်းကို ဆုံးဖြတ်ရင် အမှန်ကိုမရနိုင်ဘူး။ သမိုင်းကို အတ္တနောမတိ နဲ့ မကြည့်ရပါဘူး။

အသက်စွန့်ခဲ့သူများရဲ့ကျေးဇူး မမေ့သင့်ဆောင်းပါးထဲက  ကောက်နုတ်ချက်ဖြစ်ပါတယ်။ သမိုင်းကို တန်ဖိုးထားကြဖို့နဲ့ နှစ်ပေါင်းတစ်ရာကျော် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများအတွင်း၊ ဖက်ဆစ်ဆန့်ကျင်ရေးတိုက်ပွဲများအတွင်း အသက်စွန့်ခဲ့ကြတဲ့ မျိုးချစ်အာဇာနည် သူရဲကောင်းတွေရဲ့ ကျေးဇူးကို မမေ့သင့်ကြောင်း ရေးသားထားတာပါ။ တချို့က အတိတ်မြန်မာ့သမိုင်းကြောင်းကို ပြန်လည်ပုံဖော်ရာမှာ နောင်လာနောက်သားတွေ ပြက်ရယ်ပြုစရာဖြစ်အောင် တမင် လုပ်သလိုဖြစ်နေပါသတဲ့။ အများအားဖြင့် စစ်မဖြစ်မီနဲ့ စစ်ပြီးခေတ် မြန်မာ့နိုင်ငံရေးအကြောင်းတွေကို ဖော်ပြကြရာမှာ ကောင်းတဲ့အပိုင်းကိုမဖော်ပြဘဲ မကောင်းတဲ့အပိုင်းတွေ ကိုပဲ ဆွဲထုတ်ဖော်ပြနေကြတယ်လို့ဆိုထားပါတယ်။ ပမာအားဖြင့် ဖက် ဆစ်ဆန့်ကျင်ရေးအတွက် ဖွဲ့စည်းခဲ့တဲ့ ဖဆပလအဖွဲ့ကြီးရဲ့ ဖက်ဆစ်ဆန့်ကျင်ရေး၊ နိုင်ငံလွတ်လပ်ရေး ဆောင်ရွက်ချက်တွေကို ချန်ထားပြီး ဖဆပလနဲ့ ကွန်မြူနစ်အကွဲ၊ ကွန်မြူနစ်ပါတီအကွဲ၊ တည်မြဲသန့်ရှင်းအကွဲ၊ ဦးဗိုလ်သခင်အကွဲ စတဲ့စတဲ့အကွဲအပြဲတွေကိုချည်း ထင်ရှားအောင် မီးမောင်းထိုးပြတာမျိုး၊ ဖဆပလမတိုင်မီ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေခေတ်တွေအကြောင်း ဖော်ပြကြတော့လည်း ရှေးမြန်မာမျိုးချစ်ကြီးတွေ ဆောင်ရွက်ခဲ့ကြတဲ့ ဝံသာနုရက္ခိတ စိတ်ဓာတ်တွေကို လျစ်လျူရှုထားပြီး အကွဲအပြဲတွေ အကြောင်းချည်း တူးဆွရှာဖွေ ဖော်ထုတ်နေတာမျိုး၊ သင်ခန်းစာ ထုတ်ယူဖို့ဆိုပြီး သုံးသပ်ပြသူတွေကလည်း သုံးသပ်တဲ့ခေတ်ရဲ့ အခြေအနေကို ထည့်မစဉ်းစားဘဲ အခုနှစ် ဆယ့်တစ်ရာစုအမြင်နဲ့ ရှုမြင်သုံးသပ်တာမျိုးတွေလုပ်လေ့ရှိကြပါသတဲ့။ ဘာကြောင့် ဒီလိုဖော်ထုတိတင်ပြနေ ကြတာလဲလို့မေးတော့ အကွဲအပြဲကြောင့် တိုင်းပြည် ဘယ်လောက် ဒုက္ခရောက်ခဲ့တယ်ဆိုတာ သင်ခန်းစာယူစေချင်လို့၊ ညီညွတ်ကြစေချင်လို့ဆိုတဲ့ ခပ်လွယ်လွယ် အဖြေပဲ ပေးကြတယ်လို့ ဆိုထားပါတယ်။

