19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ဇနီးကောင်းတစ်ဦး

ဒီဇာတ်ကားက ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလက ထွက်ရှိခဲ့ပြီး ၂ဝ၁၇ အော် စကာဆုပေးပွဲမှာ အော်စကာဆု ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ လူဖြူတွေကြားထဲမှာ လူမည်းနီဂရိုးတွေခွဲခြား ဆက်ဆံ ခံရမှုတွေနဲ့ အနှိမ်ခံဘဝက မလွတ်မြောက်သေးခင်ကာလ ၁၉၅ဝ ခုနှစ်တစ်ဝိုက်က လူမည်းမိသားစုတစ်စုဟာ ဘဝတစ်ခုအတွက် ရပ်တည်ကြရာမှာ ဖခင်ဖြစ်သူဟာ သူ့ရဲ့သားနှစ်ယောက်အပေါ်မှာ ဖခင်ချစ်စိတ်နဲ့ အလွန်တာဝန်ကျေပေမယ့်လည်း ကရုဏာဒေါသနဲ့ မိသားစုအပေါ်ကောင်းစေချင်လို့ အမှန်တွေပြောရာမှာ ညင်သာမှုမရှိတဲ့အတွက် အဖေနဲ့သားတို့ တစ်အိမ်တည်းအတူနေပြီး ဝေးကွာကြရပုံနဲ့ မိခင်ကောင်းတစ်ယောက်ရဲ့မေတ္တာနဲ့ ဇနီးကောင်းတစ်ယောက်ရဲ့ ပြုမူသည်းခံမှုတွေအပြည့်ရှိအောင် ကျင့်ကြံကာ ကြိုးစားနေထိုင်သွားတဲ့ လူမည်းအမျိုးသမီးကြီးတို့ရဲ့အဖြစ်ကို ပုံဖော် ရိုက်ကူး ထားတဲ့ ဒရာမာဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားကို လူမည်းမင်းသားကြီး 'ဒင်ဇယ်ဝါရှင်တန်'က သူကိုယ် တိုင် ဒါရိုက်တာလုပ်ပြီး သူကိုယ်တိုင်ပဲ ဒီဇာတ်ရဲ့အဓိကဇာတ်ကောင်လူ မည်းဖခင်တစ်ယောက်ဖြစ်တဲ့ 'ထရွိုင်မက်ဆက်' နေရာမှာ သရုပ်ဆောင် ထားပါတယ်။ သူနဲ့အတူ အပြိုင်ကြဲပြီး သရုပ်ဆောင်ထားသူကတော့ နာမည် ကျော် လူမည်းမင်းသမီးကြီး 'ဗီယိုလာဒေးဗစ်စ်'ပဲဖြစ်ပါတယ်။ မိသားစု တစ်စုရဲ့ နေ့စဉ်ဘဝနေထိုင်ဖြတ်သန်းပုံကိုတင်ပြထားတဲ့ ဒီဇာတ်လမ်းက အင်မတန်ရိုးရှင်းပေမယ့် သရုပ်ဆောင်သူအားလုံး ကွက်တိကောင်းလွန်းလှ တဲ့အတွက်ကြောင့် ချက်ချင်းလက်ငင်းအော်စကာဆုရရှိလိုက်တာပဲလို့ ထင်မြင် မိပါတယ်။ ၁၃၉ မိနစ်အထိ ကြာမြင့်တဲ့ ဒီရုပ်ရှင်ဟာ အမေရိကန် ဒေါ်လာ ၂၄ သန်းသာကုန်ကျပေမယ့် သန်း ၇ဝ နီးပါး ပြန်လည်ရရှိနေဆဲဖြစ်ပါတယ်။

မြို့လယ်လမ်းမပေါ်က အမှိုက်သိမ်းကားကြီးထဲကို ရယ်မောပျော်ရွှင်စွာနဲ့  စကားတွေရောက်တတ်ရာရာ ပြောဆိုကြရင်း အမှိုက်တွေ သိမ်းထည့်ပြီးကားကြီးနဲ့လိုက်ပါသွားကြတဲ့ လူမည်း အမျိုးသားကြီး ထရွိုင်မက်ဆန်နဲ့ လူဖြူအမျိုးသားကြီး 'ဂျင်မ်ဘိုနို' တို့ နှစ်ယောက် မြင်ကွင်းထဲကနေ တရွေ့ရွေ့ဝေးသွားကြပုံနဲ့ ရုပ်ရှင်ကို စတင်ထားပါတယ်။

