25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
က္ကတ္ထိယတွေ လွှမ်းမိုးတဲ့ဒေသ

ပလောပလောက်မြို့တွေကိုဖြတ်ပြီး မြိတ်မြို့ဘက်ကို ကားနဲ့သွားတဲ့အခါလမ်းမှာ မိန်းမမြို့ဆိုတာကိုဖြတ်ပြီး သွားခဲ့ရတာ မှတ်မိသေးတယ်။

လူတစ်ရပ်လောက်ရှိတဲ့ ကျောက်တိုင်လေးမှာ မိန်းမမြို့လို့ ရေးထားတော့ ကိုယ့်အနားက ဒေသခံတွေကို ဒီမှာ ယောက်ျားတွေမရှိဘူး လားလို့မေးမိတာ့ သူတို့ပြုံးကြတယ်။ မရှိဘဲဘယ်နေမလဲ။ မိန်းမမြို့လို့ ဘာကြောင့်ခေါ်တယ်ဆိုတာကို တိတိကျကျ ရှင်းပြနိုင်တဲ့ သူက ကိုယ့်ခရီးမှာ မပါခဲ့ပါဘူး။ တစ်ယောက်ကတော့ ယိုးဒယား ရှေးဟောင်းစကားက အသံကို ယူထားတယ်ဆိုလား ကြိုးစားပြီး ရှင်းပြသေးတယ်။

တကယ်တော့ ခေတ်အဆက်ဆက် မိန်းမတွေချည်းနေတဲ့ အရပ်ဆိုတာတော့ ဘယ်ရှိနိုင်ပါ့မလဲ။ ရှိရင်လည်း မိန်းမကြီးစိုးတဲ့ အရပ်ပဲ ရှိမှာပေါ့။ ကမ္ဘာဦးအစ လူ့သမိုင်းကိုကြည့်ရင် ကိုယ့်အုပ်စုနဲ့ကိုယ် အမဲလိုက်ပြီး ရှင်သန်ကြတဲ့ လူသားတွေမှာ မိခင်ကသာ ဦးစီးတယ်လို့ စာ တစ်အုပ်မှာ ဖတ်ခဲ့ဖူးတယ်။ နောက် ပိုင်းကျမှ မဟာပုရိသတွေက နေရာ ရလာတာ အခုအချိန်အထိပေါ့။

နောက်ဆုံး  နယ်ပယ်အသီးသီးမှာ ယောက်ျားတွေက လွှမ်းမိုးလွန်းလို့ အခုဆိုရင် အမျိုးသမီးတွေ တန်းတူ အခွင့်အရေး ရအောင်တောင် ပြန်ပြီး ကြွေးကြော်လှုံ့ဆော်နေရတဲ့ အခြေ အနေဖြစ်နေတယ်မဟုတ်လား။ ကမ္ဘာပေါ်မှာ ဒီလို တောင်းဆိုရတဲ့ အဖြစ်မျိုးနဲ့ကင်းပြီး အခုအချိန်အထိ အမျိုးသမီးဦးဆောင် လွှမ်းမိုးတဲ့ဒေသက အင်ဒိုနီးရှားနိုင်ငံ မြောက် ဆူမားတြားက မီနန်လူမျိုးစုတွေမှာ  ထွန်းကားဆဲပဲဆိုရင် စိတ်ဝင်စားမယ် ထင်ရဲ့နော်။

မြောက်ဆူမားတြားက Minangkabau တောင်ပေါ်ဒေသဟာ မာရာပီတောင်တန်း၊ ဆင်းဂလန်တောင်တန်းနဲ့၊ ဆာဂိုတောင်တန်းတွေပေါ်မှာရှိတယ်။  'ကျွဲအောင်ပွဲရဲ့ ကမ္ဘာ'လို့ အဓိပ္ပါယ်ရတဲ့ “Alam Minangkabau” ဒေသဟာ ၇ ရာစုက စပြီး ပေါ်ပေါက်ခဲ့တယ်လို့ သမိုင်း စာမျက် နှာတွေကဆိုတယ်။

