1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
သူတို့ဆီက ပုဂ္ဂလိကဆေးရုံ

အိန္ဒိယနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍမှာ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ထဲထဲဝင်ဝင် ပါဝင်လာတဲ့အခါ အလွန့်အလွန် ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်များကို စိတ်မချမ်းမြေ့ဖွယ်ရာ ကြားသိမြင်တွေ့လာခဲ့ကြရတယ်။ တစ်စုံတစ်ဦးက  ရောဂါဖိစီးပြီး အ ပြင်းအထန်ဝေဒနာခံစားနေရလို့ ကော်ပိုရိတ် ဆေးရုံကြီးကို ရောက်လာခဲ့မယ်ဆိုရင် ဒါဟာ ကော်ပိုရိတ်ဆေးရုံကြီးအတွက် ကြီးမားတဲ့ စီးပွား ရေး အခွင့်အလမ်းတစ်ခုပဲလို့ ရှုမြင်တယ်။

အိန္ဒိယမှာ ကော်ပိုရိတ်ဆေးရုံ ကြီးများဟာ နှယ်နှယ်ရရမဟုတ်ဘူး။  ဆေးရုံကြီးများကို သူတို့က ကြယ်ငါးပွင့် ဟိုတယ်ကြီးများလို ခမ်းနားကြီးကျယ်စွာ တည်ဆောက်ထားကြတယ်။ လူနာအခန်းတွေကလည်း အပျံစား။ ဆေးကုသခံယူဖို့ လူနာတစ်ယောက်ရောက်လာရင် ကော်ပို ရိတ်ဆေးရုံကြီးတွေက အထူးကုဆရာ ဝန်တွေနဲ့ မဟာအထူးကု ဆရာဝန်တွေက လူနာကို  ဘာရောဂါဖြစ်လို့လဲ မမေးမြန်းကြဘူး။ ဘယ်အခန်းမှာ တက်မလဲ။ တစ်နေ့ ရူပီးငွေ ၂ဝဝဝဝ ပေးရတဲ့ အခန်းမှာတက်မလား။ ဒါမှမဟုတ် တစ်နေ့ ရူပီးငွေ ၃ဝဝဝဝ ပေးရတဲ့ အခန်းမှာ တက်မလားလို့ ကနဦး မေးမြန်းကြပါသတဲ့။

ပုဂ္ဂလိကကဏ္ဍ ဆေးရုံတွေဟာ အိန္ဒိယရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနယ်ပယ်မှာ ၈ဝ ရာခိုင်နှုန်းနီးပါးပါဝင်တယ်။ ၂ဝ၁၇ ခုနှစ် အစောပိုင်းက ပုဂ္ဂလိကဆေးရုံ၊ အထူးသဖြင့်  ကော်ပိုရိတ်ဆေးရုံကြီးတွေမှာ ကုသမှုခံယူကြသူတွေအတွက် စရိတ်စက မြင့်တက်လာမှုနဲ့ လူနာအသေအ ပျောက်တိုးပွားလာခြင်းကြောင့် မီဒီယာတွေက ပုဂ္ဂလိက ဆေးရုံများနဲ့ပတ်သက်ပြီး စူးစမ်းလေ့လာမှုတွေ လုပ်ခဲ့ကြတယ်။ သူတို့ရဲ့ တွေ့ရှိချက်များကိုလည်း သတင်းစာများနဲ့ ဂျာနယ်တွေမှာ အတော်များများ ဖော်ထုတ်ရေးသားတင်ပြခဲ့ကြပါတယ်။

