25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
2017 အမှတ်တရ မြန်မာနိုင်ငံရောက် ပုပ်ရဟန်းမင်းကြီးရဲ့ သမိုင်းမော်ကွန်း

တစ်နှစ်ကုန်လို့ နှစ်သစ်ရောက်လာတော့ နှစ်ဟောင်းမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်များကို ပြန်ပြောင်းတွေး တောကြည့်တတ်ကြပါတယ်။ ၂ဝ၁၇ ခုနှစ်ထဲမှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်ပေါင်းများစွာအနက် ထူးခြားတဲ့ဖြစ်ရပ်တစ်ခုကတော့ နိုင်ငံတော်  သမ္မတဦးထင်ကျော်ရဲ့ ဖိတ်ကြားချက်အရ ပုပ်ရဟန်းမင်းကြီးဖရန်စစ် Pope Francis မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။

ထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံသို့ ရိုမန်ကက်သလစ် ဂိုဏ်းတော်ကြီးရဲ့ အခေါင်အဖျားထိပ်ထားဦးသျှောင် ပုပ်ရဟန်းမင်းကြီး ကိုယ်တော်တိုင် ကြွရောက်လာတယ် ဆိုတော့ ဒါဟာ သမိုင်းမော်ကွန်းတင် လောက်တဲ့ ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေက ၅၇ သန်းလောက်ရှိတဲ့ ထဲက ၉ဝ ရာခိုင်နှုန်းလောက်ဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတယ်။ ပြီးတော့  မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာရဟန်းသာမဏေများနဲ့ သာသနာ့နွယ်ဝင် သီလရှင်ပေါင်း ခြောက်သိန်းလောက်ရှိတယ်။ မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင် အများဆုံးရှိရင် လေးရာခိုင်နှုန်း လောက်ပဲရှိမယ်ထင်ပါတယ်။ ဒါပေမယ့် ပုပ်ရဟန်းမင်းကြီးကတော့ ခရစ်ယာန်ဘာသာဝင် အနည်းအများကို ကြည့်မနေဘဲ အများပြည်သူအားလုံး ကောင်းကျိုးအတွက် မြန်မာနိုင်ငံကို မဆိုင်းမတွ  ကြွရောက်ချီးမြှင့်ခဲ့တယ်ထင်ပါရဲ့။

သံခင်းတမန်ခင်း

မြန်မာနိုင်ငံရဲ့လွှတ်တော်က Vitacan City (Holg See)  ဗာတီကန်မြို့ပြနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ထူထောင်နိုင်ဖို့အတွက် ၂ဝ၁၇ ခုနှစ်၊ မတ်လမှာ အတည်ပြုပေးခဲ့တယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ဝ၁၇၊ မေလ ၄ ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီးနဲ့တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်မယ်လို့ ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။ သြဂုတ်လမှာ Archbishop Paul Tschang In-Nan ဟာ မြန်မာနိုင်ငံဆိုင်ရာ ပထမမြောက် Apostolic Nuncio ဖြစ်လာခဲ့ပါတယ်။ နိုဝင်ဘာလမှာ ဦးစံလွင်ဟာ Holy See ဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်လာခဲ့တယ်လို့ ဆိုတယ်။ ထူးခြားတဲ့ အချက်ကတော့ နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ထူထောင်ဖို့ ဆုံးဖြတ်ခဲ့ ကြပြီးနောက် ခြောက်လကျော် ခုနစ် လအကြာမှာ ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံရောက်လာခဲ့ခြင်းဖြစ်ပါတယ်။

