14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ယောမြို့ကပြန်ခဲ့တယ်

ဝါစာသိလိဋ္ဌဖြစ်အောင် (ဝါ) စကားအရာလှပပြေပြစ်အောင် အထက်ပါ ခေါင်းစဉ်ကို တပ်ဆင်လိုက်ရပါသော်လည်း အကယ်စင်စစ်အားဖြင့် ကျွန်ုပ်သည် ယောမြို့သို့ သွားရောက်ပြီး ယောမြို့က ပြန်လာခဲ့ခြင်း တော့မဟုတ်ပါ။

        ယောနယ်၊ ယောဒေသဟု အကြမ်းဖျင်းခေါ်ဆိုနိုင်သော ဂန့်ဂေါ ခရိုင်အတွင်းရှိ ဟံသာဝတီမည်သော တိုက်နယ်အဆင့် ကျေးရွာကြီးသို့ အလည်အပတ် ရောက်ရှိခဲ့ပြီး ၁ဝ ရက်မျှနေထိုင်ကာ မိမိ၏နေရင်းအရပ် ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်သို့ ပြန်လာခဲ့ခြင်းမျှ သာဖြစ်ပါသည်။ ဖြည့်စွက်ပြောရ လျှင် ထိုဒေသ ထိုအရပ်သို့ ကျွန်ုပ် ပထမဦးဆုံးအကြိမ် ခြေချဖူးခြင်း လည်းဖြစ်သည်။ မိမိကဲ့သို့သော ကပ် ပါးခရီးသွားကို စိတ်လိုလက်ရခေါ်ဆောင်သွားသည့် ယောသားရဟန်းတော် 'ဦးရာဇဓမ္မ' (ယောမြေ) ဟူသော ရဟန်းစာဆို၏ ကျေးဇူးကား ကြီးမားလှပေစွ။

        ဟံသာဝတီ ကျေးရွာကြီးသည် လွတ်လပ်ရေးရပြီးစ ၁၉၄၈/၄၉  ကာလရောက်မှပေါ်ထွန်းလာခဲ့သော ဗုဒ္ဓဘာသာဝင်မြန်မာတို့၏ကျေးရွာ သစ်ဖြစ်သည်။ ရွာဟောင်းကို သရက် တောရွာဟုခေါ်သည်။ ရွာသစ်ထူ ထောင်ရာတွင် ဦးစီးနာယကဖြစ်ခဲ့ကြ သူနှစ်ဦးမှာ 'ဦးစံဘီလူး' နှင့် 'ဦးပြောင်'တို့ဖြစ်ကြသည်။ ရွာသစ်တည် ကြသောအခါ ရွာသားများ ကိုးကွယ် သော ဘုန်းတော်ကြီးဆရာတော် ဦးကေသရက ''သရက်တောမှာ ဘီလူးစားပြီးပြောင်မှာဖြစ်ပြီး စည် ကားမှာမဟုတ်ဘူး'' ဟု မိန့်တော်မူခဲ့ သည်။ ထို့ကြောင့် 'ဟံသာဝတီ'ဟု အမည်ပေးခဲ့ရာ ယခုဆိုလျှင် ရွာ သက်တမ်းနှစ် ၇ဝ ပြည့်တော့မည်ဖြစ်သည်။  အိမ်ခြေ ၁၅ဝဝ ကျော်ရှိသည်။ တိုက်နယ်ဆေးရုံနှင့် ရဲကင်း စခန်းရှိသည်။ ဟံသာဝတီကျေးရွာ၌ ကျွန်ုပ် ၁ဝ ရက်မျှ နေထိုင်ခဲ့စဉ် အတွင်း ရွာထဲမှာ ရဲတစ်ယောက်တလေကိုမျှ မတွေ့ခဲ့ရဖူးပါ။ ဆေးရုံသို့  ရွာသားလူနာတစ်ယောက် အရေးပေါ် ပို့ဆောင်ခဲ့ရသည့် အသံဗလံမျိုးကိုလည်း မကြားခဲ့ရပါ။ ခိုက်ရန်ဖြစ်ပွားသံမျိုးကိုလည်းကြားချင်လို့မှမကြားခဲ့ရပါ။ အခြားမြို့ရွာများမှာ ကဲ့သို့ Grand Royal ဟူသော ဝါဝါထိန်ထိန်၊ ပြုးပြုးပြဲပြဲ အရက်ကြော် ငြာပိုစတာကြီးတွေကိုလည်း ဟံသာဝတီကျေးရွာကြီးမှာ မတွေ့ခဲ့ရပါ။ (အရက်ဆိုင်အနည်းငယ်မျှသာရှိပြီး ဆိုင်တွေက လူမြင်သူမြင်ပေါ်တင် ရောင်းချခြင်းမရှိ။ တံခါးတစ်ချပ်သာ ဟထားပြီး ယမကာလုလင်တွေကအထဲသို့ ဝင်လိုက်လျှင် ကိုယ်ရောင် ပျောက်သွားသည်။ ဆိုင်ထဲမှာ အော်ကြီးဟစ်ကျယ်စကားပြောခြင်းမျိုး လည်းမရှိ။ လမ်းပေါ်မှာ သိုင်းကွက်နင်းနေသူလည်းမရှိ။ မဟာရန်ကုန် ရွှေရန်ကုန်နှင့်တော့ အပုံကြီးကွာပ။ စာရိတ္တအရာမှာ ရန်ကုန်ထက်အပုံ ကြီးသာပ)။