ကော်ပိုရိတ်ဆေးရုံကြီးတွေဆိုတာက အစုရှယ်ယာပိုင်ရှင်များ Shareholders ရဲ့ ရင်းနှီးမြှုပ်နှံငွေနဲ့ ထူထောင်ထားတဲ့ ကော်ပိုရေးရှင်း ဆေးရုံကြီးတွေဖြစ်တယ်။ အဲဒီ ကော်ပိုရိတ်ဆေးရုံကြီးတွေမှာ ဘုတ်အဖွဲ့ရှိတယ်။ စီမံခန့်ခွဲအုပ်ချုပ်ရေးအဖွဲ့ရှိတယ်။ ကော်ပိုရေးရှင်း Corporation ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ အစုရှယ် ယာပိုင်ရှင်များရဲ့ ကောင်းကျိုးအတွက် တာဝန်ခံဆောင်ရွက်ရတယ်။  ဆိုလိုတာက အစုရှယ်ယာပိုင်ရှင်များ အကျိုးအမြတ်များများ ရရှိရေးအတွက် ရှေ့ရှုလုပ်ဆောင်ကြရတယ်။ ဒါကြောင့် ကော်ပိုရိတ်ဆေးရုံကြီးရဲ့ စီမံအုပ်ချုပ်တဲ့အဖွဲ့ဟာ အစုရှယ် ယာရှင်များ အကျိုးအမြတ်များများ ရရှိရေးကိုပဲ တာဝန်ခံတယ်။ ဆေးရုံမှာ တက်ရောက်ကုသခံယူကြသူများကိုတော့  တာဝန်မခံပါဘူးတဲ့။

ခရစ်စမတ် မတိုင်မီ သုံးရက်လောက်က လူနာရှင်တစ်ဦးက သူ့သားသေဆုံးမှုနဲ့ပတ်သက်ပြီး မကျေ နပ်လို့ ရဲတိုင်ကြားမှုတစ်ခုဖြစ်ခဲ့တယ်။ ခုနစ်အရွယ်သာရှိသေးတဲ့ သူ့သား Shaurya Parmar တုပ်ကွေးဖြစ်လို့ Gurgaon မြို့က ထိပ်တန်းပုဂ္ဂလိက ဆေးရုံတစ်ရုံတင်တယ်။ ၂၂ ရက် ဆေးဝါးကုသမှုခံယူတယ်။ ဒါပေမယ့် လူနာသေဆုံးသွားတယ်။ ဆေးဝါးကုသခ ရူပီးငွေ ၁၆ သိန်းပေးခဲ့ရတယ်။ ဒီဖြစ်ရပ်မတိုင်မီ ခပ်စောစောပိုင်းကလည်း Gurgaon မြို့က အခြားပုဂ္ဂလိက ဆေးရုံတစ်ခုမှာ AdyaSingh ဆိုတဲ့ ကလေးတစ်ယောက် သေဆုံးသွားခဲ့တယ်။ သူကလည်း အသက် ခုနစ်နှစ်။ ဖြစ်တာကလည်း တုပ်ကွေးပဲ။ ပေးလိုက်ရတဲ့ ဆေးဝါး ကုသခကလည်း ရူပီးငွေ ၁၆ သိန်း။ ဒေလီမြို့က ဆေးရုံတစ်ခုမှာ ကလေးလေးတစ်ယောက်မွေးတယ်။ မွေးကင်းစကလေးလေးကို သေပြီဆိုပြီး ပလစ်စတစ်နဲ့ ထုပ်ပိုးပစ်ထားလိုက်တယ်။ ဒါပေမယ့် ကလေးလေးက မသေဘူး။ မှားယွင်းသွားလို့ပါတဲ့။

ဒီလိုဖြစ်ရပ်များဟာ အရည်အသွေးနဲ့ ဆေးဝါးကုသခစရိတ်တို့ လိုက်ဖက်မှုမရှိတာကို  ဖော်ညွှန်းတဲ့အပြင်၊ ခေါင်းပုံဖြတ်အမြတ်ကြီးစားမှုကို ဖြစ်ရိုးဖြစ်စဉ်လို့ ထင်မြင်လာအောင် ပုံဖော်ဖန်ဆင်းမှုတစ်ရပ်လည်းဖြစ်ပါတယ်။  ကော်ပိုရိတ်ဆေးရုံကြီးတွေက လူနာတွေကို စမ်းသပ်မှုအမျိုးမျိုးလုပ်တယ်။ ကုသမှုအမျိုးမျိုးလုပ်တယ်။ ဒီလိုနည်းတွေနဲ့ လူနာ ဒါမှမဟုတ် လူနာရှင်ရဲ့ အိတ်ကပ်ထဲကို လက်တစ်ဆုံးနှိုက်ပြီး ရနိုင်သမျှရအောင် ငွေကိုကဲ့ယူတယ်။ အချိန်ဆွဲ ကုသတယ်။ နောက်ဆုံးတော့ လူနာဟာ ကုသမှုဒဏ်ကို ဆက်လက်တောင့်မခံနိုင်တော့ မရဏလမ်းကို ကြွမြန်းသွားရှာတယ်။

