1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ဗောဓိသတ္တမွေ့လျော်ရာ မြို့

ရှုမျှော်ခင်းတစ်ခုလုံး မြက်ခင်းလွင်ပြင်ဖုံးတဲ့အရပ်။ ခြေလျင်တောင်တက်နဲ့ မြင်းစီးထွက်ချင်သူ တွေ နှစ်သက်တဲ့အရပ်။ တိဗက်လူမျိုးတို့ရဲ့ ဗုဒ္ဓသာသာ ကျောင်းတော်ရာတွေ ပျော်မွေ့တဲ့အရပ်ဆိုတာ တဂေါင်းဆိုတဲ့ တိဗက်မြို့လေးပါ။ တိဗက်တို့ရဲ့ ဘာသာစကားနဲ့ 'တဂေါင်း'ဆိုတာ 'ဗောဓိသတ္တမွေ့ လျော်ရာနေရာ'လို့ခေါ်သတဲ့လေ။ တိဗက်လူမျိုးတို့ရဲ့ ဓလေ့စရိုက်ကို ထဲထဲဝင်ဝင် လေ့လာနိုင်မယ့် နေချင့်စဖွယ် ရှုမျှော်ခင်းမြို့ဆိုရင်လည်း မမှားနိုင်ဘူးပေါ့။ အဲဒီတဂေါင်းမြို့ဟာ တရုတ်နိုင်ငံ စီချွမ်းပြည်နယ် မြောက်ဖျားပိုင်း တိဗက်တို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာရှိတဲ့ ယာလာတောင်တန်းတွေရဲ့ အခြေမှာတည်ရှိပါတယ်။ တိဗက်က စားကျက်မြေပေါ်မှာ ရှိတဲ့မြို့ဖြစ်တာကြောင့် မြင်း၊ တိဗက်အမွေးရှည်နွားတွေ ကျောင်းနေကြတဲ့ တိဗက်တွေရဲ့ဘဝကို လေ့လာနိုင်မယ့် အရပ်လည်း ဖြစ် ပါတယ်။

အရေအတွက် သိန်းနဲ့ချီပြီးရှိတဲ့ တိဗက်နွားတွေရဲ့ မွေးရပ်မြေလည်းဖြစ်တဲ့ တဂေါင်းက စားကျက်မြေမှာ ကြည်လင်အေးမြလှတဲ့ ရေကန်သာ လေးတွေအပြင် ရှားပါးငှက်မျိုးစိတ်တွေလည်း ရှိနေဆဲပါ။ ပင်လယ်ရေမျက်နှာပြင် အထက် ၃၇၃ဝ မီတာ မှာရှိတဲ့ တဂေါင်းမြို့က စိမ်းမြမြစားကျက် လွင်ပြင်ကို ယာလာတောင်တန်းကြီးက အနားသတ် နယ်နိမိတ် ကန့်ပေးလိုက်သလို ကာရံထားပါ တယ်။ ပင်လယ်ရေမျက်နှာပြင် အထက် ၅၈၂ဝ မီတာမှာရှိတဲ့ ယာလာတောင်ထိပ်ကတော့ တစ်နှစ်ပတ်လုံး ဆီးနှင်းတွေဖုံးလို့နေတယ်။ မြက်ခင်းပြင်စိမ်းစိမ်းရယ်၊ တောင်တန်းပြာရယ်၊ ဖြူလွလွ ဆီးနှင်းတွေရယ်၊ ကောင်းကင်ပြာကြီးရယ်ကြောင့် တဂေါင်းမြို့ဟာ ကြည့်လေသမျှ မျက်စိ အေးစရာချည်းသာ မြင်တွေ့ရပါမယ်။ 

တကယ်တော့ ယာလာတောင်တန်းကြီးက ဒန်ဘာ၊ ကန်ဒင်း၊ ဒူဖူဆိုတဲ့ ကျေးလက်ဒေသ သုံးခုကို ပိုင်းခြားထားတဲ့ တောင်တန်းကြီးပါ။ ယာလာ နှင်းတောင်တန်းကြီးက 'အရှေ့ဖျား အဖြူရောင် စာမရီ တောင်တန်း'ဆိုတဲ့ အဓိပ္ပာယ်လည်း ရှိပါသေးတယ်။ ဒေသခံတိဗက်လူမျိုးတွေအ တွက်တော့ တောင်တန်းကြီးဟာ သူတို့ကို စောင့်ရှောက်ပေးတဲ့ နတ်ဘုရားတစ်ပါးလို သဘောထားပြီး  ကိုးကွယ်ပူဇော်ကြတာလည်း ရှိပါတယ်။ တောင်ခြေကနေ တိုက်ခိုက်လာတဲ့ လေပြေလေညင်းတွေနဲ့ တောင်အောက်မှာ စီးဆင်းနေတဲ့ ယာလာမြစ်တို့ဟာ ဒါဒူမြစ်အထိတိုင် အောင် ပေါင်းစုံတိုက်ခတ် စီးဆင်းသွားပါတယ်။

