22-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1016
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

သမိုင်းတရားခံ ရှာပုံတော်

ကြူးနှစ်

တစ်ကမ္ဘာလုံး ယနေ့စစ်ပွဲကြောင့် လူသားတွေမြေပြင်အောက်သို့ မည်မျှတိုးဝင်ခွေလှဲနေကြပြီလဲ။ ရာဂဏန်းလော။ ထောင်ဂဏန်းလော။ ထိုအသေအပုပ် အပျက်အစီးတွေထဲမှာ နိုင်ငံတည်ဆောက်ရေးအတွက် အသုံးတည့်မည့်၊ အားကိုးလောက်သည့် နိုင်ငံ့သားကောင်း ဘယ်နှယောက် ပါသွားခဲ့သလဲ။

သမိုင်းတရားခံရှာတော်ပုံဆောင်းပါးထဲက ကောက်နုတ်ချက် ဖြစ်ပါတယ်။ စစ်ပွဲတွေ ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက် ရည်ရွယ် ရေးသား ထားတာပါ။ ကမ္ဘာမြေပေါ်မှာ သဘာဝဘေးအန္တရာယ်တွေနဲ့အတူ ရောဂါ ဘေး၊ အငတ်ဘေး၊ စစ်ဘေးမဆိုက်ရောက်ဖူးတဲ့ လူတို့နေထိုင်ရာဒေသ အထူးသဖြင့် စစ်မြေပြင်မရှိဖူးတဲ့ ဒေသနည်းပါးပုံအကြောင်း သမိုင်းခြေရာ ကောက်ပြထားပါတယ်။ မြန်မာရာဇဝင်ကို ကြည့်ရင်လည်း အင်းဝ ဟံသာဝတီ ခေတ်ကာလတွေမှာ တို့မီးရှို့မီးလုပ်သူ၊ ခလောက်ဆန် မွှေနှောက်သူတွေကြောင့်၊ ပဒေသရာဇ်တွေ ဘုန်းစွမ်းလူစပြလိုစိတ်တွေ ကြောင့် တိုင်းရင်းသား အချင်းချင်းစစ်ခင်းခဲ့ရပုံကိုလည်း မှန်နန်းရာ ဇဝင်တော်ကြီးကို ကိုးကားပြီးတင်ပြရင်း စစ်မြေပြင်ကင်းတဲ့မြေရှားပုံ အကြောင်း မြင်ယောင်လာမိအောင် ရေးဖွဲ့ထားတာကိုတွေ့ရမှာပါ။

 မြန်မာ့မြေအပါအဝင် ကမ္ဘာမှာ ဘာကြောင့် စစ်တွေဖြစ်နေကြတာလဲ။ ဒဏ္ဍာရီတွေ ဖန်တီးပြီး စစ်ပွဲတွေကို နတ်ဘုရားတွေက ပြုပြင်စီရင်နေ ကြတာလို့ လမ်းလွှဲကြသူ ရှေးလူကြီးတွေ ကိုယ်တိုင်သမိုင်းတရားခံ ကြံရာပါ ဖြစ်ပါသတဲ့။ ခေတ်သစ်ပညာရှင်တွေကတော့ စစ်ပွဲဟာ အာဏာကြောင့် ပေါ်ပေါက်လာတာတဲ့။ ဒါဆိုအာဏာရဲ့ မြစ်ဖျားခံရာကရော။ ပညာရှင်အချို့ကတော့အာဏာဟာ လူ့မွေးရာပါသဘာဝအလိုဆန္ဒရဲ့ စွမ်းအားတဲ့။ ဒါဆို လူရှိရင် အာဏာရယူလိုဇောရှိမယ်၊ စစ်ပွဲတွေ ဆက်ရှိ နေမယ်ဆိုတဲ့ သဘောမို့လူ့ကမ္ဘာမှာစစ်ပွဲက အမြဲတမ်းရှိနေတော့မှာလားလို့ စာရေးသူက ကရုဏာဒေါသော မေးထားပါတယ်။

