1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
အမြွှာပူးအများဆုံး မွေးတဲ့အရပ်

လာတုန်းကလည်း

တစ်ယောက်တည်းနော်

လက်တွဲခေါ်ကာ

ဖော်မပါဘူး

ဥစ္စာချည်းနှီး

ကိုယ်ထီးတည်း ... လို့ အစချီတဲ့ သံဝေဂ ကဗျာလေး ကြားဖူးကြတယ်မဟုတ်လား။ 'ဧည့်သည်' လို့ အမည်ပေးထားတယ်လေ။ အခုခေတ်တော့ သိပ်ခေတ်မစားတော့ဘူးပေါ့။ ၁၉၉ဝ ပြည့်လွန်နှစ်တွေ မတိုင်ခင်ကဆိုရင် ရပ်ကွက်ထဲမှာ ဘယ်နာရေးပဲဖြစ်ဖြစ် စက္ကူယပ် တောင်လေးတွေ ဝေတဲ့အခါ  အဲဒီ ကဗျာလေးက ပါလာတတ်တယ်။ အခုအချိန်မှာ အသက် ၄ဝ ကျော်တန်းကို ရောက်နေတဲ့သူဆိုရင် နာရေးယပ်တောင်လေးကို ကိုယ်တိုင်ကိုင်ပြီး ဒီကဗျာလေးကို ဖတ်ကြည့်ခဲ့ဖူးမှာ သေချာပါတယ်။

လူ့ဘဝထဲကို အဖော်မပါ လက်ချည်းဗလာနဲ့ ရောက်လာကြပြီး နောက်ရခဲလှတဲ့လူဘဝမှာ ပြုံးရယ် မဲ့ငိုချစ်မုန်းပိုကြ၊ လောဘဒေါသတွေနဲ့ ကကြိုးစုံခဲ့ကြ၊ အချိန်ကုန်ခဲ့ကြပြီး  နောက်ဆုံးမှာ လက်ချည်းဗလာနဲ့ ပြန်သွားကြမယ်ဆိုတာကို သတိပေးထားတဲ့ သံဝေဂကဗျာလေးပေါ့။ လူ့ဘဝရခိုက်မှာ အကုသိုလ်တွေနဲ့ အချိန်မကုန်စေချင်လို့ လက်တို့သတိပေးထားတဲ့ 'ဧည့်သည်' ကဗျာဟာ နာရေးအတွက်ဆို ကွက်တိပဲ ပေါ့။

စာရေးသူတို့ငယ်ငယ်က တရားဓမ္မကို စပြီးချဉ်းကပ်မိကြရင်  သြကာသနဲ့ မင်္ဂလသုတ်ပြီးရင် ဒီကဗျာလေးကလည်း ထိပ်ဆုံးကပါတာပေါ့။ အဲဒီခေတ်က အမြွှာပူးမွေးတယ်ဆိုတာ ခပ်ရှားရှားဆိုတော့ လက်တွဲခေါ်စရာ ဖော်မပါဘူးဆိုတာ မှန်လိုက်လေပေါ့။ နောက်တော့ အလယ်တန်း၊ အထက် တန်းလောက် ရောက်လာတော့ ရပ်ထဲရွာထဲနဲ့ စာသင်ကျောင်းမှာ အမြွှာ ပူးညီအစ်ကို၊ ညီအစ်မတွေ စတွေ့လာရတဲ့အခါ သူတို့ကတော့ ဥစ္စာချည်းနှီး ကိုယ်ထီးတည်း ဆိုကြပေမယ့် အဖော်အပေါင်းနဲ့လာကြတာလို့ စပြီး မြင်လာတယ်။

အမြွှာပူးညီအစ်မနဲ့ သူငယ်ချင်းဖြစ်ခဲ့အခါ စားအတူ၊ သွားအတူ၊ ဝတ်ဆင်ပုံအတူတူ၊ အသုံးအဆောင်အတူတူနဲ့ စိတ်တူကိုယ်တူဖြစ်နေတာတွေ့ရတော့ စချင်စိတ်က ပေါ်လာတယ်။ ဒါကြောင့် ကျောင်းဆင်းချိန် ကိုယ့်အိမ်ကိုယ်ပြန်ကြတဲ့အခါ သူတို့ နှစ်ယောက်ကို လာတုန်းကလည်း နှစ်ယောက်တည်းနော့လို့ စမိတာပေါ့။ သူတို့တွေကလည်း ဧည့်သည်ဆိုတဲ့ ကဗျာကို ကြားဖူးထားတော့ ရယ်ကျဲ ကျဲပေါ့လေ။ လက်ချင်းတောင်မှ ချိတ် ပြလိုက်ကြသေးတယ်။ ကဗျာက သူတို့ကို သီးသန့်ကွက်ချန်ထားသလိုလိုနဲ့ စကားရည်လုချိန်ဆို ဒီတစ်ကွက်နဲ့ သူတို့ဟာ လူထူးလူဆန်းတွေလိုပြောပြီး အနိုင်တောင်ယူခဲ့သေးတယ်။ ဟုတ်တယ်လေ သူတို့က လူ့ဘဝကို အဖော်လေးနဲ့ အတွဲလိုက်ဝင်လာတာကိုး။