R.Balashankar  ဟာ အရင်က Organiser ရဲ့ အယ်ဒီတာဖြစ်တဲ့အပြင် နာမည်ကြီး ပင်တိုင်ဆောင်း ပါးရှင်တစ်ဦးလည်းဖြစ်ပါတယ်။ သူ့ဇနီးဒေါက်တာ Mangalam Swanminathan သေဆုံးမှုနဲ့ ပတ်သက်ပြီး ကြေကွဲဝမ်းနည်းဖြစ်နေရတဲ့အပြင် သက်ဆိုင်ရာ အဖွဲ့တွေနဲ့လည်း နပန်းလုံးနေရတယ်။ သူ့ဇနီးသေဆုံးမှုနဲ့ စပ်လျဉ်းပြီး အဖြေမရှိသေးတဲ့ မေးခွန်းတွေ အမြောက်အမြားလည်းရှိနေတယ်။

အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းက သူ့ဇနီးမခံမရပ်နိုင်လောက်အောင် ဗိုက်အောင့်ပြီး အော့အန်လာတာကြောင့် နယူးဒေလီမြို့က Max Hospital ဆေးရုံကို တင်ပို့ခဲ့တယ်။ ဆရာဝန်တွေက သူ့ရဲ့ဝမ်းဗိုက်ကို ခွဲဖွင့်ကာ ခွဲစိတ်ကုသမှု နှစ်ကြိမ်လုပ်တယ်။ လေးရက်ကြာတော့ လူနာ သေဆုံးသွားတယ်။

''ကျွန်တော်က ဆရာဝန်များကို ကျွန်တော့်မိန်းမဘာကြောင့် သေဆုံးရသလဲလို့မေးတယ်။ ဆရာဝန်တစ် ယောက်ကိုမေးရင် တစ်မျိုးဖြေတယ်။ နောက်ဆရာဝန်တစ်ယောက်ကိုမေးရင် နောက်တစ်မျိုးဖြေတယ်။ ဆရာဝန်တွေ အချင်းချင်းတစ် ယောက်တစ်မျိုး ပြောနေကြတယ်။ တကယ်စိတ်ပျက်စရာပဲဗျာ။ ကျွန်တော့်မိန်းမကို ဆေးရုံတင်တုန်းက ပထမကိုးနာရီအတွင်း စစ်ဆေးမှုတွေ လုပ်တဲ့အခါ ဆရာဝန်တွေက ဘာမှမဖြစ်ပါဘူး။ အားလုံးအခြေအနေ ကောင်းတယ်လို့ ပြောခဲ့ကြတယ်။ နောက်သုံးရက်အတွင်းမှာ သူတို့က CT Scan လုပ်တယ်။ စမ်းသပ်မှုမျိုးစုံ လုပ်တယ်။ ဗိုက်ကို နှစ်ခါခွဲစိတ်တယ်။ ပြီးတော့မှ သူတို့ ခန္ဓာကိုယ်အတွင်းမှာ အင်္ဂါအစိတ်အပိုင်းတွေ အတော်ပျက်စီးနေပြီလို့ပြောတယ်'' Balashankar က ဆိုတယ်။ သူက ဆေးဝါးကုသမှု စရိတ်အဖြစ် ဆေးရုံကို ရူပီးငွေခုနစ်သိန်းပေးခဲ့ရတယ်။