ဒီကနေ့ ကမ္ဘာမှာ စစ်ပွဲမဲ့ ငြိမ်း ချမ်းတဲ့နိုင်ငံတွေ အများအပြားရှိနေ ပါသတဲ့။ စစ်ဆက်တိုက်ချင်၊ စစ်ကိုဖန်တီးချင်သူတွေဟာ ဘယ်လိုလူ တွေလဲ၊ တစ်ကိုယ်ကောင်း တစ်အုပ်စုကောင်း လောဘကြီးသတ္တဝါတွေ လားလို့ စာရေးသူကမေးထားပြီး 'ကျွန်ုပ်တို့နိုင်ငံတွင်စစ်ပွဲတွေ အဆုံး သတ်ကာ တည့်မတ်တည်ငြိမ်သော ငြိမ်းချမ်းရေးတည်ဆောက်ဖို့ စဉ်းစား ကြည့်သည်။ ပြီးလျှင် ရဲရဲရင့်ရင့် အဖြေထုတ်လိုက်သည်။ အသင်တို့ အားလုံး လောဘစိတ်တွေကို လျှော့ချပစ်လိုက်ကြ။ လောဘစိတ်လျော့ သွားကြလျှင် အခွင့်အရေးတန်းတူမျဉ်းကို ဖြောင့်ဖြောင့်တန်းတန်းဆွဲနိုင်ကြမည်။ သို့မဟုတ်လျှင် အသင်တို့အားလုံး သမိုင်းတရားခံအုပ်စုကြီး ဖြစ်သွားကြလေတော့မည်သာ' လို့ စာရေးသူက ဆိုထားပါတယ်။

 မြွေတို့၏ထုံး ဆောင်းပါးမှာတော့ ကမ္ဘာ့နယ်ချဲ့ဝါဒသမိုင်းကြောင်း အကြောင်း၊ အင်္ဂလိပ်တွေရဲ့ နယ်ချဲ့ဝါဒ အစီအမံသမိုင်းကြောင်း အကြောင်း တင်ပြရင်း ဒီကနေ့ မြန်မာပြည်အကြောင်းတို့ထိရေးဖွဲ့ထားတာပါ။ နယ်ချဲ့ခြင်း (Colonization) ကို အင်္ဂလိပ်တွေက လူကြားကောင်းအောင် စိုက်ပျိုးခင်းထူထောင်ခြင်း (Plantation) လို့သုံးနှုန်းရင်း ကမ္ဘာ့ နယ်မြေပေါင်းများစွာကို သိမ်းပိုက်ခဲ့ပါသတဲ့။ နယ်ပယ်ချဲ့ထွင်ရာမှာ လက်နက်လူသူအင်အားအပြင် သာသနာပြုအင်အား၊ စီးပွားရေးအင်အား တွေနဲ့ပါ အကွက်ကျကျစီမံခဲ့ပါသတဲ့။ အိန္ဒိယကို သိမ်းပြီးကတည်းက အိန္ဒိယ နဲ့ နယ်နိမိတ်ချင်းကပ်နေတဲ့အပြင် အရှေ့တောင်အာရှတစ်ခွင်လုံးကို ဆက်သွယ်နိုင်တဲ့ ပင်လယ်ဆိပ်ကမ်းကောင်းတွေရှိရာ မြန်မာနိုင်ငံကို မြွေ တစ်ကောင်က ချေသူငယ်တစ်ကောင်ကို တစ်ပိုင်းပြီးတစ်ပိုင်း မြိုသလို လွယ်လွယ်ကူကူ ဝါးမျိုခဲ့ပါသတဲ့။

ခုဆို မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရခဲ့တာ နှစ်ပေါင်း ၇ဝ နီးခဲ့ပေ မယ့် ၁၆ ရာစုတုန်းက အင်္ဂလိပ်တွေကျင့်သုံးခဲ့တဲ့ 'စိုက်ပျိုးခင်းထူထောင် ခြင်း' နယ်ချဲ့လုပ်ထုံးလုပ်နည်းနဲ့ အလားသဏ္ဌာန်တူဖြစ်ရပ်မျိုး မြန်မာ နိုင်ငံအချို့ဒေသတွေမှာ ရင်ဆိုင်တွေ့ကြုံနေရတယ်လို့ဆိုပါတယ်။ စာဆိုတော်ကြီး စလေဦးပုညရဲ့တေးထပ်တစ်ပုဒ်ပါ'ယာရှင်ကို မျောက်လိုက်လို့မောင်း' စာသားထဲကယာရှင်လိုမျိုး မြန်မာတွေမဖြစ် ပါရစေနဲ့လို့သာ ဆုတောင်းနေရမှာပဲ လို့ စာရေးသူကဆိုထားပါတယ်။

ရန်ကုန်စည်း စာစုကတော့ ရန်ကုန်ကိုသက်ရှိဇာတ်ကောင် နေရာမှာထားပြီး ရန်ကုန်ရဲ့ အမူအကျင့်တွေကို မြင်လာအောင်ရေးဖွဲ့ ထားတာပါ။ ဝတ္ထုတစ်ပုဒ်၊ ကဗျာတစ်ပုဒ်၊ အက်ဆေးတစ်ပုဒ် ဖတ်နေရသလို ခံစားမိအောင် ရန်ကုန်အကြောင်း တင်ပြထားပါတယ်။

