27-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အလုပ်အကိုင်လိုနေသည့် ရခိုင်လူငယ်များ ရွှေကျား ရက်ကန်းထည်လုပ်ငန်း အလုပ်ရုံတွင် လာရောက်လျှောက်ထားနိုင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1021
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

ယုန်မွေးမလား ကျားမွေးမလား

မောင်သာချို

စည်းရိုးကြီးတို့ ဘယ်လောက်ပဲ ထူထူထပ်ထပ် မြင့်မြင့်စွင့်စွင့်တား ထားတားထား၊ ပျက်နေသော ကိုယ်ကျင့်တရားတို့က ကျော်လွှားကြလေသောအခါ ကျွန်တော်တို့ ဘာမျှ မတတ်နိုင်လေကြ။ စိတ်နှင့်တားထားမှသာ နယ်နိမိတ်တို့က စိတ်ချလုံခြုံ ကြစမြဲ မဟုတ်လား။

ကဗျာဆန်တဲ့ခြံစည်းရိုးကလေးများ စာစုထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ ဟိုးတုန်းက မြန်မာရွာ ကလေးတွေမှာတွေ့ရတဲ့ နေအိမ်ခြံစည်းရိုးနယ်နိမိတ် သတ်မှတ်ပိုင်းခြားပုံနဲ့ ဒီကနေ့ခေတ် အခြေအနေ ကွာခြားခဲ့ပုံအကြောင်း၊ သြစတြေးလျမှာ တွေ့ကြုံခဲ့ရတဲ့ ဟိုးတုန်းက မြန်မာ့လူနေမှုလို ချစ်စရာ နေအိမ် ခြံစည်းရိုးလေးတွေအကြောင်း ဖွဲ့နွဲ့ ခံစား တင်ပြထားတာပါ။

ဟိုးတုန်းက မြန်မာ့လူနေမှုမှာ သံဆူးကြိုးကြီးတွေ၊ အုတ်တံတိုင်းကြီးတွေ၊ သံမဏိကြီးတွေမလို။ သူ့အိမ်ကိုယ့်အိမ်ခြားထားတာက တမာပင်ကလေး။ သူ့လယ်နဲ့ ကိုယ့်လယ်ကြားမှာတော့ လက်ပံပင်ကြီး။ သူ့ခြံ ကိုယ့်ခြံကို ရေတွင်းကလေးနဲ့ ဖြတ်ကြ။ ကိုယ့်မြေနဲ့ လမ်းမြေကို ပုဏ္ဍရိပ်ပင်ကလေးနဲ့ မှတ်ကြပါသတဲ့။ အဲဒီ အမှတ်အသားကလေးတွေနဲ့ပဲ ဟို ဘက် သည်ဘက် ကျူးမသွားစေဖို့ ချစ်ချစ်ခင်ခင်နေထိုင်တတ်တဲ့ စိတ် ယဉ်ကျေးမှု ထွန်းကားခဲ့ပါသတဲ့။

သြစတြေးလျကိုရောက်တဲ့အခါ ဟိုတုန်းက မြန်မာ့ခြံစည်းရိုးတွေလို ကဗျာဆန်လှပတဲ့ ခြံစည်းရိုးတွေကို တွေ့ရပါသတဲ့။ သူ့စည်းကိုယ့်စည်း သူ့ပိုင်နက် ကိုယ်ပိုင်နက်ပိုင်းခြား သက်မှတ်ထားတယ်ဆိုရုံမျှ ပြုလုပ်ထားတဲ့ခြံစည်းရိုးကလေးတွေ။ ခြံစည်းရိုးတံခါးကို အရံအတားလောက်သာလုပ်ထားပြီး တချို့ ခြံစည်းရိုး လုံးဝမရှိတဲ့ အိမ်ကလေးတွေ။ ဝင်ဖို့ ထွက်ဖို့ရာ လွယ်ကူလွန်းတဲ့ ခြံစည်းရိုး နဲ့တံခါးပေါက်တွေကြောင့် လက်ဆော့ခြေဆော့ ခရီးသွားဟန်လွှဲ ကျော်လွှား ဝင်ရောက် ခူးကာဆွတ်ကာ ချိုးကာဖဲ့ကာ  လုပ်တာမျိုးမရှိတဲ့ နိုင်ငံသားတွေရဲ့ နှလုံးသားယဉ်ကျေးမှုတွေဟာ အားကျလေးစားလောက်ဖွယ်ရာ ကောင်းပုံအကြောင်း၊  ဟိုတုန်းက စိတ်ယဉ်ကျေးမှု မြင့်ခဲ့တဲ့ မြန်မာ့လူနေမှုကို လွမ်းပုံအကြောင်း ရေးဖွဲ့တင် ပြထားတာပါ။

