1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
အိမ်တွေမှာ တံခါးမတပ်တဲ့အရပ်

ကချင်ပြည်နယ်၊ ချင်းပြည်နယ် စတဲ့တောင်တန်းဒေသက အချို့ရွာငယ်လေးတွေဆီကို ရောက်ဖူးကြသူတွေက အိမ်တွေမှာတံခါး မတပ်ထားတဲ့အကြောင်းကို  တခုတ်တရ ပြောပြတာကို ကြားဖူးကြတယ်မဟုတ်လား။ တံခါးမရှိတဲ့ အိမ်ဆိုတာ အခုခေတ်တော့ အိမ်အင်္ဂါရပ်မပြည့်စုံတဲ့၊ မပြီးသေးတဲ့အိမ်ပဲဖြစ်မှာပေါ့။ အရင်ခေတ်တွေတုန်းက မြန်မာနိုင်ငံက တိုင်းရင်းသား အများစုရဲ့ အိမ်တွေဟာ အဲဒီလိုပဲ တံခါးရွက်မထား ဘဲ တည်ဆောက်နိုင်ခဲ့တာဟာ ဂုဏ် ယူစရာတစ်ရပ်ပါ။

ဘာဂုဏ်လဲဆိုတော့ ရိုးသားတဲ့ဂုဏ်ပဲပေါ့။ အိမ်ကိုထားပြီး တောင်ယာသွားရင် ဝင်ခိုးမယ့်သူမရှိ၊ ကျူး ကျော်မယ့်သူမရှိဆိုတဲ့ အရပ်ဟာ ဘယ်လောက်ချစ်ဖို့ကောင်းလဲ စဉ်းစားသာကြည့်။ အခုတော့ ဒီဓလေ့က တောင်တန်းဒေသက ရွာငယ်အချို့ မှာ နည်းနည်းပဲကျန်တော့တယ်။ အရံအတားမရှိတဲ့ အိမ်ဆိုတာ တော်တော် ရှားလာပါတယ်။ ဒါဟာ အိမ်နီးချင်းတွေကြားမှာ ယုံကြည်မှုပျောက်ဆုံး တယ်ဆိုတာကိုပြတဲ့အမှတ်လက္ခဏာ လို့ဆိုရင် နည်းနည်းတော့ လွန်သွားမလားပဲ။ ဒီခေတ်မှာ အိမ်တံခါးမပါတဲ့အရပ်ကို ရောက်ဖူးသူတိုင်းက အဲဒီအကြောင်းအရေးတယူ ပြောနေပြန်တော့လည်း သိပ်မလွန်လှဘူးလို့ ထင်မိပြန်တယ်။

ဒီလိုပဲ သန္နီသင်္ဂနပူရဆိုတဲ့  ရွာလေးတစ်ရွာမှာလည်း အိမ်တွေမှာ တံခါးမတပ်တာ အခုအချိန်အထိပဲ ဆိုတာသိရရင် အဲဒီကလူတွေအတွက် ဂုဏ်ယူစရာပဲလို့ ချီးကျူးကြမှာ သေချာတာပေါ့နော်။ အခုလို လောဘ၊ ဒေါသများတဲ့ခေတ်မှာ တံခါးတပ်စရာ မလိုတဲ့ ရွာရှိသေးတယ်ဆိုတာ ယုံတမ်းစကားပြောတယ် ထင်ကြမလားပဲ။

သန္နီသင်္ဂနပူရဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝဝ လောက်ကတည်းက အိမ်တွေမှာတံခါးရွက်မတပ်ဘဲ နေ ထိုင်ကြတဲ့ရွာအဖြစ်နဲ့ ကမ္ဘာမှာ နာမည်ကြီးပါတယ်။ တံခါးမရှိပေမယ့် ပစ္စည်းအပျောက်အရှ အလွန်နည်းလှတာဟာ အဲဒီရွာကလေးမှာ ရှိနေတဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ဒဏ္ဍာရီတစ်ပုဒ် ကစပြီး အခြေခံတယ်ဆိုရင်  အထူး အဆန်းပဲလို့ ဆိုချင်ဆိုကြမယ်ပေါ့။ ဒါပေမယ့် ဘာသာအစုံ၊ ကိုးကွယ်မှုအစုံ၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာအ စုံနဲ့ မတူညီမှုတွေအကြား အတူယှဉ် တွဲနေထိုင်တတ်တဲ့ အိန္ဒိယနိုင်ငံထဲက ရွာလေးတစ်ရွာပါဆိုရင်တော့ သိပ်မဆန်းတော့ဘူးပေါ့နော်။