ဘယ်တော့မှ မအိပ်တဲ့ ရန်ကုန်၊ သရော်တော်တော်ပြုံးရင်း ညကိုမဲ့ပြ နေတဲ့ ရန်ကုန်၊ ရန်ကုန်လို့ခေါ်ရင် မကြိုက်ချင်ဘဲ မဟာရန်ကုန်လို့ခေါ်မှ ကြိုက်တဲ့ရန်ကုန်၊ သူ့ကိုယ်သူပင် လယ်နဲ့နှိုင်းပြီးစီးဝင်လာသမျှ ကြည် ဖြူစွာနေရာပေးတဲ့ ရန်ကုန်၊ နတ်မောက်မြို့သားကြီး ဦးအောင်ဆန်း ကျဆုံးခဲ့ရပြီး သခင်ကိုယ်တော်မှိုင်း ခေါင်းချခဲ့တဲ့ရန်ကုန်၊ ဖုန်းတောင်းယာ စကာတွေကို မကြည်ဖြူ၊ အခြေအနေမဲ့ ခရုဆံကျွတ်တွေကို ငြိုငြင်ပေမယ့် လူလိမ်လူကောက်တွေကို ဘန်းတင်ပစားပေးတဲ့ရန်ကုန်၊ လူများစုမျက်ခုံး မွေးပေါ် စင်္ကြံလျှောက်နေသူတွေကိုမျက်နှာချိုသွေးပြီး လူရိုးလူအတွေကို နားလှည့်ပါးရိုက်နေသူတွေကျတော့ အားပေးမြှောက်စားတဲ့ ရန်ကုန်၊  လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော် မြတ်ကြီးဟာ ရန်ကုန်မြို့ရဲ့အသည်း နှလုံးဖြစ်ပေမယ့် စေတီတော်မြတ်ကြီးရဲ့ တစ်မိုင်ပတ်လည်အတွင်း သေရည်ဆိုင်တွေ အမြောက်အမြားရှိနေတာကြောင့် သူ့ရဲ့ ကြောင်သူတော်စရိုက်ကို ဖော်ကြူးနေတဲ့ရန်ကုန်၊ မြန်မာ စစ်ဘုရင်ဦးအောင်ဇေယျ လက်ထက်မတိုင်ခင် ရာစုနှစ်များစွာကတည်းက မျိုးဆက်မပြတ်ဘဲ ပေါက်ဖွားနေတဲ့ ခြင်တွေကြီးစိုးပြီး မြေအောက်မှာတော့ ကြွက်တွေမင်းမူနေတဲ့ ရန်ကုန်၊ တစ်နေ့မှာ ရန်ကုန်ကိုအကြွင်းမဲ့ သိမ်းပိုက်မယ်ဆိုတဲ့ ကြွက်တွေရဲ့ စီမံ ကိန်းကို သိပေမယ့် ကာကွယ်ဖို့နည်း လမ်း မရှိတာကြောင့် လက်မှိုင်ချနေရတဲ့ ရန်ကုန်.... စသဖြင့် ရန်ကုန်ကို မြင်ယောင်လာအောင် ရေးဖွဲ့ရင်းတစ်နေ့တော့ရန်ကုန်ဟာ သူ့ရဲ့ ရဲဘော်ရဲဘက် မဟာဗန္ဓုလ ပန်းခြံထဲက လွတ်လပ်ရေး ကျောက်တိုင်ကြီးနဲ့ စကားပြောနေပုံမျိုးနဲ့ စာစုကို အဆုံးသတ်ထားပါတယ်။

 'ပထမကားတစ်စီးက လူအုပ်ကြီးထဲကို ဂျီသရီးကျည်ဆန်တွေ ပစ် သွင်းလိုက်တယ်။ နောက်က လိုက်လာတဲ့ ဒုတိယကားက အလောင်း တွေ၊ ဒဏ်ရာရပြီး လဲနေတဲ့ လူတွေကို အမှိုက်သိမ်းသလိုသိမ်းပြီး  ကား နောက်ခန်းထဲပစ်ထည့်၊ တတိယလိုက်လာတဲ့ မီးသတ်ကားက ရေပိုက်  ကြီးတွေနဲ့ ညစ်ပတ်နေတဲ့လမ်းကိုပြောင်ရှင်းသွားအောင် ဆေးကြော ပစ်လိုက်တယ်ကွာ။ ဘာမှမဖြစ်ခဲ့သလိုပဲ။ ဘာမှ မဖြစ်ခဲ့သလိုပါပဲကွာ' လို့ လွတ်လပ်ရေးကျောက်တိုင်ကြီးက ပြောတော့ ရန်ကုန်ဟာ သူများတွေ ကြားသွားမှာစိုးပြီး တိုးတိုးဖွဖွကလေး နဲ့ 'မင်းအိပ်မက်မက်နေတာပါ'လို့ ပြန် ပြောပါသတဲ့။ ဒီတော့ ကျောက်တိုင်ကြီးက 'အေး- ငါအိပ်မက် မက်တာ ဆိုရင်လည်း မင်းကတော့ အဲဒီအိပ်မက်ကို ဖန်တီးလိုက်တာပဲ။ ပြီးတော့ မင်းက မသိချင်ယောင်ဆောင်နေလိုက်တာပဲ။ မင်းဟာ ပေါ့ပေါ့နေ ပေါ့ပေါ့စား ကလေကလွင့်ကောင်ပဲရန်ကုန်'လို့ ခပ်မာမာပြန်ပြောတော့  ရန်ကုန်ဟာ ပညာရှိ ပရောဟိတ်ကြီးတစ်ပါးလို နှုတ်ဆိတ်နေပြန်ပါသတဲ့။