 မိသားစုလေးယောက်။ သားအကြီး 'လိုင်ယွန်' က အသက် ၃၄ နှစ် အ ရွယ်။ သားငယ် 'ကိုရီ' က ၁၈ နှစ်အရွယ်ကျောင်းသား။ သားကြီး လိုင်ယွန်ကို ပထမအမျိုးသမီးတစ်ယောက်နဲ့ ရပြီးမွေးခဲ့တာ။ အဲဒီအမျိုးသမီးဟာ ဘယ်သူ လဲ၊ သေသွားတာလား၊ ကွဲသွားတာလား။ ထရွိုင်ဟာသူနဲ့ ဘယ်လိုပတ်သက်ခဲ့ တယ်ဆိုတာကိုပြမထားပါဘူး။ ဒါပေမယ့် လက်ရှိဇနီးကြီး 'ရို့စ်မက်ဆန်'က သားအရင်းလို ဂရုစိုက် မေတ္တာထားတာကို တွေ့ရပါတယ်။

ထရွိုင်ဟာ လက်ရှိအချိန်မှာ အသက် ၅၃ နှစ် အရွယ်ရောက် နေသည့် တိုင်အောင် မိသားစုအတွက် သူနဲ့သက်တူရွယ်တူ လူဖြူသူငယ်ချင်းကြီး 'ဘိုနို'နဲ့ အတူအမှိုက်သိမ်းတဲ့အလုပ်လုပ်ရင်း ပျော်အောင်နေလာခဲ့တယ်။ အားလပ်တဲ့ စနေ၊ တနင်္ဂနွေနေ့တိုင်း စူးဆောက်တန်ဆာပလာတွေနဲ့ အိမ်အို လေးရဲ့ လိုအပ်ချက်တွေကို ပြုပြင်တယ်။

သူဟာ တစ်ချိန်တုန်းက အားကစားသမားကောင်းကြီးတစ်ယောက်။ သစ်သားလက်ရိုက်ဘက်တံကြီးနဲ့ ရိုက်ကစားရတဲ့ ဘေ့စ်ဘောကစားနည်း မှာ သူဟာ အဆင့်မြင့် လူတော်တစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမယ့် အ သားအရောင်နဲ့ လူမျိုးရေး ခွဲခြားမှုအရသူဟာ လူမည်းတစ်ယောက်ဖြစ်လို့ ဘေးထုတ်ခံခဲ့ရာကနေ သူဟာ ဒီ အားကစားကို စိတ်နာကြည်းခဲ့တယ်။

သူ့သားအငယ် 'ကိုရီ'က သူ့အဖေမဖြစ်ခဲ့ရတဲ့အရာကို သူ့အဖေ ကိုယ်စားဖြစ်အောင် လုပ်မယ်ဆိုပြီး ကျောင်းမှာဒီဘေ့စ်ဘောအားကစား နည်းကို အသည်းအသန်ဝါသနာကြီးနေတယ်။ ဒါကိုသူသိသွားတော့ သူ့ သား သူ့လိုခံစားရမှာ စိုးလို့ လမ်းလွှဲဖို့ ကြိုးစားတယ်။ သားနှစ်ယောက်ကို အ ရမ်းချစ်သလို သည်းခံပေါင်းသင်း တတ်သူကြီးဇနီးသည် 'ရို့စ်'ကိုလည်း သူအရမ်းချစ်ပါတယ်။      

သားဖြစ်သူကို သူ့လိုလည်း ဖြစ် စေချင်တယ်။ ဒါပေမယ့် သူ့လိုလည်း မဖြစ်စေချင်ဘူး။ မဖြစ်စေချင်တာက တစ်နေ့မှာ သူ့လိုဝိုင်းပယ်ခံရပြီး သူ့ လိုခံစားရမှာစိုးလို့။ ဖြစ်စေချင်တာက သူ့ခြေရာကိုနင်းပြီး သူ့လိုတော် စေချင်တာ၊ ရိုးသားမှုနဲ့အနိုင်ယူနိုင်တဲ့ လူတော်တစ်ယောက်ဖြစ်စေချင် တာ။ ဒါပေမယ့် နက်နဲတဲ့သူ့အတွေးကို သူသားအငယ်ကနားမလည်ဘူး။ အဖေက ငါ့ကိုတားတာ သူ့ကိုကျော်သွားမှာစိုးလို့ဆိုတဲ့ အတွေးတွေသာ ဝင်နေတယ်။