သူတို့ ဖော်ပြချက်တွေဟာ စာဖတ်သူတွေရဲ့အမြင်မှာ နိုင်ငံရေး သမားမှန်သမျှ ဘယ်သူမှ မကောင်း ဘူး၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ကလိမ်ကကျစ်လုပ်နေကြတာပဲ၊ အချင်းချင်းအာဏာလုပြီး ခွက်စောင်း ခုတ်နေကြတာပဲဆိုတဲ့ အမြင်မျိုးတွေပဲ ထွက်ပေါ်လာစေတယ်ဆိုတာ သူတို့သတိမထား မိကြဘူးလို့လည်း ထောက်ပြထားပါတယ်။ ဒီကနေ့ ဂျာနယ်တချို့မှာ ဖော်ပြနေကြတဲ့ သမိုင်း ကြောင်းစာတွေ၊ ကာတွန်းတွေကိုကြည့်ပြီး ကလေးတွေကတောင် နိုင်ငံရေးသမားတွေကို ရယ်သွမ်းသွေးကြ၊ ပျက်ရယ်ပြုကြလုပ်နေကြတာဟာ ရင်နာစရာကောင်းတယ်၊ မြန်မာ လူမျိုးမှန်သမျှ ဦးညွှတ်အလေးပြုကြရတဲ့ ရဲဘော်သုံးကျိပ်ဆိုတာအားလုံး နိုင်ငံရေးသမားသခင်ဘဝတွေက ဗိုလ်ဖြစ်လာကြတယ်ဆိုတာ မသိနိုင် ကြတော့ဘူးလို့ ဆိုထားပါတယ်။

ညီညွတ်ကြစေချင်လို့ ဒီလိုရေးရတာပါဆိုတဲ့ အကြောင်းပြချက်နဲ့ပတ်သက်ပြီး ဆရာလူထုစိန်ဝင်း ရှင်းပြထားပုံကလည်း ဒီကနေ့ခေတ်နဲ့ယှဉ်ပြီး အထူးသတိပြုစရာဖြစ်တယ် ဆိုတာတွေ့ရမှာပါ။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် ဆရာကြီးသဖွယ်လုပ်ပြီး အဆိုးတွေကိုချည်း ထောက်ပြတဲ့ ဆောင်းပါးတွေကြောင့် ဒီကနေ့ခေတ်မှာ ညီညွတ်နေကြပါပြီလားဆိုတာ တွေးမိစေမှာပါ။

ဒီကနေ့ ဒီမိုကရေစီအသွင် ကူးပြောင်းစကာလ ပြည်သူတွေ သတိ ပြုမိစေဖို့အတွက်လည်း ''မတူညီမှုတွေရဲ့ ပေါင်းစပ်မှု အခြေခံကြောင့် လူ့လောကဟာ ဖွံ့ဖြိုးတိုးတက်ပြီး အရောင်စုံအသွေးစုံ ပန်းမျိုးစုံနဲ့ လှပသာယာနေတာ။ တစ်ရောင်တည်းခြယ်ရင် ခုလိုမလှပနိုင်။ ကွဲပြား ခြား နားခြင်းဟာ သဘာဝဖြစ်လို့ မလိုလားအပ်တဲ့အရာမဟုတ်။ ကြောက်စရာ၊ စက်ဆုပ်စရာမဟုတ်။ ကွဲပြား ခြားနားခြင်းကြောင့် တိုက်ခိုက်ကြတာမဟုတ်။ 'မတူညီမှုတွေရဲ့ ပေါင်းစည်းမှု' သဘောကို လူတွေက နားမလည်သဘောမပေါက်လို့ တိုက်ခိုက်ကြတာ။ အယူအဆမတူလို့ ရန်ဖြစ်ကြတယ်ဆိုတာ မပြည့်ဝတဲ့သဘော။ လူတိုင်းကိုယ်ယုံချင်တာ လွတ်လပ်စွာယုံခွင့်၊ အခိုင်အမာ ကိုင် စွဲထားခွင့်ရှိတယ်ဆိုတာ နားလည်သဘောပေါက်ပြီး မငြိုမငြင် လက်ခံ နိုင်ခြင်းဟာ စိတ်ယဉ်ကျေးမှု အထက် တန်းကျသူများရဲ့ အခြေခံလူ့ကျင့်ဝတ် တစ်ခုဖြစ်တယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရလည်း ဖြစ်တယ်''လို့ ဆို ထားပါတယ်။

တိုင်းသူ ပြည်သားအားလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန် အားတက်သရော တက်တက် ကြွကြွ ပါဝင်မလာသရွေ့ ဘယ်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှ မအောင်မြင်နိုင်ပုံ အကြောင်း၊ ရှေးက နိုင်ငံရေးသမားကြီးတွေနဲ့ နိုင်ငံရေးပါတီကြီးတွေရဲ့ ကြိုးပမ်းမှုကြောင့် လွတ် လပ်တဲ့ မြန်မာနိုင်ငံရယ်လို့ ဖြစ်တာ တာကို ကျေးဇူးမကန်းသင့်ကြောင်း ရေးသားတင်ပြထားတာပါ။