'အဘိုးတို့အဘွားတို့တုန်းက ခြံစည်းရိုးများကို စိတ်နဲ့ပဲတားခဲ့ကြ။ အခုတော့ အထူးပြုလုပ်ချက်တွေများ။ အုတ်တံတိုင်း အမြင့်ကြီးများ၊ သံဆူးကြိုးခွေ အလိပ်အလိပ်ကြီးများ၊ ထိုးထိုးထောင်ထောင်ပုလင်းကွဲများ၊ သံချောင်းအချွန်အတက် အကွေ့ အကောက်များ၊ တံတိုင်း အထပ်ထပ် ထားသည့်ကြားက လုံမှလုံကြရဲ့လားမသိ'လို့ စာရေးသူကဆိုထားပါတယ်။

ပခုံးနှစ်ဖက်ကြား၌ ခေါင်းပေါက်ကြသည် ဆောင်းပါးကတော့  လူလူချင်း ခွဲခြားဆက်ဆံမှု ကင်းဝေးဖို့ တင်ပြထားတာပါ။ သြစတြေးလျနိုင်ငံဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ထွေးရောယှက်တင် နေထိုင် ကြပေမယ့် လူလူချင်း ခွဲခြားဆက်ဆံမှုကို ဥပဒေနဲ့ တင်းတင်း ကြပ်ကြပ် ထိန်းကွပ်ထားပါသတဲ့။ လူမျိုးအရ၊ နိုင်ငံသားအရ၊ ဘာသာရေးအရ၊ အလုပ်အကိုင် ရာထူး အဆင့်အတန်း အရ၊ ကျားမလိင်အရ၊ ပြောဆိုတဲ့ ဘာသာစကားအရ၊ ဘိုးဘိုးအောင်၊ ဦးမင်းကျော် စသဖြင့် ယုံကြည်မှုအရ၊ ကျန်းမာရေးအရ၊ အသက်အရွယ်အရစတဲ့ ခွဲခြားဆက်ဆံမှုကို သြစတြေးလျ ဥပဒေက လက်မခံဘူး လို့ ဆိုထားပါတယ်။

သြစတြေးလျ လူ့အဖွဲ့အစည်း အကြောင်း စိတ်ကူးယဉ်ရင်း 'မင်းတို့မိန်းမတွေ ဘာမှဝင်ပြောစရာမလိုဘူး။ ဟဲ့ကလေးတွေ သွားကြစမ်း လူကြီးတွေစားပြီးမှလာစားကြ။ ထော့ ကျိုးက မတန်မရာဝင်ပါချင်သေး။ မီးသွေးဖုတ်စားတဲ့ကောင်။ အင်္ဂလိပ်စကားတစ်လုံးမှ မတတ်တဲ့ကောင်ပါ။ ဦးရှင်ကြီးတင်တဲ့ မိသားစုကပါကွာ။ အဝေးသင်နဲ့ ဘွဲ့ရတဲ့ကောင်' စတဲ့ အသံတွေကို စာရေးသူက ကြားယောင် နေမိပါသတဲ့။

တန်းတူရည်တူ စိတ်ကလေးတွေ၊  မေတ္တာကရုဏာယှဉ်တဲ့ စိတ်ကလေး တွေနဲ့ လူ့ဘဝခရီးကို ဆက်ကြမယ် ဆိုရင် ဘယ်လောက်ကောင်းလိုက် မလဲလို့ ဆိုထားပါတယ်။

