25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
အလုပ်လက်မဲ့ရဲ့ သဘာဝနှုန်းရှာပုံတော်

မက်ခရို ဘောဂဗေဒပညာရှင်များ၊ ဗဟိုဘဏ်များနဲ့ မူဝါဒရေးဆွဲသူများဟာ အလုပ်လက်မဲ့ရဲ့ သဘာဝ နှုန်း Natural rate of unemployment ကို ရှာပုံတော်ဖွင့်ခဲ့ကြတာကြာပြီ။ ရာစုနှစ် ထက်ဝက်လောက်တောင် ရှိတော့မယ်။ ခုထိ ရှာမတွေ့သေးဘူး။ အလုပ်လက်မဲ့ရဲ့ သဘာဝနှုန်းဟာ တကယ်ရှိတယ်။ အဟုတ်ရှိတယ်လို့ ယုံကြည်ကြတယ်။ သူတို့အနေနဲ့ ရှာမတွေ့သေးတာပဲလို့ ယူဆ ကြတယ်။

အလုပ်လက်မဲ့ဟာ  ဘာကြောင့် ဖြစ်တည်နေသလဲ၊ ဘာကြောင့်ရှိနေသလဲ။ ဒါကတော့ စီးပွားရေးတစ်ခုလုံးကို ခြုံငုံဆင်ခြင်သုံးသပ်တဲ့ မက်ခရိုဘောဂဗေဒ Macroeconomics နယ်ပယ်မှာ အင်မတန် အဓိကကျတဲ့  မေးခွန်းတစ်ခုဖြစ်ပါတယ်။ တိုင်းပြည်မှာ အလုပ်လက်မဲ့တွေ ပေါများနေရင်၊ အချိန်နာရီတွေ ရက်တွေလတွေနှစ်တွေ အလဟဿဖြစ်သွားတယ်။ လုပ်အားတွေ အချည်းနှီး ဖြစ်သွားတယ်။ တိုင်းပြည်တိုးတက်မှုကို အထောက်အကူမဖြစ်ဘူး။

အလုပ်လက်မဲ့များပြားနေမှုဟာ လူတွေရဲ့ဘဝကို ဖျက်ဆီးပစ်နိုင်တယ်။ ဘတ်ဂျက်ကို လျော့နည်းသွား စေနိုင်တယ်။ အစိုးရများကိုလည်း ဖြုတ်ချပစ်နိုင်တယ်။ ဒါကြောင့် အမေရိကန် ဗဟိုဘဏ် (Federal Reserve) တို့လို ဗဟိုဘဏ်အတော်များများဟာ အလုပ်လက်မဲ့ရဲ့ 'သဘာဝ'နှုန်းကို ပစ်မှတ်ထားပြီး လုပ်ငန်းဆောင်ရွက်ကြတယ်။ အဲဒီလုပ်လက်မဲ့ရဲ့ သဘာဝနှုန်းမှာ ငွေဖောင်းပွမှု inflation ဟာ တည်ငြိမ်မှုရှိတယ်လို့ သတ်မှတ်ကြတယ်။

ဒီအယူအဆရဲ့ အရေးပါမှုကိုချဲ့ကားပြီး တစ်စိတ်တစ်အိတ်လုပ်ပြော ဆိုဖို့တောင်ခက်တယ်။ တစ်လောက အမေရိကန် ဗဟိုဘဏ်ဟာ အတိုးနှုန်းများကို မြှင့်တင်ခဲ့ရတဲ့ကိစ္စက  တခြားကြောင့် မဟုတ်ဘူး။ အလုပ်လက်မဲ့ဖြစ်မှုဟာ သဘာဝနှုန်းအောက် အလွန်အမင်းကျဆင်းသွားမှာ စိုးရိမ်ရတာကြောင့်ဖြစ်တယ်လို့ အခိုင်အမာဆိုခဲ့ပါတယ်။ ဒါပေမယ့် သဘာဝနှုန်းဆိုတာဟာ ယုံကြည် ချက်တစ်ခုသာဖြစ်တယ်။ ဘယ်သူမှ မမြင်ဖူးမတွေ့ဖူးကြဘူး။ ဒီတော့  အလုပ်လက်မဲ့ရဲ့ သဘာဝနှုန်းဟာ ဘယ်ကဘယ်လို ရောက်လာတာလဲ။