မြန်မာပြည်မှာ မနန်းစိုး၊ မနန်းစံဆိုတဲ့ အမြွှာက လူသိများခဲ့ဖူးသလို၊ ကြည့်ဖူးသူတိုင်း ကြိုက်နှစ်သက်တဲ့ နှစ်မြွှာအသည်း ဇာတ်ကားမှာလည်း ကလေးသရုပ်ဆောင်စန္ဒာက အမြွှာပူးအဖြစ် နှစ်ကိုယ်ခွဲသရုပ်ဆောင်ပြီး အကယ်ဒမီအထူးဆုရတဲ့အထိ အောင်မြင်ခဲ့တယ်။ နောက်တော့ အေးအေးငြိမ်း၊ အိအိငြိမ်းတို့ ရင်ချင်းဆက်အမြွှာကို ခွဲစိတ်တဲ့အခါ မြန်မာ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြ တော့လည်း လက်တွဲခေါ်စရာ အဖော်သဟာနဲ့ ရယ်လို့ တွေးမိပြန်တာ ပါပဲ။ တကယ်တမ်းတော့ တစ် ယောက်တည်းနော်ဆိုတာကို အခြား အကူမပါ အတိတ်ကံသာပါတယ်၊ အခြားတစ်စုံတစ်ရာ အကူမပါဘူးလို့ မယူမိတော့ အမြွှာတွေဆိုတာ အဖော်သဟာနဲ့ရယ်လို့ ဖြစ်ရတာပေါ့။

အခုခေတ်ဆိုရင် ဆေးဝါး သိပ္ပံ ထွန်းကားလာလို့ မြန်မာပြည်တွင်းမှာတောင် အမြွှာလိုချင်ရင် ဆရာ ဝန်နဲ့ တိုင်ပင်ပြီး တမင်မွေးလာကြတဲ့ အချိန်ရောက်လာခဲ့ပါပြီ။ စက္ကူယပ်တောင်လေးတွေအစား နာရေးကြော် ငြာပါတဲ့ ပလပ်စတစ် ယပ်တောင်၊ တရားစာအုပ်တွေက အစားထိုးလာတော့ ဧည့်သည်ကဗျာလေးကိုယ်တိုင် နာရေးတွေမှာ ဧည့်သည်သာသာပဲ ပေါ်လာတတ်တော့တယ်။ သူ့နေရာမှာ နာရေးကြော်ငြာ၊ ပဋ္ဌာန်းစက်ဝိုင်းနဲ့ ခေတ်သစ်သံဝေဂ ကဗျာနဲ့ စာညွှန့်တွေက အစားထိုးနေရာယူကုန်ကြ ပြီလေ။ ဒီတော့ ကဗျာလေးကိုယ်တိုင် လည်း ဧည့်သည့်သာသာပဲပေါ့။

ဟိုအရင်ကတည်းက ဒီကဗျာ လေးရှိနေရင်တောင်မှ သဘောတွေ့ဖို့ ခဲယဉ်းတဲ့ နေရာတစ်ခုတော့ ရှိ တယ်။ အဲဒါကတော့ အိန္ဒိယနိုင်ငံ ကာရာလာပြည်နယ် မာလပူရနယ်က ကိုဒင်ဟီဆိုတဲ့ ရွာလေးပါပဲ။ အခုတော့ ရွာအဝင်မှာ Twin Town ဆိုတဲ့ ဆိုင်းဘုတ်ကရှိတော့ ရွာခံတွေအလိုကျ မြို့လို့ပဲ ဆိုရမှာပေါ့လေ။ ကိုဒင်ဟီမြို့မှာ ဧည့်သည်ကဗျာ မတိုးနိုင်တာက မွတ်စလင်တွေ အများစုနေ ထိုင်တဲ့ အရပ်ဖြစ်လို့တော့ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ထူးထူးခြားခြား အမြွှာပူးတွေ အမွေးများတဲ့ အရပ်ဖြစ် နေလို့ပါပဲ။ သူတို့လည်း လက်တွဲခေါ်စရာ အဖော်သဟာနဲ့ဆိုသလို ဖြစ်နေတော့ ဧည့်သည်ကဗျာကို သဘော တွေ့မယ် မထင်ပါဘူး။