အိန္ဒိယနိုင်ငံဟာ ကိုးကွယ်ယုံကြည်မှုနဲ့ပတ်သတ်ရင် အလွန်ဆန်းပြားသလောက် အမယ်များတဲ့ နိုင်ငံပါ။ အိန္ဒိယတစ်ခွင်က ကျေးလက်ဒေသတွေမှာ တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလို သူ့ယုံကြည်မှုနဲ့သူ သူ့နတ်နဲ့၊ သူ့ဘုရားနဲ့ ရှိနေတတ်တယ်ကြမဟုတ်လား။ သန္နီသင်္ဂနပူရ ရွာလေးကတော့  သူတို့ကို စနေနတ်ဘုရား အရှင်သန္နီက စောင့်ရှောက်တယ်လို့ ခံယူထားကြတယ်။ အိမ်တွေမှာ တံခါးရွက်မတပ်တာကလည်း စနေနတ်ဘုရားရဲ့ အလိုကျပဲပေါ့လေ။

ဒဏ္ဍာရီက လွန်ခဲ့တဲ့အနှစ် ၃ဝဝ လောက် ကစတာပါ။ သန္နီသင်္ဂ နပူရရွာလေးဟာ  ပါနက်စ်နာလဆို တဲ့မြစ်ကမ်းနှဖူးမှာ ရှိတယ်။ တစ်ချိန်ကျတော့ မိုးသည်းထန်ပြီး ရေကြီးရေလျှံတာကြောင့် ရွာသားတွေ တော်တော်ဒုက္ခ တွေ့သွားကြတယ်။ ရေပြန်ကျသွားတဲ့နောက် မြစ်ဆိပ်မှာ ထူးထူး ဆန်းဆန်း အနက်ရောင် ကျောက်ပြားတစ်ချပ်ကို တွေ့ကြရတယ်။ ထောင်လိုက်ရင် အမြင့်ကတစ်မီတာခွဲလောက်မြင့်မယ့် ကျောက်ပြားကို ရွာသားတွေက ထိကိုင်မိလိုက်တဲ့အခါ သွေးစိမ်းရှင်ရှင်တွေကျလာလို့ ထိတ်လန့်သွားကြတယ်။

ညရောက်တော့  စနေနတ်ဘုရားက ရွာသူကြီးကို အိပ်မက်ပေး ပြီးကျောက်ပြားနက်က သူ့ရဲ့ကိုယ်ပွားလို့ မိန့်ကြားတယ်။  ရွာသားတွေအနေနဲ့ ကျောက်ပြားနက်ကို နေရာရွှေ့ပြီး ကိုးကွယ်ပသမယ်ဆိုရင် ရွာလေးကို ဘေးရန်အပေါင်းကနေ ကာကွယ်ပေးမယ်လို့လည်း ကတိပေးတယ်။ ဒါပေမယ့် စနေနတ်ဘုရားက ကတိတစ်ခုတော့ ပြန်တောင်းတယ်။ ကျောက်ပြားနက်မှာရှိတဲ့  အနန္တတန်ခိုးတော်တွေဟာ အမိုးအကာအောက် က ကင်းမှ အစွမ်းထက်မြတ်မှာဖြစ်ပြီး တစ်ရွာလုံးကို သူကစောင့်ကြည့် တဲ့အခါမှာ ဘယ်လိုဖုံးကွယ်မှုမျိုးမှ ကာရံမနေစေဖို့ လိုတယ်လို့ဆိုတယ်။ ဒီလိုထားပြီး ပူဇော်ပသမယ်ဆိုရင် ရွာလေးကိုဘေးအန္တရာယ်ကင်းအောင် စောင်မကြည့်ရှုပေးမယ်လို့ ရွာသူကြီးကို အိပ်မက်ပေးခဲ့တယ်။