မေတ္တာနဲ့ငြိမ်းချမ်းရေး ခရီးသည်

ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွက် အမှတ်အသားသင်္ကေတ Logo ဟာ မေတ္တာနဲ့ငြိမ်းချမ်းရေး Love & Peace  ဖြစ်ပါတယ်။ အသည်းနှလုံးပုံကို ဖဲကြိုးနှစ်ခု ချိတ်ဆက်ပြီး ပုံဖော်ထားတယ်။ ဖဲကြိုးတစ်ခုရဲ့အရောင်က ဝါစိမ်းနီ။ နောက်ဖဲကြိုးတစ်ခုရဲ့ အရောင်က အဖြူအဝါ။ ဝါစိမ်းနီက မြန်မာပြည်ကိုကိုယ်စားပြုပြီး အဖြူအဝါကဗာတီကန်ကို ဖော်ညွှန်းတယ်။ အသည်းပုံရဲ့ အလယ်မှာ မြန်မာနိုင်ငံမြေပုံနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ပုံပါရှိတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ လက် တစ်ဖက်က အပေါ်မြှောက်ထားပြီးလက်ပေါ်မှာ ငွေချိုးဖြူတစ်ကောင်နားနေတယ်။ ဒါကငြိမ်းချမ်းရေး နိမိတ်ပြချိုးဖြူငှက်ကလေးပါ။ ပုပ်ရဟန်းမင်းကြီးကတော့ မြန်မာပြည်သူပြည်သားများကို မေတ္တာမျှဝေ ပေးပြီး မြန်မာပြည်ကြီးကို ငြိမ်းချမ်းစေချင်တဲ့ သဘောထင်ပါရဲ့။

ပုပ်ရဟန်းမင်းကြီးဟာ မြန်မာပြည်ကို နိုဝင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းမှာ အထူးလေယာဉ်နဲ့ ဆိုက်ရောက်လာခဲ့ပြီး နိုဝင်ဘာလ ၃ဝ ရက်နေ့ မွန်းလွဲပိုင်းမှာ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်တစ်လျှောက်မှာ ဗုဒ္ဓဘာသာဝင်တွေရော ခရစ်ယာန်ဘာသာဝင်တွေကပါ နွေးထွေးစွာကြိုဆိုဧည့်ခံခဲ့ကြပါတယ်။ ဒီခရီးစဉ်ဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် သားစဉ်မြေးဆက်မေ့မရဘဲ ပြောဆိုနေကြမယ့် ခရီးစဉ် ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ နိုင်ငံတော်သမ္မတနဲ့ရော နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ပါ တွေ့ဆုံခဲ့တဲ့အပြင် မြန်မာ့တပ်မတော်ရဲ့ အကြီးအကဲနဲ့လည်း တွေ့ဆုံဖြစ်ခဲ့ပါတယ်။ ပြီးတော့ ပုပ်ရဟန်းမင်းကြီးရဲ့ အဖွဲ့နဲ့ နိုင်ငံတော် သံဃမဟာနာယ က ဆရာတော်ကြီးများနဲ့လည်း တွေ့ ဆုံပြီး အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ကစ်သလစ်ဘာသာဝင်များရဲ့ ပူဇော်ဝတ်ပြု မှုခံယူခဲ့တဲ့အပြင် မြန်မာနိုင်ငံ ကက်သလစ်အသင်းတော်ရဲ့ ရန်ကုန် ဂိုဏ်းချုပ်ဆရာတော်၊ လက်ထောက်ဆရာတော်များအပြင် အခြားသော ကက်သလစ်ဂိုဏ်းချုပ်နဲ့ ဂိုဏ်းအုပ်ဆရာ တော်ကြီးများနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ နိုဝင်ဘာလ ၂၉ ရက် နံနက်ပိုင်းမှာတော့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကိုယ်တိုင် ကြီးမှူးပြီး သန့်ရှင်းသော  မစ္ဆားတရားတော်မြတ်ပူဇော် ဆုတောင်းခြင်း အခမ်းအနားကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ကက်သလစ် ဘာသာဝင်များနဲ့အတူ သိုက်သိုက်မြိုက်မြိုက်ကျင်းပခဲ့တယ်။ အခမ်းအနားသို့ တက်ရောက်ကြတဲ့ ပရိသတ်ကို ပုပ်ရဟန်းမင်းကြီးက မော်တော်ယာဉ်ဖြင့် လှည့်လည်နှုတ်ဆက်ကောင်းချီပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ပုပ်ရဟန်းမင်းကြီး ဟာ ''ဘုရားသခင်က မြန်မာပြည်ကြီးကို ကောင်းချီးပေးတော်မူပါ''လို့ ဆု တောင်းမေတ္တာပို့ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဒီခရီးစဉ်မှာ ရန်ကုန်မြို့နဲ့နေပြည်တော်သွားရောက်ခဲ့ပြီး ခရီးစဉ်တစ်လျှောက်မှာ ခရစ်ယာန်ဘာသာဝင်တွေရော ဗုဒ္ဓဘာသာဝင်တွေပါ နွေးထွေးစွာ ကြိုဆိုခဲ့ကြတဲ့အတွက် အင်မတန်ဝမ်းသာ ပီတီဖြစ်ရပါကြောင်း ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ မြန်မာပြည်တစ်ဝန်းမှာ နေထိုင်ကြတဲ့ ကက်သလစ်ဘာသာဝင်တွေကလည်း ဝေးကွာလှတဲ့ နေရာဒေသတွေဆီက လေကြောင်းနဲ့တစ်မျိုး၊ ရထားနဲ့တစ်သွယ်ပြီးတော့ ရေလမ်းကုန်းလမ်းများဖြင့် လာရောက်ကာ ပုပ်ရဟန်းမင်းကြီးကို ပူဇော်ကန်တော့ခဲ့ကြရတဲ့အတွက် ဝမ်းပန်းတသာဖြစ်ခဲ့ကြရမှာပါ။