ကော်ပိုရိတ်ဆေးရုံကြီးတွေဟာ   အမြတ်အစွန်းမြိုးမြိုးမြက်မြက်ရရှိရေးကို အဓိကထားကြတယ်။ လူနာကို အဓိကထားတာမဟုတ်ဘူး။ ဒါကြောင့် ဆေးရုံတက်ခစရိတ်က ကြီးမားတယ်။ တကယ်လို့ လူနာတစ်ယောက်က ICU လို့ခေါ်ကြတဲ့ အရေးပေါ်ကြပ်မတ်ကုသဆောင်မှာ တက်ရောက်ကုသမှုခံယူရတယ်ဆိုရင် ပေးရမယ့်ဆေးဝါးကုသခ ကုန်ကျစရိတ်ကို အခုလို ရာခိုင်နှုန်းနဲ့ တွက်ချက်ပြတယ်။ ဆေးဝါး Medicines နဲ့ သုံးစွဲခဲ့ရတဲ့ ကိရိယာတန်ဆာပလာများ Consumables အတွက် ကုန်ကျစရိတ်က ၅ဝ ရာခိုင်နှုန်း၊ ဓာတ်ခွဲခန်းနဲ့ အတွေထွေ စမ်းသပ်ခ (Labs and other investigations) အတွက် ကုန်ကျစရိတ်က ၂၅ ရာခိုင်နှုန်း၊ ICU နဲ့ အခန်းခအပြင် အခြား သော ဆေးရုံအသုံးအဆောင်များအတွက် ကျသင့်စရိတ်က ၁၅ ရာခိုင်နှုန်း၊ ပြီးတော့ ဆရာဝန်အတွက်က ၁ဝ ရာခိုင်နှုန်းဖြစ်ပါတယ်တဲ့။

ဒါပေမယ့် ပြောမယ်ဆိုရင်တော့ ပြည်သူ့ဆေးရုံတွေမှာလည်း ကုန်ကျစရိတ်က အဲသလောက် များတာပဲလို့ ဆိုကြတယ်။ အိန္ဒိယရဲ့ ပြည်နယ်အချို့၊ ပမာအားဖြင့် Tamil Nadu နဲ့ Rajasthan မှာပဲ လူနာရဲ့ ကုသမှုစရိတ်ကို ပြည်နယ်အစိုးရက ကျခံပေးတယ်။ ကော်ပိုရိတ်ဆေးရုံကြီးများမှာ တက်ရောက်ကုသမှုခံယူတဲ့ လူနာအနေနဲ့ ကျန်းမာရေးအာမခံထားရှိတယ်လို့ ဆေးရုံကသိရင် ဆေးရုံက ဆေးဝါးကုသမှုကုန်ကျစရိတ်ကို အာမခံထားငွေထက်ကျော်လွန်အောင် တောင်းခံတတ်ပါသတဲ့။

တစ်ခုတော့ရှိတယ်။ ကော်ပိုရိတ်ဆေးရုံကြီးတွေမှာ တက်ရောက်ကုသ မှုခံယူကြတဲ့  လူနာတွေဟာ အများ အားဖြင့် ကုသမှုစရိတ်ကြီးမြင့်တာကို  သိပ်ပြီးရှေ့တန်းတင်ပြောဆိုကြခြင်း မရှိဘူး။ သူတို့ရဲ့ အဓိက တင်ပြချက်တွေက ဆရာဝန်တွေနဲ့ သူနာပြုတွေက လူနာကို သိပ်ပြီးဂရုမစိုက်တာ တို့၊ ဆေးရုံက ဝန်ဆောင်မှုပေးတာ ညံ့ဖျင်းတာတို့ကိုပဲ ထောက်ပြပြစ်တင် ဝေဖန်ကြတာများတယ်။ ပြီး တော့  ပုဂ္ဂလိက ကော်ပိုရိတ်ဆေးရုံကြီးတွေက ငွေများများလိုချင်လို့ လူနာကို မလိုအပ်ဘဲ အချိန်ဆွဲကုသရာက ခြေလွန်လက်လွန်ဖြစ်ပြီး လူနာသေဆုံးမှုတွေမြင့်တက်လာတယ်။ ဒီတော့ လူနာရှင်တွေက မကျေနပ်ကြလို့ အတိုင်အတောတွေ များလာတယ်။ အိန္ဒိယမှာ စားသုံးသူ တရားရုံး တွေ (Consumer Courts) ရှိတယ်။ အဲဒီမှာလာပြီး တရားစွဲကြတယ်။ အရင်ကတော့ အဲသလို တရားစွဲတဲ့အမှုက တစ်လမှာနှစ်မှု သုံးမှုလောက်ပဲရှိတယ်။ အခုတော့ တစ်လကို ၁၅ မှုလောက်ထိမြင့်တက်လာတယ်။