ဒီကနေ့ ဒီမိုကရေစီနိုင်ငံရယ်လို့ ဦးတည်လာနိုင်အောင် ကြိုးပမ်းခဲ့ကြ၊ အသက်သွေးချွေးရင်းခဲ့ကြသူတွေရဲ့ သမိုင်းကြောင်းကိုလည်း ပြေးမြင်မိစေမယ့် ဆောင်းပါးဖြစ်ပါတယ်။ ညီညွတ်စေချင်လို့ပါဆိုတဲ့စကားနဲ့ အဆိုးတွေကိုထုတ်နုတ်တင်ပြပြီး ရေးသားဖော်ပြနေမှုတွေ ဟာ တလွဲဆံပင်ကောင်းဖြစ်သွားနိုင်သလားဆိုတာကိုလည်း စဉ်းစားဆင်ခြင်မိစေမှာ ဖြစ်ပါတယ်။

ကိုယ့်နေရာကိုယ်နေ ကိုယ့်အလုပ်ကိုယ်လုပ် ဆောင်းပါးကတော့ ဘယ်သူ့ဆီကမှလည်း အလှူ မခံ၊ ဘာရန်ပုံငွေမှလည်းမရှာဘဲ ကိုယ့်လုပ်အားထဲကငွေနဲ့ ဝါသနာတူစေတနာတူ လူငယ်လေးတွေနဲ့ အတူ ပရဟိတစစ်စစ်လုပ်နေသူ အမျိုးသမီး တစ်ယောက်အကြောင်းကို ပြောရင်း ကိုယ့်နေရာမှာ ကိုယ်မနေ ကိုယ့်အလုပ်ကို ကောင်းကောင်းမလုပ်ဘဲ နေရာတကာမှာပါချင်သူတွေကြောင့် ပြဿနာတွေ ကြီးထွားရပုံအကြောင်း ထောက်ပြထားတာဖြစ်ပါတယ်။

ပရဟိတစိတ်မရှိဘဲ အများအကျိုးတို့ ပရဟိတတို့အမည်ခံပြီး ကိုယ့်အကျိုးစီးပွားဖြစ်ထွန်းဖို့ချည်းလုပ်နေသူ အယောင်ဆောင်ပရဟိတ သမားတွေများလာတဲ့အခါ တကယ့်ပရဟိတစစ်စစ်လုပ်သူတွေပါရောပြီး အပြောခံရ၊ ဆရာစိတ်လုံးဝ မရှိသူအချို့ကြောာင့် ကျောင်းဆရာဆရာမတွေ သိမ်းကြုံးအပြောခံရ၊ ဆေးကုပြီး သူဌေးဖြစ်အောင် စီးပွား ရှာချင်သူတွေကြောင့် သမားကောင်းတွေပါရောပြီး အပြောခံရ စတဲ့စတဲ့ဖြစ်ရပ်တွေ၊ ကလိမ်ကကျစ်နိုင်ငံရေး သမားအချို့ကြောင့် နိုင်ငံအတွက် တကယ်စွန့်လွှတ်လုပ်ကိုင်တဲ့ နိုင်ငံ ရေးသမား စစ်စစ်တွေပါ ဝါးလုံးရှည်နဲ့ သိမ်းအရိုက်ခံရပုံတွေဟာ ကိုယ့်နေရာ မှာ ကိုယ်မနေသူတွေ ကြောင့် ကိုယ့်အလုပ်ကို ကောင်းကောင်းမလုပ်သူ တွေကြောင့်လို့ ဆိုထားပါတယ်။

 ကျောင်းဆရာတွေ၊ ဆရာဝန်တွေက ကိုယ့်အလုပ်ကို ကိုယ်မလုပ်ဘဲ ပိုက်ဆံရှာတဲ့စီးပွားရေးတွေလုပ်တဲ့အခါ၊ နာမည်ရလာတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေက အဆိုတော် ဝင် လုပ်လိုက်၊ ကဗျာဆရာဝင်လုပ်လိုက်၊ စာအုပ်ထုတ်ပြီး စာရေးဆရာဝင်လုပ်လိုက်ဖြစ်လာလို့သာ မလိုလားအပ် တဲ့ ပြဿနာမျိုးစုံ  ပေါ်လာရခြင်းဖြစ်ပါသတဲ့။