သားကြီးဖြစ်သူ 'လိုင်ယွန်'ကလည်း အသက် ၃၄ နှစ်ရှိတဲ့တိုင် အောင် အလုပ်အကိုင်မယ်မယ်ရရမရှိဘူး။ ဂီတသမားလုပ်မယ်ဆိုပြီး တော့သာ ကလပ်တွေမှာ အချိန်ဖြုန်းနေတယ်။ စနစ်တကျအလုပ်လုပ်ဖို့ ပြောတဲ့အခါတိုင်း ကျွန်တော် ဘယ်လိုကြီးပြင်းခဲ့ရတယ်ဆိုတာ အဖေမှမ သိဘဲဆိုတဲ့ စကားကိုသာ ပြန်ပြောခံရလို့ သူ့ရဲ့ သြဇာမသက်ရောက်ဘဲဖြစ် ခဲ့တယ်။

တစ်နေ့မှာ သားအငယ် 'ကိုရီ' ကလူတိုင်း တီဗီကြည့်နေကြတာမြင် ရတော့ တီဗီတစ်လုံးလောက်ဝယ်ချင်တယ်လို့ပြောတာကို မိမိတို့ရဲ့ လက် ရှိဘဝအခြေအနေနဲ့ နှိုင်းယှဉ်ပြီး ပြောပြတယ်။ မင်းရဲ့ခေါင်းပေါ်က အိမ် ခေါင်မိုးဟာ မပြုပြင်နိုင်ခဲ့တာ ၁ဝ နှစ်ကျော်ပြီ။ ဒေါ်လာ ၂၆ဝ ကျော် ကုန်မယ်။ မိသားစုမိုးအစိုခံမလား၊ တီဗီဝယ်မလားဆိုပြီးတော့ပေါ့။

 မနက်တိုင်း ငါဟာ ဒီကနေထွက် ပြီး သူများတွေရဲ့ အမှိုက်တွေနဲ့ လုံး ပမ်းနေရတယ်။ အဲဒါငါ့အလုပ်မို့ငါ လုပ်နေတာ။ မင်းဟာ ငါ့အိမ်မှာနေ တယ်။ ငါကျွေးတာကိုစားတယ်။ ငါ့အိပ်ရာပေါ်မှာ မင်းကိုသိပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းကငါ့သားမို့လို့။ မင်းကိုသဘောကျလို့ တော့ မဟုတ်ဘူး။ မင်းကိုဂရုစိုက်ရမှာ ငါ့တာဝန်ဖြစ်လို့။ ငါမင်းကို ဘဝ တစ်ခုပေးခဲ့တယ်။ မင်းကြောင့်ဝန်ထုပ်ဝန်ပိုးဖြစ်ရတယ်လို့ ငါတစ်ခါမှ မတွေးခဲ့ဖူးဘူး။ မင်းကိုတစ်ယောက်က သဘောကျလား၊ မကျလား စိတ် ပူနေစရာမလိုဘူး။ မင်းစိတ်ပူရမှာက မင်းလုပ်တာတွေမှန်လား၊ မှားလား ဆိုတာပါပဲလို့ရှင်းပြတယ်။ အဲဒါကိုနားလည်မှုလွဲပြန်တယ်။ လူငယ်တို့ သဘာဝအတိုင်းပေါ့။

ဒီလိုနဲ့ ထရွိုင်ဟာ ငွေကို စနစ် တကျသုံးစွဲပြီး သားတွေကို တာဝန် အရ ပြောသင့်တာတွေပြောရင်း နေထိုင်လာခဲ့ရာက 'အယ်လ်ဗာဒါ'ဆို တဲ့ အမျိုးသမီးငယ်တစ်ယောက်နဲ့သာယာပြီးနေထိုင်မိရာက ကိုယ်ဝန် ရှိလာတော့ သူ့လန့်သွားတယ်။ သူ့ပြဿနာကို သူရှင်းမယ်ဆိုပြီး ဇနီး သည် ရိုးသားသူကြီး 'ရို့စ်' ကိုဖွင့်ပြောတော့ အံ့သြပြီး ချုံးပွဲချငိုပါလေရော။