ကော်ပိုရိတ်ဆေးရုံကြီးတွေမှာ လူနာဒါမှမဟုတ် လူနာရှင်ကို 'အငိုက်ဖမ်း'တဲ့ အကွက်တွေရှိပါသတဲ့။ အဓိကကတော့ အခွင့်အရေးရတာနဲ့  လူနာကိုဖမ်းဆွဲပြီး ဈေးကြီးတဲ့အခန်းထဲ ထည့်လိုက်ဖို့ ဖြစ်တယ်လို့ ထောက်ပြကြတယ်။ တစ်ခါတုန်းက ရှေ့နေကြီးတစ်ဦးရဲ့ ကိုယ်ဝန်ဆောင် ဇနီး မွေးဖွားခါနီးတော့ ညကြီးသန်းခေါင် ဒေလီမြို့က ကော်ပိုရိတ် ဆေးရုံတစ်ရုံကို အရေးပေါ်တင်လိုက် ရတယ်။ ဆေးရုံကလည်း ချက်ချင်းပဲ အခန်းကြီးတစ်ခန်းဆီ ပို့လိုက်ပြီး ချောချောမောမောမွေးဖွားပေးလိုက်တယ်။ မချောမွေ့တာက ဘာလဲဆိုတော့ ဆေးရုံက ငွေတောင်းခံလွှာ Bill ကို ကြည့်လိုက်တော့ အခန်းခက တစ်နေ့ ရူပီးငွေ ၅ဝဝဝဝ ပေးရတဲ့ အခန်းဖြစ်နေတယ်။ အဲသလိုပဲ ပုဂ္ဂလိကဆေးရုံတွေရဲ့ ထောင်ချောက်ထဲမိသွားကြတဲ့ လူနာတွေ အများကြီးရှိတယ်။ အပြင်လူနာကို အတွင်းလူနာဖြစ်အောင်လုပ်ပြီး ဆေးရုံတင်ကြတယ်။ ခွဲစိတ်ဖို့မလိုတဲ့ လူနာကို ခွဲစိတ်ဖို့လိုတယ်ပြောပြီး ခွဲစိတ်ကြတယ်။

အခုလို ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှု  ကဏ္ဍကို ထိန်းသိမ်းဖို့အတွက် အိန္ဒိယ ဗဟိုအစိုးရက ၂ဝ၁ဝ ပြည့်နှစ်မှာ ဆေးဝါးကုသမှုဆိုင်ရာဥပဒေ (Clinical Establishment Act) ပြဋ္ဌာန်းခဲ့တယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံမှာက ဗဟိုအစိုးရက ပြဋ္ဌာန်းတဲ့ ဥပဒေတိုင်းကို ပြည်နယ်အစိုးရများက လိုက်နာချင်မှ လိုက်နာကြတာ။ မလိုက်နာဘဲ နေလို့လည်းရတယ်။ Delhi နဲ့ Haryana တို့လို ပြည်နယ်အချို့က ဒီဥပဒေကို မလိုက်နာကြဘူး။ အချို့ပြည်နယ်တွေမှာဆိုရင် အလှပြင် ဆိုင်တို့၊ ဘီယာဆိုင်တို့ ဖွင့်မယ်ဆိုရင် လိုင်စင်ယူကြရတယ်။ ဆေးရုံတို့၊ ဆေးခန်းတို့ ဖွင့်မယ်ဆိုရင်တော့ လိုင်စင်မလိုပါဘူးတဲ့။

