25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ကျွန်းဆွယ်သာယာမှာ လောကနိဗာန်မှာရှာတဲ့အရပ်

''ဘယ်နေရာပဲရောက်ရောက် ... မီကိုသာ အမြဲတမ်းသောက် ...လိုအင်တွေ ပြီးမြောက်မယ် အစဉ်'' ဆိုတဲ့ တီဗီကြော်ငြာသီချင်းလေး ကြားဖူးကြမယ်ထင်တယ်။ ဒွေးနဲ့ထက်ထက်မိုးဦးတို့ရဲ့ နိုင်ငံကျော်ကြော်ငြာလေးက နှစ်သက်သူလည်း များခဲ့ဖူးပါတယ်။

မြန်မာ့ရုပ်မြင်သံကြားနဲ့ မြဝတီ ဆိုတဲ့ ရုပ်သံလိုင်းနှစ်ခုတည်း ကြည့်စရာရှိတဲ့ အဲဒီအချိန်က ရုပ်သံကြော် ငြာတွေဟာ လူစိတ်ဝင်စားအောင် ရှုခင်းလှလှလေးတွေနဲ့ ဆွဲဆောင်ဖို့အပြိုင်ကြိုးစားခဲ့ကြတယ်လေ။ ထိုင်းနိုင်ငံဖူးခက်ပြည်နယ်က ဂျိမ်းစ်ဘွန်းကျွန်းနားမှာ ရိုက်ကူးထားတဲ့  မီကိုကြော်ငြာလေးပေါ်လာတော့ လူတိုင်းက စိတ်ဝင်စားသွားကြတယ်။ ရေလယ်ကောင်မှာ ကျွန်းမတ်မတ်လေးတွေ စိမ်းစိမ်းစိုစိုနဲ့ ထိုးထွက်တာဟာ အမြင်ပသာဒတစ်မျိုးမဟုတ်လား။ ကြည့်ဖူးသူတိုင်း အရောက်သွားလည် ချင်ခဲ့ကြတယ်။

အခုတော့ ဖူးခက်ကမ်းခြေတွေနဲ့ ဖူးခက်မြို့ဟာ လေယာဉ်နဲ့ တိုက်ရိုက်သွားလည်ပတ်နိုင်တဲ့အထိ လွယ်ကူသွားပါပြီ။ ရောက်ဖူးသူတွေ၊ ပျော်ဖူးသူတွေလည်း များလှပါပြီ။  ဖူးခက်ကို နိုင်ငံတကာက သန်းခေါင်ယံ ယဉ်ကျေးမှု 'ညဘဝ' တွေများတဲ့ အရပ်လို့လည်းတင်စားကြသလို၊ ရင်တုန်စရာ ကာမဂုဏ်တွေ ပေါများသလောက် သာယာလွန်းလို့ အရှေ့တောင်အာရှက လောကနိဗ္ဗာန်ရယ်လို့တောင် တင်စားကြတယ်။

ဖူးခက်မှာ ကမ္ဘာကျော်နေရာ ကြီးက ငါးခုတောင်မှရှိတယ်။ Patong ကမ်းခြေ၊ Karon ကမ်းခြေ၊ Kamala ကမ်းခြေ၊ Kata ကမ်းခြေနဲ့ ဖူးခက်မြို့တို့ဟာ နာမည်ကျော်လွန်းလှပါတယ်။ ဒါက နေရာတို့ အရပ်ဒေသတို့နဲ့ပတ်သတ်ပြီး ပြောတာ နော်။ အပျော်ကဏ္ဍတွေအနေနဲ့ ခွဲကြည့်ရင်လည်း အာရုံငါးပါး မအားရလောက်အောင် ကျက်စားပျော်ပါး ခွင့်တွေ  အမယ်အစုံလွန်းတဲ့ ဖူးခက်လည်းဖြစ်နေပါတယ်။ သာယာလှပတာနဲ့အမျှ ညကပွဲတွေဟာ လွတ်လပ် လွန်းပြီး ကမ္ဘာပတ် မြာပွေချင်သူတွေ မျက်စိကျလွန်းတော့ လောကနိဗ္ဗာန်လို့ ဆိုကြသပေါ့လေ။