နောက်ရက်ကျတော့ ရွာသားတွေက အမြင့်တစ်နေရာမှာ ကျောက်ပြားနက်ကို ထောင်ပြီး နတ်ကွန်း တစ်ခုလို စီမံလိုက်ကြတယ်။ စနေနတ်ဘုရားရဲ့ အလိုအတိုင်း ကျောက်ပြားနက်ကို ဘာအမိုးမှ မမိုးတဲ့အပြင်၊ သူတို့ရဲ့ အိမ်တံခါးတွေကိုလည်း ဖြုတ်ပစ်လိုက်ကြဖို့ အားလုံးတညီ တညွတ်တည်း ဆုံးဖြတ်လိုက်ကြတယ်။ ရွာအတွက် တံခါးရွက်ရှိမစရာ မလိုဘူး။ အဲဒီအစား နတ်ဘုရားက စောင့်ရှောက်လိမ့်မယ်လို့အားလုံးက ယုံကြည်ကြတယ်။ ဒါကြောင့် ရွာရဲ့အိမ်တွေမှာ ကျည်းပေါင်ခွေပြီး ဝင် ပေါက်လုပ်ပေမယ့် တံခါးတပ်မထားတာပါပဲ။

အခုတော့ သန္နီသင်္ဂနပူရဟာ ရွာဆိုပေမယ့် မြို့ငယ်သာသာ လောက်ဖြစ်လာပါပြီ။ အစက ပျဉ်ထောင်အိမ်နေရာမှာ တိုက်ခံအိမ်တွေ တိုက်အိမ်တွေဖြစ်လာပေမယ့် တံခါးမတပ်တာကတော့ အခုအချိန်အထိပါပဲ။ ကျောက်ပြားနက်ကိုလည်း  အနယ်နယ်အရပ်ရပ်က ယုံကြည်သူတွေက သူတို့ရဲ့အိမ်တွေမှာ ဘေးရန် ကင်းဖို့အတွက် လာရောက်ပူဇော်ကြတာနဲ့ မျက်မှောက်ခေတ်မှာ တံခါးမတပ်တဲ့ အိမ်တွေ ရှိရာအရပ်အဖြစ် ကမ္ဘာလှည့်တွေ လာရောက် ကြည့်ရှုလည်ပတ်တာကြောင့် မြို့ငယ်အသွင် ပြောင်းလာခဲ့တာပါ။ ကျောက်ပြား နက်ကို လာရောက်ပသသူနဲ့ လာကြည့်ကြသူဆိုရင်လည်း တစ်ရက်ကို လူပေါင်းလေးသောင်းလောက်အထိ ရှိတယ်ဆိုတော့ ရွာလေးကဖွံ့ဖြိုးပြီပေါ့။ ဒီတစ်ချက်တည်းနဲ့ပဲ ကျောက်ပြားနက်ရဲ့အစွမ်းနဲ့ ရွာလေးက ကမ္ဘာသိ ထင်ရှားဖြစ်သွားတယ်။

လက်ဝတ်လက်စား၊ ရွှေငွေတွေကို အိမ်မှာထားပြီးအပြင်ကို စိတ်ချလက်ချ ထွက်သွားတာတောင်  နည်းနည်းမှ အပျောက်အရှမရှိဘူးလို့ဆိုတယ်။ ညရေးညတာ စိတ်မလုံမှာစိုး သူအချို့ကတော့ တံခါးဝမှာပျဉ်ချပ်ကလေး အသာထောင်ပြီး အိပ်ကြပေမယ့် ဘယ်သူကမှ အသေမတပ်ကြဘူးတဲ့။ ရွာသားတွေက စနေနတ်ဘုရားနဲ့ ကျောက်ပြားနက်ကို ဘယ်လောက်တောင်မှ ယုံကြည်သလဲဆိုရင် ရွာထဲကအများသုံးအိမ်သာကိုတောင်မှ တံခါးမတပ်ဘဲလိုက်ကာ လေးသာ တပ်ပေးထားကြတယ်။