တချို့ပြောတာကတော့ ပုဂ္ဂလိကဆေးရုံတွေပေါ်ထွက်လာပြီး နောက်ပိုင်းမှာ ဆရာဝန်တွေပါ အ ကျင့်ပျက်လာကြတယ်လို့ ထောက်ပြကြတယ်။ ပုဂ္ဂလိက ဆေးရုံတွေ မှိုလိုပေါက်လာရတဲ့ အဓိက အကြောင်းကတော့ (အရင်းရှင်တွေရဲ့ လက်သစ်လစ်ဘရယ်ဝါဒ (neoliberalism) အရ စီးပွားရေးများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲရေးမူကြောင့် ဖြစ် တယ်လို့ ဆိုတယ်။ အစိုးရကိုယ်နှိုက် က ပြည်သူ့ဆေးရုံများကို ပိုမိုကောင်းမွန်လာအောင် မလုပ်တော့ဘဲ ပုဂ္ဂလိက ဆေးရုံများကို အားပေးလာခဲ့ တယ်။

ကုသိုလ်ဖြစ်ဆေးရုံများ

အိန္ဒိယနိုင်ငံမှာ ပြည်သူ့ဆေးရုံ၊ ပုဂ္ဂလိကဆေးရုံအပြင် ကုသိုလ်ဖြစ်ဆေးရုံတွေလည်းရှိတယ်။ ၁၉၅ဝ နှစ်များနဲ့ ၁၉၆ဝ နှစ်များအတွင်းက အိန္ဒိယနိုင်ငံအနေနဲ့ ကျဉ်းထဲကျပ်ထဲ ရောက်နေချိန်မှာ သူဌေးကြီးတွေက ကုသိုလ်ဖြစ်ဆေးရုံတွေ ထူထောင်ပြီး ဆင်းရဲသားတွေကို တတ်နိုင်သလောက် ဆေးဝါးကုသပေးခဲ့ကြတယ်။ ကုသိုလ်ဖြစ်ဆေးရုံထူထောင် ကြသူများကို အစိုးရက မြေကို လျှော့ ဈေးနဲ့ရောင်းချ ဒါမှမဟုတ် ငှားရမ်းပေးတယ်။ အခွန်အခလျှော့ကောက်တယ်။ ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာများ နိုင်ငံခြားမှ တင်သွင်းမယ်ဆိုရင်လည်း အခွန်များကို လျှော့ပေါ့ကောက်ခံတယ်။ တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးပစ္စည်းများတင်သွင်းရင် အခွန်ကင်းလွတ်ခွင့်တောင် ပေးသေးတယ်။ အများအားဖြင့်တော့ ဒီလို ကုသိုလ်ဖြစ်ဆေးရုံများကို Trust လို့ ခေါ်တဲ့ အဖွဲ့တွေနဲ့ စီမံခန့်ခွဲ အုပ်ချုပ်ကြတယ်။

ဒါပေမယ့် အခုအခါ ဒါတွေအားလုံးပြောင်းလဲသွားခဲ့ပါပြီ။ အဲဒီကုသိုလ်ဖြစ်ဆေးရုံတွေကို ကော်ပို ရိတ်ဆေးရုံကြီးတွေက ဝယ်ယူသိမ်းပိုက်လိုက်ကြပါပြီ။ ယခင် Trust အဖွဲ့ဝင်တွေအစား ကော်ပိုရိတ် Trust အဖွဲ့ဝင်သစ်တွေ ရောက်လာတယ်။ 

ဒါပေမယ့် မူလ Trust သဘောတရားကို အတိုင်းအတာတစ်ခုထိ ဆက်လက်ကိုင်စွဲထားကြတယ်။ ဘာကြောင့်လဲဆိုတော့ အခွန်အခ သက်သာတယ်။ ဒီလို Trust ဆိုတဲ့ ဝေါဟာရကို ဆက်ခံထား တဲ့အတွက် သူတို့အနေနဲ့ ဆင်းရဲသားများကို အခမဲ့ ဆေးဝါးကုသပေးရတယ်။ ဒါက ဒီလိုပါ။   

