25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
လှေကားထစ်စိုက်ခင်းနဲ့ ကမ္ဘာကျော်တဲ့ အရပ်

တောင်လှေကားမြို့တော်လို့ လှေကားထစ်စိုက်ခင်းတွေနဲ့ ထင်ရှားတဲ့ တောင်ပေါ်ဒေသတွေဆိုတာ ကမ္ဘာမှာ အများကြီးပါ။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ တောင်လှေကားထစ် စိုက်ခင်းတွေဆိုရင်လည်း  မျက်စိပသာဒအရ ဆွဲဆောင်ကြလွန်းလို့ ပထမဆုံးအကြိမ်ရောက်ဖူးတဲ့ အောက်ပြည်အောက်သားတွေဆိုရင် ဘာမှမတွေးနိုင်လောက်အောင် ထိုင်ငေး ကြည်နူးနေမိတတ်ကြတယ် မဟုတ်လား။

ဒီလိုပဲ အိန္ဒိယနိုင်ငံ ဒါချီလီ အရပ်က လှေကားထစ် လက်ဖက်စိုက် ကွင်းတွေဆိုရင်လည်း မြင်ကွင်းအလှက ရှုမောမဆုံးမို့ ဇာတ်ဝင်ခန်းရှာသူ တွေ မကြာခဏ မျက်စိကျလေ့ရှိတတ် တဲ့အထိ ဖြစ်နေရပါတယ်။ 

ဒါပေမယ့် တောင်လှေကားထစ် တွေနဲ့ ရင်သပ်ရှုမောလောက်စရာ လှပတယ်ဆိုတာလောက်နဲ့ ကုလသမဂ္ဂပညာ၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)ရဲ့ ထိန်းသိမ်းမှုအောက်အလွယ်ရောက်မယ်လို့ မျှော်လင့်လို့ဘယ်ဖြစ်မလဲ။ ကမ္ဘာအနှံ့မှာ တောင် လှေကားထစ် စိုက်ခင်းတွေက နည်းတာမှ မဟုတ်တာ။

ဒီနေရာမှာ ဖိလစ်ပိုင်နိုင်ငံ Ifugo ပြည်နယ်က Banuae လှေကားထစ် စပါးစိုက်ခင်းက ကမ္ဘာ့အံ့ဖွယ် စာရင်းအချို့မှာ နံပါတ် (၈) နေရာကလည်းလိုက်သလို ယူနက် စကိုကတောင် ထိန်းသိမ်းပေးရတဲ့ အထိဆိုတော့ အခြားလှေကားထစ် တွေထက် ဘာတွေပိုထူးပြီး ဘယ်လိုလူမျိုးတွေရဲ့ အမွေအနှစ်လဲဆိုတာ သိချင်စရာကောင်းသွားတာပေါ့။

သမိုင်းမှတ်တမ်းတွေအရတော့ Banaur လှေကားထစ်စပါးစိုက်ခင်းကို နှစ်ပေါင်း ၂ဝဝဝ ကျော်သတ်တမ်းလို့ ရေးထိုးထားပါတယ်။ ဒါပေမယ့် Ifugao တောင်စဉ် တောင်တန်းတွေမှာရှိတဲ့ အဲဒီစိုက်ခင်းက ဒေသခံ တိုင်းရင်းသားတွေရဲ့ ပါးစပ်ရာဇဝင် အရဆိုရင် နှစ်ပေါင်း ၂ဝဝဝ ကျော်မက ဟိုးထောင်စုနှစ်တွေကတည်းက ရှိခဲ့တယ်လို့ ဆိုကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအချိန်ကတည်းက ဒေသခံ Ifugao တိုင်းရင်းသားတွေရဲ့ အင်ဂျင်နီယာအတတ်ပညာနဲ့ လူလုပ်တောင်လှေကားထစ်စိုက်ခင်းကြီးတွေ ပေါ်ထွက်လာအောင် ဖန်တီးနိုင် စွမ်းကိုတော့ ယူနက်စကိုက မျက်နှာလွှဲမရအောင် ဖြစ်သွားတာတော့ အ မှန်ပါပဲ။