ဒဏ္ဍာရီတစ်ခုမှာတော့ ဂျာဗား က မာဂျာပါဟစ်ဆိုတဲ့ ဧကရာဇ် တစ် ပါးက မီနန်တွေရဲ့ ဘုရင်ကို စစ်ကြေ ညာခဲ့တယ်။ ဒီအခါမှာ ဘုရင်အချင်းချင်းက စစ်တိုက်မယ့်အစား ကျွဲချင်း တိုက်ပြီး အဆုံးအဖြတ်ပေးဖို့ သဘော တူခဲ့ကြတယ်။ ကျွဲတိုက်ပွဲမှာ  မီနန်ဘုရင်ရဲ့ ကျွဲကဂျာဗားဧကရာဇ်ရဲ့ ကျွဲဗိုက်ကို သူ့ရဲ့ချွန်မြတဲ့ ဦးချိုနဲ့ ဝင်ဆောင့်ထိုးလိုက်တာ မီနန်တွေ နိုင်သွားတယ်လို့ဆိုတယ်။ အဲဒီကစပြီး Minang ဆိုတာ အောင်ပွဲ။ Kabau ဆိုတာက ကျွဲ။  ကျွဲအောင်ပွဲလို့ ခေါ်တွင်ပြီး Minangkabau ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စကတည်းက ဣတ္ထိယကြီးစိုးရာ အရပ်တော့ မဟုတ်ဘူးပေါ့။  Minangkabau တောင်ပေါ်ဒေသမှာ ၁၂ ရာစုကနေစပြီး အမျိုးသမီးတွေကြီးစိုးတဲ့ အစဉ်အလာ စတင်ခဲ့တယ်လို့ဆိုတယ်။ အဲဒီအချိန်က ကိုတိုဘာ တူ မင်းနေပြည်တော်ကိုတည်ထောင်သူ မဟာရာဂျိုဒီရာဂျိုဆိုတဲ့ ဘုရင်တစ်ပါးရှိဖူးခဲ့တယ်။ အခုအချိန်အထိ ဆူမားတြားကျွန်းပေါ်မှာ ကိုတိုဘာတူဆိုတဲ့ အမည်နဲ့ မြို့တစ်မြို့ရှိနေသေးတယ်။ ဘုရင်ကြီး နတ်ရွာစံချိန်မှာ မိဖုရားသုံးယောက်ကျန်ရစ်ပြီး  ရင်ခွင် ပိုက် ကလေးကလည်း သုံးဦးရှိတယ်တဲ့။ ဒီအခါမှာ မိဖုရားခေါင်ကြီး ပူတီ အင် ဒိုဂျာလီတိုက ထီးနန်းကို သိမ်းပိုက်လိုက်ပြီး အုပ်ချုပ်တော့တာပါပဲ။ အဲဒီအချိန်ကစပြီး  တောင်ပေါ်ဒေသမှာ မိန်းမလွှမ်းမိုးတဲ့ လူ့ဘောင် တစ်ခုဖြစ်လာခဲ့တာ အခုအချိန်အထိ ပဲလို့ဆိုကြတယ်။

မီနန်လူမျိုးတွေက  အစ္စလာမ်ဘာသာကို ယုံကြည်ကိုးကွယ် သူတွေဆိုပေမယ့် ရှေးအစဉ်အဆက်က လက်ခံထားတဲ့ ရိုးရာပူဇော်ပသမှုတွေကိုလည်း မပစ်ပယ်ကြပါဘူး။ အထူးသဖြင့် ဆူမားတြားကျွန်းပေါ်ကို အစ္စလာမ်ရောက်မလာခင်ကရှိခဲ့တဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာ ဓလေ့ထုံးစံတွေနဲ့ ရှေးဟောင်း သစ်ပင်တောတောင် ကို ကိုးကွယ်တဲ့ဓလေ့တို့ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ ရိုးရာအစဉ်အလာတွေကို ဆက်လက်ကျင့်သုံးနေဆဲပါပဲ။ ဒေသတွင်းက ရိုးရာဓလေ့၊ ပူဇော်ပသမှုနဲ့ ပြဋ္ဌာန်းဥပဒေတွေဟာ ဟိန္ဒူနဲ့ရေမြေတောတောင် ကိုးကွယ်မှုတွေကို အခြေခံထားပါတယ်။ ရှေးရိုးဆန်တဲ့ ကိုးကွယ်မှုတွေကြောင့် မီနန်တွေရဲ့ လောကမှာ နတ်ကတော်တွေဟာ အလွန်လည်းမျက်နှာပွင့်ကြပါတယ်။

