1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
အိုဘယ့်ဂျေရုဆလင်

အစ္စရေးနိုင်ငံရဲ့ မြို့တော်က Jerusalem ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးကြေညာခဲ့ပြီး နောက်တစ်နှစ် ၁၉၄၉ ခုနှစ်မှာ မြို့တော်ကို Tel Aviv ကနေပြီး ဂျေရုဆလင်သို့ ရွှေ့ပြောင်းခဲ့ကြတယ်။ ထူးခြားချက်က ဘာလဲဆိုတော့ အစ္စရေးဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၆ဝနဲ့ သံတမန်အဆက်အသွယ်ရှိပေမယ့် ဘယ်နိုင်ငံကမှ ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုခဲ့ကြခြင်းမရှိပါဘူး။ အဲဒီနိုင်ငံ တွေက သူတို့ရဲ့ သံရုံးတွေကို  ဂျေရု ဆလင်နဲ့ မိုင် ၄ဝ လောက်ဝေးကွာတဲ့ Tel Aviv မြို့မှာပဲထားရှိကြတယ်။ အမေရိကန်သံရုံးကိုလည်း အခြား နိုင်ငံတွေလို အဲဒီမြို့မှာပဲထားရှိ တယ်။ 

တကယ်တော့ အမေရိကန်လွှတ်တော်က ၁၉၉၅  ခုနှစ်မှာ ဂျေရုဆလင်ကို အစ္စရေးရဲ့မြို့တော်အဖြစ်  လက်ခံအသိအမှတ်ပြုဖို့  ဆုံးဖြတ်ချက်ချထားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်း အမေရိကန်သမ္မတများက အတည်ပြုခြင်းမရှိဘဲ ရွှေ့ဆိုင်းထားခဲ့ကြတာကြောင့် အမေရိကန် ပြည်ထောင်စုအတွက် အစ္စရေးရဲ့ မြို့တော်ဟာ ဂျေရုဆလင် မဖြစ်သေးဘဲ ကြန့်ကြာနေခဲ့တာပါ။  အခု အမေရိကန်သမ္မတ Donald Trump လက်ထက်မှာတော့၊ ဂျေရု ဆလင်ကို အစ္စရေးနိုင်ငံရဲ့မြို့တော်အဖြစ် အသိအမှတ်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ အစ္စရေးနိုင်ငံဘက်က ကြည့်ရင်တော့ ဘယ်သူကအသိအမှတ်ပြုပြု မပြုပြု ဂျေရုဆလင်ဟာ လက်တွေ့အားဖြင့် အစ္စရေးရဲ့မြို့ တော်ဖြစ်နေခဲ့တာ နှစ်ကာလကြာမြင့်ခဲ့ပါပြီ။ အစ္စရေးနိုင်ငံ စတင်ပေါ် ထွက်လာကတည်းကပဲ ဆိုပါတော့။

အစ္စရေး-ပါလက်စတိုင်း  ပဋိပက္ခ (Israel-Palestine conflict) နဲ့ပတ်သက်ပြီး၊ အမြဲတမ်းအစ္စရေး  ဘက်တော်သားဖြစ်နေခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတတစ်ဦးက ဂျေရုဆလင်ကို အစ္စရေးနဲ့ မြို့တော်အဖြစ်  အသိအမှတ်ပြုလိုက်ခြင်းဟာ အထူးအဆန်းကိစ္စတစ်ရပ်တော့ မဟုတ်ပါဘူး။ ပါလက်စတိုင်း နယ်မြေများနဲ့ အရှေ့ဂျေရုဆလင်ကို အစ္စရေးတို့ သိမ်းပိုက်ထားခဲ့စဉ်ကာလတစ်လျှောက်  အမေရိကန်ပြည်ထောင်စုက အစ္စရေးကို  မျက်နှာသာပေးကာ ဘက်လိုက်ခဲ့တယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UN Security Council) မှာလည်း အမေရိကန်က အစ္စရေးဘက်မှ ရပ်တည်အကာအကွယ်ပေးခဲ့တယ်။ အစ္စရေးနဲ့ အာရပ်နိုင်ငံများအကြား စစ်ဖြစ်ပွားရင် လည်း အမေရိကန်တို့က အစ္စရေးကို ခေတ်မီလက်နက်များ ထောက်ကူပေးခဲ့တယ်။ အစ္စရေးနျူကလီးယား လက်နက်မှာ လျှို့ဝှက်လုပ်ကိုင်နေတာကိုလည်း အမေရိကန်တို့က မသိသလိုမမြင်သလို နေပေးခဲ့တယ်။ အပြန်အလှန်အားဖြင့် အစ္စရေးက ဘာလုပ်ပေးရသလဲဆိုတော့ အနောက်အာရှ (West Asia) မှာ အမေရိကန်ရဲ့ မဟာမိတ်ကြီးအဖြစ် ရပ်တည်ပေးရတယ်။

