25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ဘဏ်များအတွက် ဘဏ္ဍာရေးစံနှုန်းသစ် သို့မဟုတ် IFRS 9

 

လာမယ့် ၂ဝ၁၈ ခု နှစ်ဆန်းချိန်  ပထမသုံးလပတ်မှာ ကမ္ဘာတစ်လွှားက ဘဏ်ထောင်ပေါင်များစွာ ကြုံတွေ့ကြရမယ့် ပြဿနာတစ်ရပ်ရှိနေပါတယ်။  ဒါကတော့ တခြားမဟုတ်ပါဘူး။ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး အစီရင်ခံစာရေးနည်းစံချိန်စံညွန်းသစ်များကို IFRS နဲ့ IASB တို့က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါတယ်။ ၂ဝ၁၈ နှစ်ဆန်းပိုင်းကစပြီး ဘဏ်တွေအနေနဲ့ အကောင်အထည်ဖော်ဆောင်ပေးရမှာဖြစ်တယ်။ ဒီစည်းကမ်းချက်သစ်များကို သူတို့က IFRS-9 လို့ ခေါ်ကြတယ်။  အချိန်မီပြဋ္ဌာန်းလိုက်တဲ့ ဒီစည်းကမ်းသတ်မှတ်ချက်သစ်များကြောင့် ကမ္ဘာတစ်လွှားက ဘဏ်အတော်များများဟာ ပိုပြီးအင်အား တောင့်တင်းသွားမယ်။ ပိုပြီးလုံခြုံမှု ရှိသွားမယ်။ ဒါပေမယ့်  ပြဿနာက ဘာလဲဆိုတော့ ဘဏ်တွေဟာ အမြတ်အစွန်း နည်းသွားနိုင်တယ်။ ဖောက်သည်များကို ငွေထုတ်ချေးရာ မှာလည်း အခက်အခဲတွေ တွေ့လာရနိုင်တယ်။

 

IFRS ဆိုတာဘာလဲ

ကမ္ဘာတစ်ဝန်းလုံးနဲ့ ပတ်သက်တဲ့ 'အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအစီရင်ခံစာရေးနည်း စံချိန်စံညွှန်းများ' (International Financial Reporting Standards) ကို အများအားဖြင့် IFRS Standards လို့ အလွယ်ခေါ်ကြတယ်။ ဘဏ္ဍာရေး အစီရင်ခံစာရေးနည်းစံနှုန်းများကို IFRS Foundation နဲ့ International Accounting Standards Board (IASB) တို့က သတ်မှတ်ပြဋ္ဌာန်းပေးတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ကမ္ဘာတစ်လွှားမှာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေ၊ ဘဏ်တွေအတွက် တစ်ပြေးညီဖြစ်စေမယ့် စာရင်းအင်းထားသိုမှု စံနှုန်းများကို အဲဒီအဖွဲ့အစည်းများက စည်းကမ်းချက်များ ချမှတ်ပေးခြင်းဖြစ်ပါတယ်။ ဒီစည်းကမ်း များကို လိုက်နာကျင့်သုံးခြင်းဖြင့် ဘယ်နိုင်ငံ၊ ဘယ်ကုမ္ပဏီ၊ ဘယ်ဘဏ်ကပဲဖြစ်ဖြစ်ရေးဆွဲတဲ့ စာရင်းအင်းများကို အခြားနိုင်ငံ၊ အခြားကုမ္ပဏီ၊ အခြားဘဏ်တွေက သဘောပေါက်နားလည်နိုင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအဖွဲ့အစည်းများက ချ မှတ်ထားတဲ့ စာရင်းအင်းဆိုင်ရာ ဝေါဟာရဖွင့်ဆိုချက်များနဲ့ စည်းကမ်းချက်များကို စာရင်းရေးဆွဲပြုစုကြတဲ့ စာရင်းကိုင်များ Accountants က လိုက်နာကြရလို့ပါပဲ။

