16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

 

ပေါက်ပေါက်မြောက်မြောက်

မောင်ကိုကို(အမရပူရ)

စာပေ၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ရုပ်ရှင်နယ်ပယ်မှာ ပေါက်မြောက် အောင်မြင်ခဲ့ကြသူတွေရဲ့ ဘဝဖြတ် သန်းမှု၊ သူတို့ရဲ့ အနုပညာ၊ သူတို့ရဲ့ အတွေး၊ သူတို့ရဲ့စကား၊ သူတို့ရဲ့ ဘဝအမြင်၊ သူတို့ရဲ့လောကအမြင်၊ သူတို့ရဲ့ အနုပညာအပေါ်အမြင်တွေကို အခြေခံပြီး ဆရာမောင်ကိုကိုက လေးနက်တဲ့ သူ့အမြင်တွေနဲ့ ပေါင်းစပ်ရေးဖွဲ့ထားတဲ့ ရုပ်ပုံလွှာအဖွဲ့အနွဲ့များ စုစည်းမှုစာအုပ် ဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ ဝိုင်းအကြောင်းဖွဲ့နွဲ့တဲ့ ရုပ်ရှင်ဒါရိုက်တာဝိုင်း မှာဆိုရင် 'ဝိုင်းသည်နတ်ရေကန်ထဲသို့ ပစ်ချခံလိုက်ရသကဲ့သို့ ချက်ချင်းကြီး ဝုန်းဆိုကျော်ကြား အောင်မြင်ခဲ့သူမဟုတ်ပါ။ မရေရာသောလမ်းများ၊ ပျောက်နေသော လမ်းများ ရှိခဲ့သည်။ မူးယစ်ဆေးဝါး အမှောင်နွံထဲမှာလည်း နစ်ဖူးသည်။ သို့သော် ဝိုင်းသည် မကျေနပ်သောလမ်းများပေါ်မှ ကျေနပ်သောလမ်းများ ပေါ်သို့ရောက်ရှိအောင် ဘဝကို မောင်နှင်နိုင်ခဲ့၏'လို့ ဝိုင်းရဲ့ဘဝဖြတ်သန်းမှုကို ပိုလေးနက်သွားအောင် မှတ်ချက်ပြုရေးဖွဲ့ထားပါတယ်။

 ငယ်ငယ်က စစ်ဗိုလ်ဖြစ်ချင်ခဲ့ပေမယ့် ၁၉၈၈ အရေးအခင်းကို ကြုံရပြီးတဲ့နောက် စစ်ဗိုလ်မဖြစ်ချင်တော့တဲ့ ဝိုင်း၊ လောကကြီးကို နိုင်ငံရေးကို တော်လှန်ရေးကို ခရေစေ့တွင်းကျ မသိသေးပေမယ့် မတရားမှုဆို ကောင်းကောင်းသိနေတာကြောင့် ၁၉၈၈ အရေးအခင်းမှာဝင်ပါပြီး စစ်အစိုးရကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ၁၅ နှစ်သားအရွယ်ဝိုင်း၊ တော်လှန်ရေးလူငယ်ရဲဘော်တွေနဲ့အတူ အဖမ်းခံရပြီး ထောင် ၁၆ နှစ်အချခံရပေမယ့် အသက် ၁၆ နှစ်မပြည့်သေးတာကြောင့် အထဲမှာ သုံးလကျော်လောက်သာနေရပြီး ပြန်လွတ်လာသူ၊ ဦးကျော်ဟိန်းရဲ့ ရုပ်ရှင်ပညာသင် တန်းမှာ သင်တန်းသားဖြစ်ခဲ့တဲ့ဝိုင်း၊ တက္ကသိုလ်ဒုတိယနှစ်၊ တတိယနှစ်မှာ ကားတွေအတော်များများ ရိုက်ရပေမယ့် ဒုတိယမင်းသားဘဝက မတတ်နိုင်ခဲ့တဲ့အဖြစ်၊ သရုပ်ဆောင်ကြေး ပိုက်ဆံတွေရလာတော့ ကြွစောင်းကြွစောင်းဖြစ်ပြီး မူးယစ်သားကောင်ဖြစ်သွားရတဲ့ဘဝ၊ ဆေးအလွန်အကျွံသုံးတာကြောင့် သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ရပုံတွေ၊ မူးယစ်ဆေးကြောင့် အမျိုးတွေအိမ်သွားလည်ရင် တောင် ဒီကောင်ဘာခိုးမလဲဆိုတဲ့ သံသယနဲ့အကြည့်ခံရတဲ့အဖြစ်၊ စာကို စူးစူးနစ်နစ်ဖတ်ခဲ့ပေမယ့် စာမဖတ်နိုင်လောက်အောင် အနုပညာကို မေ့လျော့လောက်အောင် မူးယစ်ဆေးထဲ မျောနေပုံအကြောင်းတွေကို ဆရာမောင်ကိုကိုက ပုံပေါ်အောင် ရေးဖွဲ့တင်ပြထားပါတယ်။

