28-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကဏ္ဍတွင် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှု ငါးခုရှိနေပြီး အဆင့်လေးတွင် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1030
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

ဟိုနားသည်နားခရီးသွား

ထက်ကျော်

ခရီးသွားအတွေ့အကြုံခံစားမှုတွေ အကြောင်းရေးဖွဲ့ထားတဲ့ဆောင်းပါးတွေကို စုစည်းထုတ်ဝေ လိုက်တဲ့စာအုပ်ဖြစ်ပါတယ်။

မဖိတ်ဘဲတက်ခဲ့တဲ့ပွဲရင်ထဲမှာတော့ မပျော်ရွှင်ဆောင်းပါးကတော့ ဆရာသိန်းဖေမြင့်ရဲ့ ရာပြည့်ပွဲကျင်းပရာ ဘုတလင်မြို့ကိုသွားရောက်ခဲ့တဲ့ ခရီးအကြောင်းဖြစ်ပါတယ်။ ၁၉၆၂ မတိုင်မီ ပါလီမန်ခေတ်က ပါလီမန်လွှတ်တော်ထဲမှာ တက်ရောက်ခဲ့တဲ့ ဘုတလင်အမတ် ဦးသိန်းဖေမြင့်၊ တိုင်းပြည် လွတ်လပ်ရေးမရခင် လွတ်လပ်ရေးတိုက်ပွဲတစ်လျှောက် ပါဝင်ခဲ့တဲ့ တော်လှန်ရေးသမားကြီး၊ လွတ်လပ်ရေးရတဲ့အခါမှာလည်း အချုပ် အခြာအာဏာ  တည်တံ့ခိုင်မြဲရေး အတွက် ကြံ့ခိုင်ခဲ့သူ၊ နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ စာရေးဆရာ သိန်းဖေမြင့်ခေါင်းချ လဲလျောင်းရာ ဘုတလင်မြို့၊ လွှဲတဲရွာထိပ်နားက တောသင်္ချိုင်းကလေးရဲ့ မြင်ကွင်းကို ဆရာသိန်းဖေမြင့်ရဲ့ ဂုဏ်ပုဒ်တွေနဲ့အတူ လွမ်းမောဖွယ်ကောင်းအောင် ရေးဖွဲ့ပြထားတာကို တွေ့ရမှာပါ။

သမိုင်းထဲက ဆွဲထုတ်လို့မရတဲ့ ပုဂ္ဂိုလ်ကျော်တစ်ယောက်ရဲ့ ရာပြည့်ပွဲကို အကျဉ်းချုံးလုပ်ရတဲ့အဖြစ်တွေ၊ နည်းနည်းလေးမှတောင် တောက် ကြွားဝင့်ဝါမှုမရှိတဲ့ လူမသိသူမသိ တောသင်္ချိုင်းလေးမှာ ဆရာလဲလျောင်းနေရတဲ့အဖြစ်တွေကို ယူကျုံးမရဖြစ်မိပုံမျိုး ရေးသားထားတာပါ။

'ဆရာ့ရဲ့ဂုဏ်ဒြပ်နဲ့ ဆရာ့ရဲ့နောက်ဆုံးလဲလျောင်းရာနေရာဟာ အဲဒီလိုလား။ ဆရာ့ကို နှစ်ရာပြည့် အထိမ်းအမှတ်ပြုတာဟာ အဲဒီလိုနည်းနည်းနဲ့ကျဲကျဲလား'လို့ ဆိုထားပါတယ်။