 

ပုပ်ရဟန်းမင်းကြီးရဲ့ ဘဝပုံရိပ်

ပုပ်ရဟန်းမင်းကြီးကို ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်က အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့တော်မှာ မွေးဖွားကြီးပြင်းခဲ့ပါတယ်။ ဖခင်ဖြစ်သူက အီတလီသား။ မိခင်က အာဂျင်တီးနားသူ။ မိဘနှစ်ပါးစလုံးက  ရိုမန်ကက်သလစ် Roman Catholic-RC ဘာသာဝင်တွေဖြစ်တယ်။ ပုပ်ရဟန်းမင်းကြီးရဲ့အမည်က Jorge Mario Berogoglio ဖြစ်တယ်။ သူ့ရဲ့ မိသားစုကဆင်းရဲတယ်။ အသက် ၂၂ နှစ်မှာ Jesuits ဂိုဏ်းထဲဝင်တယ်။ အသက် ၃၃ နှစ်မှာ ဘုန်းတော်ကြီး ဖြစ်လာတယ်။ RC ဂိုဏ်းတော်ကြီးမှာ Jesuits  ဘုန်းတော်ကြီးတွေဆိုတာက ရှေ့တန်းစစ်မျက်နှာမှာ သာသနာပြုကြရသူများ ဖြစ်ပါတယ်။

Bergoglio ဟာ ၁၉၉၈ မှာ Buenos Aires မြို့တော်ရဲ့ ဂိုဏ်းချုပ်ဘုန်းတော်ကြီး archbishop ဖြစ်လာတယ်။ Bergoglio ဟာ ခရစ်ယာန်ဘုရားကျောင်းတော်မှာ မနေဘူး။ အပြင်ဘက်မှာ အိမ်ငှားနေတယ်။ ဘတ်စ်ကားစီးသွားတယ်။ ကိုယ်တိုင် ထမင်းချက်တယ်။ မြို့ထဲက မသန်မစွမ်းကလေးတွေကို ပြုစုတယ်။ နေ့စဉ်နေ့တိုင်း ဆင်းရဲသားရပ်ကွက်သွားရောက်ပြီး တရားဟောတယ်။  အားပေးစကားပြောတယ်။  Bergoglio အသက် ၇၅ နှစ် ပြည့်လွန်လာတော့ ထုံးတမ်းစဉ်လာအတိုင်း ဂိုဏ်းချုပ်ကြီးရာထူးမှ  အငြိမ်းစားယူဖို့ ပုပ်ရဟန်းမင်းကြီး Benedict XVI ဆီမှာ ခွင့်ပန်လွှာတင်သွင်းတယ်။