ဝိုင်းဟာ မူးယစ်ဆေးနွံထဲက ဘယ်လို ရုန်းထွက်ခဲ့သလဲ။ ဒုတိယမင်းသား၊ ကြာကူလီခန်းတွေပဲရိုက်ရ တဲ့ကောင်ပါကွာလို့ ဝန်းကျင်ရဲ့ကဲ့ရဲ့သံ၊ စိန်ခေါ်သံတွေကြားကနေ သရုပ်ဆောင်ဝိုင်းဟာ ဒါရိုက်တာဝိုင်းဖြစ်လာအောင် ဘယ်လိုကျော်ဖြတ်ခဲ့သလဲ။ သူ့ကိုယ်သူ ဘယ်လိုဖြည့်ဆည်းခဲ့သလဲ၊ ဘယ်လိုတည်ဆောက် ခဲ့သလဲဆိုတာတွေကို ဝိုင်းရဲ့ပြောစကားတွေနဲ့အတူ၊ စာရေးသူရဲ့ မှတ် ချက်တွေနဲ့အတူ ဝိုင်းရဲ့ ရုပ်ပုံလွှာကို မြင်ယောင်လာစေမှာဖြစ်ပါတယ်။

 မောင်စွမ်းရည် (မန္တလေးမြို့ရဲ့ မနက်ခင်းရဲ့ ကဗျာဆရာ) မှာတော့ ဆရာမောင်ကိုကိုက 'မောင်စွမ်းရည်၏ ကဗျာများသည် သူ့ပတ်ဝန်းကျင်၏ အလှအပများကို ဖော်ပြတတ်သလို သူ့ပတ်ဝန်းကျင်က မျက်စိနောက် စရာကိုလည်း သရော်တော်တော် ရေးလေ့ငေါ့လေ့ရှိ၏'လို့ မှတ်ချက်ပြုရင်း သူစွဲလမ်းခဲ့ရတဲ့ ဆရာမောင်စွမ်း ရည်ရဲ့ ကဗျာလေးတွေနဲ့အတူ ဆရာမောင်စွမ်းရည်အကြောင်း၊ အထူး သဖြင့် ဆရာမောင်စွမ်းရည်ရဲ့ တက္ကသိုလ်ကျောင်းသားဘဝကာလများ အကြောင်း အလေးပေးရေးဖွဲ့ တင်ပြထားတာကို တွေ့ရပါတယ်။ မန္တလေး တက္ကသိုလ်ကျောင်းသားဘဝ။ မောင်စွမ်းရည်၊ တင်မိုး၊ မောင်သိန်းနိုင် အညာသားသူငယ်ချင်းသုံးယောက်။ တက္ကသိုလ်မှာ ပေညစ်ညစ်နေထိုင်တဲ့ ကဗျာဆရာတွေ။ မိန်းကလေးတွေက သူတို့ကို စိတ်မဝင်စားပေမယ့် သူတို့ကလည်း မိန်းကလေးတွေကို ကဗျာဖွဲ့ဖို့ကြည့်တတ်ရုံပဲဖြစ်ပါသတဲ့။ တက္ကသိုလ်ကျောင်းသား ဘဝမှာ ဆရာတင်မိုးရဲ့ ရိုးသားပုံကြောင့် ရယ်စရာမော စရာဖြစ်ခဲ့ရတဲ့ အကြောင်းတွေကိုလည်း ချစ်စရာ၊ ကြည်နူးစရာ ကောင်းအောင် ဆရာမောင်စွမ်းရည်က ပြောပြသွားတာကိုတွေ့ရမှာပါ။ ဆရာမောင်စွမ်းရည်ရဲ့ ကဗျာဆရာဘဝ၊ ကျောင်းဆရာဘဝ၊ ပညာရေးဝန်ထမ်းဘဝ၊ နောက် အမေရိကန်ပြည်ထောင်စုကို ရောက်သွားပုံ အကြောင်းတွေဖြစ်ပါတယ်။ ဆရာ မောင်စွမ်းရည်အကြောင်းဆိုပေမယ့် သူ့သူငယ်ချင်းတွေဖြစ်တဲ့ ဆရာတင်မိုး၊ ဆရာဂုဏ်ထူးဦးသိန်းနိုင်၊ ဆရာကြည်အောင် တို့ရဲ့ ဘဝပုံကြမ်း တစ် စွန်းတစ်စကိုလည်း ဖတ်ရမှာဖြစ်ပါ တယ်။