ကမ္ဘာမှာ လက်ထပ်ထိမ်းမြားကြတယ်ဆိုရင် အများစုက သျှောင်နောက်ဆံထုံးပါတာလေ။  ဒါပေမယ့် မီနန်လူမျိုးတွေကြားမှာတော့ သတို့သားက အထုပ်ပိုက်ပြီးလိုက်ရတာ။  တစ်သက်လုံး မိန်းမရဲ့ ဆွေမျိုးတွေ ကြားမှာပဲ နေပေတော့ပဲလေ။ ဒါကြောင့်လည်း လက်ထပ် ထိမ်းမြားလိုတဲ့အခါ သတို့သားလောင်းရဲ့ ပညာအရည်အချင်းနဲ့ သူကျွမ်းကျင်တဲ့ အသက်မွေး ဝမ်းကျောင်းကို လိုက်ပြီး သတို့သမီးဘက်က တင်တောင်းကြရတယ်။

သတို့သားတောင်းကြပြီဆိုရင် သမီးရှင်တွေက ဝတ်ကောင်းစားလှတွေဝတ်၊ ငွေကြေးနဲ့ လက်ဆောင်ပဏ္ဏာတွေကို ခေါင်းပေါ်ရွက်ပြီး ယောက်ျားတောင်း ထွက်ကြရတယ်။ ပြီးရင်တော့ သတို့သားက အတီးအမှုတ်အကအခုန်တွေနဲ့ သတို့သမီးအိမ်ကို ပျော်ပျော်ပါးပါး ချီတက်ကြ ရလေ့ရှိပါတယ်။

အမျိုးသမီးဦးဆောင်တဲ့ အစဉ်အလာအရ မီနန်လူမျိုးတွေက လယ်ယာ၊ အိုးအိမ်၊ ခြံမြေကို အမွေဆက်ခံရာမှာ မိခင်ကနေ သမီးလက်ကို အဆက်ဆက်လွှဲပြောင်းတဲ့စနစ်က ရှိနေပါတယ်။  လူမှုရေးမှာ ရှေ့ထွက် ကြတော့သူတို့ပဲ။ အိမ်ထောင် စီးပွားကို အမျိုးသမီးတွေကဦးဆောင်ပြီး ရသမျှဝင်ငွေတွေကို သူတို့ကပဲ စီမံခန့်ခွဲကြတယ်။ ယောက်ျားတွေကတော့ နိုင်ငံရေးနဲ့ ဘာသာရေး ခေါင်းဆောင်တွေ ဖြစ်ကြတာများပါတယ်။

လယ်ယာစိုက်ပျိုးရေးကို အဓိကအားထားတဲ့ တောင်ပေါ် ဒေသလေး ဟာ ဟိုအရင်ကတည်းက နိုင်ငံခြား သားတွေနဲ့ ပတ်သက်ခဲ့ဖူးပါတယ်။ ကမ္ဘာအနှံ့ နယ်မြေအရှာထွက်လာတဲ့ ဒက်ခ်ျလူမျိုးတွေဟာ ၁၆၈ဝ ပြည့် လွန်နှစ်တွေမှာ ရွှေတူးဖို့ ရောက်လာ ကြသေးတယ်။ တောင်ပေါ်ဒေသနဲ့ အနားက ပင်လယ်ဆိပ်ကမ်းဟာ ၁၈၂ဝ ကနေ ၁၈၉၉ အထိ ဆူမား တြားရဲ့ ကုန်သွယ်ထွက်ပေါက် ဖြစ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ အရင်ကထက် ဆန်အထွက် နည်းသွားတာ ကြောင့် ၁၈ဝဝ ပြည့်လွန်နှစ်တွေ လောက် မစည်ကားတော့ဘူးလို့ ဆို ကြတယ်။