တကယ်လို့ ဆေးရုံမှာ ခုတင် ၁ဝဝ ရှိတယ်ဆိုရင် ဆယ်ရာခိုင်နှုန်းဖြစ်တဲ့ ၁ဝ ခုတင်ကို ဆင်းရဲသားတွေအတွက် ချန်လှပ်ထားရပြီး ဆင်းရဲသားတွေကို အလကားကုသပေးရတယ်။ ပြီးတော့  အပြင်လူနာ စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်း ဆင်းရဲသားတွေကို ဆေးဝါးအလကားကုသပေးရတယ်။ ဒါပေမယ့် လက်တွေ့မှာတော့  ဒီလိုဖြစ်မလာဘူး။ တစ်လောက သက်ဆိုင်ရာ ဌာနများက စည်းကမ်းသတ်မှတ်ချက်နဲ့ ညီညွတ်မှုရှိမရှိ  စစ်ဆေးခဲ့ကြတယ်။ ဆင်းရဲသားတွေကို လက်ခံဆေးဝါးကုသပေးတာ အလျှင်းမရှိတာကို တွေ့ခဲ့ကြတယ်။ ဘာကြောင့်လဲလို့ ကုသိုလ်ဖြစ် ဆေးရုံတွေကို မေးမြန်းကြည့်တော့ ဆင်းရဲသားတွေ ရောက် မလာကြပါလို့ ပြန်ဖြေကြပါသတဲ့။

ကုသိုလ်ဖြစ် ဆေးရုံဆိုပြီး အထင်တော့မသေးနဲ့။ Gurgaon မြို့က ကုသိုလ်ဖြစ်ဆေးရုံကြီး Fortis Memorial Research ဆိုရင် ကြယ်ခုနစ်ပွင့် ဟိုတယ်အဆင့်ရှိတယ်။ ရေကူးကန်ပါတယ်။ ရုပ်ရှင်ရုံပါတယ်။ စားသောက်ဆိုင်ကြီးပါတယ်။ အားကစားရုံပါတယ်။ ရှော့ပင်းစင်တာပါတယ်။ ဧည့်ခန်းပါ ဟိုတယ်ခန်း Suite တွေလည်းပါတယ်။ ခုတင် ၁ဝဝဝပါရှိတဲ့ ဧရာမဆေးရုံကြီးဖြစ်တယ်။ ဒေလီမြို့ Saket က ကုသိုလ်ဖြစ်ဆေးရုံကြီး Max Smart Super Specially Hospital ဆိုတာကလည်း ဧရာမဆေးရုံကြီးပါပဲ။ အိန္ဒိယတစ်ခွင်တစ်ပြင်မှာ ကုသိုလ်ဖြစ်ဆေးရုံနာမည်ခံပြီး ဆင်းရဲသားတွေကို ဆေးဝါးကုသမပေးကြတဲ့ ဆေးရုံတွေက တစ်ပုံတစ်ခေါင်းကြီး။

ဒီလိုအကြောင်းတွေကြောင့် အိန္ဒိယပြည်သူတွေ ပြောနေကြတာကတော့ ကော်ပိုရိတ်ပုဂ္ဂလိက ဆေးရုံကြီးတွေဟာ ဆေးဝါးကုသပေးနေကြတာမဟုတ်ဘဲ ကျန်းမာရေးစောင့်ရှောက်မှုကို ဈေးကွက်တင် ရောင်းချနေကြတာဟာ ဖြစ်ပါတယ်တဲ့။

မင်းရွှေမောင်

Ref:

(1)        “Unhealthy Mess : Misery as a Terrific Biz Opportunity” by Lola Nayar.

(2)        “Charity Remains the Façade” by Bhavna Vij-Aurora. OUTLOOK, Jan 15,2018

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.