'စာပေဆိုတာဟာ အနုပညာဆိုတာဟာ ဘာမှမထူးခြားဘူး။ စာပေ ရေးသားခြင်းဆိုတာလည်း ဘာမှမထူးဆန်းဘူး။ ဒါဟာ လူတွေ လျှောက်လုပ်နေတဲ့ အလုပ်မျိုးစုံထဲက အလုပ်တစ်ခုပါပဲ'လို့ ဆိုတဲ့ စာရေး ဆရာ ကြူးနှစ်ရဲ့ဘဝ ဖြတ်သန်းမှုနဲ့ စာပေအနုပညာအပေါ်အမြင်တွေကလည်း စိတ်ဝင်စားစရာပါ။

ဗဟိုလျှပ်စစ်နှင့် အင်ဂျင်နီယာတပ်က တပ်သားတစ်ယောက်ဖြစ်တဲ့ ကြူးနှစ်ဟာ ခွင့်ယူပြီး မန္တလေးကိုအလာမှာ ကြူးနှစ်နဲ့ စတင်ခင်မင် သိကျွမ်းခဲ့ရတယ်လို့ ဆရာမောင်ကိုကိုက ကြူးနှစ်ရဲ့ ရုပ်ပုံလွှာအဖွဲ့ကို စဖွင့်ရင်း အင်္ဂလိပ်လိုရေးထားတဲ့ ဝတ္ထုတွေကို အများကြီးဖတ်ထားသူ၊ တပ်ပြေးဘဝနဲ့ ထောင်ကျပြီး တပ်က ထွက် လိုက်သူ၊ ဘဝကိုလွတ်လပ်ပျော်ရွှင်စွာ နေထိုင်ဖြတ်သန်းသူ၊ မြန်မာဝတ္ထု  တိုလောကမှာ ဆရာတစ်ဆူလို့ ခေါ်ထိုက်သူ၊ ခုတော့ လူဝတ်ကြောင်ကို စွန့်ခွာပြီး ရဟန်းဘဝမှာ တည်ငြိမ် ကြည်လင်စွာ ပျော်မွေ့နေသူ ကြူးနှစ်ရဲ့ ဟန်ပန်၊ ကြူးနှစ်ရဲ့အသံ၊ စာပေ ဘဝ အမြင်တွေကို ပုံပေါ်အောင် ရေးဖွဲ့ထားပါတယ်။

ဝတ္ထုတိုများစွာ ရေးခဲ့တဲ့ဆရာ ကြူးနှစ်ရဲ့ ရှဲဒိုးစာရေးဆရာဘဝ၊ ရုပ်ပြဇာတ်ညွှန်းရေးဆရာဘဝတွေအကြောင်း၊ ငယ်ငယ်က စာပေအပေါ်မြင်ခဲ့ချစ်ခဲ့ တန်ဖိုးထားခဲ့ပုံနဲ့ ကြီးလာတဲ့အခါ အမြင်တွေ ကွာခြားသွားပုံ အကြောင်းတွေ ပါဝင်ပါတယ်။