ယာလာတောင်တန်းဟာ တိဗက်ဒေသတစ်ခွင်က စီချွမ်းဒက်ဇူ တောင်စဉ်တောင်တန်းတွေထဲမှာ ဒုတိယအမြင့်ဆုံးဖြစ်သလို  တောတောင်ကိုးကွယ်မှုအရ အပူဇော်ခံရ တဲ့ တောင်တော်မြတ် လေးခုထဲမှာ တစ်ခုအပါဖြစ်တဲ့ အထွတ်အမြတ် တောင်တန်းလည်းဖြစ်ပါတယ်။ တိ ဗက်တို့ရဲ့ ရှေးဟောင်း ကျမ်းစာတွေ မှာဆိုရင် ယာလာတောင်တန်းကို ဒုတိယရှန်ဘဲလားလို့ သတ်မှတ်ထား ကြပါသေးတယ်။ တိဗက်တွေဟာ လွန်ခဲ့တဲ့ရာစုနှစ်တွေကတည်းက  တောင်တန်းပေါ်မှာ ခရီးသွားရင်း ကိုးကွယ်ယုံကြည်မှုနဲ့ ဆိုင်တဲ့ အပူဇော်ခံ ပစ္စည်းတွေ၊ ဆုတောင်းသူတို့ ရဲ့ အလံတွေနဲ့ ပန်းကုံးပန်းဆိုင်းတွေကို တောင်ခါးပန်းမှာ ထားခဲ့ကြလေ့ရှိပါတယ်။ ဒီဓလေ့ဟာ အခုအချိန်အထိ လည်း မကွယ်ပျောက်ဘဲ ကျန်ရစ်နေ ပါသေးတယ်။

ယာလာတောင်ခြေ စားကျက်မြေပေါ်မှာတည်ထားပြီး ဗောဓိသတ္တ မွေ့လျော်ရာနေရာလို့ အမည်ရတဲ့ တဂေါင်းမြို့ကတော့ အဲဒီဒေသတစ်ခွင်မှာ စီးပွားရေးအရ အချက်အချာကျတဲ့မြို့ပါပဲ။ ကျောပိုးအိတ်တစ်လုံးနဲ့ ကမ္ဘာပတ်ကြသူတွေ အလည်အပတ်များတဲ့မြို့ပါ။ ဒါပေမယ့် ဆောင်းကာလတွေမှာတော့ အလွန်အေးတဲ့အတွက် ကမ္ဘာလှည့် ခရီးသည်တွေထက် ဒေသတွင်းက ရွှေ့ပြောင်းနေထိုင်တတ်ကြတဲ့ မြင်းစီးခရီးသည်တွေသာ အများစု ရောက်လာတတ်တဲ့နေရာ ဖြစ်နေပါတယ်။

စားကျက်မြေက မြက်ပင်တွေဟာ ဆောင်းအဝင်ကာလ နိုဝင်ဘာအထိ နုပျိုစိမ်းဖန့်နေတတ်ပါတယ်။

ဆောင်းဝင်စကာလမှာတော့ အညိုဖျော့ရောင် ပြောင်းသွားတတ်တယ်။ အမွေးရှည်တဲ့ တိဗက်နွားတွေရဲ့ စားကျက်မြေဖြစ်တာနဲ့အညီ တဂေါင်းမြို့နားမှာ သူတို့ရဲ့နွားအုပ်ကို ထိန်း ကျောင်းရင်းနေထိုင်ကြတဲ့ ရေကြည်ရာမြက်နုရာ ရှာသူအစဉ်ရွှေ့ပြောင်း နေထိုင်ကြသူတွေရဲ့ ရွက်ဖျင်တဲကြီးတွေ အမြဲရှိနေတတ်ပါတယ်။ ဆောင်းကြမ်းကာလမှအပ ကျန်တဲ့လတွေမှာ နွားအုပ်နဲ့အတူ ရောက်လာကြပြီး အအေးကြမ်းတော့မယ့်လတွေဆိုရင် သူတို့လည်း နောက်တစ်နေရာ ပြောင်းသွားတတ်ကြပါတယ်။