ထိုင်းနိုင်ငံတောင်ဘက်ပိုင်းမှာ နိုင်ငံရဲ့အကြီးမားဆုံးကျွန်းဖြစ်တဲ့ ဖူးခက်ကျွန်းကို အစွဲပြုပြီး ဖူးခက်ပြည်နယ်ရယ်လို့ သတ်မှတ်ထားပါတယ်။ ဖူးခက်ကျွန်းအပြင် အခြားကျွန်းငယ်ပေါင်းက ၃၂ ကျွန်းအထိ ရှိနေပါတယ်။ အက်ဒမန် ပင်လယ်ထဲ ဖူးခက်ကျွန်းမှာ တောင်နဲ့မြောက်သွယ်တန်းနေတဲ့  တောင်စဉ်တောင်တန်းက ထင်ထင်ရှားရှားရှိနေပါတယ်။

၅၇၆ စတုရန်း ကီလိုမီတာ အကျယ်ရှိတဲ့ ဖူးခက်ပြည်နယ်ဟာ ၂ဝ၁၅ ခုနှစ်မှာ လူဦးရေ ၃၈၆၆ဝ၅ ဦး ရှိတယ်လို့ မှတ်တမ်းတင်ထားပါတယ်။ ကျွန်း၊ ရာဘာနဲ့ဆီအုန်းပင်တွေ စိမ်းစိုနေတဲ့ဖူးခက်ဟာ တစ်ချိန်က အိန္ဒိယနဲ့ တရုတ်တို့အကြား ကူးလူးဆက်ဆံတဲ့ အဓိက ကုန်သွယ်ရာ ရေလမ်းကြောင်းပေါ်မှာရှိခဲ့ပါတယ်။ ပေါ်တူဂီ၊ ပြင်သစ်၊ အင်္ဂလိပ်နဲ့ ဒက်ခ်ျကုန်သည်တွေရဲ့ သင်္ဘောတွေ ဆိုက် ကပ်ရာလည်း ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းနဲ့ ဝင်ငွေအများဆုံးရနေတဲ့ ပြည်နယ် ဖြစ်လာခဲ့ပါပြီ။

ထိုင်းနိုင်ငံထဲက ကျွန်းဖြစ်တာကြောင့် ဖူးခက်မှာ ဗုဒ္ဓဘာသာဝင်တွေများပြီး လူဦးရေရဲ့ ၂ဝ ရာခိုင်နှုန်း ကတော့ မွတ်စလင်တွေပါ။ ဗုဒ္ဓဘာသာဝင် အများစုက ပင်လယ်နဲ့ အသက်မွေးခဲ့တဲ့ ဒေသခံတွေနဲ့ ၁၉ ရာစုမှာ ဖူးခက်မှာ သံဖြူတူးဖော်ရေးအတွက် ရွှေ့ပြောင်းရောက်လာတဲ့ တရုတ်လူမျိုးတွေပါပဲ။ အဲဒီက မွတ်စလင်တွေကတော့ မလေးဘက်က အနွယ်တွေဖြစ်တာများပါတယ်။ အဲဒီထဲက ခုနှစ်သောင်းလောက်ကတော့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီး ယားတို့ကပဲ ဖြစ်ပါတယ်။

ဖူးခက်ရဲ့ အမှတ်တံဆိပ်ကိုတော့ အမျိုးသမီးသူရဲကောင်းနှစ်ဦး ဓားလွတ်ကိုင်ပြီး မတ်တတ်ရပ်နေတဲ့ပုံအဖြစ် တွေ့မြင်ရပါမယ်။ ဒါကတော့ မြန်မာနဲ့ဖူးခက်ကြားက ပတ်သက်မှုရဲ့ အသီးအပွင့်ပါပဲ။ မြန်မာတွေအတွက်တော့ နည်းနည်းမျက်နှာ ငယ်စရာ အသီးအပွင့်ဆိုးပေါ့။ ဒီလိုပါ။