မီနန်တွေက နှယ်နှယ်ရရတော့မဟုတ်ပါဘူး။ အင်ဒိုနီးရှားသမ္မတနိုင်ငံကို ပူးပေါင်းတည်ထောင်ခဲ့သူ မဟာမတ်ဟာတာက မီနန်ဖြစ်သလို စင်္ကာပူရဲ့ ပထမဆုံး သမ္မတယူဆွတ် ဘင်အစ်ဟာကလည်း မီနန်ထဲကပါပဲ။ တောင်ပေါ်ဒေသမှာ နေထိုင်ကြ တဲ့ မီနန်တွေမှာ အူရန်မီနန်နဲ့၊ ဆူကူမီနန်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အခုအချိန်မှာတော့ ဒေသတစ်လုံးမှာ လူဦးရေက ၄ ဒသမ ၂သန်းလောက် ရှိနေပါတယ်။

အဲဒီအထဲက ၆ဝ ရာခိုင်နှုန်းဟာ အင်ဒိုနဲ့မလေးရှားမြို့ အသီးသီးရောက်လာကြတာ များပါတယ်။

တောင်ပေါ်ဒေမှာရှိတဲ့ ရွာငယ်အများစုမှာ အိမ်တွင်းဖြစ် လက်မှု လုပ်ငန်းတွေ ထွန်းကားပါတယ်။ ကျူ ပိုက်ဆံအိတ်၊ ရက်ကန်း၊ အိုးဖုတ်စတဲ့ အလုပ်လုပ်တွေ လုပ်ကြပါတယ်။ ကျောက်ဖြုန်းလေးတွေနဲ့ လက်ဝတ် အဆင်တန်ဆာတွေလည်း ပြုလုပ်ကြပါတယ်။ Minangkabau သွားရောက် သူတိုင်းကတော့ ရွာငယ်တွေကို အနှံ့လှည့်ကြည့်ပြီး ဒေသခံတွေရဲ့ အစားအစာကို မြည်းစမ်းကြည့်ကြတာများပါတယ်။ ကျွဲနဲ့အောင်ပွဲရခဲ့တဲ့ ဒေသဖြစ်တာကြောင့် ရှေးဟောင်းအိမ်ကြီးတွေနဲ့ နာရီစင်လို အထင်ကရ အဆောက်အအုံတွေရဲ့ ခေါင်မိုးက ကျွဲချိုသဏ္ဌာန် ချွန်မြနေအောင်ပုံဖော် တည်ဆောက်ထားတာ များပါတယ်။

မြောက်ဆူမားတြားကို ရောက်တဲ့အခါ တရုတ်က မဟာရံတံတိုင်းပုံစံကိုယူပြီး တည်ဆောက်ထားတဲ့ ကိုတိုဂါဒန် မဟာရံကို သွားကြည့်ကြလေ့ရှိပါတယ်။ အကျယ် ၂ မီတာ အရှည် ၁ ဒသမ ၇ကီလိုမီတာရှိပါတယ်။ တံတိုင်းဆိုပေမယ့် ဘူကစ်တင်ဂီနဲ့ ကိုတိုဂါဒန်ကို သွယ်တန်းထားတဲ့ တံတားကြီးလိုပါပဲ။ ဘူကစ်တင်ဂီရဲ့ နာရီစဉ်နဲ့ ဈေးကလည်းဒေသမှာ ထင်ရှားတဲ့ အမှတ်လက္ခဏာ တစ်ခုပါ။