ဖဲကြိုးနက်ပြာ၊ နေကြာလွင်ပြင်၊ အပျိုစင်မူဆယ်ဆောင်းပါးကတော့ မူဆယ်ကို သွားခဲ့တဲ့ခရီးအကြောင်းပဲ ဖြစ်ပါတယ်။ မူဆယ်ကို ခရီးနှင်ဖို့ မန္တလေးက စထွက်လာတဲ့ခရီး မြင် ကွင်းတွေကစပြီး အဆင့်ဆင့်ဖြတ်သန်းရတဲ့ မြို့တွေ၊ ရွာတွေ၊ တောတွေ၊ တောင်တွေရဲ့ မြင်ကွင်းတွေကို စာဖတ်သူ ကိုယ်တိုင် ခရီးသွားရင်း မြင်မိနေသလို ခံစားမိအောင်၊ မြင် ကွင်းတွေက တစ်ဆင့် ဝင်လာတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အတွေးတွေ၊ နိုင်ငံရေးအတွေးအမြင်တွေ အတွေးထဲ ရိုက်ခတ်လာအောင် ရေးဖွဲ့တင်ပြထားတာပါ။

လွန်ခဲ့တဲ့နှစ်သုံးဆယ်က မန္တလေး မူဆယ်လမ်းနဲ့ ဒီကနေ့ မန္တလေး မူဆယ်လမ်း ကွာခြားသွားပုံ အကြောင်း၊ ၁ဝ၅ မိုင်ဆိုတဲ့ ရွာသိမ်ရွာငယ်ကလေးကနေ တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးတံခါးပေါက် တစ်ခုဖြစ်လာလို့ ပဉ္စလက်ပြကွက်တွေလို ဖွံ့ဖြိုးကြီးထွားဝေစည်လာတဲ့ ၁ဝ၅ မိုင်ရဲ့မြင်ကွင်းနဲ့ လှုပ်ရှားမှုတွေအကြောင်းကိုလည်း မြင်ယောင်လာ အောင်ရေးဖွဲ့ တင်ပြထားပါတယ်။

မြို့ပြရဲ့ အဆင်းအင်္ဂါလက္ခဏာတွေ ခြယ်သပြီး ဟိုတယ်တွေ၊ မိုတယ် တွေ၊ ဘဏ်တွေ၊ မော်ဒယ်မြင့်ကားတွေ၊ ဖြောင့်ဖြူးနေတဲ့ လမ်းမတွေ၊ ခေတ်မီဆက်သွယ်ရေးစနစ်တွေနဲ့အတူ မူဆယ်ဆိုတဲ့ ပန်းရည်ဘဏ်တိုက်ကြီး ထဲမှာ ဝင်ထွက်မစဲရှိတဲ့ ဧည့်သည်တွေနဲ့ မူဆယ်အကြောင်း၊ မူဆယ်ကနေ ကျယ်ခေါင်ခရီးအကြောင်း၊ နယ်စပ်မှတ်တိုင်ရဲ့ မြင်ကွင်းတွေအကြောင်းကို ခေတ်နဲ့ယှဉ်ပြီး တွေးမိအောင် ရေးဖွဲ့တင်ပြထားပါတယ်။

နယ်စပ်ဂိတ်ပေါက်မှာ တန်းစီနေကြသူတွေထဲမှာတော့ မူဆယ်ရဲ့ရင်ခွင်ထဲ တစ်နေ့တာ လည်ပတ် သွားလာမယ့်သူတွေရှိသလို နယ်စပ်ဖြတ်ကျော်ဗီဇာနဲ့ မန္တလေး၊ ရန်ကုန်အထိ ခရီးဆက်ကြမယ့်သူတွေလည်း ပါလိမ့်မယ်လို့ ဆိုထားပါတယ်။

ဒီဆောင်းပါးဟာ မူဆယ်အကြောင်း အဓိကထားပြီး ရေးထားတာဆိုပေမယ့် မူဆယ်မရောက်ခင် ဖြတ်သန်းခဲ့ရတဲ့ပြင်ဦးလွင်၊ နောင်ချို၊ ဂုတ်ထိပ်တံတား၊ ကျောက်မဲ၊ သီပေါ၊ ကျွန်းတော၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်စတဲ့မြို့တွေ၊ နေရာဒေသတွေရဲ့ သမိုင်းမြင်ကွင်း၊ ခေတ်မြင်ကွင်းတွေ ကိုပါ ရေးဖွဲ့ပြသွားတာပါ။