ကုန်းဘောင်မင်းဆက်၊ ဘိုးတော်ဘုရားလက်ထက်အချိန် ၁၇၈၅ ခုနှစ်ကပေါ့။ အယုဒ္ဓယနဲ့ဘုရင်ရာမကို ကုန်းဘောင်ဘုရင်တွေက မကြာခဏစစ်သွားတိုက်လေ့ရှိတယ် မဟုတ်လား။ ယိုးဒယားတွေအတွက် ကျူး ကျော်စစ်ပေါ့။ ဗမာတွေ အလိုအရတော့ ဘုန်းလက်ရုံးဆန့်တယ်ဆိုလားပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နယ်မြေလိုချင်လို့၊ သြဇာလွှမ်းမိုးချင်လို့ ချီတက်ကြ တယ်ဆိုတော့  နောက်ဆုံးမှာ စစ်ခင်းရတာပါပဲ။

ကမ္ဘာ့သမိုင်းမှာတော့ ဘိုးတော် ဘုရားနဲ့ဖြစ်တဲ့စစ်ကို Ten Armies’s War လို့ ခေါ်ကြတယ်။ ဗမာဘုရင် က ၁၇၈၅ မှာ ဖူးခက်က စစ်သူကြီးနတ်ရွာစံတဲ့ သတင်းကိုကြားပြီးနောက် ကျွန်းကို လွယ်လွယ်နဲ့သိမ်းပိုက်နိုင်မယ်ထင်ပြီး ချီတက်လာကြတယ်တဲ့။

ဒီအခါမှာ ကွယ်လွန်သူစစ်သူကြီးရဲ့ မိဖုရားခွန်ဂျန်နဲ့သူ့ညီမ ခွန်မွတ်ခ်တို့က ကျွန်းမှာရှိတဲ့ အမျိုးသမီးတွေကို စစ်သည်တော်တွေလို ဝတ်ဆင်စေပြီး သာလန်တံတိုင်းမှာ နေရာယူကြဖို့ အမိန့်ပေးလိုက်ကြတယ်။ နောက်ဆုံးတော့ နယ်မြေကို ဝိုင်းဝန်းပိတ်ဆို့ထားတဲ့  ဗမာ့တပ်ဟာရိက္ခာပြတ်ပြီး တပ်ပြန်ရုပ်သွားရတယ်။

ဒီအမျိုးသမီးနှစ်ဦးကို ဘုရင်ရာမက Thao Thep Kasatri နဲ့ Thao Sri Sunthon တော်ဝင်ဘွဲ့ အမည်ပေးပြီး သူရဲကောင်းတွေအနေနဲ့ သူကောင်းပြုခဲ့တယ်။ အခုအချိန်အထိ Thao Thep Kasatri နဲ့ Thao Sri Sunthon အထိမ်းအမှတ်ရုပ်တုက ဖူးခက်ရဲ့အမှတ်လက္ခဏာတွေထဲက တစ်ခုဖြစ်နေပါတယ်။ ရုပ်တုကို ဖူးခက်မြို့နဲ့ လေဆိပ်ကြားက Thepkeasattri လမ်းမပေါ်မှာ ထားရှိပါတယ်။

ရုပ်တုနဲ့အနီးမှာ သာလန်အမျိုး သားပြတိုက်ဆိုပြီး ရှိပါသေးတယ်။ ပြတိုက်ကို သာလန်စစ်ပွဲ နှစ်၂ဝဝ ပြည့်ချိန် ၁၉၈၅ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ ဖူးခက်မြို့ဟောင်းရဲ့ အတိတ်က အရိပ်လက္ခဏာတွေ၊ ရှေးဟောင်းပစ္စည်းတွေ၊  တူးဖော်ရရှိထားတဲ့  အမွေအနှစ်တွေအပြင် ဗမာတွေနဲ့ စစ်ခင်းခဲ့စဉ်က အသုံးပြုခဲ့တဲ့ လက်နက်ပစ္စည်းတွေကိုပါ ပြသထားပါတယ်။