ဒေါ်နယ်ထရန့်ဟာ ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုဖို့ ခတ်ကွင်းပြင်နေစဉ်ကတည်းက ပုပ်ရဟန်းမင်းဖရန်စစ်၊ အီရန်က မဟာခေါင်းဆောင် အယာတိုလာကြီးတို့ အပါအဝင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ အီတလီ ဝန်ကြီးချုပ်နဲ့ အခြားသော နိုင်ငံများက ခေါင်းဆောင်ကြီးများက ဂျေရု ဆလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အမေရိကန်က အသိအမှတ်မပြုဖို့ ကြိုတင်ကန့်ကွက်ခဲ့ကြတယ်။ ဒါပေမယ့် ဒီလိုဝိုင်းဝန်းကန့်ကွက်နေကြမှုက အများနဲ့ မတူအောင် တစ်မူထူးခြားလုပ်ပြချင်တဲ့ ဒေါ်နယ်ထရန့်ကို မြန်မြန်ဆန်ဆန် အသိအမှတ်ပြုဖို့တွန်းပို့သလို ဖြစ်သွားခဲ့တယ်။ ၂ဝ၁၇ ဒီဇင်ဘာလ ၆ ရက်က  ဒေါ်နယ်ထရန့်ဟာ ဂျေရုဆလင်ကို အစ္စရေး နိုင်ငံရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကြေညာခဲ့တယ်။

ဂျေရုဆလင်ဟာ ရှေးပဝေသဏီကစပြီး ဂျူးလူမျိုးများရဲ့ သမိုင်းဝင်မြို့တော်ဖြစ်တယ်။ အခုအခါမှာလည်း အစ္စရေးအစိုးရ အခြေစိုက်ရာ မြို့တော်ဖြစ်တယ်။ ဒါကြောင့် ဂျေရုဆလင်ကို အစ္စရေးရဲ့မြို့တော်အဖြစ် အသိအမှတ်ပြုပေးလိုက်ခြင်းဖြစ်တယ်လို့ ဒေါ်နယ်ထရန့်ကဆိုတယ်။ ထရန့်က အခုလိုအသိအမှတ်ပြုပေး လိုက်တဲ့အတွက် အစ္စရေးဝန်ကြီးချုပ် Binyamin Netanyahu က ''ဒါဟာ သမိုင်းဝင်နေ့တစ်နေ့ဖြစ်ပါတယ်။

ဒီအတွက် အမေရိကန်နိုင်ငံကို အသည်းလှိုက်အူလှိုက် ကျေးဇူးအထူးတင်ပါတယ်''လို့ ဝမ်းသာအားရ စကားဆိုလိုက်ပါတယ်။

ဟုတ်ပါတယ်။ အစ္စရေးဘက်က ကြည့်ရင်တော့ ကျေးဇူးတင်စရာပါ။ ဒါပေမယ့် ထရန့်ရဲ့တစ်ဖက်သတ် လုပ်ရပ်ကြောင့် အစ္စရေး-ပါလက် စတိုင်းအကြား ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေ ပျက်ပြားသွားနိုင်တယ်။