ကိုယ့်နေရာကိုယ်မနေဘဲ ကိုယ့်ကိုယ်ကိုယ် တော်လှပြီအထင်နဲ့ နေရာတကာ ဝင်ရှုပ်ချင်သူတွေအကြောင်းကို ကျောင်းဆရာနဲ့ ပမာနှိုင်းပြီး တင်ပြရာမှာ 'ကျောင်းဆရာ လုပ်တာ တော်လွန်းလို့ဆိုပြီး စက်ရုံကြီးတစ်ရုံမှာ မန်နေဂျာစက်ရုံမှူး သွားခန့်လို့ ဖြစ်တာမဟုတ်ဘူး။ ကျောင်းသားကို အုပ်ချုပ်တာနဲ့ အလုပ်သမားကိုအုပ်ချုပ်တာ သဘာဝချင်းအတူတူပဲလို့ ယူဆလို့မရဘူး။ စက်ရုံမှူးဆိုမှတော့ စက်မှုအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ဖို့လည်း လိုသေးတယ်။ သဘာဝချင်းမတူတာကို နားလည်မှ အလုပ်လုပ်လို့ ဖြစ် တယ်''လို့ ဆိုထားပါတယ်။

ဒီဆောင်းပါးမှာ ကိုယ့်နေရာ ကိုယ်မနေဘဲ နိုင်ငံရေးနယ်ပယ်မှာ ဝင် ဝင် ရှုပ်သူတွေအကြောင်း ဇောင်း ပေးတင်ပြထားပါတယ်။ တစ်တိုင်း ပြည်လုံးနဲ့ ချီပြီးလုပ်ရတဲ့ ကိစ္စတွေမှာ တိုင်းပြည်တစ်ခုလုံး လူမျိုးတစ်မျိုးလုံးနဲ့ ဆိုင်တာကြောင့် ဝင်ဝင်ရှုပ်တဲ့ပြဿနာတွေဟာ အခြားအခြားသော ကိစ္စ အားလုံးထက် ပိုပြီးအရေးကြီးတယ်။ နိုင်ငံရေးကိစ္စကို ဇောက်ချပြီးလုပ်တဲ့ နိုင်ငံရေးသမား စစ်စစ်တွေ များများ ပေါ်ထွက်လာဖို့ လိုတယ်လို့ ဆိုထားပါတယ်။

ကပ်ဖား၊ ကပ်စား၊ ကပ်ပါးကောင်များ ဆောင်းပါးကတော့ မျိုးရိုးလိုက်ပြီး အသံထက် ဆယ်ဆမက ကူးစက်ပြန့်ပွားနှုန်းမြန်တဲ့ အကျင့်ပျက်ခြစားရောဂါအကြောင်း တင်ပြထားတာပါ။ မိဘက ကပ်ဖားကပ်စား ကပ်ပါးကောင်ဖြစ်နေရင် အဲဒီအရသာ မြက်မြက်ကလေးအကြောင်း သားသမီးကပါ အရသာတွေ့ပြီး သားစဉ်မြေးဆက် အကျင့်ပျက်မှုတွေ ကူးစက်သွားတတ်ပါသတဲ့။ အကျင့်ပျက် ခြစားခြင်းဟာ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ဒီမိုကရေစီရှိခြင်း မရှိခြင်းနဲ့ သိပ်မဆိုင်ဘဲ တရားဥပဒေ စိုးမိုးမှုရှိခြင်း မရှိခြင်းနဲ့သာ ဆိုင်ပါသတဲ့။ တရားဥပဒေကို လိုတစ်မျိုး မလိုတမျိုး လုပ် လို့ရတဲ့ အခြေအနေတွေမရှိမှ အကျင့်ပျက်မှုတွေ တဖြည်းဖြည်း ကွယ်ပျောက်မှာဖြစ်ပြီး အဲဒီလို ဖြစ် လာဖို့အတွက် ဥပဒေရဲ့အထက်မှာ ဘယ်သူမှ၊ ဘယ်အဖွဲ့အစည်းမှ မရှိဖို့လိုတယ်လို့ ဆိုထားပါတယ်။

ဆရာလူထုစိန်ဝင်း ရေးသားခဲ့တဲ့ ဆောင်းပါး၅၁ပုဒ်ကို စုစည်းထား တာဖြစ်ပြီး နိုင်ငံရေးလောကနဲ့ စာနယ်ဇင်းလောကအကြောင်း ဇောင်းပေးရေးသား ဝေဖန်ထောက်ပြထားတဲ့ ဆောင်းပါးတွေ၊ လူငယ်တွေရဲ့ ပညာရေးနဲ့တကွ လူငယ်တွေ ကိုယ်စွမ်းကိုယ်စ မြင့်မားလာအောင် လူငယ်တွေကို နေရာပေး၊ အားပေးရမယ့်အကြောင်းတင်ပြထားတဲ့ ဆောင်းပါးတွေ၊ပညာတတ် လူ့အဖွဲ့ အစည်းဖြစ်ဖို့ အကြံပေးထောက်ပြထားတဲ့ ဆောင်းပါးတွေပါဝင်ပါတယ်။

 နှစ်ကာလများ စာပေကနေ တန် ဖိုး ၃ဝဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.