ကနဦးအနေနဲ့ IFRS ဟာ ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံများအတွင်း စာရင်းအင်းထားမှု စနစ်တကျ တစ်ပြေးညီဖြစ်အောင် စတင် ဆောင်ရွက်ခဲ့တာပါ။ သူတို့ရဲ့လုပ်ရပ်များကို သဘောကျပြီး ကမ္ဘာတစ်လွှားက လက်ခံကျင့်သုံးလာခဲ့ကြတယ်။ IASB မတိုင်မီက စာရင်းအင်းဆိုင်ရာ စည်းကမ်းချက်များကို IASC က ချမှတ်ခဲ့တယ်။ အဲဒီစည်းကမ်းချက်များကို ဒီကနေ့ထိ လိုက်နာကျင့်သုံးနေဆဲဖြစ်ပါတယ်။ ဒါကို အပြည်ပြည်ဆိုင်ရာ စာရင်းအင်း ထားသိုမှုစံနှုန်းများ International Accounting Standards (IAS) လို့ ခေါ်တယ်။ သတိပြုသင့်တဲ့ အချက်က IASB က ချမှတ်တဲ့ စာရင်းအင်း စည်းကမ်းချက်များကိုတော့ IFRS လို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ စာရင်းအင်းထားသိုမှု စံနှုန်းများ IAS ကိုတော့ 'အပြည်ပြည်ဆိုင်ရာ စာရင်းအင်းထားသိုမှု စံနှုန်းများချမှတ်ရေး ကော်မတီဘုတ်အဖွဲ့' Board of International Accounting Standards Committee (IASC) က ချမှတ်ပြဋ္ဌာန်းပေးခဲ့တယ်။ ဒီ IASC ကော်မတီဘုတ်အဖွဲ့က ၁၉၇၃ နဲ့ ၂ဝဝ၁ နှစ်များအကြား IAS စံနှုန်းများကို ချမှတ်ပေးခဲ့ပေမယ့် ၂ဝဝ၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကစပြီး စံနှုန်း များချမှတ်ပေးရေးနဲ့ ပတ်သက်တဲ့ IASC ရဲ့ တာဝန်များကို IASB ကွှဲပြောင်းရယူခဲ့တယ်။ IASB ရဲ့ ဘုတ်အဖွဲ့သစ်က လက်ရှိ IAS နဲ့ တည်ဆဲစာရင်းအင်း အဓိပ္ပာယ်ဖွင့်ဆိုရေး ကော်မတီရဲ့စံနှုန်းများ Stabdubg Interpretations Committee Standards (SICs)ကို ဆက် လက် လက်ခံအသုံးပြုဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြပါတယ်။ ဒါကြောင့် ဒီကနေ့ထိ IAS စံများကို အသုံးပြုနေ ကြဆဲဖြစ်တယ်။ အဲဒီနောက်ပိုင်းမှာ IASB ကပဲ စာရင်းအင်းဆိုင်ရာ စည်းကမ်းချက်များကို ဆက်လက်ချမှတ် လာခဲ့တယ်။ IASB  က ချမှတ်တဲ့ စည်းကမ်းချက်များကိုတော့ စောစောကပြောခဲ့သလို အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအစီရင်ခံစာရေးနည်း စံချိန်စံညွှန်းများ IFRS လို့ ခေါ်ကြတယ်။

ဒါပေမယ့် ဒီ IFRS စာရင်းအင်းထားသိုမှု စည်းကမ်းများဟာ အဖွဲ့ဝင်နိုင်ငံများအတွက်သာဖြစ်တယ်။ အဖွဲ့ဝင် နိုင်ငံများအဖြစ် ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံများအပြင် အခြားသော နိုင်ငံပေါင်း ၁၂ဝ ကျော်ကလည်း အဖွဲ့ဝင်များအဖြစ် ပါဝင်ကြတယ်။ ဥပမာ-သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ဂါနာ၊ အိန္ဒိယ၊ ဂျပန်၊ ပါကစ္စတန်၊ ရုရှား၊ စင်ကာပူ၊ တောင်အာဖရိက၊ ဇင်ဘာဘွေအစရှိတဲ့ နိုင်ငံများပါဝင်ကြတယ်။