သန္နီသင်္ဂနပူရမှာ အသစ်တည်ဆောက်တဲ့ အဆောက်အအုံတွေ ဆိုရင်လည်း ဒီအစဉ်အလာကို တတ်နိုင်သမျှ လိုက်နာကြတယ်။ ၂ဝ၁၅ ခုနှစ် စက်တင်ဘာက စတင်တည်ခဲ့တဲ့ ရဲစခန်းဆိုရင် ရှေ့တံခါးကို ဟောင်းလောင်းထားရတယ်။

၂ဝ၁၁ ခုနှစ်က စပြီးဖွင့်လှစ်ခဲ့တဲ့ United Commercial Bank ဆိုရင် အိန္ဒိယမှာ  ပထမဆုံးသော့မခတ်တဲ့ ဘဏ် ဖြစ်လာခဲ့ပါတယ်။ ရွာခံတွေအ တွက် ဘယ်လိုပဲ အယုံအကြည်ရှိပေမယ့် ဘဏ်ဆိုတော့လည်း တံခါးမရှိတာက စိတ်မချစရာ မဟုတ်လား။ ဒီတော့ အဝင်အထွက်နေရာကို တံခါးအစား နတ်ဘုရားလှမ်းမြင်နိုင်အောင် မှန်ချပ်တွေနဲ့ကာပြီး  အလိုအလျောက် ဖွင့်ပိတ်တဲ့ စနစ်ကိုပဲထား ပေးရတယ်။ ရွာသားတွေရဲ့ ယုံကြည်မှုကို လေးစားခြင်းအားဖြင့် ဘဏ်ကမှန်ပဲကာထားတာလို့ ဆိုကြပါတယ်။ တကယ်လို့ မှန်တံခါးပုံစံအဖြစ်မျိုးအဖြစ် မြင်ရရင်လည်း အဲဒီတံခါးမှာ အသေပိတ်နိုင်တဲ့ သော့ခလောက် မထားတဲ့အထိပါပဲ။

ဒါကြောင့် မိသားစုတစ်စု ခရီးထွက်ရင် အိမ်နီးချင်းတွေကဝိုင်းပြီး စောင့်ရှောက်ပေးကြတယ်။ သူခိုးတွေဆိုရင် အရင်က ချက်ချင်းမျက်စိကွယ် တတ်တယ်လို့ ဆိုကြတယ်။ အခုအခါမှာတော့ ပစ္စည်းခိုးမိတဲ့သူဟာ ခုနစ် နှစ်ခွဲလောက်က မျက်နှာမပြရဲ လောက်အောင် အရှက်ရစရာတွေနဲ့ ကြုံတတ်တယ်လို့ ဆိုတယ်။ အချို့ကတော့ နာတာရှည်ရောဂါသည် ဖြစ်သွားတယ်လို့လည်း ပြောကြတယ်။ ဒါ့အပြင် ရွာသားတစ်ယောက်က သူ့အိမ်မှာ သစ်သားတံခါးတပ်လိုက်တာနဲ့ နောက်နေ့မှာ ယာဉ်တိုက်မိဖြစ်တာတို့၊ အခြားထိခိုက်မှုဖြစ်တာမျိုးတွေနဲ့ လူကိုခိုက်တတ်တယ်လို့ ယုံကြည်ကြတယ်။

၂ဝ၁ဝ ခုနှစ်တုန်းကတော့ ခရီးသွားတစ်ဦးက သူ့ကားထဲက ပိုက်ဆံနဲ့ အခြားပစ္စည်း စုစုပေါင်း တန်ဖိုး ၃၅ဝဝဝ ရူပီးလောက် ပျောက်ဆုံးဖူးတယ်လို့ ပြောဖူးသလို ၂ဝ၁၁ တုန်းက ရူပီး ၇ဝဝဝဝ လောက်တန်တဲ့ ရွှေ ထည်လက်ဝတ်လက်စားပျောက်တယ်လို့ ဧည့်သည်တစ်ဦးက တိုင်ဖူးပါတယ်။ ရွာရဲ့သမိုင်းမှာ ဒီနှစ်ကြိမ်လောက်ပဲ ပစ္စည်းပျောက်အမှု ဖွင့်ခဲ့ဖူးတယ်။