အလုပ်လက်မဲ့ဖြစ်မှုကို အပြည့်အဝ ဆွဲနုတ်ဖယ်ရှားပစ်လို့မရဘူး။ ဘာကြောင့်လဲဆိုတော့ အလုပ်လက်မဲ့ ဖြစ်ရတဲ့အကြောင်းက အမျိုးမျိုးရှိတယ်။ အလုပ်တစ်ခုက အခြားအလုပ်တစ်ခုကို ရွှေ့ပြောင်းတဲ့အတွက် ကြန့်ကြာမှုကြောင့် ဖြစ်ပေါ်ရတဲ့ အလုပ်လက်မဲ့ဖြစ်ရမှုလည်းရှိတယ်။ ဒါကို 'ပွတ်တိုက်မှုအား' အလုပ်လက်မဲ့ (Frictional Unemployment) လို့ ခေါ်တယ်။ လူတွေဟာ သူတို့ရဲ့ ကျွမ်းကျင်မှုက ခေတ်ကုန်သွားလို့ အလုပ်လက်မဲ့ ဖြစ်ရတာလည်းရှိတယ်။ ဥပမာ-စက်ရက်ကန်း ပေါ်လာတော့  လက်ရက်ကန်းသမားတွေ အလုပ်မဲ့အကိုင်မဲ့ဖြစ်သွားကြရတာမျိုး။ ဒါကိုတော့ 'ဖွဲ့စည်းတည် ဆောက်ပုံဆိုင်ရာ' အလုပ်လက်မဲ့ဖြစ်ရခြင်း Structurally Unemployed လို့ ဆိုတယ်။

ဒါပေမယ့် ဗဟိုဘဏ်သမားတွေကတော့ အလုပ်လက်မဲ့ဖြစ်မှုနဲ့ ငွေဖောင်းပွမှုတို့အကြား အတိုးအလျှော့ အပေးအယူလုပ်မှု (Trade-off) ကို စိတ်ဝင်စားတယ်။ သဘာဝနှုန်း အယူအဆ Natural-rate hypothesis ကို ကနဦး စူးစမ်းလေ့လာခဲ့တဲ့ ဘောဂဗေဒပညာရှင်က John Maynard Keynes ဖြစ်တယ်။ ကိန်းက အလုပ်လုပ်ဖို့ ဆန္ဒရှိပါလျက် အလုပ်မရကြသူတွေ ‘involuntary’ Unemployment နဲ့ ပတ်သက်ပြီး ပထမစဉ်းစားကြည့်တယ်။ ၁၉၃ဝ ကမ္ဘာ့စီးပွားပျက်ကပ် Great Depression နောက်ပိုင်းကာလ ဖြစ်ပေါ်နေတဲ့လုပ်ခ wage မှာ လူအတော်များများဟာ အလုပ်အကိုင် ရှာဖွေလို့မရဖြစ်ခဲ့ကြတယ်။ သူတို့အနေနဲ့ အလုပ်လုပ်နေကြသူတွေလောက် ကျွမ်းကျင်မှုရှိနေကြတာတောင်မှ အလုပ်က မရကြဘူး။

ဒီလိုဖြစ်ရပ်မျိုးကို ရှေးတုန်းက ကျမ်းရိုးဘောဂဗေဒပညာရှင်များ Classical economists က တမင် တကာ မြှင့်တင်ထားတဲ့ လုပ်ခကြောင့်ဖြစ်တယ်လို့ ဆိုခဲ့ကြတယ်။ ဒါပေမယ့်  ကိန်းက ဒါဟာ စီးပွားရေး နယ်ပယ်တစ်ကြောမှာ တက်ကြွလှုပ်ရှားမှုမရှိတဲ့ သုံးစွဲမှုကြောင့်ဖြစ်တယ်လို့ ထောက်ပြတယ်။ လုပ်သားတွေ  အလုပ်အကိုင်မရကြတဲ့အတွက် သူတို့လက်ထဲမှာ သုံးစွဲစရာငွေမရှိကြဘူး။ ဒီတော့ ဝယ်လိုအား demand ကျဆင်းဆိုးရွားသွားတယ်။ ဒါကို ဘယ်လိုကုစားမလဲ။ အစိုးရများအနေနဲ့  လုပ်သားတွေ အလုပ်အကိုင်   'အပြည့်အဝ' Full ရရှိအောင်  စုစုပေါင်းဝယ်လိုအား Aggregate demand ကို စီမံခန့်ခွဲပေးရမယ်လို့ ကိန်းက ထောက်ပြတယ်။