        ကျွန်ုပ်ကတော့ ဟံသာဝတီ ကျေးရွာမှာ အရက်ကြော်ငြာ ပြူး ပြူးပြဲပြဲကြီးတွေကို မတွေ့ရသည့် တစ်ချက်တည်းနှင့်ပင် ဟံသာဝတီ ကျေးရွာကို 'စံပြတကာတို့၏ စံပြရွာ' အဖြစ် ဆုပေးရွေးချယ်လိုက်ပါပြီ။ မြန်မာရပ်ရွာတွေမှာ ဘုံဆိုင်ပေါများ ခြင်းသည် နိမိတ်ကောင်းမဟုတ်။ ဖွတ်နိုင်ငံဖြစ်မည့်ကိန်း မဟုတ်ပေဘူး လား။

        ဟံသာဝတီ ကျေးရွာကြီးတွင် ဧည့်သည်အာဂန္ထုတစ်ဦးအဖြစ် နေသခိုက် ကျွန်ုပ်သည် စုံထောက်ကြီးဦးစံရှား၏ မျက်လုံးမျိုးဖြင့် ရွာတစ်ခွင်ကို လှည့်လည်သုံးသပ်အကဲခတ်ခဲ့ပါ၏။

        ရွာသား ၁ဝ ဦးတွင် တစ်ဦးသည် ကျိကျိတက်(ကြေးညှိတက်) ချမ်းသာကြွယ်ဝသူဖြစ်ပြီး ငါးဦးသည် ပေါ့ပါးလွယ်ကူစွာ စားနိုင်သောက်နိုင် လှူနိုင်တန်းနိုင်သူဖြစ်နေကြသည်။ ကျန်လေးဦးကား အလုပ်မှန်မှန်လုပ်ရင်း မပူမပင်စားသောက် နေထိုင် နိုင်သူများဖြစ်ကြသည်။                     'ထမင်းတစ်လုတ်အတွက် ထင်း ခုတ်စားရသူ'မရှိ။ ကုန်းကောက်စရာ မရှိအောင် မွဲတေစုတ်ချာနေသူနတ္ထိ။ အိမ်တိုင်းနီးပါး အနည်းဆုံးမော်တော် ဆိုင်ကယ်တစ်စီးတော့ရှိကြသည်။ ရွာ ၏ လူမှုရေးအသင်းတွင် အများပိုင် 'စူပါဆလွန်း' မော်တော်ယာဉ်နှစ်စင်းရှိသည်။ မိုဘိုင်းဖုန်းကိုအိမ်တိုင်း စေ့နီးပါးကိုင်ဆောင်သုံးစွဲနိုင်ကြ သည်။ အစိုးရပြန်/ဆက် စာကြည့်တိုက်တစ် တိုက်၊ 'မင်းဓမ္မစာကြည့်တိုက်' အမည်ရှိ ပုဂ္ဂလိကပိုင် အများသုံး စာကြည့်တိုက်တစ်တိုက်ရှိသည်။