အရှေ့နဲ့ အနောက်က လူတွေကိုကြည့်လိုက်ရင် အာရှသားတွေထက် အနောက်နဲ့ ဥရောပသားတွေကို မှတ် တမ်းမှတ်ရာမှာ ပိုပြီးစနစ်ကျတတ်တဲ့ သဘောက လှေကားထစ် စပါးခင်းတွေရဲ့ သတ်တမ်းကိုအဆုံးအ ဖြတ်ပေးလိုက်တယ်လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။ ၁၉ဝ၅ ခုနှစ်က Otley Beyer ဆိုတဲ့ အမေရိကန် မနုဿဗေဒ ပညာရှင်တစ်ယောက်က သူ့ဘဝရဲ့ နောက်ဆုံးအချိန်တွေကို Ifugao မှာ လေ့လာရင်းနဲ့ ကုန်ဆုံးမယ်ဆိုပြီး ရောက်လာပါရော။ သူ့လေ့လာမှုအရ အင်ဒိုချိုင်းနားက လယ်လုပ်တတ်တဲ့ သူတွေ Ifugao ကိုလာပြီး အခြေချရာက တောင်လှေကားထစ်စပါးခင်းတွေ ပေါ်လာတယ်လို့ မှတ်တမ်းတင်လိုက်တာကြောင့် နှစ်ပေါင်း ၂ဝဝဝ သက်တမ်း ရယ်လို့ ဖြစ်လာရပါတယ်။

Beyer က ဒေသခံတွေဟာ မျိုးရိုးစဉ်ဆက်က သုံးခဲ့တဲ့ ရိုးရာလယ်ယာသုံးပစ္စည်းတွေနဲ့ တောင်တွေမှာ လှေ ကားထစ်စိုက်ခင်းကြီးကို ဖော်ကြတဲ့အပြင် ကမ္ဘာမြေကြီးရဲ့ မြေဆွဲအားကို နားလည်ပြီး တောင်ခါးပန်းတစ် လျှောက်က စိုက်ကွင်းတွေဆီအရောက် ရေသွယ်မြောင်းတွေ ဖောက်တဲ့နေရာမှာလည်း အလွန်ခေတ်ရှေ့ပြေးတယ်လို့ မှတ်တမ်းတင်ထားပါတယ်။

နောက်ထပ်ပညာရှင် တစ်ဦးဖြစ်တဲ့ Dulawan ကလည်း လှေကားထစ်စပါးခင်တွေဟာ ရင်သပ်ရှုမော လောက်စရာ သက်သက်မျှမက ဒေသတွင်းက နေထိုင်သူတွေရဲ့ ဘဝကိုပါ အဓိကပြောင်းလဲစေခဲ့တဲ့ အရာ လို့ဆိုတယ်။

အထူးခြားဆုံးကတော့ ဒီလောက်ကြီးမားကျယ်ပြန့်တဲ့ လှေကားထစ်စိုက်ခင်းတွေကို ဖော်ခဲ့တဲ့သမိုင်းမှာ ပါဝင်လုပ်ကိုင်သူတွေအကြောင်းကို ဒီနေ့ခေတ်ရဲ့ လူ့အခွင့်အရေး စာမျက်နှာ၊ အဓမ္မခိုင်းစေတဲ့ အမှုအခင်းတွေနဲ့ မညီမျှခြင်းတွေ အမြဲတွဲပါနေတတ့်တဲ့ ကမ္ဘာအနှံ့ကအခြား ဖြစ်ရပ်တွေနဲ့ချိန်ထိုးပြီး သမိုင်းကြောင်း ကောက်ကြည့်လိုက်တဲ့အခါ နိုင်လိုမင်းထက်လုပ်စေခဲ့ခြင်း မရှိတဲ့အပြင် အသေအပျောက် အထိအခိုက် မတွေ့ရခြင်းက ထူးခြားတယ်လို့ ဆိုပါတယ်။ သဘောကတော့ အဲဒီ လှေ ကားထစ်စပါးခင်းရဲ့ ရာဇဝင်မှာ အနိဋ္ဌာရုံမရှိ၊ အမည်းစက်မရှိဆိုတာ ဆန်းတယ်လို့ ဆိုချင်တာပဲ။ 

ဖိလစ်ပိုင်က Ifugao ဆိုတာ ပြည်နယ်အမည်၊ တောင်တန်းအမည်နဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့အမည်ပါ။ ဥပမာ ရှမ်းပြည်နယ်၊ ရှမ်းတောင်တန်း၊ ရှမ်းလူမျိုးလို့ ဆိုကြသလိုပေါ့။ ၂ဝဝဝပြည့်နှစ်က သန်းခေါင်စာရင်းအရဆိုရင်တော့ Ifuga0 မှာ အိမ်ခြေ ၃၉၅၂ လုံးနဲ့ လူဦးရေ ၂ဝ၅၆၃ လို့ ရေးထိုးထားပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅ဝဝဝ အမြင့်မှာရှိပြီး မုတ်သုံသစ်တောဖုံးလွှမ်းထားတဲ့ ဧရိယာက မိုင် ၄ဝဝဝ ပတ်လည်ဆိုတော့ နည်းတဲ့ တောင်တန်းဒေသ မဟုတ်ဘူးပေါ့လေ။ အဲဒီလို တောင်တန်း၊ တောင်စောင်းတွေမှာ လူအင်အား၊ တိရစ္ဆာန်အားနဲ့ ရှေးလယ်ယာသုံး ပစ္စည်းတွေရဲ့ အားကိုသုံးပြီးကျယ်ပြန့်တဲ့ လှေ ကားထစ်စပါးခင်းတွေဖြစ်အောင် လုပ်ရုံတင်သာမက ရှေးဟောင်းဆည်မြောင်းစနစ်ရဲ့ ရေသွင်းစိုက်ပျိုးမှုကိုပါ အောင်မြင်အောင် ကြံဆောင်နိုင်ခဲ့လို့ Ifugao ရဲ့ဥာဏ်ရည်ဥာဏ်သွေးနဲ့ လုပ်ရည်ကိုင်ရည်ကို ထင်ထင်ရှားရှား ဝံ့ကြွား ပြလိုက်သလို ဖြစ်နေတော့တာပါပဲ။