အဲဒီ ရွှေ့ပြောင်းနေထိုင်သူတွေဟာ သူတို့ရဲ့ အသိုက်အဝန်းကြားမှာ လုံခြုံရေးအတွက်အချင်းချင်း နီးနီးစပ်စပ် ပေါင်းသင်းနေထိုင်လေ့ရှိကြတယ်။ ရွက်ဖျင်တဲကြီးမှာ မိသားစုလိုက် နေထိုင်ကြပေမယ့် ရွှေ့ပြောင်း နေထိုင်သူတွေဖြစ်တဲ့အလျှောက် ပရိဘောဂတော့ သိပ်မမက်မော တတ်ကြပါဘူး။ 

တကယ်လက်တွေ့ အသုံးတည့်မယ့် ကော်ဇောလိပ်တွေ၊ အိတ်တွေနဲ့ ခြုံစောင်ထူထူတွေသာ သူတို့နှစ်သက်ကြပါတယ်။ မရှိမဖြစ် အိုးခွက်ပန်းကန်စတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေတော့ ပါတာပေါ့လေ။ တဂေါင်းစားကျက်မြေမှာ အစဉ်ဆာလောင်နေတတ်တဲ့ တောရိုင်းဝံပုလွေတွေလည်း ရှိတတ်ပါသေးတယ်။ ဒါကြောင့် သူတို့ရဲ့ နွားသားပေါက်လေးတွေကို ရွက်ဖျင်တဲကြီးထဲမှာထည့်ပြီး ညသိပ်တတ်တယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ရွက်ဖျင်တဲတွေဟာ ဧရာမကြီးတွေ ဖြစ်နေရတာပါပဲ။

နွားကျောင်းကြတဲ့ ရွှေ့ပြောင်းနေ ထိုင်သူတွေဟာဘဝကို ရိုးရှင်းစွာ ဖြတ်သန်းကြသူတွေပါ။ ခေတ်မီ အသုံးအဆောင်တွေဟာ သူတို့အတွက် သိပ်အရာမဝင်လှပါဘူး။ အေးချမ်းတဲ့ ရာသီမှာ အေးစိမ့်နေတဲ့ မြေပြင်ထက်မှာ နွေးနွေးထွေးထွေး အိပ်စက်နိုင်ဖို့အတွက် နွားသားရေချပ်တွေ ကသာ သူတို့အတွက် လူကုံထံပစ္စည်းလို မက်မက်မောမောသုံးစွဲ တတ်ကြပါတယ်။

အရေအတွက် များပြားလှတဲ့ တိဗက်အမွေးရှည်နွားတွေကို ကျောင်း ဖို့အတွက် မြင်းကလည်း သူတို့အတွက် မရှိမဖြစ်ပါ။ အဲဒီမြင်းတွေကို အဓိကအားထားပြီး နွားကျောင်း၊ နေရာပြောင်းကြတာကို အကြောင်းပြုပြီး တဂေါင်းက မြက်ခင်းလွင်မြင်မှာကျင်းပတဲ့ မြင်းစီးပြိုင်ပွဲက ဒေသအတွင်းမှာ အကြီးမားဆုံး ပွဲတော်ကြီး ဖြစ်လာပါတယ်။ တိဗက်တို့ရဲ့ ပြက္ခဒိန်အရ နှစ်တစ်နှစ်ရဲ့ ရှစ်ကြိမ် မြောက် လပြည့်နေ့မှာ ထောင်နဲ့ချီပြီးရှိနေတဲ့ ရွှေပြောင်းနေထိုင်သူတွေက ဦးစီးပြီး မြင်းခင်းသဘင်ကို အကြီး အကျယ် ဆင်နွှဲကြပါတယ်။

အဲဒီပွဲတော်မှာ တိဗက် အော်ပရာပွဲ၊ လက်ဖက်ရည်ပွဲတော်နဲ့ ရိုးရာ အစားအစားပွဲတော်တွေကိုလည်း တစ်ပေါင်းတည်း ကျင်းပကြပါတယ်။ တိဗက်က လယ်သမားတွေကလည်း သူတိုရဲ့ စပါးရိတ်သိမ်းပွဲတော်ကို အပြိုင်ကျင်းပကြတာဟာ သောက်စားလိုက် ကခုန်လိုက်နဲ့ ပွဲတော်ကို ရက် ရှည် ကျင်းပလေ့ ရှိကြပါတယ်။