ခုလိုသုံးသပ်ချက်ကို ကိန်းက သူ့ရဲ့ ၁၉၃၆ ခုနှစ်ထုတ် “The General Theory” စာအုပ်မှာ ဖော်ပြခဲ့ တယ်။ ဒါပေမယ့် သူ့ရဲ့အလုပ်လက်မဲ့သုံးသပ်ချက်မှာ ငွေဖောင်းပွမှုကို ထည့်သွင်းစဉ်းစားခြင်းမရှိခဲ့ပါဘူး။ ကိန်းကွယ်လွန်ခဲ့ပြီးနောက်ပိုင်း ကိန်းရဲ့ သဘောတရားအမြင်ကို ထောက်ခံကြသူတွေက ၁၉၆ဝ  နှစ်များမှာ  အလုပ်လက်မဲ့နဲ့ ငွေဖောင်းပွမှုကို ချိတ်ဆက်တွေးခေါ်လာခဲ့ကြတယ်။ သူတို့က အခုလိုထောက်ပြတယ်။ မူဝါဒရေးဆွဲသူများဟာ စုစုပေါင်း ဝယ်လိုအားကို စီမံခန့်ခွဲတဲ့အခါ အလုပ်လက်မဲ့နှုန်းကိုသာ ရွေးချယ်တာမဟုတ်ဘဲ တစ်ချိန်တည်းမှာ ဈေးနှုန်းတွေ ဘယ်လောက်မြန်မြန်တက် နေသလဲဆိုတာကိုလည်း စိစစ်ကြည့် ကြတယ်။ ဒါကြောင့် အလုပ်လက်မဲ့နဲ့ ငွေဖောင်းပွမှုဟာ အချိတ်အဆက်ရှိတယ်လို့ သူတို့က ဆိုတယ်။

ငွေဖောင်းပွမှုနဲ့ အလုပ်လက်မဲ့တို့အကြား ဆက်စပ်နှီးနွယ်မှုကို    ပထမဆုံးလေ့လာခဲ့သူက Yale University မှ နိုင်ငံရေး ဘောဂဗေဒပါမောက္ခ Irving Fisher ဖြစ်ပါတယ်။ သူ့ရဲ့ လေ့လာတွေ့ရှိချက်များကို ၁၉၂၆ ခုနှစ်က တင်ပြခဲ့တယ်။ သူနောက် ၁၉၅၈ ခုနှစ်မှာ University of London မှ ဘောဂဗေဒပါမောက္ခ William Philliips က လုပ်ခရဲ့ ရာခိုင်နှုန်းအပြောင်းအလဲနဲ့ အလုပ်လက်မဲ့အဆင့်တို့ အကြားမှာ သိသိသာသာ ဆက်နွယ်မှုရှိတဲ့အကြောင်းကို Phillips Curve နဲ့  ထောက်ခံတင်ပြခဲ့တယ်။ ဖိလစ်မျဉ်းကွေးက အလုပ်လက်မဲ့နည်းလာလေ လုပ်ခ ပြောင်းလဲမှုနှုန်းက မြင့်တက် လာလေဖြစ်တယ်လို့ ဖော်ညွှန်းတယ်။ သူဟာ ဗြိတိန်နိုင်ငံမှာ နှစ်ပေါင်းတစ်ရာ နီးနီးကာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အလုပ်လက်မဲ့နဲ့ လုပ်ခကိန်းဂဏန်းများကို လေ့လာပြီး မှတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ သူက အလုပ်လက်မဲ့နဲ့ လုပ်ခတို့ ဆက်နွယ်မှုဟာ တည်ငြိမ်မှု Stable ရှိတယ်လို့လည်း ထောက်ပြခဲ့ပါသေးတယ်။