စာရေးသူက မန္တလေး မူဆယ် ခရီးတစ်လျှောက်နဲ့ ပတ်သက်ပြီး သူ့ အမြင်၊ သူ့မှတ်ချက်၊ သူ့ သုံးသပ်ချက်၊ သူ့ခံစားချက်တွေနဲ့ ရောယှက်ခံစား ရေးဖွဲ့ တင်ပြထားပါတယ်။

 'ဒီခရီးမှာ လူသားတွေကပေးတဲ့ ဒုက္ခ၊ သဘာဝကပေးတဲ့ဒုက္ခဆိုပြီး ဒုက္ခအထွေထွေဟာ ကာလအပိုင်း အခြား၊ အတိမ်အနက်၊ အနိမ့်အမြင့် အလိုက်သာ ကွာချင်ကွာမယ်။ ခါးသီး ပူစပ်ရသတွေကတော့ ဝေစည်လို့။ ဒီတော ဒီတောင် ဒီလမ်း ဒီခရီးမှာ ယမ်းငွေ့နဲ့သွေးညှီနံ့၊ အသပြာနဲ့ ချိန်စက်ခံရတဲ့ လူသားမျိုးနွယ်၊ ချိန်ခွင် ခွက်နှစ်ခုထဲက သဘာဝပတ်ဝန်း ကျင်နဲ့ တိုးတက်ဖြစ်ထွန်းရေးစတဲ့ ဝိ ရောဓိတွေကလည်း ရောထွေးယှက် တင် ' လို့ ဆိုထားပါတယ်။

ဒီစာအုပ်မှာ သိုက်မြုံမဲ့ငှက်များ ပြိုပျက်သွားတဲ့ ကမ္ဘာဆီ၊ ပါရမီဖြည့်ဖက် ခင်သင်တို့မြို့ကလေး၊ သျှောင်မထုံးတဲ့ တောင်ကတုံး မင်းလင့်တောင်မှာ နုဖတ်စိမ်းစို နုပျိုလန်းဆန်းမှုတွေရှိတယ်၊ စေတဥတ္တရာကို ရောက်ခဲ့တယ်၊ ရေနံ့သာကကမ္ဘာ့ အကြီးဆုံးစာအုပ်စတဲ့ ခရီးသွားဆောင်းပါး ၁၄ ပုဒ် ပါဝင်ပါတယ်။

 ဂျိုးဖြူစာပေကနေ တန်ဖိုး ၃ဝဝဝ ကျပ်နဲ့ ထုတ်ဝေဖြန့်ချိလိုက်ပါပြီ။

 

ရွှေအမြုတေလက်ရွေးစင် ဝတ္ထုရှည်စုစည်းမှု(၇)

ကလောင်စုံ

''ကျွန်တော်တို့မြို့ပတ်ဝန်းကျင်မှာ လယ်တွေယာတွေရှိလို့ စားစရာအတွက်လည်း မပူရ၊ သစ်တောကြီး လည်းရှိနေလို့နေစရာလည်းမပူရ၊ အဲဒီလိုတွေးခဲ့တာကိုး ဆရာထွန်းရယ်။ အမှန်တော့ ဒီဟာတွေဟာ ကျွန်တော်တို့နဲ့ သက်ဆိုင်တယ်လို့ထင်နေတာ။ အခုမှ ကျွန်တော်တို့နဲ့ ဆိုင်လည်းမဆိုင်၊ ပိုင်လည်းမပိုင်မှန်း သိသွားပါပြီ။ ခက်တယ်ဗျာ။ ကျွန် တော့်မှာ ဒီမြေဆုံးရှုံးသွားရင် ဘယ် နားကပ်ရမှန်းတောင် မတွေးတတ် တော့ပါဘူး ဆရာထွန်းရယ်''