၂ဝဝ၈ ခုနှစ် စစ်တမ်းအရ ကိုဒင်ဟီမှာ အိမ်ထောင်စုပေါင်း ၂ဝဝဝ ခန့်ရှိတယ်တဲ့။ အဲဒီအချိန် ကတည်းက တစ်ရွာလုံးမှာ အမြွှာပူးပေါင်း ၃ဝကျော်ရှိနေခဲ့ပါတယ်။ အခုအချိန်မှာတော့ အမြွှာပူးပေါင်း ၂၅ဝ ကျော်ဖြစ်လာတာဆိုတော့ တိုက်ဆိုင်မှု အဆင့်ထက် ကျော်လွန်သွားပြီပေါ့နော်။

ကလေးမွေးဖွားနှုန်း အကြိမ် ၁ဝဝဝ မှာ ၄၅ ကြိမ်က အမြွှာဖြစ်နေတယ်လေ။ ကမ္ဘာတစ်ဝန်းလုံး ဆိုရင်တောင်မှ အကြိမ်တစ်ထောင်မှ အမြွှာပူးက အများဆုံး ၁၃ ကြိမ်ပဲ ရှိပါတယ်။ ကိုဒင်ဟီရွာလေးက အမြွှာမွေးနှုန်းက ၃၂ ကြိမ်လောက် ပိုများနေတာပေါ့။

ဒါကြောင့် ကမ္ဘာအနှံ့က ဆေးသိပ္ပံပညာရှင်တွေဟာ ကိုဒင်ဟီရွာရဲ့ ထူးခြားဆန်းပြားတဲ့ အမြွှာမွေးနိုင်လွန်းတဲ့ အချက်ကို လေ့လာဖို့ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ရောက်လာတတ်ကြတယ်။

လာရောက်လေ့လာကြတဲ့ ပညာရှင်တွေဟာ ဂျာမနီ၊ အင်္ဂလန်၊ ဘရာဇီး၊ ဖိလစ်ပိုင်စတဲ့ နိုင်ငံတွေကပါသလို ကမ္ဘာ့အမြွှာများ ပူးပေါင်းထားသော အဖွဲ့ဆိုတဲ့ အမည်တွေနဲ့ ထူး ခြားတဲ့အဖွဲ့တွေအထိ လာလေ့လာကြတယ်။ ဒါပေမယ့်လည်း ကိုဟီဒင်က ထူးခြားချက်ကို ဘယ်ပညာရှင်ကမှ ပြတ်သားတဲ့ ကောက်ချက်မျိုး မချပြ နိုင်ခဲ့သေးပါဘူး။

ကမ္ဘာမှာ အမြွှာအမွေးများဆုံး အရပ်တွေထဲမှာ ကိုဟီဒင်အပြင် တောင်ဗီယက်နမ်က ဟန်လော့၊ နိုက် ဂျီးရီးယားက အစ်ဘိုအော်ရာနဲ့ ဘရာဇီးက ကန်ဒီဒိုဂိုဒိုအရပ်တွေဟာလည်း အလားတူ အမြွှာမွေးဖွားမှုနှုန်းမြင့်တဲ့ အရပ်ပါပဲ။ အဲဒီလေးနေရာထဲမှာ အိန္ဒိယက ကိုဟီဒင်ရွာကတော့ အမြွှာ အများတကာ့အများဆုံးပေါ့လေ။

သာမန်လူတွေအနေနဲ့ကြည့်ရင် အမြွှာတွေစုနေတာ အဲဒီအရပ်က လူတွေအတွက် မျိုးရိုးလိုက်တာပဲလို့ ချက်ချင်းဆုံးဖြတ်ကြမှာ အမှန်ပါပဲ။ ဒါ့အပြင် ကိုဟီဒင်က မွတ်စလင်တွေ ဟာ ဆွေမျိုးနီးစပ်ချင်းပြန်ပေးစားကြတာများတော့ မျိုးရိုးလိုက်ပြီး အမြွှာ အမွေးများတာပါလို့ လွယ်လွယ် ကောက်ချက်ချကြမှာသေချာတယ်။ ဒါပေမယ့် ဆေးသိပ္ပံပညာရှင်တွေကတော့ မျိုးရိုးဗီဇနဲ့ အမြွှာမွေးဖွားမှု မြင့်မားနှုန်းဟာ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားမျိုး မရှိသေးဘူးလို့ ဆိုကြတယ်။ ဒါကြောင့် အမြွှာများများမွေးစေရတဲ့ အကြောင်း ယနေ့တိုင် ရှာဖွေနေကြ ဆဲပါ။