ရွာသားတွေကတော့ သူခိုးတွေ့ ပြီဆိုရင် ရွာအပြင်ထုတ်ပြီး လူ့အသိုက်အဝန်းက ဖယ်ကြဉ်လိုက်တာမျိုးနဲ့ အပြစ်ပေးလေ့ရှိကြတယ်။ နောက်ပိုင်းမှာ သူခိုးမိပြီဆိုရင်လည်း ရွာခံတွေထဲက မဟုတ်ဘဲ ဧည့်သည်အချင်းချင်းကြား ပါလာတဲ့ သူခိုးပဲ ဖြစ်တာများတော့ ပျောက်သူတွေလည်း သန္နီသင်္ဂန ပူရရွာလေးရဲ့ဂုဏ်ကို သံသယမရှိဘဲ သဘောကျသွား တာများပါတယ်။  လက်ရှိအချိန်အထိ ရွာခံတွေက သူတို့ကို စနေနတ်ဘုရား သန္နီအရှင်က စောင့်ရှောက် တယ်လို့ခံယူပြီး အိမ်ဆောက်ရင် တံခါးမတပ်ဘဲထားကြဆဲပါ။

သန္နီသင်္ဂနပူရက ရွာခံ အများစုက ဟိန္ဒူဘာသာကိုးကွယ်ကြသူတွေပဲ ဖြစ်ပါတယ်။ ရွာလေးက အိန္ဒိယနိုင်ငံ မဟာရာသျှတြပြည်နယ်မှာ တည်ရှိပါတယ်။  ဘယ်လို အကြောင်းပြချက် မျိုးနဲ့ဖြစ်ဖြစ် သူခိုးသူဝှက်ကင်းစင်တဲ့ လူ့အသိုက်အဝန်းတစ်ခု တည် ဆောက်နိုင်တယ်ဆိုတာ တကယ့်ကို ချီးကျူးစရာပါပဲ။ မျက်မှောက်ခေတ် ကာလအထိ အိမ်တံခါးမတပ်ဘဲထား နိုင်တယ်ဆိုတော့ ပိုပြီးဂုဏ်ယူစရာပေါ့။ အခုအချိန်က အိမ်တွေမပြောနဲ့ နိုင်ငံတွေ အချင်းချင်းကြားမှာတောင် ခြံစည်းရိုး ခတ်နေရတဲ့ခေတ်ကြီးထဲမှာ ကိုယ့်အိမ်ထဲ မတော်လောဘနဲ့ ဝင်လာသူမရှိဆိုတော့ သူခိုးရန်သာမက မသူတော်ရန်ပါ မရှိဆိုတဲ့ သဘောမျိုးပါပဲ။

မြန်မာမှာ တစ်ချိန်က တိုင်းရင်းသားတွေရဲ့ ရွာတွေ၊ ပင်လယ်ကမ်းနဖူးက ရွာလေးတွေမှာ ဒီလိုရှိခဲ့ဖူးတယ်ဆိုတော့ အတိတ်မှာ စာရိတ္တရေးရာ လှပခဲ့ဖူးတယ်လို့ဆိုမှာပေါ့နော်။ အခုအချိန်မှာတော့ တိုင်းရင်းသားကျေးရွာထဲမှာ နမူနာအဖြစ်ပြန် ဆောက်ပြထားတဲ့ အိမ်အချို့ကို အလည်သွားကြည့်ရင်း တစ်ချိန်က တံခါးမရှိတဲ့ အိမ်တွေအကြောင်း အလွမ်းဖြေရုံပဲရှိတော့တယ်လို့ တွေး နေမိပါတယ်။

သုနန္ဒခေတ်

သုနန္ဒခေတ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.