ဒါပေမယ့် ဘောဂဗေဒပညာရှင်များဖြစ်ကြတဲ့ Paul Samuelson နဲ့ Robert Solow တို့က အမေရိကန်နိုင်ငံမှ အလုပ်လက်မဲ့နဲ့ လုပ်ခဆက်နွယ်မှုကို ဆန်းစစ်လေ့လာခဲ့ပြီးနောက် ယင်းတို့အကြား ဆက်နွယ်မှုဟာ တည်ငြိမ်မှုမရှိကြောင်း Unstable ထောက်ပြခဲ့ကြပြန်တယ်။ ဒီတော့ ဖိလစ်မျဉ်းကွေးက ရွှေ့ပြောင်းသွားတယ်။ ဒီလိုဆိုပေမယ့် Samuelson နဲ့ Solow တို့က ဘယ် ခေတ်မှာမဆို လုပ်သားဈေးကွက်တင်းကျပ်လာရင် လုပ်ခနှုန်းဟာ မြင့်တက်လာပြီး လုပ်သားဈေးကွက်က ပိုပြီး တင်းကျပ်လာခဲ့ရင် လုပ်ခနှုန်းမြင့်တက်မှုက ပိုပြီးမြန်ဆန်လာတယ်လို့ ဆိုခဲ့ကြတယ်။

Samuelson  နှင့် Solow တို့က အလုပ်လက်မဲ့နဲ့ လုပ်ခဆက်နွယ်မှုကို 'လိုရာရွေးလမ်းညွှန်' Menu လို့ အမည်ပေးခဲ့ကြပါတယ်။ ဆိုလိုတာက မူဝါဒရေးဆွဲသူများအနေနဲ့ သူတို့ စိတ်ကြိုက်သူတို့အလိုရှိတဲ့ ပွိုင့်တစ်ခုကို ဖိလစ်မျဉ်းကွေးပေါ်မှာ ရွေးချယ်နိုင်ကြပါတယ်တဲ့။ တစ်နည်းပြောရင် အလုပ်လက်မဲ့နည်းမှုကို ဘယ်လောက်ထိ ကျဆင်းစေချင်သလဲဆိုတာက မူဝါဒရေးဆွဲသူများအနေနဲ့ ငွေဖောင်းပွမှုအဆင့်ကို ဘယ်လောက်ထိ လက်ခံနိုင်မလဲဆိုတဲ့အပေါ် မူတည်တယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ခမြင့်တက်လာရင် ဈေးနှုန်းတွေကလည်း ကြွတက်လာမှာပဲ မဟုတ်လား။ ဒါက သေချာတယ်။

ဒါပေမယ့် မသေချာတာက ဘာလဲဆိုတော့ မူဝါဒရေးဆွဲသူများဟာ ငွေဖောင်းပွမှုနဲ့ အလုပ်လက်မဲ့တို့အကြား နှီးနွယ်ဆက်စပ်မှုကို လိုရာရွေး လမ်းညွှန်တစ်ခုအဖြစ် တကယ့်တကယ် စဉ်းစားမှ စဉ်းစားပါ့မလားဆိုတာပါပဲ။ ဘာပဲပြောပြော ဒီအတွေးအမြင်ဟာ ၁၉၆ဝ နှောင်းပိုင်း ကာလမှာ မှိုချိုးမျှစ်ချိုး အဝေဖန်ခံရ လောက်အောင်နာမည်ကြီးလာခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး ရှုတ်ချပုတ်ခတ်ပြောဆိုခဲ့ကြသူနှစ်ဦးကတော့  ဘောဂဗေဒပညာရှင် Edmund Phelps နဲ့ Milton Friedman တို့ဖြစ်ကြပါတယ်။ နောက်ပိုင်းမှာ သူတို့ တစ်ဦးချင်းစီတောင် နိုဘယ်ဆုရရှိခဲ့ ကြပါသေးတယ်။