ဒေသခံတွေဟာ ခေတ်အဆက်ဆက်က မြင်တွေ့ခဲ့ရတဲ့ တိဗက်တရုတ်တွေရဲ့ အသွင်အပြင်အတိုင်း ပါပဲ။ အမျိုးသားအများစုက ကောင်းဘွိုင်ဦးထုပ်တွေဆောင်းမယ်။ ဆံပင်အရှည်ထားမယ်ပေါ့။ ပြောင်းလဲတာကတော့ ခေတ်ကာလအရ မော်တော်ဆိုင်ကယ်တွေ အသီးသီးစီးလာကြပြီး ဆိုင်ကယ်တွေကို ကနုတ်တွေ၊ အကော့အညွန့်တွေရဲ့ ရေးခြယ်မွှမ်းထုံ ကြတာကတော့ ခေတ်သစ် တိဗက် သားတို့ စတိုင်လို့ပြောရလောက်အောင် ခေတ်စားနေပါတယ်။

အမျိုးသမီးတွေကလည်း တိဗက်ဝတ်ရုံကြီးတွေခြုံ၊ သိုးမွေးသင်တိုင်းနဲ့ စလွယ်ကြီးတွေနဲ့ လမ်းထွက်ကြတာ ခုအချိန်အထိ မပြောင်းလဲသေးပါဘူး။ အများစုက လက်ဖြစ် ငွေထည်ပစ္စည်းတွေ ဝတ်ဆင်ရတာကို နှစ်သက်ကြပါတယ်။ ဆံပင်တွေကို ကျစ်ဆံမြီးကျစ်ပြီး ခေါင်းပေါ်မှာ အနီရောင် ဖွတ်မြီးကြိုး တစ်ချောင်းတည်းနဲ့  ပြန်ထုံးပြီး ပတ်ထားတတ်တာ တဂေါင်းသူတွေပါပဲ။

တဂေါင်းမြို့မှာရှိတဲ့ တဂေါင်းဘုန်းတော်ကြီးကျောင်းဟာ စောစောကပြောခဲ့တဲ့ ပွဲတော်တွေ ဦးတိုက် ကျင်းပရာနေရာပါပဲ။ ဘုန်းတော်ကြီးကျောင်းဟာ မြို့ရဲ့အဓိကအချက်အချာနေရာနဲ့ ကပ်လျက်တည်ရှိပါတယ်။ တကောင်းဘုန်းတော်ကြီးကျောင်းကို ၁၆၄၄-၁၉၁၁ ကြား Qing မင်းဆက်မှာ စတည်ခဲ့ပြီး အမိုးကိုတော့ ရွှေပြားအစစ်နဲ့ မိုးထားပါတယ်။အဲဒီခေတ်ကာလ တိဗက် တွေ ကောင်းစားစဉ်ကာလမှာ Songtsen Gampo ဘုရင်ရဲ့ မိဖုရား 'မင်းသမီးဝန်ချမ်း'တည်ထားတဲ့ ကျောင်းလည်း ဖြစ်ပါတယ်။

မင်းသမီးဝန်ချမ်းဟာ နောက်လိုက်နောက်ပါတွေနဲ့ ခရီးတစ်ခုအသွားမှာ စကြာမုနိဆင်းတုတော် တစ် ဆူကို လမ်းတစ်လျှောက် ပင့်ဆောင်ခဲ့ပြီး ဘုရားကျောင်းပေါင်း ၁ဝ၈ ကျောင်းတည်ခဲ့တယ်လို့ ဆိုတယ်။ ဒဏ္ဍာရီအလိုအရဆိုရင် တစ်ကြိမ်မှာ မင်းသမီးကို စကြာမုနိဆင်းတုတော်က အိပ်မက်ပေးတယ်တဲ့။ အဲဒါက အခုတဂေါင်းလို့ အမည်တွင်မယ့်   အဲဒီအချိန်က လာရှာလို့ခေါ်တဲ့ အ ရပ်မှာ ကိန်းဝတ်စံပယ်တော်မူလိုတယ်လို့ အိပ်မက်ပေးမိန့်ကြားတော မူတာဆိုပဲ။ ဒါနဲ့ မင်းသမီးလည်း ဆင်းတုတော်ရဲ့ အလိုအတိုင်း ချက်ချင်းစီမံပြီး နောင်မှာတဂေါင်းဘုန်းတော်ကြီးကျောင်းလို့ အမည်တွင်မယ့် နေရာမှာပဲ ထားရှိပူဇော်လိုက်ရတယ်တဲ့လေ။