အရင့်အရင်က အမေရိကန်သမ္မတများ၊ အစ္စရေးဝန်ကြီးချုပ်များနဲ့ ပါလက်စတိုင်းခေါင်းဆောင်များ ဆွေး နွေးညှိနှိုင်းအဖြေရှာထားတဲ့ သဘောတူညီချက်တွေ အချည်းနှီးဖြစ်သွားနိုင်တယ်။ ပါလက်စတိုင်းသားများနဲ့ အာ ရပ်တွေက အမေရိကန်နိုင်ငံအပေါ် အယုံအကြည်ကင်းမဲ့သွားနိုင်တယ်။ ဒီလိုဆိုပေမယ့် ဒေါ်နယ်ထရန့်ကတော့ ဒီနှစ် ၂ဝ၁၈ ထဲမှာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကျင်းပသွားမယ်လို့ ပြောဆိုထားတာရှိတယ်။

 

ပထဝီဝင်နိုင်ငံရေး အပြောင်းအလဲ

အရင်ကဆိုရင် အခုလို အမေရိကန်နိုင်ငံက ဂျေရုဆလင်ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုခဲ့ရင် အာရပ်ကမ္ဘာတစ်ခုလုံး  ပွက်လောရိုက်သွားနိုင်တယ်။ အာရပ်မြို့ ကြီးတွေမှာ အမေရိကန်ကို ဆန့်ကျင် ဆန္ဒပြမှုတွေ တသီတတန်းကြီးထွက်ပေါ်လာနိုင်တယ်။ အစ္စရေးပြည်တွင်းမှာ အစ္စရေးနိုင်ငံသားတွေနဲ့ ပါလက် စတိုင်းသားတွေအကြား ရုန်းရင်း ဆန်ခတ်ဖြစ်မှုတွေ တားမနိုင်ဆီးမရ ဖြစ်လာနိုင်တယ်။

အခုတော့ ဒီလိုဖြစ်မလာဘူး။ အာရပ်ကမ္ဘာတစ်ခုလုံး စစ်ပန်းစစ်ညောင်းဖြစ်နေကြပြီထင်ပါရဲ့။ ဒါမှ မဟုတ် အာရပ်နိုင်ငံတွေအနေနဲ့ ကိုယ့်နိုင်ငံကိုယ့်ပြည်တွင်းရေး ပြဿနာတွေနဲ့ ထွေးလားလုံးလားဖြစ် နေတာကြောင့် ကိုယ့်နိုင်ငံနဲ့ တိုက်ရိုက်ပတ်သက်မှုမရှိတဲ့ ကိစ္စတွေမှာ ဝင်မပါနိုင်ကြတာပဲလား။ ထရန့်ကဂျေရုဆလင်ကို အစ္စရေးနိုင်ငံရဲ့မြို့တော်အဖြစ် သတ်မှတ်ခဲ့ပြီးနောက် အစ္စရေးမှာရော အာရပ်ကမ္ဘာမှာပါ အမေရိကန်ဆန့်ကျင် ဆန္ဒပြုမှုတွေနဲ့ ဝရုန်းသုန်းကားဖြစ်မှုတွေ သိပ်ပြီး မတွေ့မြင်ကြရဘူး။ အာရပ်နိုင်ငံတွေရဲ့ ကန့်ကွက်သံတွေကလည်း သိပ်ပြီး ကျယ်ကျယ်လောင်လောင်မရှိဘူး။ အင်မတန်အားပျော့လွန်းတယ်။

ဘာကြောင့်လဲဆိုတော့ ဆွန်နီအစ္စလာမ်ဘာသာရေးခေါင်းဆောင် ဆော်ဒီအာရေဗျနိုင်ငံမှာလည်း ပြည် တွင်းအာဏာလုပွဲတွေနဲ့ ရှုပ်ထွေးနေတယ်။ ရှီယာအစ္စလာမ်ဘာသာရေး အခေါင်အချုပ် အီရန်နိုင်ငံမှာလည်း  အစိုးရနဲ့ ဘာသာရေးခေါင်းဆောင်များကို မကျေနပ်လို့ နုတ်ထွက်ပေးဖို့ ပြည်သူများက မြို့ပေါင်း ၇ဝ ကျော်မှာ လမ်းပေါ်ထွက် ကြွေးကြော်ဆန္ဒပြနေကြတယ်။ တူရကီနိုင်ငံ ခေါင်းဆောင်ကလည်း သူအာဏာတည်မြဲရေးအတွက် ရုန်းကန်လှုပ်ရှားနေရလို့ ဂျေရုဆလင်အရေးကို လှည့်မကြည့်နိုင်ဘူး။ အီဂျစ်ခေါင်းဆောင်ကတော့ လာမယ့်ရွေးကောက်ပွဲအတွက် အကြံအစည်တွေလုပ်နေရလို့ ပြည်ပကိစ္စကို သိပ်ပြီးစိတ်မဝင်စားနိုင်ဘူး။ ဆီးရီးယားကတော့ သူ့ပြဿနာနဲ့သူ  ဂျော်ဒန်ကလည်း ထိုနည်းတူပါပဲ။