ရွာသားတွေရဲ့ ဒီအင်အေ၊ တံတွေးနဲ့သွေးစတဲ့နမူနာတွေကို ယူကြပြီး လေ့လာမှုတွေ ပြုလုပ်ခဲ့ကြ ပါတယ်။ အဲဒီ ပညာရှင်တွေထဲမှာ ယူကေတက္ကသိုလ်တစ်ခုက ချီလီသိပ္ပံပညာရှင် Macarena Fuents Guajarado ကတော့ ကိုဟီဒင်ရွာမှာ သူရဲ့လေ့လာတွေ့ရှိချက်တွေဟာ  အလားတူ အမြွှာမွေးဖွားနှုန်းမြင့်တဲ့ ဘရာဇီးရွာက အချက်အလက်တွေ အတိုင်းပဲလို့ဆိုတယ်။ အမည်တပ်ပြီး သတ်မှတ်လို့မရသေးတဲ့ ဗီဇလက္ခဏာတစ်ရပ်ရဲ့ ချယ်လှယ်မှုကြောင့်လို့ သူကတော့ သုံးသပ်ထားပါတယ်။ အမြွှာအမွေးများတဲ့ နေရာလေးခု စလုံးကတော့ သူတို့ရိုးရာ အစွဲအလမ်းနဲ့ ယုံကြည်မှု အပေါ်မှာပဲ လွှဲချလေ့ရှိပါတယ်။

မာလာပူရက ကိုဒင်ဟီရွာရဲ့ တည်နေရာကို ကြည့်လိုက်ရင် ရွာရဲ့ပတ်ပတ်လည်မှာ ရေသေကန်တွေက ဝိုင်းကာနေပြီး အနားက တီရူရန်ဂါနီ မြို့နဲ့ ကုန်းတွင်းပိုင်းချင်း ဆက်နေတာ တစ်နေရာပဲရှိတယ်။ ဒါကြောင့် ဒီရေ သေအိုင်တွေကို  သိပ္ပံပညာရှင်တွေက စိတ်ဝင်စားခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုဟီဒင်ရွာသူတစ်ဦးဟာ တစ်ရွာသားနဲ့ကြိုက်ပြီး ရပ်ဝေး မှာပြောင်းရွှေ့နေထိုင်ခဲ့ပေမယ့် အချိန်တန်တော့ သူကလည်း အမြွှာလေးပဲ မွေးလာတဲ့ အချက်အပေါ် ပညာရှင်တွေ အာရုံစိုက်စေခဲ့ပါတယ်။

ဆရာဝန်အချို့ကတော့ ကိုဒင်ဟီ ဧရိယာတစ်ဝိုက်က ရေထဲမှာပါတဲ့ ဓာတုဗေဒက အမြွှာအားပေးဖြစ်စေတယ်လို့ သုံးသပ်ထားပြန်တယ်။ ထင်ရလောက်တဲ့ အချက်က ကိုဒင်ဟီရွာ ကို စတည်တည်တဲ့ ၁၉၄၉ ခုနှစ်မှ အမြွှာပူးက ၃ဝ လောက်ရှိရာက အခုအချိန် ၂ဝ၅ အထိအရေအ တွက် တိုးလာတာ လက်တွေ့ဆိုတော့ စဉ်းစားကြပြီပေါ့။ ကိုဟီဒင်မှာ အမြွှာ ပူးမဟုတ်ရင်တောင်မှ ညီအစ်ကို မောင်နှမတွေဟာ ရုပ်တွေတော်တော် ဆင်နေပါတယ်။