ဝတ္ထုတစ်ပုဒ် ရေးဖွဲ့ဖန်တီးဖြစ်ပုံနဲ့ ပတ်သက်ပြီး ဆရာကြူးနှစ်က 'ငယ်ငယ်ကတော့ ဝတ္ထုတိုရေးရာမှာ ဘယ်လိုပုံ တည်ဆောက်မယ်၊ စကားလုံးကို ဘယ်လိုရှာမယ်၊ စကားလုံးကို ဘယ်လိုပြောင်မြောက်အောင် သုံးမယ်ဆိုတာ ရှိခဲ့ပေမယ့် ခုမရှိတော့ ဘူး။ အခုဟာ ဘာနဲ့တူသလဲဆိုရင် ကလေးတစ်ယောက်က သဲတွေပုံပြီး ဆော့နေသလိုပါပဲ။ သူဆော့တာ ရဲတိုက်လည်း ဖြစ်ချင်ဖြစ်မယ်၊ နန်းတော်လည်း ဖြစ်ချင်ဖြစ်မယ်။ ကိုယ် အဲဒီလို ဝတ္ထုရေးတယ်' လို့ ဆိုထားပါ တယ်။

အသက် ၁၄ နှစ်အရွယ်မှာ ဗိုလ်နေဝင်းအစိုးရတက်ပြီး အမှောင်နဲ့ ရက်စက် ကြမ်းကြုတ်မှုကို ထိတွေ့ခဲ့ရ သူ။ '၁၉၆၂ခုနှစ်ပေါ့။ ဇူလိုင်လ ၈ ရက် နံနက် ၈ နာရီလောက် ရန်ကုန် တစ်မြို့လုံး တုန်သွားတယ်။ စိတ်ထဲနာကျင်သွားတယ်။ အဲဒါတော့ မှတ် မှတ်ရရ သိပ်ဖြစ်တယ်' လို့ ဆိုသူ ကဗျာဆရာအောင်ချိမ့်အကြောင်းကို တော့ အောင်ချိမ့် ခေါင်းစဉ်အောက်မှာ တွေ့ရမှာဖြစ်ပါတယ်။

 ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုမှာပါဝင်ခဲ့ပြီး မြေအောက်နိုင်ငံရေးအဖွဲ့နှင့် ဆက်သွယ်လှုပ်ရှားခဲ့သူ၊ ကျောင်းသားတွေ အဖမ်းခံရ၊ ကျောင်းသားတွေ ထွက်ပြေး တိမ်းရှောင်ကြ၊ ကျောင်းသားတွေ တောခိုသွားကြတဲ့ နိုင်ငံရေး အခင်းအကျင်းထဲ အသက် ၁၇ နှစ် အရွယ်မှာ အင်းစိန်ထောင်ထဲ ရောက်သွားသူ၊ ထောင်ကျကာလ တစ်နှစ်ခွဲအတွင်း ထောင်ထဲမှာကတည်းက ကဗျာကို စတင်တွေ့ရှိ ခဲ့သူ ကဗျာဆရာ အောင်ချိမ့်ရဲ့ လူငယ်ဘဝဖြတ်သန်းမှုတွေအကြောင်း၊ ထောင်ကထွက်လာပြီးတဲ့ နောက် စာအုပ်တွေကို ရူးသွပ်စွာ ဖတ်ရင်းမဂ္ဂဇင်းတွေမှာ ကဗျာရေးဖြစ်ခဲ့ပုံအကြောင်း၊ ရာဇဝင်တွင်တဲ့ မိုး ဝေကဗျာခေတ်နဲ့ အောင်ချိမ့်၊ ဖော်ဝေး၊ မောင်ချောနွယ်တို့ရဲ့ သူငယ် ချင်းဘဝအစ အကြောင်း၊ သုခမိန်လှိုင်၊ ဖော်ဝေး၊ မောင်သစ်မင်း၊ မင်းမင်းလတ်၊ နောင်နောင်တို့နဲ့အတူ ၃၃ လမ်းထိပ် ရွှေကြည်အေးမှာထိုင်ရင်း စာပေဘဝ ဖြတ်သန်းခဲ့ရပုံတွေ အကြောင်း၊ တော်လှန်ကဗျာအကြောင်း၊ ကဗျာတွေကို ခေတ်သစ် ခေတ်ပေါ် မော်ဒန်ပုံသဏ္ဌာန်ရဖို့ သုံးလေးငါးနှစ်ကြိုးစားခဲ့ရပုံတွေ အကြောင်း ဖတ်ရမှာဖြစ်ပါတယ်။