ဂျေရုဆလင်ကိစ္စနဲ့ ထဲထဲဝင်ဝင် ပတ်သက်တဲ့ ပါလက်စတိုင်းသားတွေမှာလည်း အချင်းချင်းသဘောထား ကွဲလွဲနေကြလို့ ဘာမှဟုတ်တိပတ်တိ မလုပ်နိုင်ကြဘူး။ ၁၉၄၇ ခုနှစ်မှာ ကုလသမဂ္ဂက ပါလက်စတိုင်းဒေသ မှာ နေထိုင်ကြသူများကို အာရပ်နဲ့ အစ္စရေးနိုင်ငံခွဲခြားတည်ထောင်နိုင်ဖို့အတွက် ပိုင်းခြားခွဲကန့်ခဲ့တယ်။ ဂျေရုဆလင်မြို့ကိုတော့ နိုင်ငံတကာ မြို့ပြအဖြစ် သတ်မှတ်တယ်။ ၁၉၄၈ ခုနှစ်မှာ အစ္စရေးက လွတ်လပ်တဲ့ နိုင်ငံအဖြစ် ကြေညာလိုက်တော့ နီးနားဝန်းကျင်အာရပ်နိုင်ငံများက အစ္စရေးကို ဝိုင်းဝန်းတိုက်ခိုက်ကြတယ်။ အာရပ်တွေက အစ္စရေးကို နိုင်အောင် မတိုက်ခိုက်နိုင်တော့  စစ်ရပ်ဆိုင်းလိုက်ကြရတယ်။ စစ်ရပ်ဆိုင်း စာချုပ်အရ ဂျေရုဆလင်မြို့ကို နှစ်ပိုင်းပိုင်းကန့်လိုက်တယ်။ ဒီတော့ အနောက်ဂျေရုဆလင် (West Jerusalem) က အစ္စရေး လက်အောက်ရောက်သွားတယ်။ ကျန်အစိတ်အပိုင်းကိုတော့ ဂျော်ဒန်က ရရှိလိုက်တယ်။ ၁၉၄၉ ခုနှစ်မှာ  အဲဒီ နောက်ဂျေရုဆလင်ကိုပဲ မြို့တော်အဖြစ် အစ္စရေးကကြေညာခဲ့ပြီး ပါလီမန် Knesset နဲ့ အစိုးရရုံးများကို Tel Aviv ကနေ ရွှေ့ပြောင်းခဲ့တယ်။

၁၉၆၇ မှာ အစ္စရေးနဲ့ အာရပ်နိုင်ငံများအကြား ခြောက်ရက်စစ်ပွဲ Six-Day War ဖြစ်ပြန်တယ်။ အစ္စရေးကနိုင်တယ်။ အစ္စရေးကဂျော်ဒန်ရဲ့ အနောက်ဘက်ကမ်း West Bank အပြင် အရှေ့ဂျေရု ဆလင် (East Jerusalem ကိုပါ သိမ်း ပိုက်ခဲ့တယ်။ ဒါကြောင့် အစ္စရေးတို့က အနောက်နဲ့အရှေ့ ဂျေရုဆလင်ကို ပေါင်းစည်းပြီး သူတို့ရဲ့ မြို့တော်အဖြစ် သတ်မှတ်ခဲ့ပြန်တယ်။