ဒါကြောင့် ဗောဓိသတ္တမွေ့လျော်ရာအရပ်ဆိုပြီး တဂေါင်းရယ်လို့ဖြစ်လာရတာပါပဲ။ အဲဒီ စကြာ မုနိဘုရားပွဲကိုတော့ နှစ်စဉ် ဇွန်လ ၃၁ ရက်ကနေ ဇူလိုင် ၂ ရက်နေ့အထိ သုံးရက်တိုင်တိုင် ခမ်းခမ်းနားနား ကျင်းပတာကလည်း တဂေါင်းက အစဉ်အလာတစ်ခုလို ဖြစ်နေပါပြီ။ ဘုန်းတော်ကြီးကျောင်းရဲ့တံတိုင်းမှာတော့ ဆုတောင်း ဝတ်ပြုသူတွေ လက်နဲ့လှိမ့်လို့ရတဲ့ စည်ပိုင်းလို ဘီးလုံးတွေကိုထောင်ပြီး ကာရံထားတယ်။ ဆုတောင်းသူတွေက လမ်းလျှောက်ရင်း ဘီးလုံးတွေကို လက်နဲ့လှည့်လှည့်သွားတတ်ကြပါတယ်။

ဘုန်းတော်ကြီး ကျောင်းနဲ့ ခပ်လှမ်းလှမ်းမှာတော့ ယာလာတောင်တန်းကြီးကို နောက်ခံထားပြီး ထိုး ထွက်နေတဲ့ မုယရွှေစေတီကြီးတစ်ဆူရှိပါတယ်။ ၁၉၉၇ ခုနှစ်ကမှ  တည်ထားတာပါ။ ရွှေစင် ၁ဝဝ ကီလိုဂရမ် ကျော်ကျော်နဲ့ ရွှေသင်္ကန်းကပ်လှူထားတဲ့ ရွှေစေတီပဲဖြစ်ပါတယ်။

အဲဒီဘုရာအနီးမှာပဲ အန်နီဂွန်ပါ သီလရှင်ကျောင်း ရှိပါသေးတယ်။ အန်နီဆိုတာ အဒေါ်လို့အဓိပ္ပာယ်ရ ပါတယ်။ တဂေါင်းမှာ သီလရှင်တွေကို အဒေါ်လို့ လေးလေးစားခေါ်ကြတာလေ။ အန်နီဂွန်ပါ ကျောင်းကတော့ ယာလာတောင်တန်းနဲ့ ခပ်လှမ်းလှမ်း ရောက်သွားပါတယ်။ ဒါပေမယ့် ဝိနည်းတော်လာအတိုင်း ဘုန်းကြီးကျောင်းနဲ့ နီးနိုင်သမျှနီးအောင် တည်ဆောက်ထားတဲ့ သီလရှင် ကျောင်းကြီးပါ။

တကယ်တော့ တဂေါင်းဟာ အနေရိုးကြတဲ့ သူတွေရဲ့အရပ်ပါပဲ။ ဒါကြောင့်လည်း စကြာမုနိ ကိုယ်တော် မြတ်က ကိန်းဝပ် စံပယ်တော်မူတယ်ထင်ပါရဲ့။ ပင်လယ်ရေမျက်နှာပြင် အမြင့်မှာ ၃၇၃ဝ မီတာမှာရှိလို့ နွေရာသီဆိုရင်တောင်မှ အအေးဓာတ်လေးက ရှိနေတတ်သေးတယ်။ ဒါကြောင့် ဆောင်းညတွေဆိုရင် ရေခဲတဲ့အထိ အေးတတ်လို့ သွားလည်ဖို့ မသင့်ဘူးထင်ရဲ့နော်။ နွေဥတုမှာ မိုးရွာတဲ့ အရပ်ဖြစ်တာကြောင့် နွေဆိုရင် မြက်ခင်းစိမ်းစိမ်းတွေက ပိုပြီးတော့တောင် လန်းဆန်းနေတတ်သေးတယ်။ ဘုရားလည်းဖူး၊ မျက်စိတစ်ဆုံး စိမ်းလန်းနေတဲ့ မြင်ခင်းပြင်ရဲ့ ပသာဒ ကိုလည်းကြည့်၊ နှင်းဖြူဖြူတွေ ဆွတ်ထားတဲ့ ယာလာတောင် တန်းကြီးကို ငေးချင်တယ်ဆိုရင်တော့ တဂေါင်းမှတစ်ပါး အခြားနေရာ မရှိဘူးလို့ ညွှန်လိုက်ချင်ပါတယ်။

 

သုနန္ဒခေတ်

သုနန္ဒခေတ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.