ဘဝမှာ မလှမပနေရတဲ့အပြင် မလှမပသေသွားရသူတွေအကြောင်း ကိုတော့ အဆုံးသတ်ဝါကျများလှပပါစေစာစုမှာ ခံစားရေးဖွဲ့ထားပါတယ်။ ထိုင်းနိုင်ငံမှာ လူမသိသူမသိ သေဆုံးတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အလောင်းတွေကို လိုက်လံသိမ်းဆည်း ကောက်ယူ သင်္ဂြိုဟ်ပေးနေတဲ့ 'ရွှေမြန်မာအလောင်းကောက်အဖွဲ့' ဆိုတာ ရှိပါသတဲ့။ အဲဒီအဖွဲ့က သူတို့ ရဲ့ လှုပ်ရှားမှုတွေ၊ သူတို့ ကောက်ယူသင်္ဂြိုဟ်ပေးခဲ့တဲ့ လူသေအလောင်း တွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကို စာရေးသူကို ထုတ်ပြတဲ့အခါ အမှိုက်ပုံထဲ လဲကျသေနေသူတစ်ဦး၊ ရေမြောင်းထဲမှာ ပက်လက်ကြီးကတစ်ယောက်၊ ပင်လယ်ကမ်းစပ်မှာ မှောက်ခုံကြီးကတစ်လောင်း၊ လမ်းဘေး တစ်နေရာမှာ ကွေးကွေး ကောက်ကောက် သေနေသူ စသဖြင့် ဖူးရောင်ပေါက်ပြဲ ပြတ်ရှခုတ်ထစ် ဖြတ်တောက်ခံထားရတဲ့ အလောင်းတွေချည်း တွေ့ရပါသတဲ့။

လူတွေ ဘယ်လိုနေရတယ်၊ လူတွေ ဘယ်လိုသေရတယ်ဆိုတာ အဲဒီလူမျိုးရဲ့ ဂုဏ်တစ်ရပ်ပါတဲ့။ သူများနိုင်ငံမှာ မြန်မာတွေ ခွေးသေ၊ ဝက် သေ သေကြရတဲ့ သတင်းတွေ၊ ဓာတ် ပုံ တွေက မမြင်ချင်အဆုံးဖြစ်သလို နိုင်ငံတွင်းမှာလည်း သေပုံတွေ မလှပကြပုံတွေ အကြောင်းကိုလည်း ရေမြောင်းထဲ ငါးရှာစဉ်ပြုတ်ကျနေတဲ့ ဓာတ်ကြိုးကြောင့် သေဆုံးရတဲ့ကလေးငယ် ၊ မြေစာပုံပြိုကျပြီး သေပွဲဝင်ကြရတဲ့ ရေမဆေးကျောက်ရှာသူ အောက်ခြေ နင်းပြားများ၊ အမှိုက်ပုံ တစ်နေရာမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေသူ ကျောင်းဆရာလေး၊ အမေအိပ်ပျော်နေစဉ် ဝါးလုံးကြမ်းခင်းမှ ထွက်ကျကာ ဝက်အစားခံလိုက်ရတဲ့ ကလေးပေါက်စလေး... စတဲ့စတဲ့ ကိုယ့်ပြည်တွင်းမှာပဲ လူလိုသူလို မနေရမသေရတဲ့ သတင်းဖြစ်စဉ်တွေ ကိုလည်း တင်ပြထားပါတယ်။

လူတွေဟာ သေမျိုးဖြစ်ပေမယ့် လူ့အဖွဲ့အစည်းရဲ့ပေါ့ဆမှု၊ လူ့အဖွဲ့အစည်းရဲ့ ပရမ်းပတာနိုင်မှုတွေကြောင့် လူ့အသက်တွေ ဖိတ်စဉ်ပျောက်ရှရတဲ့ အဖြစ်ဆိုးမျိုးမရှိသင့် မဖြစ်သင့်တော့ဘူး လို့ ဆိုထားပါတယ်။

ဒီစာအုပ်မှာ သာယာလှပငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ လက်ရှိဖြစ်ပျက်ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီး ခံစားရေးဖွဲ့တင်ပြထားတဲ့ စာစု ၃၇ ပုဒ်ပါဝင်ပါတယ်။ လင်းလွန်းခင်စာပေကနေ တန်ဖိုး ၂၅ဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.