IFRS နဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုချက်တွေလည်း ရှိပါတယ်။ အဓိကဝေဖန်ချက်ကတော့ အမေရိကန်ပြည်ထောင်စု USA ပါဝင်ခြင်းမရှိတာဖြစ်ပါတယ်။ အမေရိကန်မှာ IFRS လိုပဲ တင်းကျပ်တဲ့ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းများ ချမှတ်ထားတဲ့အတွက် IFRS ရဲ့ စည်းကမ်းတွေကို ကျင့်သုံးစရာမလိုဘူးလို့ ထောက်ပြတယ်။

ပြီးတော့ ပြင်သစ်နိုင်ငံကလည်း IFRS အဖွဲ့ဝင်ဖြစ်ပေမယ့် အချို့သော စည်းကမ်းချက်များအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်တာတွေရှိနေတယ်။ နောက်တစ်ချက်ကတော့ IFRS က ချမှတ်ထားတဲ့ အလွန်အမင်း ငွေဖောင်းပွမှုဖြစ်နေတဲ့ နိုင်ငံများ ကျင့်သုံးရမယ့် ဘဏ္ဍာရေးအစီရင်ခံစာရေးနည်း စံနှုန်းများဟာ ဘာမှအကျိုးသက်ရောက်ခဲ့ခြင်းမရှိတဲ့ ကိစ္စ ဖြစ်ပါတယ်။

တစ်ချိန်က ဇင်ဘာဘွေနိုင်ငံမှာ ခြောက်နှစ်ကာလလောက် လွန်လွန်ကဲကဲ ငွေဖောင်းပွမှု hyperinflation ဖြစ်ခဲ့ဖူးတယ်။ hyperinflation က အမြင့်ဆုံးအချိန်မှာ ဘယ်လောက်ကြီးမားသလဲဆိုရင် ၅ဝဝဝဝဝဝဝဝဝဝဝ ရာခိုင်နှုန်းတောင်ရှိတယ်။ အဲဒီတုန်းက IFRS ရဲ့ ‘IAS-29 Financial Reporting in Hyperinflation Economies” ဟာ အပေါင်းလက္ခဏာဆောင်တဲ့ သက်ရောက်မှုမျိုး မရှိခဲ့ဘူး။ ဒါနဲ့ပတ်သက်ပြီး IASB က ဖြေရှင်းချက် မထုတ်ပြန်ခဲ့ တဲ့အပြင်၊ ဒီ IAS-29 ကိုပဲ မူရင်းအတိုင်း အပြောင်းအလဲ တစ်စုံတစ်ရာမလုပ်ဘဲ ၂ဝ၁၄ ခုနှစ်က ဗင်နီဇွဲလားနဲ့ ဘီလာရုစ်နိုင်ငံတွေမှာ ကျင့်သုံးစေခဲ့ပါတယ်။

 

ဘဏ်များကို ရင်ခုန်စေမယ့်  IFRS 9

ဒါကတော့ ၂ဝ၁၈ ခုနှစ်၊ ဇန်န ဝါရီလ ၁ ရက် ဒါမှမဟုတ် အဲဒီနောက်ပိုင်း အဖွဲ့ဝင်ဘဏ်များက တညီတညွတ်တည်း ကျင့်သုံးကြရမယ့် ဘဏ္ဍာရေး စာရင်းအင်း အစီရင်ခံစာရေးနည်း စံချိန်စံညွှန်းသစ်ဖြစ်ပါ တယ်။ IFRS9 လို့ ခေါ်တယ်။ ဘဏ် တွေအနေနဲ့ ဒီ ISRF 9 စံနှုန်းကို မှန်မှန်ကန်ကန် ကျင့်သုံးနိုင်ခဲ့မယ်ဆိုရင် ဘဏ်တွေရဲ့ငွေရေးကြေးရေး အခြေ အနေဟာ ပိုမိုတောင့်တင်းခိုင်မာလာနိုင်တယ်။ ဘဏ်တွေအတွက် ပိုပြီးလုံခြုံစိတ်ချရတဲ့ ရပ်ဝန်းတစ်ခု ထွက် ပေါ်လာနိုင်တယ်။ ဘဏ်တွေအတွက် ချေးငွေဆုံးရှုံးမှု Loan Loss လျော့နည်းသွားနိုင်တယ်။ ဒါပေမယ့် အခြား တစ်ဖက်မှာ ဘဏ်တွေရဲ့အမြတ်အစွန်း  လျော့နည်းကျဆင်းသွားနိုင်တယ်။ ဘဏ်တွေမှာလာရောက် ငွေချေးယူကြသူများအတွက်လည်း အခက်အခဲပိုမိုတွေ့လာနိုင်ပြီး အတိုးပေးရမှု မြင့်တက်ကောင်းမြင့်တက် လာနိုင်ပါတယ်။