အခု ဒေါ်နယ်ထရန့်က ဂျေရုဆလင်ကို အစ္စရေးရဲ့မြို့တော်အဖြစ် အသိအမှတ်ပြုပေးလိုက်တော့ တရားဝင် မြို့တော်ဖြစ်သွားခဲ့တယ်။ ဒီလိုဆိုပေမယ့် ကုလသမဂ္ဂ UN ကတော့ ဒီကနေ့ထိ ဂျေရုဆလင်ကို အပြည် ပြည်ဆိုင်ရာ တရားဥပဒေစီရင်ပိုင်ခွင့်အရ 'သီးခြားဖြစ်တည်မှု'  Corpus Se[arat-um အဖြစ် တရားဝင်သတ် မှတ်ထားဆဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဂျေရုဆလင်မြို့ဟာ လက်တွေ့အရ ဘာပဲဖြစ်နေနေ၊ တရား ဥပဒေအရတော့  မပြီးဆုံးသေးတဲ့ ဇာတ်လမ်းပမာဖြစ်နေဆဲပါ။

 

အိုဘဲ့ ဂျေရုဆလင်  

ဂျေရုဆလင်မြို့ရဲ့ သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်မယ်ဆို ရင် အနည်းဆုံး နှစ်ပေါင်း ၃ဝဝဝ ကျော်လောက်ကစပြီး ကြည့်ရမယ် ထင်ပါတယ်။ ဒါမှမဟုတ် ဒီထက် မက ဆွဲဆန့်ချင်တယ်ဆိုရင်လည်း နှစ်ပေါင်း ၅ဝဝဝ ကျော်အထိ ဆွဲဆန့် ချဲ့ကားနိုင်တယ်။ ခြုံငုံပြောမယ်ဆိုရင် သမိုင်းကြောင်းတစ်လျှောက်မှာ ဂျေရုဆလင်မြို့ဟာ ၁၆ ကြိမ် တိုက်ခိုက်ခံ ခဲ့ရပြီး နှစ်ကြိမ်ဖျက်ဆီးခံခဲ့ရတယ်။ ရန်သူစစ်တပ်များက ဝိုင်းဝန်းပိတ်ဆို့ထားတာ ၂၃ ကြိမ်ရှိခဲ့တယ်။ ထိုး ဖောက်ဝင်ရောက်တာကြုံခဲ့ရတဲ့ အကြိမ်ပေါင်းက ၅၂ ကြိမ်။ ဂျေရုဆလင်မြို့ကို သိမ်းလိုက်ပြန်သိမ်းလိုက် က ၄၄ ကြိမ်ရှိခဲ့ဖူးတယ်။ အံ့သြစရာကောင်းတာက အကြိမ်ပေါင်းများစွာ ဖြစ်ရပ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့် ဂျေရုဆလင်မြို့ကတော့ ရှင်သန်နေဆဲပါ။

ခရစ်မတိုင်မီ ဘီစီ ၁ဝဝဝ က ဒေးဗစ်ဘုရင်ဟာ ဂျေရုဆလင်ကို သိမ်းပိုက်ခဲ့ပြီး ဂျူးလူးမျိုးတို့ရဲ့ မြို့တော်အဖြစ် ကြေညာခဲ့တယ်။ သားတော် ဆော်လမွန်ဘုရင်က ဘီစီ ၉၆ဝမှာ ပထမဆုံး ဂျူးကျောင်းတော်ကြီး တည်ဆောက်ခဲ့တယ်။ သူကွယ်လွန်ပြီးနောက်ပိုင်း ဂျူးနိုင်ငံတော်က ချည့်နဲ့အားပျော့သွားတယ်။  ဘေဘီ လွန်စစ်တပ်က ဘီစီ ၅၈၆ မှာ ဂျေရုဆလင်မြို့ကို ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးပစ်ခဲ့တယ်။ ဂျူးကျောင်း တော်ကြီးကိုလည်း ဖြိုဖျက်ပစ်လိုက်တယ်။ ဘီစီ ၅၃၉ မှာ ဆိုင်းရပ်သည် ဂရိတ်က ဘေဘီလွန်အင်ပါယာနဲ့ အတူ ဂျေရုဆလင်မြို့ကိုပါ သိမ်းပိုက်ခဲ့ပြီး ဂျူးတွေကို ပြန်ခေါ်ကာ ဒုတိယအကြိမ် ဂျူးကျောင်းတော်ကြီးကို ပြန် လည်တည်ဆောက်စေခဲ့တယ်။