Minangkabau တောင်တန်းဒေသမှာရှိတဲ့ ဘာတုဆန်ကာမြို့အနီးက ပါဂါရူယန် နန်းတော်ကတော့ အထင်ရှားဆုံးပဲလို့ ဆိုရပါတယ်။ ပါဂါရူယန် မင်းဆက်ထဲက ဘုရင်တစ်ပါး စိုးစံတဲ့နန်းတော်ဟာ Minangkabau  တို့ရဲ့ လက်ရာတိုင်း တည်ဆောက်ထားပါတယ်။ အခုဆိုရင် ဘုံသုံးဆင့် နန်းတော်မှာ ဘုရင်လည်းမရှိသလို၊ နန်းတွင်း မိသားစုဝင် မျိုးဆက်တွေလည်း နေထိုင်ခြင်းမရှိပါဘူး။

ပါဂါရူယန်မင်းဆက် ပြတ်သွားတဲ့ ၁၈၃၃ခုနှစ်ကနေ ယနေ့အထိ ဘယ်သူမှမနေတော့ပေမယ့် မီနန် လူမျိုးတွေရဲ့ ဇာစ်မြစ်နဲ့ဂုဏ်ဒြပ်ကို ဖော်ဆောင်တဲ့အနေနဲ့ ဆက်လက် ထားရှိခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာ မြင်တွေ့နေရတဲ့ နန်းတော်ဟာ မူလက တည်ခဲ့တဲ့ လက်ရာ ဟောင်းတော့ မဟုတ်ပါဘူး။ ဘာ ကြောင့်လည်းဆိုတော့ နန်းတော်ဟာ ၁၈ဝ၄ ခုနှစ်၊ ၁၉၆၆ ခုနှစ်နဲ့ ၂ဝဝ၇ ခုနှစ်တွေမှာ မီးသုံးကြိမ်လောင်ခဲ့လို့ ရှေးလက်ရာအတိုင်း ပြန်ဆောက်ထား ရတာပါ။ အခုအချိန်မှာတော့ ခရီး သွားတွေ စိတ်ဝင်စားဆုံး နေရာဖြစ်သလို ပြတိုက်တစ်ခုလည်း ဖြစ်နေပါပြီ။

မီနန်တွေရဲ့ ဘဝကို အနီးကပ်လေ့လာချင်သူတွေ အတွက်တော့ ဘီလင်ဘင်းရွာလေးနဲ့ ပန်ဒိုင်းရှိတ်ရွာကို မသွားမဖြစ်သွားကြည့်ရပါမယ်။ မီနန်တွေရဲ့ မူလရိုးရာ အိမ်တွေ အပြည့်ရှိတဲ့ Belimbing ဘီလင်ဘင်းရွာလေးက အရှေ့တိုင်းက စိုက်ပျိုးရေး အသွင်ကို လေ့လာနိုင်တဲ့ နေရာ လည်း ဖြစ်ပါတယ်။

ပန်ဒိုင်းရှိတ် ရွာကတော့ ဆင်ဂလန်တောင်ခြေမှာရှိပါတယ်။ ရက်ကန်းစင်ပေါင်း ၁ဝဝဝ ကျော်လောက် ရှိပြီး မီနန်တွေရဲ့ လက်မှုပညာတွေနဲ့ ဆက်လက်ရပ် တည်နေတဲ့မြို့ဖြစ်လို့ ဣတ္ထိယတို့ ကြီးစိုးရာအရပ်ကအပြန်မှာ  အမှတ်တရ လက်ဆောင်ကောင်းတွေ ရှာနိုင်မယ်ထင်ပါတယ်။ မီနန်တွေက ယောက်ျားလည်းနိုင်၊ နတ်ကတော်တွေကလည်းထက်ဆိုတော့ အမျိုသမီးများအတွက်  အဆောင်ကောင်းလည်း ရချင်ရလိမ့်မယ်လို့ တွေးမိပါသေးတယ်။

 

သုနန္ဒခေတ်

သုနန္ဒခေတ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.