ဖြစ်ချင်တော့ ပုပ်ရဟန်းမင်းကြီးဟာ ရုတ်တရက် ရာထူးမှနုတ်ထွက်သွားတယ်။ ဒီတော့ ကမ္ဘာအရပ်ရပ်က RC ဂိုဏ်းချုပ်ကြီးတွေကို ဗာတီကန်စီတီးဖိတ်ခေါ်ပြီး ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်တင်မြှောက်ပွဲကျင်းပတယ်။ Bergoglio က အရွေးချယ်ခံရတယ်။ အသက် ၇၆ နှစ်ရှိပြီးဖြစ်တဲ့ Bergoglio ဟာ ၂ဝ၁၃ ခုနှစ် မတ်လ  ၁၄ ရက် ကြာသပတေးနေ့မှာ ရိုမန်ကက်သလစ်ခရစ်ယာန်ဂိုဏ်းတော်ကြီးရဲ့ ၂၆၆ ဦးမြောက် ပုပ်ရဟန်းမင်းကြီး တရားဝင်ဖြစ်လာခဲ့တယ်။ Pope Francis လို့ အမည်ခံယူတယ်။

ဖရန်စစ်အမည်ကိုခံယူရတဲ့ အကြောင်းကလည်းရှိတယ်။ Bergoglio ဟာ ပုပ်ရဟန်းမင်းကြီးဖြစ်လာတော့ ၁၃ ရာစုက ပေါ်ထွက်ခဲ့တဲ့ Francis of Assisi (၁၁၈၂-၁၂၂၆) အမည်ကိုယူခဲ့တာပါ။ စိန့်ဖရန်စစ်ဟာ အီတလီနိုင်ငံအလယ်ပိုင်းက တောင်ပေါ်ရွာကလေး အစီစီမှာနေထိုင်ခဲ့တယ်။  သူဌေးသားဖြစ်ပေမယ့် စုတ်ပြတ်နေတဲ့ အဝတ်အထည်များကို သူတောင်းစားလိုဆင်မြန်းပြီး နယ်လှည့်သာသနာပြုခဲ့တဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဖြစ်ပါတယ်။ စိန့်ဖရန်စစ်ဟာ ဆင်းရဲသားများကို အဓိကထားပြီး တရားဟောခဲ့တဲ့ ပုဂ္ဂိုလ်တစ်ပါးလည်း ဖြစ်ပါတယ်။

Bergoglio ဟာ Society of Jesus (Jesuits) အဖွဲ့ထဲက ပထမဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်လာခဲ့သူဖြစ်ပါတယ်။ ပြီးတော့ ဥရောပ နယ်ပယ်အပြင်ဘက်က ပထမဆုံးပုပ်ရဟန်းမင်း ကြီးဖြစ်လာသူပါ။ Bergoglio ဟာ ပုပ်ရဟန်းမင်းကြီးဖြစ်လာတော့ ဗာ တီကန်နန်းတော်ထဲက ပုပ်ရဟန်းမင်းကြီးအတွက် သီးသန့်ထားရှိတဲ့ အခန်းဆောင်မှာမနေဘူး။ အခြားသော ဘုန်းတော်ကြီးတွေနဲ့ အတူနေတယ်။  ရဟန်းမင်းကြီးစီးတဲ့ တန်ဖိုးကြီးဖိနပ်နီမစီးဘူး။ ရဟန်းမင်းကြီးရဲ့ အ ဆောင်အယောင်အတော်များများကို ပစ်ပယ်တယ်။ ပုပ်ရဟန်းမင်းကြီးအတွက် သီးသန့်ထားရှိတဲ့ မာစီဒီးကိုမစီးဘူး။ Ford Focus ကားဟောင်းကိုပဲစီးတယ်။