 ဒီစာအုပ်မှာ ရန်ကုန်ရဲ့ သမိုင်းကြောင်း၊ ရန်ကုန်ရဲ့ အကျင့်စရိုက် အမူအရာတွေအကြောင်း ရသအပြည့်နဲ့ ရေးဖွဲ့တင်ပြထားတဲ့ ရန်ကုန်စီးရီး ရသစာစုတွေ၊  မြန်မာနိုင်ငံရဲ့ ခေတ်ဟောင်းကာလ သမိုင်းကြောင်းကို ရေးဖွဲ့ထားတဲ့ ခေတ်ဟောင်းပုံပြင် ရသစာစုတွေနဲ့အတူ မြန်မာ့နိုင်ငံရေးမြင်ကွင်းတွေအကြောင်း ရေးဖွဲ့တင်ပြထားတဲ့စာစု ၂၆ ပုဒ် ပါဝင်ပါတယ်။

 လောက သရဖူစာပေကနေ တန်ဖိုး ၂၅ဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါ ပြီ။

 

 အိုမင်းရင့်ရော်ခြင်းကို လျော့နည်းစေနိုင်မည့် လျှို့ဝှက်ချက်များနှင့် ကျန်းမာရေးနည်းလမ်းများ

ခင်စောတင့်

ကိုယ်ခန္ဓာကျန်းမာရေးအတွက်သာမက စိတ်ရဲ့ကျန်းမာရေးအတွက် ပါ အထောက်အကူရမယ့် နည်းလမ်းတွေအကြောင်း၊ ဘဝနေနည်းတွေ အကြောင်းတင်ပြထားတဲ့ ဆောင်းပါးတွေကို စုစည်းထုတ်ဝေလိုက်တဲ့စာ အုပ်ဖြစ်ပါတယ်။

လူတွေမှာ အဖြစ်များတဲ့ ရောဂါ တွေရဲ့ သုံးပုံနှစ်ပုံဟာ လူတွေရွေးချယ် တဲ့ဘဝနေနည်းတွေကြောင့် ဖြစ်တယ်လို့ပညာရှင်တွေက လေ့လာတွေ့ရှိ ချက်အရလက်ခံထားတာကြောင့် ရောဂါကင်းတဲ့ဘဝ ပိုင်ဆိုင်ရအောင် ဘာတွေသိထားသင့်သလဲ၊ ဘာတွေ လိုက်နာကျင့်သုံးရမလဲဆိုတာကိုတော့ 'စည်းစနစ်ကျတဲ့ အပန်းဖြေအနားယူနည်း' ဆောင်းပါးမှာတင်ပြထားပါ တယ်။

ကိုယ့်ကိုယ်ကိုယ် မအိုဘူးလို့ထင်ရအောင် ခေတ်မီနည်းတွေနဲ့ ပြု ပြင်ခြယ်သခြင်းဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်တာကြောင့် ကျက်သရေရှိရှိ လှလှပပ အိုနိုင်ဖို့အတွက် နည်းလမ်းကောင်းတွေကိုတော့ ကျက်သရေရှိစွာ အိုကြပါ ဆောင်းပါးမှာ ဖတ်ရမှာပါ။

အိုမင်းရင့်ရော်ခြင်းကို လျော့နည်းစေမည့်လျှို့ဝှက်ချက်များ ဆောင်းပါးမှာတော့ အိုမင်းရင့်ရော်ခြင်းကို ကိုယ်ခန္ဓာအားဖြင့်၊ စိတ်ခံစား မှုအားဖြင့်၊ စိတ်ဓာတ်ရေးရာအားဖြင့် အောင်အောင်မြင်မြင်ဖြတ်ကျော်နိုင် မယ့် ရွှေစည်းမျဉ်းတွေအကြောင်း တင်ပြထားပါတယ်။

ကိုယ်စိတ်ကျန်းမာရေးကို ခွန်အားဖြစ်စေမယ့် ဆောင်းပါး ၂၃ ပုဒ် ပါဝင်ပြီး လင်းလွန်းခင်စာပေကနေ တန်ဖိုး ၁၅ဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.