ဖူးခက်ဟာ ကမ္ဘာ့လှည့်ခရီးသွားတွေ မျက်စိကျတဲ့ခေတ်တွေထဲက ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် အရောက်မှာတော့ အိန္ဒိယသမုဒ္ဒရာထဲ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် အာရှဒေသတစ်ခွင်မှာ သေဆုံးသူပေါင်း ၅၃ဝဝ ဦး ရှိခဲ့တဲ့အနက် ဖူးခက်က Patong ကျွန်းမှာ လူ ၂၅ဝလောက် အထိအခိုက် ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ကမ္ဘာလှည့်ခရီးသွားတွေအပြင် Khao Lak ဧရိယာက ကမ်းခြေသစ်ပေါ်မှာ အပန်းဖြေစခန်း တည်ဆောက်နေတဲ့ မြန်မာလုပ်သားတွေလည်း အများအပြား ပါသွားတယ်လို့ဆိုတယ်။ ကျန်တဲ့သူတွေကတော့ ကျွန်းရဲ့တောင်ဘက်ခြမ်း ကမ်းခြေတွေက ရွာငယ်လေးတွေကပါတဲ့။ ဆူနာမီလှိုင်းရိုက်ခတ်ပြီး နှစ်နှစ်အကြာ ၂ဝဝ၆ ဒီဇင်ဘာမှာ ထိုင်းအစိုးရက အိန္ဒိယသမုဒ္ဒရာထဲမှာ အမေရိကန်ဖြစ် ဆူနာမီသတိပေးဗော်ယာ ၂၂ ခုချပြီး ဂြိုဟ်တုအခြေပြ စောင့်ကြည့်စနစ်ကို တပ်ဆင်လိုက်ပါပြီ။

ဖူးခက်မြို့ကတော့ ကျွန်းရဲ့ အရှေ့ဘက်မှာရှိပြီး ထိုင်းနိုင်ငံရဲ့ အငွေ့အသက်စစ်စစ်ကို ရနိုင်ပါတယ်။ ထိုင်းက အခြားမြို့တွေလိုပါပဲ။ ဖူးခက်က လူစည်ကားရာအရပ်ဟာ ချိုင်းနားတောင်းတွေဖြစ်နေပါမယ်။ Robinson ရဲ့ စတိုးတွေနဲ့ Central Festival လို ခေတ်မီဈေးဝယ်စင်တာရှိပါတယ်။ အမေရိကန် သရေစာ၊ ဂျပန် ဆူရှီဆိုင်နဲ့ ထိုင်းခေါက်ဆွဲဆိုင် တွေလည်းရနိုင်ပါတယ်။ ဘန်ကောက်ထက်တော့ နည်းနည်းဈေးကြီးတယ်။ ဘာဝယ်ဝယ် ဈေးဆစ် တတ်ရင်တော့ သက်သာနိုင်မယ်ပေါ့။ မြို့ကနေ အနီးဆုံးကမ်းခြေတွေသွားရင်တော့ မိနစ် ၂ဝ လောက် ကား မောင်းသွားရပါမယ်။

ငှက်ပျောရွက်တွေနဲ့ ဖုံးလွှမ်းနေတဲ့ တောအုပ်ဆိုတဲ့ အဓိပ္ပာယ်ကို ထိုင်းဘာသာစကားနဲ့ Patong လို့ ခေါ်ပါတယ်။ Patong  ကမ်းခြေဟာ သန်းခေါင်ယံယဉ်ကျေးမှု၊ ဈေးဝယ်ထွက်ရာနဲ့ ဖွံ့ဖြိုးမှုအမြန်ဆုံးကျွန်းပါ။ ဖူးခက်ရဲ့ အနောက်ဘက် ပင်လယ်ကမ်းဘက် Patong မှာရှိတဲ့ ဘန်းလလမ်းတစ်လမ်းလုံးဟာ ညကလပ်တွေနဲ့ ပြည့်နေပါတယ်။ ယဉ်ကျေးတဲ့ အမြင်နဲ့ကြည့်ရင် မသွားသင့်လောက်အောင်ကိုပါပဲ။

အဓိကကတော့ အဲဒီမှာ ညဘက်ပြတဲ့ ရှိုးပွဲတွေဟာ ကမ္ဘာအနှံ့က ပုရိသတွေ သွားရည်တမြားမြားကျတဲ့နေရာလို့ ညွှန်းရင်ပိုမှန်မယ်ထင်တယ်။ တော်တန်ရုံ မိန်းကလေးတွေ မသွားသင့်တဲ့နေရာပါ။ ခပ်ရှုပ်ရှုပ် ပုရိသတွေအတွက်တော့ ကောင်းကင်ဘုံပေါ့။