ဒါနဲ့ ပြောရဦးမယ်။  Bergoglio ဟာ ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး နောက်တစ်နေ့မှာ အကျဉ်းထောင်တစ်ခုဆီသွားရောက်ခဲ့ပြီး အကျဉ်းသားတွေရဲ့ ခြေထောက်များကို ရေနဲ့ကျကျနနဆေးကြောပေးခဲ့တယ်။ ဒါကတော့ အထူးအဆန်းတစ်ခု မဟုတ်ပါဘူး။ အခြားသော ပုပ်ရဟန်းမင်းကြီးများကလည်း အဲသလိုဆေးကြောပေး တတ်ကြပါတယ်။ ဒါပေမယ့်ဘာက ထူးခြားသလဲဆိုတော့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အကျဉ်းကျခံနေရ တဲ့ အစ္စလာမ် ဘာသာဝင်အမျိုးသမီးတစ်ဦးရဲ့ ခြေထောက်များကို ရေနဲ့ဆေးကြောပေးခဲ့တဲ့အပြင် ဘယ်ဘာသာကိုမှ မယုံကြည်မကိုးကွယ်တဲ့ အကျဉ်းသားတစ်ဦးရဲ့ ခြေထောက်ကိုလည်း ဆေးကြောပေးခဲ့ပါသေးတယ်။ အချို့က ဘာကြောင့် ဒီလိုလုပ်ပါသလဲလို့ ပုပ်ရဟန်းမင်းကြီးကိုမေးတော့ သူက ထာဝရဘုရားသခင် God ဟာ ကက်သလစ်ဘာသာဝင်တွေရဲ့ ဘုရားသခင်သာ မဟုတ်ဘူး။ လူသားအားလုံးရဲ့ ဘုရားသခင်ဖြစ်တော်မူတယ်လို့ ရှင်းရှင်းဘွင်းသွင်း ပြောကြားခဲ့ပါတယ်။

 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ အာဘော်

Pope Francis ဟာ လက်တင်အမေရိကမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့ ဘိုလီဗီးယားနိုင်ငံ Bolivia ကို ၂ဝ၁၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်မှာရောက်သွားခဲ့တယ်။ အဲဒီမှာ ကက်သလစ်ဘာသာဝင်က ၉၅ ရာခိုင်နှုန်းရှိတယ်။ ဝတ်ပြုဆုတောင်းပွဲ Mass မှာ Pope Francis က အခုလို့ ဟောပြောခဲ့ပါတယ်။

''အခု စီးပွားရေးဟာ ဆင်းရဲမွဲတေသူတွေကို ဘေးဖယ်ပထုတ်ထားတယ်။ အခု စီးပွားရေးဟာ မျှတမှုမရှိဘူး။ ဒီစီးပွားရေးမှာ ငွေအသပြာက  ကြီးစိုးမင်းမူနေတယ်။ ဒီစီးပွားရေးက လူသားတွေကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်နေတယ်။ ဒီစီးပွားရေးက ဥတုရာသီကို ဖောက်ပြန်စေတယ်။ မိခင်မြေကြီးကို ဖျက်ဆီးနေတယ်။ တကယ်တော့ လူသားနဲ့သဘာဝ တရားဟာ ငွေအသပြာကို ကိုးကွယ်ပသ အလုပ်အကျွေးပြုနေစရာမလိုဘူး။ စီးပွားရေးကသာ လူသားတွေကို အလုပ်အကျွေးပြုကြရ မှာဖြစ်တယ်''