အဲဒီနောက်ပိုင်း ရိုမန် (ရောမ)တွေ ရောက်လာတယ်။ ဂျူးတွေကို နှိပ်စက်အနိုင်ကျင့်တယ်။ ခရစ်နှစ် အေဒီ ၃ဝ မှာ ရိုမန်တွေက ဂျူးလူမျိုးဖြစ်တဲ့ ယေရှုခရစ်တော် Jesus ကို လက်ဝါးကပ်တိုင်တင်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့ကြတယ်။ အေဒီ ၇ဝ မှာ ရိုမန်တွေက ဒုတိယအကြိမ် ပြန်လည်တည်ဆောက်ထားတဲ့ ဂျူးကျောင်းတော်ကြီးကို ဖြိုဖျက်ပစ်ခဲ့ကြပြန်တယ်။ ဂျေရုဆလင်မြို့ကိုလည်း ရိုမန်မြို့အဖြစ် ပြောင်းလဲပစ်ခဲ့ကြတယ်။

အေဒီ ၃၃၅ မှာ ဘိုင်ဇန်တိုင် ခရစ်ယာန်တွေက ဂျေရုဆလင်မြို့မှာ Church of Holy Sepulchre ခရစ် ယာန်ကျောင်းတော်ကြီးကို တည်ဆောက်ခဲ့ကြတယ်။

ဒါပေမယ့် ထူးခြားဖြစ်ရပ်တစ်ခုကတော့ အေဒီ ၆၃၈ ခုနှစ်မှာ ဂျေရုဆလင်ဟာ မွတ်စလင်တွေရဲ့ လက် အောက်ရောက်သွားခဲ့ခြင်းဖြစ်ပါတယ်။ ပထမ Caliph Umar ဟာ ဂျေရုဆလင်မြို့ကို သိမ်းပိုက်ခဲ့တယ်။ ပြီးတော့ အေဒီ ၆၉၁ မှာ Mosque of Umar ဗလီကြီး Dome of The Rock ကို အရင်က ဖြိုဖျက်ခံလိုက်ရတဲ့ ဂျူးကျောင်းတော်ကြီးနေရာမှာ မွတ်စလင်တွေက တည်ဆောက်ခဲ့ကြတယ်။

အဲဒီနောက်ပိုင်း ခရူးဆစ်စစ်ပွဲများ  Crusades ကာလအတွင်း ရံဖန်ရံခါ ခရစ်ယာန်တွေက ဂျေရုဆလင်ကို သိမ်းပိုက်နိုင်ခဲ့တာလွဲပြီး တောက်လျှောက်ဆိုသလို ဂျေရုဆလင်မြို့ဟာ မွတ်စလင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေခဲ့ပါတယ်။ ပထမကမ္ဘာစစ်ကာလ ၁၉၁၇ ခုနှစ်မှာ ဗြိတိသျှတို့က အောတိုမင် Othoman  အင်ပါယာကို တိုက်ခိုက် သိမ်းပိုက်လိုက်တော့မှသာ ဂျေရုဆလင်ဟာ ခရစ်ယာန်တွေနဲ့ ဂျူးတွေရဲ့လက်ထဲပြန်ရောက်လာပါတော့တယ်။

ဒီကနေ့ မြင်တွေ့နေကြရတဲ့ အစ္စရေးနိုင်ငံဟာ ဗြိတိသျှတို့က ဂျူးလူမျိုးများအတွက် အမိမြေတစ်ခု ပုံဖော်ဖန်ဆင်းဖို့ ကြိုးပမ်းချက်က ပေါက်ဖွားလာခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒေါ်နယ်ထရန့် လုပ်ရပ်အပေါ် ခရစ် ယာန်အများစုကလည်း ဝမ်းမြောက်ဝမ်းသာထောက်ခံကြမှာပါ။ အမေရိကန်နိုင်ငံက ဧဝံဂေလိ Evangelical အသင်းတော်ဝင် ၈ဝ ရာခိုင်နှုန်းက ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုလိုက်တဲ့အတွက် ထရန့်ကို ကောင်းချီးပေးခဲ့ကြပါ သတဲ့။

 

မင်းရွှေမောင်

 

Ref:

(1) This year in Jerusalem: The Economist, Dec9, 2017

(2) Jerusalem: The Judeo Christian Project; by Talmiz Ahmad, Outlook, Dec 25, 2017.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.