         ရွာ၏ ကျက်သရေဆောင် 'အသောကရာမ' ကျောင်းတိုက်ကြီး၏ သက်တမ်းမှာ ရွာ၏ သက်တမ်းနှင့် အတူတူပင်ဖြစ်၏။ ရဟန်းသာမဏေ နှစ်ကျိပ်ခန့်ရှိသည်။ ရွာထဲမှာ သင်္ကန်း တစ်လွှားလွှားဖြင့် လမ်းသလားနေကြမည်ဟုမထင်ကြနှင့်။ သာသနာရေးကိစ္စမှတစ်ပါး ရဟန်းသာမဏေတို့သည် ကျောင်းပရိဝုဏ်ပြင်ပသို့ ထွက်တော်မမူကြကုန်။ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် နှင့် ပြည့်စုံတော်မူသော ပဓာနနာယက ဆရာတော်ကြီး 'ဦးကိတ္တိ'သည် သက်တော် ၈ဝ ရှိပြီဖြစ်သည့်တိုင် ကျန်းမာဆဲ။  

        ကျွန်ုပ်ရောက်ရှိသခိုက် ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် ဆွမ်းကြီး လောင်းအလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်နှင့် ဆုံစည်းခဲ့ရသည်။ ဆွမ်းကြီးလောင်းအလှူပွဲတွင် လှူဖွယ်ဝတ္ထုအစုစုကိုတန်းစီလှူ ဒါန်းကြကုန်သော ရွာသူ ရွာသားကလေးလူကြီး လူတန်းကြီး၏ အလျားမှာ မိုင်ဝက်ခန့်မျှ ရှည်လျားသည်ကို ထောက်ရှု၍ သူရို့၏သဒ္ဓါတရားကိုမှန်းဆ၍ မုဒိတာပွားတော်မူကြပါကုန်။ အသောကရာမကျောင်းတိုက်ကြီးမှာ သီတင်းသုံးတော်မူကြကုန်သော ရဟန်းသာမဏေတို့ ဆွမ်းခံမထွက်ကြရဘဲ 'ပို့ဆွမ်း'များဖြင့်သာ ဝဝလင်လင်သုံးဆောင်ရင်း ဥတုသပ္ပါ ယမျှတနေကြပုံကို ရှု၍ ''သြော်-သည်လို အလျှံပယ်ဆွမ်းလုပ်ကျွေးနိုင်ကြ တာဟာသဒ္ဓါတရားအပြင်၊ စီးပွား ရေးလည်းကောင်းပေလို့ပဲ''ဟု ကျွန်ုပ် မှတ်ယူ၏။

        မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း သုံးသောင်းကျော်မှာ 'ဟံသာဝတီ' ကဲ့သို့ ကျေးရွာမျိုး မည်မျှရှိပါသနည်း။ ကျွန်ုပ်မသိပါ။ မပြောတတ်ပါ။ သူရို့ ရွာသားတွေ၏ အားသာချက်မှာ မြေ ဆီသြဇာထက်သန်သော လယ်ယာ မြေများမှ ပဲမျိုးစုံနှင့်ဆီထွက် သီးနှံ တွေအောင်မြင်စွာဖြစ်ထွန်းနေခြင်းဖြစ်နိုင်သည်။ ပြီးတော့ လုံ့လဝီရိယ အပြည့်ရှိသော ရွာသားများ။ ကိုယ် ကျင့်တရားဖြူစင်ကြ၊ စိတ်နှလုံး သန့်ရှင်းကြသည့် ရွာသားများ။

        ဖြည့်စွက်ပြောစရာကလေးတစ်ခုကား ရွာသားကလေးလူငယ် များ ခြင်းခတ်၊ ဘောကန်ဆော့ကစားကြစဉ် ဆဲသံဆိုသံ၊ ဖရုဿဝါစာတစ်လုံးတလေမျှ မကြားခဲ့ရခြင်းပါ တည်း။ အဟောဝတ ကောင်းလေစွ။

ကြူးနှစ်

ကြူးနှစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.