ပုပ်ရဟန်းမင်းကြီးဟာ အယ်လ်ဘေးနီးယားနိုင်ငံ Albania မှာ ကျောင်းသားလူငယ်တွေ့ဆုံတုန်းကလည်း အခုလို ပြောကြားခဲ့ပါသေးတယ်။ Albania နိုင်ငံမှာက ကက်သလစ်ဘာသာဝင် ၁ဝ ရာခိုင်နှုန်းလောက်သာရှိပြီး၊ မွတ်စလင်က ၇ဝ ရာခိုင်နှုန်းတောင်ရှိတယ်။ Albania ကလည်း ဥရောပမှာ  အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

''ကမ္ဘာတစ်လွှားမှာ ဒီကနေ့ မြင်တွေ့ခံစားနေကြရတဲ့ ဆင်းရဲမွဲတေမှုကို လက်မခံနိုင်ဘူး။ လူကျင့်ဝတ် အရရော တရားဥပဒေအရပါ လုံးဝလက်ခံနိုင်စရာမရှိတဲ့ အင်မတန်ဆိုးရွားတဲ့ ကိစ္စဖြစ်တယ်။ ဒီကမ္ဘာကြီးဟာ ဥစ္စာဓနပေါကြွယ်ဝတဲ့ ကမ္ဘာကြီးဖြစ်တယ်။ လူသားတိုင်းကို ကျွေးမွေးနိုင်တဲ့ အရင်းအမြစ် အမြောက်အများရှိတယ်။ သို့ပါလျက် ကမ္ဘာကြီးမှာ ဆာလောင်မွတ်သိပ်နေကြတဲ့ ကလေးတွေ တစ်ပုံတစ်ခေါင်းရှိနေတယ်။ မတွေးတတ်အောင်ပါပဲ။ ကျောင်းမနေနိုင် ပညာမသင်ကြားနိုင်ကြတဲ့ ကလေးတွေ အများကြီးရှိတယ်''

''လူငယ်တွေကို ပြောချင်တယ်။ မင်းတို့ကိုယ်နှိုက်က မင်းတို့ရဲ့ မျှော်လင့်ချက်၊ မင်းတို့ရဲ့ အခွင့်အလမ်း များကို  ဆုံးရှုံးမခံကြပါနဲ့။ မင်းတို့ဆီက မင်းတို့ရဲ့ မျှော်လင့်ချက်တွေကို ခိုးဝှက်လုယူနေကြတာတွေကိုလည်း သည်းမခံနေကြပါနဲ့။ လောကီစိတ်ဓာတ်၊ ပစ္စည်းဥစ္စာဓန၊ ဂုဏ်ပကာသန၊ မာန်မာနနဲ့ပလွှားမှု စတာတွေက မင်းတို့ရဲ့ မျှော်လင့်ချက်များကို လုယက်ခိုးယူနေကြတယ်။ ဆင်းရဲတယ်ဆိုပေမယ့် စိတ်မပျက်ကြပါနဲ့။ ဆင်းရဲမွဲတေမှုကလည်း မျှော်လင့် ချက်အလင်းရောင်ကို ပေးနိုင်စွမ်းရှိပါတယ်'' လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။

ခရစ်ယာန် Jesus Christ ဟာ လူသားတွေအကျိုးအတွက် သူ့ကိုယ်သူ ဆင်းရဲသားအဖြစ် ခံယူတော်မူခဲ့တယ်လို့ ပုပ်ရဟန်းမ်းကြီး ဖရန်စစ်က ထောက်ပြခဲ့ပါတယ်။

မင်းရွှေမောင်

Ref:

  1. Pope Francis”: TIME Dec 23,2013
  2. “The Flowers of Pope Francesco” by Sudheendra Kulkarni; OUTLOOK, 3 Aug 2015
  3. ကြေးမုံ၊ 2017၊ နိုဝင်ဘာ 27 မှ ဒီဇင်ဘာ 1 ရက်နေ့အထိ

 

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.