သြာ်- ရှင်ပြောတာကို စောင့်ဖို့ ကျွန်မရှင်နဲ့အတူ ၁၈ နှစ်တောင်နေခဲ့ ရတယ်ပေါ့။ ဒီလောက်အချိန်ကာလ တွေအကြာကြီးကြာမှ ကျွန်မကို ဒီလို ပြဿနာထဲ ဆွဲသွင်းရတယ်လို့ရှင်။ ၅၃ နှစ်ဆိုတဲ့ဒီအသက်အရွယ်ကျမှ ဒီလိုဖြစ်စရာလား၊ လွန်ခဲ့တဲ့ ၁ဝ နှစ် ၁၅ နှစ်လောက်ကဆို သိပ်အံ့သြမှာ မဟုတ်ဘူးဆိုတော့ ''ဒါမျိုးက အသက်အရွယ်နဲ့ မဆိုင်ဘူးကွာ''တဲ့။

ပြီးတော့ ရိုးရိုးအအ အမျိုးသမီးကြီးရို့စ်က ဆက်ပြောတယ်။ မိန်းမ တစ်ယောက်အတွက်ဖြစ်နိုင်သမျှဇနီးတစ်ယောက်လုပ်သင့်တာတွေ အားလုံး ကျွန်မကြိုးစားလုပ်ခဲ့တာပဲ အခုတော့ ရှင်ကျွန်မကိုလာပြောနေတဲ့ စကားတွေက တခြား မိန်းမနဲ့ တွေ့ပြီး ကလေးတောင်ရတော့မယ် တဲ့လား ဆိုပြီး ချုံးပွဲချငိုပြန်ပါတယ်။ 

(အလွန်သရုပ်ဆောင်ကောင်းလွန်းတဲ့ မင်းသမီးကြီး Viola Davis ဟာ ဒီ အခန်းမှာ အော်စကာဆုရရှိသွားတာလို့ဆိုပါတယ်။)

လုပ်ခလစာကို မင်းယူ၊ ငါကတော့ သူနဲ့သွားနေရတော့မယ်ဆိုပြီး ပြောဆိုနေသံတွေကို အပြင်က ပြန်လာတဲ့ သားငယ်က ကြားသွားကာ ဖခင်အပေါ်အထင်လွဲမှုက ပိုခိုင်သွားပြီး စစ်ထဲဝင်သွားပါတော့တယ်။          ကလေးမွေးပြီး နောက်မိန်းမအမျိုးသမီးကလေးက ဆေးရုံမှာပဲ သေသွားခဲ့တော့ မွေးကင်းစကလေးလေးပိုက်ပြီး ဇနီးကြီး ရို့စ်ရှိရာကို ပြန် ရောက်လာပြန်တော့ ရို့စ်ခမျာ အပြစ်မဲ့တဲ့ကလေးကိုကြည့်ပြီး မိခင်အရင်း လို ပြုစုစောင့်ရှောက်ရင်းနေလာခဲ့ပါတယ်။ အဲဒီကလေးမလေး ခြောက် နှစ်လောက်အရွယ်အရောက်မှာ ထရွိုင်ဟာသေဆုံးသွားခဲ့ပါတယ်။ ဖခင်အပေါ် စိတ်နာလို့ စစ်ဗိုလ်ဝတ် စုံနဲ့ရောက်လာတဲ့သားငယ်က ဈာပနကို မလိုက်ဘူးလို့ ငြင်းဆန်တာကို အတွေးရှင်းရှင်းစကားလုံးတွေနဲ့ သားဖြစ်သူကို ရှင်းပြနေတဲ့ မိခင်ကောင်းတစ်ယောက်ရဲ့ ပြကွက်နဲ့ ရုပ်ရှင်ကို အဆုံးသတ်ထားပါတယ်။

 ဒီဇာတ်တစ်ခုလုံးကို ခြုံငုံကြည့် လိုက်တဲ့အခါမှာတော့ တကယ့်အရေး အပါဆုံးသူဟာ မိခင်ဖြစ်သူ၊ ဇနီးဖြစ်သူ 'ရို့စ်မက်ဆန်' ဆိုတဲ့ အမျိုးသမီး ကြီးရဲ့ အလွန်တရာ အတုယူစရာကောင်းလှတဲ့ရိုးသားမှုနဲ့ ခံနိုင်ရည် စိတ်ဓာတ်၊ ပေးနိုင်တဲ့မေတ္တာစတာတွေပါပဲ။

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.