Phelps ဟာ ၁၉၆၆ ခုနှစ်မှာ နည်းသစ်စနစ်သစ်တွေနဲ့ လုပ်သားဈေးကွက် မော်ဒယ်များအကြောင်း ရေးသားတင်ပြခဲ့တယ်။ Friedman ကတော့ အတွေးအခေါ်ဟောင်းများကို ဝေဖန်ပြောကြားခဲ့တယ်။ သူက မူဝါဒရေးဆွဲသူများအတွက် ရွေးချယ်စရာမီနျူးမရှိပါဘူးလို့ ထောက်ပြတယ်။ အလုပ်လက်မဲ့နှုန်းတစ်ခုဟာ ဒါက သဘာဝနှုန်းဖြစ်ပြီး နောက်ဆုံးမှာ ဒီနှုန်းပဲဖြစ်ပေါ်နေမှာပဲလို့သူက ဆိုတယ်။

Friedman က အခုလို ပြောတယ်။ ဆိုကြပါစို့။ ဗဟိုဘဏ်ဟာ အလုပ်လက်မဲ့ကို သဘာဝနှုန်း အောက်ရောက်အောင် နိမ့်ကျစေချင်လို့ ငွေစက္ကူများကို ပုံနှိပ်ထုတ်ဝေဖြန့်ချိတယ်။ ငွေကြေးပမာဏကြီးထွားလာတဲ့အတွက် သုံးစွဲမှုပိုပြီးများပြားလာမယ်။ ဝယ်လိုအား မြင့်တက်လာ တာကြောင့် ကုမ္ပဏီတွေက ပိုမိုထုတ်လုပ်ချဲ့ကားလာကြမယ်။ ဈေးနှုန်းကို လည်း ဆိုကြပါစို့။ ငါးရာခိုင်နှုန်းလောက် မြှင့်တင်ကြမယ်။ ဒီတော့ ငွေဖောင်းပွမှု ဝင်လာမယ်။ ငွေဖောင်းပွဝင်လာတော့  အလုပ်သမားများရဲ့ လုပ်ခပွန်းပဲ့သွားတယ်။ သူတို့ရဲ့လုပ်ခဟာ အရင်ကနဲ့နှိုင်းစာရင် မတန်တော့ဘူး။ တန်ဖိုးကျသွားတယ်။

သူတို့ဆီမှာက အလုပ်လုပ်တော့မယ်ဆိုရင် လုပ်သားနဲ့ အလုပ်ရှင်တို့အကြား လုပ်ခကို ညှိနှိုင်းပြီးတစ် နှစ်ကာလအတွက် စာချုပ်ချုပ်ဆို တတ်ကြတယ်။ အခုလို ငွေဖောင်းပွလာတော့ လုပ်ခဈေးနှုန်းသက်သာသ လိုဖြစ်သွားတယ်။ လုပ်ခသက်သာလာတော့ အလုပ်ရှင်တွေက လုပ် သားများကို ပိုမိုငှားရမ်းလာကြတယ်။ ဒီတော့ အလုပ်လက်မဲ့ဟာ သဘာဝ နှုန်းအောက်ရောက်သွားတယ်။ ဗဟိုဘဏ်အနေနဲ့တော့ သူတို့ဖြစ်စေချင် သလို ဖြစ်လာတဲ့အတွက် သတ်မှတ် ပန်းတိုင်ကို ရောက်လာတယ်လို့ဆိုနိုင်တယ်။