Ifugao ပြည်နယ်အနေနဲ့ကတော့ ၁၉၆၆ခုနှစ် ဇွန်လ ၁၈ရက်ကမှ ဥပဒေအမှတ် ၄၆၉၅ အရ သီးခြားပြည်နယ်အဖြစ် သတ်မှတ်လိုက်တာပါ။ အရင်ကဆိုရင် တောင်တန်းဒေသကြီး တစ်ခုသက်သက်ပဲ ဖြစ်ခဲ့ပါတယ်။ Ifugao ဆိုတာကတော့ IPUGO ဆိုတဲ့အမည်က ဆင်းသက်လာတာပါ။ ဒေသခံတွေရဲ့ စကားအရ PUGO ဆိုတာက 'တောင်ကုန်း'လို့ အဓိပ္ပာယ်ရပြီး ရှေ့ဆုံးက ‘I’ က 'မှ' လို့ဆိုတယ်။ တောင်ကုန်းကလူတွေပေါ့လေ။

Ifugao က ဒုတိယကမ္ဘာစစ်ကြီး ပြီးခါနီးတုန်းက 'မလေးရှား ကျား'လို့ နာမည်ကြီးတဲ့ ဗိုလ်ချုပ်ယာမာရှီတာ နောက်ဆုံး ခြေကုပ်ယူတဲ့ နေရာဖြစ်ခဲ့ဖူးပါတယ်။ အဲဒီမှာရှိတဲ့ ဖိလစ်ပိုင်နဲ့အမေရိကန်တပ်တွေကို ပြင်းပြင်းထန်ထန် ခံစစ်ဆင်မယ်လို့ ကြုံးဝါခဲ့ပေမယ့် နောက်ဆုံးတော့ ဂျပန်ဗိုလ်ချုပ် အညံ့ခံရတဲ့ နေရာဖြစ်ခဲ့ဖူးတယ်ပေါ့ လေ။

နောက်ပိုင်းမှာ ရိုးရာမပျက် စပါးစိုက်ခင်းတွေနဲ့ ရှင်သန်နေထိုင်ကြရင်းက မျိုးဆက်သစ်တွေဟာ တောနယ်အရပ်ကို စွန့်ခွာတတ်တဲ့ ထုံးစံအတိုင်း လယ်သမား တဖြည်းဖြည်း နည်းခဲ့ပါတယ်။ ဒါ့အပြင် ၁၉၉ဝ ပြည့်နှစ်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အပျက်အစီးများခဲ့သလို Ifugao မြေမှာရှိတဲ့ တီကောင်တွေကအစ သေကျေပျက်စီးတာကလည်း သဘာဝ ကပေးထားတဲ့ အလိုအလျောက် မြေ သြဇာဖြစ်ထွန်းတဲ့စနစ်ဟာ ပျက်စီးလုနီးနီး ပြောင်းလဲသွားပါတယ်။ အ ချို့ဆိုရင် မိသားစုလိုက် နေရပ်စွန့်ခွာကြတာကလည်း တောင်လှေကားစပါးခင်းတွေ တိမ်ကောတော့မယ့်ကိန်း ဆိုက်ခဲ့ဖူးတဲ့အထိပါ။