လာဂို့စ်တက္ကသိုလ်က ပညာရှင်တွေက အစားအသောက်နဲ့ရေဟာ အမြွှာပူးမွေးဖို့ အားပေးတဲ့အကြောင်း ဖြစ်မယ်လို့ အကြံပြုထားပါတယ်။ နိုက်ဂျီးရီးယားနိုင်ငံ အစ်ဘိုအော်ရာက အမျိုးသမီးတွေဆိုရင်လည်း ကိုဒင်ဟီကလူတွေနဲ့  စားသောက်မှု ပုံစံတူပြီး ရေထဲမှာ ပါဝင်တဲ့ ဓာတု ဗေဒတွေကလည်း ခပ်ဆင်ဆင်ဖြစ် နေတယ်ဆိုတာကို ထောက်ပြထားပါတယ်။ ဒါကလည်း မှန်းဆချက် တစ်ချက်အဖြစ်ပဲ ရှိနေတယ်။ ပညာရှင်တွေ တညီတညွတ်တည်း လက်ခံနိုင် လောက်တဲ့ အဆင့်မျိုးတော့ မဟုတ် ပြန်ပါဘူး။

ဒါကြောင့်လည်း ကိုဟီဒင်က အမြွှာပူးတွေ လာစုနေတာဟာ ဘုရားသခင် အလိုကျလို့ ယာယီ သတ်မှတ် ထားရုံပဲ ရှိနေပါတယ်။

ကိုဟီဒင်ရွာလေးမှာ မွတ်စလင်အများစုနေထိုင်ကြပါတယ်။ ဟိန္ဒူဘာသာဝင်တွေရှိပေမယ့် လူနည်းစုပဲ ဖြစ်တာကြောင့် ရွာတစ်လုံးမှာ မွတ်စလင်ယဉ်ကျေးမှုသာ အဓိကလွှမ်းမိုးနေပါတယ်။ ရွာလေးမှာ အာရဗီ ဘာ သာနဲ့စာဟာ ရုံးသုံးလို ထွန်းကားနေပါတယ်။ ရွာမှာရှိတဲ့ ဗလီတွေကတော့ ညနေစောင်းပြီဆိုရင် ဘာသာရေး အတွက်ရော လူမှုရေးရာဆွေးနွေးပွဲ အတွက်ပါ ဒိုင်ခံကျင်းပရတဲ့ နေရာ ဖြစ်နေပါတယ်။

ကိုဟီဒင်မှာ ရေပန်းစားတဲ့ ရယ်ဖွယ်တစ်ခုကတော့ သိပ်ကျောင်းပြေးလို့ ကောင်းတဲ့အရပ်လို့ ပြောစမှတ် တွင်ခြင်းပါပဲ။ လာလည်တဲ့ သူတိုင်းက ရုပ်တူတဲ့လူတွေကို ခပ်များများတွေ့ရတော့ မဟုတ်တာတွေးကြရရင် ကျောင်းပြေးတာနဲ့ လူစားထိုးဖို့ကို တန်းမြင်ကြတော့တာလေ။ ဆိုခဲ့သလို ကိုဟီဒင်မှာ အမြွှာပူးမဟုတ်ရင်တောင် အရွယ်တူသွားတတ်တဲ့ တစ်နှစ်ကြီးတစ်နှစ်ငယ် ညီအစ်ကိုတွေ၊ ညီအစ်မတွေကလည်း  ရုပ်ဆင်နေတတ်တော့ တစ်ယောက်က ကျောင်းပြေးပြီး ကစားနေချိန်မှာ နောက်တစ် ရောက်က အစားဝင်ပြီး ထိုင်ပေးရုံပဲလို့ မြင်ကြတာပေါ့။

သူတို့ ပြောသလိုဆိုရင်တော့ ကျောင်းပြေးလို့ကောင်းတဲ့ အချက်ပဲလို့ တွေးကြည့်ရင်း ပြုံးလိုက်မိပါသေးတယ်။ ဒါပေမယ့် ထပ်ကွန့်ပြီး ဆက်တွေးကြည့်တဲ့အခါ  ကိုယ့်နဲ့ ရုပ်ချင်း ချွတ်စွပ်တူနေတဲ့ မွေးချင်းကများ ရာဇဝတ်မှုမကင်းတဲ့အလုပ်တွေကျူးလွန်ပြီး တစ်နယ်တစ်ကျေးကို လစ်ပြေးရင်တော့ ကိုယ်လည်းချောင်မှာ မဟုတ်ဘူးဆိုတာကို မြင်ယောင်ကြည့် မိတဲ့အခါ စောစောကအပြုံးက ခပ်မြန်မြန်ပြန်ပြီး ပျောက်ကွယ်သွားပါတော့တယ်။ သြော်-အမြွှာနဲ့ ပတ်သက်တဲ့ အပြုံးကလည်း ခပ်မြန်မြန် ပြန် ပျောက်သွားရတဲ့ 'အပြုံးဧည့်သည်' သာသာပါပဲလား .....။

သုနန္ဒခေတ်

သုနန္ဒခေတ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.