တကယ်တော့ IFRS 9  ဟာ ဘဏ်မှထုတ်ချေးငွေများ loans နစ်နာဆုံးရှုံးမှု နည်းပါးသွားအောင် ချမှတ်လိုက်တဲ့ စည်းကမ်းသတ်မှတ်ချက် စံနှုန်းသစ်ဖြစ်ပါတယ်။ ဒီစံနှုန်းသစ်မှာ အဆင့်သုံးဆင့်ပါဝင်တယ်။     ပထမအဆင့်က ဘဏ်တွေအနေနဲ့ ငွေတစ်ရပ်ကို ထုတ်ချေးလိုက်ရင် အဲဒီထုတ်ချေးငွေအတွက် လျာထားငွေနည်းနည်းပဲဖြစ်ဖြစ် လုပ် ကြရမယ်။ ဘဏ်ဘက်ကကြည့်ရင် လျာထားချက်လုပ်ထားရမယ်။ ဘဏ်က ငွေထုတ်ချေးလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီထုတ်ချေးငွေအတွက် လျာထားငွေဟာ ဖယ်ထားငွေဖြစ်တဲ့အတွက် ဒီငွေကိုဘဏ်က အသုံးပြုလို့မရဘူး။

မြန်မာပြည်မှာ လက်ရှိကျင့်သုံးနေတဲ့မူက အဲသလိုမဟုတ်ဘူး။ ဘဏ်ရဲ့ထုတ်ချေးငွေတစ်ရပ်ဟာ ကောင်းမွန်နေတယ်။ အတိုးလည်း မှန်မှန်ပေးသွင်းနေတယ်။ အရင်းကိုလည်း အရစ်ကျဖြစ်ဖြစ်၊ မှန်မှန်ပြန် ဆပ်နေတယ်ဆိုရင် ဒီချေးငွေကို ကောင်းမွန်တဲ့ ထုတ်ချေးငွေအဖြစ် ဘဏ်ကသတ်မှတ်တယ်။ ဒီအတွက် ဘာလျာထားချက်မှ လုပ်စရာမလိုဘူး။ ဘဏ်တွေက လျာထားချက်ကို ဘယ်တော့မှလုပ်သလဲဆိုတော့ ငွေချေးယူသူ borrower က အတိုးလည်းမပေး အရင်းကိုလည်း ပြန်မဆပ်တာကြာမြင့်လာတော့မှ ကြွေးဆုံးတော့မယ့် ချေးငွေအဖြစ် သတ်မှတ်ပြီး ဘဏ်တွေက 'ကြွေးဆုံးလျာထားချက်' (Provision For Bad Debt) လုပ်ကြတာပါ။

ဘဏ်တွေဟာ ကြွေးဆုံးလျာထားချက်မလုပ်ချင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ ကြွေးဆုံးလျာထား ချက်လုပ်ရင် အဲဒီလျာထားချက်ကို ဘဏ်တွေက အသုံးပြုလို့မရတော့ဘူး။ ငွေအိပ်သွားတယ်လို့ မြင်ကြတယ်။ အခုတော့ IFRS 9 အရ ငွေထုတ်ချေးတာနဲ့ လျာထားချက် လုပ်ရမယ်ဆိုတော့ ဘဏ်လုပ်ငန်းရှင်ကြီးတွေ bankers နှာခေါင်းရှုံ့ကြမှာ သေချာတယ်။