ဆရာညိုထွန်းလူရဲ့ ကြံစိုက်ရသူ များ ဝတ္ထုထဲက ကောက်နုတ်ချက် ဖြစ်ပါတယ်။

ရတနာမြေရဲ့ နယ်ခံဖြစ်လို့ နယ်မြေအကြောင်း ခရေစေ့တွင်းကျသိပေမယ့် ကုန်ကျစရိတ် စိုက်ထုတ် စရာ ငွေကြေးမရှိတာကြောင့် စိန့်လူမျိုးတွင်းသူဌေးနဲ့ပေါင်းပြီး သူခိုင်းသမျှလုပ်နေရတဲ့ ကျောက်တူးသမား ကိုသိန်းဆောင်၊ ကျောက်တူးရင်းနဲ့ အဖိုးတန်ကျောက်ကောင်းတစ်စေ့ရရင် သူ့အတွက် အစွန်အဖျားဝေစုတစ်စု ရနိုင်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ မြို့နဲ့ ၁၅ မိုင်လောက်ဝေးတဲ့ တောနက်ကြီးထဲက ဘဝကြမ်းကြမ်းထဲကို ခုန်ဆင်းနေရရှာသူ ကိုသိန်းဆောင်ရဲ့ ကျောက်တူးသမားဘဝအကြောင်း၊ စိန့်လူမျိုးသူဌေးက ကျောက်တူးတာ အလုပ်မဖြစ်လို့ နောက်ဆုတ်သွားတော့ သူတို့မြို့ကလေးရဲ့ ပတ်ပတ်လည်က သစ်တောကြီးတွေဆီ ရောက်လာတဲ့ သစ်ကုမ္ပဏီမှာ အလုပ်ဝင်လုပ်ခဲ့တဲ့ ကိုသိန်းဆောင်၊ သစ်တွေခုတ်ပြီး တစ်ဖက်နိုင်ငံကို အပို့မှာ အဖမ်းခံရ၊ သူဌေးကခိုင်းလို့ သူကလုပ်ရပေမယ့် အမှုအခင်းဖြစ်တော့ သူဌေးကပစ္စည်းအရှုံးခံပြီး ရှောင် ထွက်သွားတာကြောင့် ထောင်ခုနစ်နှစ်ကျသွားတဲ့ ကိုသိန်းဆောင်အကြောင်း၊ ထောင်ကထွက်တော့ ဘာလုပ်ရမှန်းမသိကြံရာမရ ဖြစ်တာနဲ့မြို့ထဲက အိမ်ကလေးရောင်းပြီး မြို့နဲ့ တစ်မိုင်လောက်ဝေးတဲ့ နေရာမှာ ကြံစိုက်စားနေတဲ့ ကိုသိန်းဆောင်အကြောင်း သူတို့မြို့ ပတ်ဝန်းကျင်မှာ လယ်တွေယာတွေ သစ်တောတွေရှိတာကြောင့် တစ်သက်လုပ်ကိုင် စား သောက်စရာ မပူပင်ရဘူးလို့ ထင်ခဲ့သူကိုသိန်းဆောင်အကြောင်း၊ ဆင်းဆင်းရဲရဲနဲ့ ကြံစိုက်စားနေတုန်း ကုမ္ပဏီတစ်ခုက ကြံခင်းတွေဈေးကြီး ပေးဝယ်တယ်ဆိုတဲ့ သတင်းကြောင့် 'ငါတို့က ဒီမြေရောင်းပြီး ဘယ်နားနေ ဘာလုပ်စားမှာလဲ' လို့ဆိုခဲ့သူကိုသိန်း ဆောင်အကြောင်း ရေးဖွဲ့တင်ပြထားတာပါ။

ကိုသိန်းဆောင်တွေ ဘယ်လောက် ရှိမလဲ တွေးမိစေမယ့်၊ ကြံရာမရဖြစ်လို့  ဟိုဟာဟုတ်နိုးနိုး ဒီဟာလေး ဟုတ်နိုးနိုးဖြစ်ရင်း ကြံစိုက်နေရသူ ကိုသိန်းဆောင်တွေ အကြောင်း မြင်ယောင် မိစေမယ့် ဝတ္ထု ဖြစ်ပါတယ်။