မမြင်သင့်မမြင်အပ်တာတွေ ရက်ရက်ရောရောလှစ်ဟပြပြီး မကြည့်သင့်မကြည့်အပ်တာတွေ ပေါ်ပေါ်ထင်ထင် လမ်းသမား ကခုန်နေတယ်လို့ ပြောရမယ်။ ဒီစကားက နည်းနည်းကြမ်းသလို ရှိပေမယ့် အရှိပကတိ အခြေအနေထက် တော်တော်ဖော့ပြီးပြောတယ်လို့တောင် ဆိုနိုင်တယ်။ မိန်းကလေးဆိုရင်တော့ သူတို့ဘက်ကလည်း အရေးကို မလုပ်ဘူး။ အဲဒီလောက်အထိ ကြမ်းတယ်ဆိုရင် ရိပ်မိလောက်ပါရဲ့။ ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အညွှန်းမှာတော့ စိတ်ဖိစီးမှုတွေ အကောင်းဆုံးလျှော့ချနိုင်တဲ့ ညကလပ်လမ်းပေါ့။ မဆန်းပေမယ့် ထူး ခြားတဲ့နည်းနဲ့ အပန်းပြေစေတယ်လို့ ဆွယ်လုံးထုတ်ထားကြတယ်။

Patong ရဲ့တောင်ဘက်မှာတော့ ကာရွန်ကမ်းခြေ၊ ကာတာကမ်းခြေ၊ ကာတာနွိုင်းကမ်းခြေတွေရှိပြီး တောင်ဖျားပိုင်းမှာတော့ နိုင်းဟန် ကမ်းခြေနဲ့ ရဝိုင်းဆိုပြီးရှိပြန်တယ်။ မြောက်ဘက်ပိုင်းကို လှည့်လိုက်ရင် ကာမလာကမ်းခြေ၊ ဆူရင်ကမ်းခြေနဲ့ ဘန်တောက်ကမ်းခြေတွေ ရှိပါသေးတယ်။

Patong ရဲ့ အရှေ့တောင်ပိုင်းမှာ ဘွန်းကျွန်းရှိသလို စီမီလန်ကျွန်းစုတွေက အနောက်မြောက်မှာ ဝိုင်းပတ်စီရီ ရှိနေတယ်။ အရှေ့တောင်ဘက်မှာတော့ ဖီဖီကျွန်းဆိုတာရှိပါတယ်။ သူကတော့ ကရာဘီပြည်နယ်ထဲပါသွားတယ်။          

ဖူးခက်တစ်ခွင်ကို လောကနိဗ္ဗာန်ရှာတဲ့နေရာလို့ဆိုခဲ့တယ် မဟုတ်လား။ အခုဖူးခက်နားက ဖီဖီကျွန်းဆိုရင် ဖူးခက်ကရော ကရာဘီဘက်ကပါ ကူးတို့သင်္ဘောတွေ စီးပြီးသွားလည်ကြရတယ်။ ကမ်းခြေကလည်းသာယာ၊ ကုန်းပေါ်မှာ ရေတံခွန်လည်းရှိတော့ ပျော်ကြပေါ့။

၂ဝဝဝ ပြည့်နှစ်က ဟောလိဝုဒ်က The Beach ဆိုတဲ့ ဇာတ်ကားရိုက်ကွင်းတည်ရာ ကျွန်းက အဲဒီ ဖီဖီကျွန်းပါ။ မင်းသားက တိုက်တန်းနစ် ဇာတ်ကားနဲ့ ထင်ပေါ်ကျော်ကြားခဲ့တဲ့ လီယိုနာဒီကာပရိုပေါ့။ ဇာတ်လမ်း ကိုယ်တိုင်က ဖူးခက် ဝိညာဉ်သဘောပဲ။ အထိန်းအကွပ်မဲ့ စိတ်လွတ်လပ် လွတ်နေထိုင်ကြတဲ့ ဘုံတစ်ခုမှာ အတိတ်နဲ့ အနာဂတ်ကို မေ့ထားပြီး လာပျော်ကြတဲ့ လူ့အသိုက်အဝန်းတစ်ခုအကြောင်း ဇာတ်လမ်းဆင်ထားတာပါ။ ဖူးခက်ဝန်းကျင်က အဲဒီလောက်အထိ စိတ်ကူးယဉ်ဆန်တယ်။ သွေးဆူလွယ်တယ်။ ရမ္မက်ကြွယ်တယ်ပေါ့လေ။