ဒုတိယအဆင့်ကျတော့ ပထမအဆင့်ထက် ပိုဆိုးရွားလာတယ်။ ဘဏ်ရဲ့ထုတ်ချေးငွေက ကောင်းနေသေးတယ်။ ဒါပေမယ့် ထုတ်ချေးငွေနဲ့ ပတ်သက်ဆက်နွယ်တဲ့ ဝန်းကျင်က သိပ်မကောင်းတော့ဘူးဆိုရင် ချေးငွေနဲ့ပတ်သက်ပြီး အန္တရာယ်ရှိလာနိုင်တယ်။ ဒီတော့ ပထမအဆင့်က နေပြီး ဒုတိယအဆင့် ရောက်လာတယ်။  ဆိုကြပါစို့။ ဘဏ်က အိမ်ရာမြေဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကို ငွေထုတ်ချေးထားတယ်။ လုပ်ငန်းရှင်ကတော့ ဘဏ်ရဲ့ သတ် မှတ်ချက်အတိုင်း အတိုးရောအရင်းပါ မှန်မှန်ပေးဆပ်လျက်ရှိတယ်။ ဒါပေမယ့် အိမ်ရာမြေ ဆောက်လုပ်ရေး ဈေးကွက်က သိပ်မကောင်းဘူး။ အခြေအနေဆိုးရွားနေတယ်။ ဒီလို အခြေအနေမှာဆိုရင် ဘဏ်ရဲ့ ထုတ်ချေးငွေဟာ အန္တရာယ်စက်ကွင်းထဲ ရောက်နေတယ်။ IFRS 9 အရ၊ ဘဏ်အနေနဲ့ ကနဦးလျာထားချက်အပေါ် ထပ်ဆောင်းလျာထားချက်လုပ်ပြီး လျာထားချက်ကို တိုးမြှင့်ရမယ်။ ဘဏ်အနေနဲ့ ငွေခပ်များများကို ဘေးဖယ်ထားရတော့မယ်။ ဒီ ဒုတိယအဆင့်ရောက်လာတော့ ဘဏ်လုပ်ငန်းရှင်ကြီးတွေ ခေါင်းကုတ်လာကြရပြီ။

ဒုတိယအဆင့်ကနေ တတိယအဆင့်ကို တက်လှမ်းလာတဲ့အခါကျတော့ ငွေချေးယူသူဟာ အကြောင်း အမျိုးမျိုးကြောင့် ချေးငွေကို ပြန်မဆပ်နိုင်တော့ဘူး။ လုံးလုံးလျားလျား ကြွေးဆုံးငွေ Bad Debt ဖြစ်သွားပြီ။ ဒီအတွက် ဘဏ်အနေနဲ့ ထုတ်ချေးငွေအတွက် လျာထားချက်ကို ဒုတိယ အဆင့်ကအတိုင်းထားရှိပေမယ့် ဘဏ်ကဘဏ္ဍာရေး အက်ဆက်ကို တစ်ခုချင်းအကဲဖြတ်ရတော့မယ်။ အရှုံးအမြတ်တွက်ချက်ရတော့မယ်။ ဒီအဆင့်မှာ ဘဏ်လုပ်ငန်းရှင်ကြီးတွေဟာ နဖူးကိုလက်ဝါးရိုက်ကုန်ပြီ။