နောက်နှစ်ကျတော့ လုပ်ခညှိနှိုင်းကြတဲ့အခါ အလုပ်သမားတွေက အလုပ်ရှင်ကို လုပ်ခငါးရာခိုင်နှုန်း တိုးမြှင့်ပေးဖို့ တောင်းဆိုကြတယ်။ ဒါမှပဲ အရင်ကလို လူနေမှုအဆင့်အတန်းမီ နေထိုင်နိုင်ကြမယ်။ တစ်နည်းပြောရင်တော့ ဒီလိုတောင်းဆိုတဲ့အတွက် လုပ်သားတွေဟာ မနှစ်ကရရှိခဲ့တဲ့ လုပ်အားတန်ဖိုးအတိုင်း ပြန်လည်ရရှိကြမှာဖြစ်တယ်။ အလုပ်ရှင်ဘက်ကကြည့်ရင်တော့ လုပ် ခတိုးမြှင့်ပေးလိုက်ရတဲ့အတွက် ဒါကို ကာမိအောင် လုပ်သားအရေအတွက် ကို လျှော့ချလိုက်တယ်။ ဒါကြောင့် အလုပ်လက်မဲ့ရဲ့ သဘာဝနှုန်းကို သူ့သာသာသူ အလိုအလျောက်ပြန် ရောက်သွားတယ်။ ဒါပေမယ့် ဗဟိုဘဏ်က စောစောကပြောခဲ့သလို အလုပ်လက်မဲ့ကို သဘာဝနှုန်းအောက် ရောက်အောင် နိမ့်ကျစေချင်တဲ့အတွက် ငွေစက္ကူတွေ ထပ်မံပုံနှိပ်ထုတ် ဝေပြန်တယ်။ ဒီတော့ ဂျာအေးဇာတ် လမ်းပြန်စတော့တယ်။ ပြဿနာက ဘာလဲဆိုတော့ အလုပ်လက်မဲ့ကို သဘာဝနှုန်းအောက်ကျဆင်းစေချင်ရင် ငွေဖောင်းပွမှုကို မြှင့်တင်ပေးဖို့လိုတယ်။ Friedman နဲ့ Phelps တို့ ကတော့ သူတို့ရဲ့သဘာဝနှုန်း Natural Rate ကို အလုပ်လက်မဲ့ရဲ့ ငွေဖောင်းပွမှု မြင့်တက်ခြင်းမရှိတဲ့နှုန်း non-accelerating inflation rate of unemployment (NAIRU) လို့ ခေါ်ကြတယ်။

ဒါပေမယ့် လက်တွေ့ဖြစ်ရပ်တွေက သူတို့ပြောသလို ဖြစ်မလာတာ တွေလည်း ရှိပါတယ်။ ၁၉၆၈ ခုနှစ် မတိုင်မီက အမေရိကန်နိုင်ငံမှာ နှစ်နှစ်လောက် အလုပ်လက်မဲ့ကလည်း လေးရာခိုင်နှုန်းအောက်၊ ငွေဖောင်းပွမှုကလည်း သုံးရာခိုင်နှုန်းအောက်ရှိခဲ့ဖူးတယ်။ ဒါပေမယ့် Friedman ပြောတဲ့ အချိန်တုန်းက ဈေးနှုန်းတွေဟာ တကယ်ပဲမြင့်တက်လာတယ်။ ၁၉၆၈ မှာ ငွေဖောင်းပွမှုဟာ ၄ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်သွားတယ်။ နောက်တစ်နှစ်ကျတော့ အလုပ်လက်မဲ့က သိပ်ပြီး အပြောင်း အလဲမရှိပေမယ့် ငွေဖောင်းပွမှုဟာ ၅ ဒသမ ၄ ရာခိုင်နှုန်းဖြစ်လာတယ်။ ၁၉၇ဝ နှစ်များအတွင်းက ငွေဖောင်းပွမှုကလည်း တိုးမြှင့်လာပြီး အလုပ်လက်မဲ့ကလည်း မြင့်တက်လာတဲ့ အခြေအနေတစ်ရပ် Stagflation ဖြစ်ပေါ်လာတယ်။ ဒီလိုဖြစ်လာတော့  ဖိလစ်မျဉ်းကွေးအတွေးအခေါ်ဟာ ပြိုလဲသွားတယ်။

၁၉၇၃ နဲ့ ၁၉၇၉ ခုနှစ်များမှာ ရေနံဈေးနှုန်းတွေ အလွန်အမင်း မြင့် တက်လာပြီး ရေနံရှော့ခ်ဝင်လာ တယ်။ ၁၉၈ဝ ပြည့်နှစ်မှာ ငွေဖောင်းပွမှုက ၁၃ ဒသမ ၅ ရာခိုင်နှုန်း အလုပ်လက်မဲ့က ၇ ရာခိုင်နှုန်းကျော်ဖြစ်လာတယ်။ အလုပ်လက်မဲ့နှုန်း သိပ်ပြီးမြင့်တက်လာရင် ငွေဖောင်းပွမှု ကျဆင်းရမယ်ဆိုတဲ့ Friedman နဲ့ Phelps တို့ရဲ့ NAIRU သဘောတရားဟာ ခနော်နီခနော်နဲ့ ဖြစ်သွားတယ်။