ဒါပေမယ့် ယူနက်စကို ထိန်းသိမ်းမှုအောက်ရောက်လာသလို ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားမှုပိုလာတဲ့ အချက်က စပါးခင်းတွေ ပြန်လည်စိမ်းလန်းစေဖို့ ဖြစ်လာတော့တာပါပဲ။ စပါးခင်းတွေကို ပိုင်ဆိုင်တဲ့အခါမှာလည်း ဘယ်မိသားစုက လှေကားထစ်စိုက်ခင်း ဘယ်နှကြောင်းဆိုတာကို ခွဲခြားသတ်မှတ်ထားပါတယ်။ စပါးဖြစ်ထွန်းလို့ ဒေသပြင်ပကို တင်ပို့ရောင်းချခြင်းနဲ့သာ အသက်မွေးခဲ့ကြသူတွေပါ။ တစ်ခါ ၂ဝ၁၅ ခုနှစ်တုန်းကတော့ အယ်နီညို လှိုင်းရိုက်ခတ်တဲ့ဒဏ်ကြောင့် လယ်ရှင်တွေဟာ ကိုယ်စားဖို့အတွက် ဆန်ကို အခြားဒေသတွေက ပြန်ဝယ်ချက် စားရတဲ့အဖြစ်လည်း ကြုံခဲ့ရဖူးပါတယ်။

Ifugao တိုင်းရင်းသားတွေက ဒေသိယစကားတော်တော်များများ တတ်ကြပါတယ်။ တူဝါလီလို၊ အယန်ဂန်လို စကားတွေပြောသလို ဒေသသုံးရုံးသုံးစကားတွေဖြစ်တဲ့ အီလိုကာနိုနဲ့တာဂလိုဂ်စကားတွေကိုလည်း ပြော လေ့ရှိကြပါတယ်။ အင်္ဂလိပ်စကားကိုလည်း ချောချောမောမော ပြောနိုင်တဲ့ ခေတ်ပညာတတ်တွေလည်းထွက်လို့ ခရီးသွားလုပ်ငန်းအတွက်လည်း ပိုပြီးအထောက်အကူ ဖြစ်သွားတာပေါ့။

လှေကားထစ် စပါးခင်းနဲ့ ကမ္ဘာကျော်တဲ့ အရပ်ဖြစ်တာကြောင့် တစ်နှစ်တာအတွက် ပွဲလမ်းသဘင်တွေဟာ စပါးနဲ့မကင်းတာတွေချည်း ဖြစ်နေတာလည်းဆန်းပါတယ်။ လယ်ထွန်မင်္ဂလာပွဲကနေ ကောက်ရိတ်သိမ်းပွဲအထိ ဆန်စပါးကို အကြောင်းပြုတဲ့ ပွဲတွေကို ကျင်းပတတ် ကြပါတယ်။

Ifugao မှာ ဇွန်လဟာ စပါးရိတ်သိမ်းလေ့ရှိတယ်ဆိုတော့ မြန်မာရာသီဥတုနဲ့ မတူတာတော့ သေချာပြီ ပေါ့နော်။ ဇွန်လဆိုရင်တောင်စောင်း၊ တောင်ကြားတွေမှာ ရွှေဝါရောင်စပါးနှံတွေက နေရောင်အောက်မှာ ဝင်းမှည့်ပြနေလို့ အရမ်းလှတဲ့ အချိန်ပါ။ ဆောင်းရာသီကလွဲရင်ကျန်တဲ့ အချိန်တွေမှာမိုးများလွန်းလို့ အလည်အပတ် ခရီးသွားနည်းတဲ့ ရာသီလို့ ဆိုရပါမယ်။ ခြေလျင် တောင်တက် ဝါသနာအိုးတွေအတွက်တော့ စပါးခင်း ကွေးကွေးကောက်ကောက်လေး တွေကို ကြည့်ရင်းတက်ရတာကြောင့် အခြားတောင်တန်းတွေနဲ့မတူတဲ့ ထူးခြားချက်မျိုး ပေးစွမ်းနိုင်တယ်လို့ ခံစားကြရပါတယ်။ ခြေလျင်ခရီးထွက်ရင် သဘာဝရေအိုင်လေးတွေမှာ ရေ စိမ်နိုင်ခွင့်ကလည်း စည်းစိမ်တစ်မျိုးပဲလို့ မှတ်ယူကြပါတယ်။

စပါးစိုက်တာကလွဲလို့ ကျန်တဲ့ စီးပွားရေး မရှိလောက်လို့ ဆိုရမယ့ှ်ုကါသေ တောင်တန်းဒေသဟာ စက်မှု အသွင်မပါဘဲ လက်မှုသက်သက် လယ်ယာစနစ်ကို လေ့လာချင်သူတွေလာ ကြည့်ကြတဲ့နေရာဖြစ်နေပါပြီ။ ဒါကြောင့် တောင်လှေကားထစ် စပါးခင်းတွေဟာ ဒေသခံတွေရဲ့ ဝမ်းစာအတွက်သာမက ဒေသရဲ့ထင်ရှားတဲ့ ကမ္ဘာကျော် ပြယုဂ်ကြီးတစ်ခုလို ဖြစ်နေပါတော့တယ်။

သုနန္ဒခေတ်

သုနန္ဒခေတ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.