အခု IFRS 9 စံနှုန်းသစ်အရ လျာထားငွေကို တွက်ချက်တဲ့အခါ ဘဏ်များအနေနဲ့ ထုတ်ချေးငွေတစ်ရပ်ရဲ့ လာမယ့် ၁၂ လကာလဆုံးရှုံး နိုင်ခြေအပေါ်မှာ မူတည်တွက်ချက်ပြီး လျာထားကြရမယ်လို့ဆိုတယ်။ ပထမအဆင့်နဲ့ ဒုတိယအဆင့်အတွက် လျာထားငွေတွက်ချက်မှု အတူတူဖြစ်တယ်။ တတိယအဆင့်ရောက်တော့မှသာ တွက်ချက်ပုံက ရှုပ်ထွေးလာတယ်။ သီအိုရီအရပြောရင် အခုလို IFRS 9 အပြောင်းအလဲက ပိုပြီးအဓိပ္ပာယ်ရှိတယ်လို့ ဆိုကြတယ်။ ဘဏ်အနေနဲ့ ထုတ်ချေးငွေတစ်ရပ်ရဲ့အန္တရာယ်ကို ကြိုတင်မြင်သိနိုင်ပြီး လိုအပ်တဲ့လျာထားငွေကိုလည်း အရန်သင့်ထားရှိပြီးဖြစ်တဲ့အတွက် ဘဏ်လုပ်ငန်းပိုမိုကောင်းမွန်လာနိုင်တယ်လို့ဆိုကြတယ်။

IASB  ကတော့ ဒီ IFRS 9  စံနှုန်းကို ငါးနှစ်လောက်ပဲ ကျင့်သုံးဖို့ ရည်ရွယ်တယ်လို့ ထောက်ပြတယ်။ နိုင်ငံတကာမှာ စီးပွားရေးအခြေအနေတွေကောင်းလာရင် IFRS 9 ကို ပြန်ရုပ်သိမ်းမယ့်သဘောရှိတယ်။ အခုတော့ ကမ္ဘာ့နိုင်ငံ အတော်များများမှာ စီးပွားရေးပုံမှန်မဖြစ်သေးဘူး။ ၂ဝဝ၇-၂ဝဝ၈ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းအလွန်မွှာ ၂ဝ အဖွဲ့က ဘဏ္ဍာရေးစာရင်းအင်း အစီရင်ခံစာရေးနည်း စံချိန်စံညွှန်းများကို အလုံးစုံပြုပြင်ပြောင်းလဲပစ်ဖို့ ဆုံးဖြတ် ခဲ့ကြတယ်။ အဲဒီဆုံးဖြတ်ချက်ကြောင့် အခုလိုစံနှုန်းသစ်တွေ ပေါ်ထွက်လာခဲ့တာပါ။ အဓိကအချက်ကတော့ ဘဏ္ဍာရေးစာရင်းအင်းထားသိုမှုများဟာ အရှိကိုအရှိအတိုင်း တင်ပြနိုင်ခြင်းမရှိတဲ့အတွက် ဘဏ္ဍာရေးပြဿနာတွေ ဖြစ်ပေါ်ရတယ်လို့ ယူဆခဲ့ကြတယ်။

မြန်မာနိုင်ငံမှာလည်း ဒီ IFRS ကို လက်ခံကျင့်သုံးလိမ့်မယ်လို့ ယူဆပါတယ်။ ဒါပေမယ့် လူတွေကဘဏ်တွေရဲ့ ပြဿနာကိုသိပ်ပြီး စိတ်မဝင်စားကြဘူး။ မြန်မာပုဂ္ဂလိကဘဏ်တွေက IFRS9 အရ ငွေဘယ်လို ထုတ်ချေးကြမလဲ။ ငွေကို ဘယ်လိုပြန်ဆပ်ကြရမလဲ။ အတိုးနှုန်းကမြင့်တက်လာမလား စတာတွေကို သိချင်နေကြတယ်။ ဘဏ်ဆရာကြီး တွေ IFRS 9 ကြောင့် ခေါင်းကိုက်တာက အရေးမကြီးဘူး။ ဘဏ်ကငွေချေးယူလိုသူတွေ ခေါင်းမကိုက်ဖို့က အရေးကြီးတယ်။ မြန်မာ့စီးပွားရေးက သိပ်မကောင်းဘူး မဟုတ်လား။

 

မင်းရွှေမောင်

 

Ref;

(1) ‘Accounting and banks: stage fright’ The Economist, Nov, 18,2017.

(2) IFRS Wikipedia.

(3) http://www.ifrs.org/ifrs-9-Financial instruments.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.