ဒီပြဿနာကို ၁၉၇၉ ခုနှစ်မှာ အမေရိကန်ဗဟိုဘဏ် Federal Reserve ရဲ့ ဥက္ကဋ္ဌဖြစ်လာခဲ့တဲ့ Paul က ငွေကြေးမူဝါဒကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်တဲ့နည်းနဲ့ ဖြေရှင်းခဲ့တယ်။ အမေရိကန်စီးပွား ရေးကျဆင်းသွားတယ်။ အလုပ်လက်မဲ့နှုန်းက ၁ဝ ရာခိုင်နှုန်းအထက် ရောက်သွားခဲ့တယ်။ ဒါပေမယ့် Volcker ဟာ ငွေဖောင်းပွမှုနဂါးကို ခေါင်းမထောင်နိုင်အောင် သတ်ပစ် နိုင်ခဲ့တယ်။ အဲဒီနောက်ပိုင်း အမေရိကန်နိုင်ငံမှာ ငွေဖောင်းပွမှုဟာ အများအားဖြင့် ငါးရာခိုင်နှုန်းထက် ကျော်လွန်တာ မရှိတော့ဘူး။

အဲဒီနောက်ပိုင်းမှာ ၁၉၈ဝ နှစ်များရဲ့ အတွေ့အကြုံအရ ဗဟိုဘဏ်များဟာ ငွေဖောင်းပွမှုကို သတ်သတ်မှတ်မှတ် ပစ်မှတ်ထားလာခဲ့ကြတယ်။ Inflation Targeting လို့ ခေါ်တယ်။  ဒါပေမယ့် လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းက ငွေဖောင်းပွမှုနဲ့ ပတ်သက်ပြီး ထူးထူးခြားခြားဖြစ်ရပ်တွေရှိခဲ့ပါတယ်။ ၂ဝဝ၇-၂ဝဝ၈ အမေရိကန်စီးပွားရေး ကျဆင်းမှုကာလမှာ အလုပ်လက်မဲ့ဟာ ၁ဝ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့တယ်။ ဒါပေမယ့်  ငွေဖောင်းပွမှုက တစ်ရာခိုင်နှုန်း အောက်အထိ ကျဆင်းသွားခဲ့တယ်။

ဒီတော့ ဘောဂဗေဒပညာရှင်တွေရဲ့ အပြောတွေနဲ့ တခြားစီဖြစ်သွားတယ်။ တကယ်တော့ ဘောဂ ဗေဒပညာရှင်တွေဟာ အလုပ်လက်မဲ့နဲ့ ငွေဖောင်းပွမှုတို့ရဲ့ ရွေ့လျားမှုကိုကြည့်ပြီး သဘာဝနှုန်းကို အမျိုးမျိုး ခန့်မှန်းပြောဆိုခဲ့ကြတယ်။ အတည်တကျခန့်မှန်းလို့ မရကြသေးဘူး။ လောလောဆယ် အလုပ်လက်မဲ့ကလည်း ကျဆင်း၊ ငွေဖောင်းပွမှုကလည်း ကျဆင်းနေတယ်။ တကယ်လို့ ရုတ်တရက် ငွေဖောင်းပွမှု မြင့်တက်လာရင် ဘယ်လိုလုပ်ကြမလဲ။ စီးပွားရေးကျဆင်းမှုတစ်ခုကို ဖန်တီးပြီး ငွေ ဖောင်းပွမှုကို လျော့ကျသွားအောင်လုပ်ကြမလား။

အလုပ်လက်မဲ့ရဲ့ သဘာဝနှုန်း ကို ရှာပုံတော် ဖွင့်ခဲ့ကြတာ နှစ် ၅ဝ လောက် ကြာမြင့်ခဲ့ပါပြီ။ ဒီသဘာဝ နှုန်းဟာ အမှန်တကယ်ရှိတယ်လို့ ယုံကြည်နေကြဆဲဖြစ်ပါတယ်။ ရှာမတွေ့ ကြသေးတာပါတဲ့။

 

မင်းရွှေမောင်

 

Ref: “The natural rate of unemployment; Central bankers’ holy grail” The Economist, Aug,26,2017.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.