ကဗျာဆရာအောင်ချိမ့် ပြောပြတဲ့ အောင်ချိမ့်ရဲ့ဘဝအကြောင်းတွေအပြင် အောင်ချိမ့်နဲ့ တစ်စပ်တည်းရှိနေတဲ့ ခင်ဝမ်း၊ မောင်ဒီ၊ သုခမိန်လှိုင်၊ ဖော်ဝေး၊ မောင်ချောနွယ်တို့ အကြောင်းကို လွမ်းမောဖွယ် ကောင်း အောင်၊ ဦးနေဝင်းအစိုးရ လက်ထက် အမှောင်ထဲက ရုန်းထွက်ဖို့ ကြိုးစားသူ တက္ကသိုလ်ကျောင်းသားတွေရဲ့ဘဝ၊ လူငယ်တွေရဲ့ဘဝကိုမြင်မိအောင်၊ ခေတ်ကြီးကို ပြန်ငေးကြည့်မိအောင် ရေးဖွဲ့တင်ပြထားတာကိုတွေ့ရမှာပါ။  ကဗျာဆရာအောင်ချိမ့်ရဲ့ အနုပညာ အပေါ်အမြင်၊ ကဗျာအပေါ် သဘောထားခံယူချက်တွေနဲ့အတူ ကဗျာဆရာ အောင်ချိမ့်ရဲ့ စိတ်ကိုပါ စာ ဖတ်သူ မြင်မိအောင် ရေးဖွဲ့တင်ပြထားပါတယ်။

ဒီစာအုပ်မှာ ခင်ဆွေဦး၊ မြန်မာမှု ဒီဇိုင်းသုတေသီဦးအေးမြင့်၊ ကိုနေဝင်း၊ ဒေါက်တာ အင်ဒရူးကောင်း၊ စန္ဒရား တင်ဝင်းလှိုင်၊ ပန်းခရမ်းပြာ ကိုရဲလွင်၊ ဒါရိုက်တာ ကြည်စိုးထွန်း၊ လိုဂိုစာလုံးတင်ထွဏ်း၊ ဘေ့စ်ဂစ်တာသမား ဇာလျှန်း၊ ဒါရိုက်တာ ညီညီ ထွန်းလွင်၊ ဒေါက်တာ ကျော်မင်းထွန်း၊ ပန်းချီ မျိုးသန့်အောင်၊  မန္တလေး သိန်းဇော်၊ ကိုရွေး၊ တူးတူး၊ ကိုရွှေထူး(ပြည်)၊ မောင်မောင်ဖောင်တိန်၊ ဝေလ၊ ပန်းသာဦးသန်းညွန့်၊ ဓာတ်ပုံ သတင်းထောက် အောင်ထွန်းဝင်း တို့ရဲ့ ဘဝဖြတ်သန်းမှုတွေအကြောင်း ပြန်လည်ရေး ဖွဲ့တင်ပြထားတာကို တွေ့ရမှာပါ။

'ဤလူပုဂ္ဂိုလ်အားလုံးကို ကျွန်တော်သည် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါ၏။ သူတို့ပြောကြားသော အချက်အလက်ကို ခိုင်မာစေလျက် ကျွန်တော့်စကားပြေဖြင့် ပြန်လည် ရုပ်ပုံလွှာဖွဲ့ဆို၏။ ဤစာအုပ်သည်သင့်ကို၊ လောကကို တစ်စုံတစ်ရာ ပေးဆပ်နိုင်လိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါ၏' လို့ ဆရာမောင်ကိုကို (အမရပူရ)က အမှာစကားဆိုထားပါ တယ်။

       The Key Collection Press စာအုပ်တိုက်ကနေ တန်ဖိုး ၅ဝဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.