ကမ်းခြေတွေပေါ်တော့ အပျော်လှေစီးတာတို့၊ တစ်ဖက်နဲ့တစ်ဖက်ကို ကြိုးလွှဲခုန်တာတို့၊ ကြိုးတန်းစီးတာတို့စတဲ့ ပျော်စရာတွေကို ပြောနေရင်တော့ ရေးမကုန်နိုင်ပါဘူး။ ဒီတော့အေးအေးလူလူ ကိစ္စလေးတွေနဲ့အ ဆုံးသတ်ကြည့်ကြတာပေါ့လေ။

ဖူးခက်လိပ်ပြာဥယျာဉ်နဲ့ အင်း ဆက်ကမ္ဘာဆိုတာ ကမ္ဘာပေါ်မှာ  ရှားရှားပါးပါးရှိနေတဲ့ လိပ်ပြာ ဥယျာဉ်ပါ။ ဒါ့အပြင် ဖူးခက်မြို့ထဲမှာတင် ဖူးခက်မြို့ဟောင်းဆိုတာ ရှိပါသေးတယ်။ ပေါ်တူဂီနဲ့ တရုတ်ဗိသုကာ လက်ရာတွေ လေ့လာနိုင်ပါတယ်။

ဖူးခက်ငါးပြတိုက်ကတော့ နှစ် စဉ်လူပေါင်း သုံးသိန်းလောက် သွားရောက်လည်ပတ်တဲ့ နေရာဖြစ်နေပါတယ်။ ၁၉၈၃ ခုနှစ်က စတင်တည်ထောင်ပြီး ဖူးခက်အဏ္ဏဝါဇီဝဗေဒစင်တာရဲ့ အစိတ်ပိုင်းတစ်ခုပါပဲ။

ညကပွဲထဲက ရိုးရိုးယဉ်ယဉ်ဆိုရင်တော့ Fanta Sea ပွဲကို ညွှန်းရပါမယ်။ အဲဒီပြပွဲက ညကိုးနာရီလောက်မှပြပြီး မြန်မာငွေနဲ့ ခုနစ် ထောင်ကျော်လောက် ကုန်မယ်။  တကယ့်ဆင်တွေ၊ မြင်းတွေနဲ့ ရိုးရာ ပြဇာတ်တွေတောင် ခင်းကြလို့ လူကြိုက်များလှတယ်။  ပြပွဲကြည့်ဖို့ ပေးရတဲ့ငွေထဲမှာ ညစာဖိုးကလည်း ပါတယ်ဆိုတော့ တန်တယ်ပြောရမယ်။ ရှေးခေတ်က ထိုင်းဘုရင်တွေနဲ့ ပတ်သတ်တဲ့ ဇာတ်လမ်းတွေကို ပြဇာတ်ကကြတာဆိုတော့ ရိုးရာအငွေ့အသက် အပြည့်ခံစားရမှာပါ။

မြန်မာတွေအတွက်တော့ ဖူးခက်မြို့အနီးက Ming Mongkol Buddha ဆိုတဲ့ ရုပ်ပွားတော်ကို သွားဖူးနိုင်ပါတယ်။ ဥာဏ်တော် ၄၅ မီတာလောက်မြင့်တဲ့ ရုပ်ပွားတော်ကို မြန်မာ့စကျင်ကျောက်တွေနဲ့ တည်ထားတာမို့ အေးအေးလူလူသမားတွေ ကြည်နူးမှာ သေချာပါတယ်။

 

သုနန္ဒခေတ်

သုနန္ဒခေတ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.