ဆရာမ မကျည်းတန် (လွိုင် ကော်)ရဲ့ ရိက္ခာယူကြသူများ(၄) ဝတ္ထုကတော့ တစ်ဖက်ကမ်းမှာ ကားသွား မောင်းရင် စရိတ်ငြိမ်းတဲ့အပြင် လုပ်ခများများရတာကြောင့် နယ်စပ်မြို့ကလေးကနေ တရုတ်နိုင်ငံဘက်ကမ်းက လောင်းကစားရုံကြီးမှာ လောင်းကစားလုပ်ကြသူတွေအတွက် အကြို အပို့ကားမောင်းပေးရသူဝဏ္ဏ၊  အဖေကဆေးမှုနဲ့ ထောင်ကျသွားတဲ့ အပြင် 'ထောင်ကျတာ ရှက်စရာ မဟုတ် ဆင်းရဲခြင်းကမှ ရှက်စရာ'လို့ဆိုသူ အမေ့ရဲ့စကားသံနဲ့အတူ အမေတစ်ယောက်တည်း ရုန်းကန်ရလို့ ဝင်ငွေထွက်ငွေ မမျှတတာကြောင့် ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ပြီး တစ်ဖက်နိုင်ငံက လောင်းကစား ဝိုင်းမှာ သူဌေးဘေးကပ်ထိုင်၊ ဖဲချပ်ဝေ၊ အလျော်အစားလုပ်ပေးရတဲ့ အလုပ်လုပ်ရသူ တိုင်းရင်းသူလေး အားမိန်ရဲ့ ကြေကွဲဖွယ်ရာဘဝ၊ နယ်စပ်မှာ 'ရန်ဝေး'လို့ခေါ်တဲ့ လက်တွန်း လှည်း တွန်းရင်း ရိုးရိုးသားသား ပင်ပင်ပန်းပန်းငွေရှာသူ ကျေးတောသားထွန်းကျော်၊ တစ်ဖက် နိုင်ငံမှာ အိမ်ဖော်လုပ်ဖို့သွားရင်း အနေကြာတော့ ကိုယ်ပိုင်အနှိပ်ခန်းထောင် နိုင်တဲ့အထိ ကြီးပွားလာပြီးမှ ထိတ်လန့်ဖွယ်ရာအဖြစ်ဆိုးနဲ့ ကြုံတွေ့လိုက်ရသူမေစီထွေး တစ်ဖြစ်လဲ  ကျေးတောသူထွေးမေတို့ရဲ့ ရင်နင့်ဖွယ်ရာဘဝနဲ့ အချစ်ဇာတ်လမ်းအကြောင်း ရေးဖွဲ့တင်ပြထားတာပါ။

တစ်ဖက်နိုင်ငံမှာ ဘဝအတွက် ရိက္ခာရှာကြရင်း ကြော့ကွင်းအမိခံရသူ၊ ဒုက္ခနွံတောထဲ နစ်ရရှာသူ လူငယ် လေးတွေရဲ့အကြောင်း ဖြစ်ပါတယ်။

ဒီစာအုပ်မှာ မနှင်းဖွေး၊ ညိုထွန်း လူ၊ မဝင့်(မြစ်ငယ်)၊ ခင်ခင်ထူး၊ မကျည်းတန်(လွိုင်ကော်)၊ နန္ဒာစိုး(ဆင် ဖြူကျွန်း)၊ ဒေါင်းနေမင်း၊ မာန်(တောင်လုံးပြန်)၊ မြူမြူ၊ နိုင်မြင့်၊ ကိုလှိုင်ကြည်ဝင်း၊ မင်းဝေဟင်တို့ရဲ့ မဂ္ဂဇင်းဝတ္ထုရှည် ၁၂ ပုဒ် ပါဝင်ပါတယ်။

လင်းလွန်းခင် စာပေကနေ တန် ဖိုး ၃၅ဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.