14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
၂၁ ရာစု တရုတ်ဧကရာဇ် သို့မဟုတ် ရှီကျင့်ဖိန်း

တရုတ်ပြည်မှာ တရုတ်ကွန်မြူ နစ်ပါတီ Communist Party of China (CPC) ဟာ တစ်ခုတည်းသော အရေးပါဆုံးပါတီဖြစ်ပါတယ်။ ပါတီက တရုတ်ပြည်တွင်းမှာ အစစအရာရာကို ချုပ်ကိုင်ထားတယ်။ တရုတ် ပြည်သူ့သမ္မတနိုင်ငံတော် PRC  ဆို တာကလည်း ပါတီရဲ့အောက်မှာ။ တရုတ်ရဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ဆိုတာကလည်း ပါတီရဲ့ ခါးပိုက်ထဲမှာ။ ပြီးတော့  ပြည်သူတွေကိုလည်း ပါတီကပဲ ချုပ်ကိုင် ထားတယ်။

ဒီတော့ တရုတ်ကွန်မြူနစ်ပါတီ ရဲ့အာဏာအရှိဆုံး ပုဂ္ဂိုလ်ဟာ တရုတ်ပြည်တစ်ခုလုံးကို စိုးမိုးချုပ်ကိုင်ထားတဲ့ အာဏာအရှိဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက် ဒီလို အာဏာအရှိဆုံး ပုဂ္ဂိုလ်များထဲမှ ရှီကျင့်ဖိန်း (Xi Jinping) ဟာ အထူး ခြားဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်က ရှီဟာ ဗဟိုစစ်ကော်မရှင်  (Central Military Commission-CMC) မှာ အရပ်သား ဒုတိယဥက္ကဋ္ဌ အဖြစ် ပါဝင်ခဲ့ပြီးနောက် CMC ရဲ့ ဥက္ကဋ္ဌဖြစ်လာခဲ့တယ်။ ဒီအချက်က ဘာကို ဖော်ညွှန်းသလဲဆိုတော့ ရှီဟာ တပ်ရဲ့ယုံကြည်မှုကို တင်းပြည့်ကျပ်ပြည့်ရထားတာကို ဖော်ပြတယ်။ ၂ဝ၁၂ နိုဝင်ဘာလမှာ ရှီဟာ ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေး မှူးချုပ်ဖြစ်လာခဲ့တယ်။ ပြီးနောက် ၂ဝ၁၃ မတ်လမှာ ရှီဟာ နိုင်ငံတော်ရဲ့ သမ္မတဖြစ်လာခဲ့တယ်။ ရှီဟာ ပါတီအထွေထွေ အတွင်းရေးမှူး ချုပ်ဖြစ်ပြီးတော့မှ သမ္မတဖြစ်လာ တာကို  သတိထားသင့်တယ်။ တစ်နည်းပြောရင်တော့ ရှီဟာ တပ်ရဲ့အကြီးအကဲ ပါတီရဲ့အထွတ်အထိပ် ဖြစ်တဲ့အပြင် နိုင်ငံတော်ရဲ့ သမ္မတလည်းဖြစ်တယ်။ အာဏာအားလုံး ဟာ ရှီတစ်ဦးတည်းဆီမှာ စုပြုံနေ တယ်။ ဒါနဲ့ ပြီးသလားဆိုတော့ မပြီးသေးဘူး။

အောက်တိုဘာလ ၁၈ ရက်က နေပြီး ၂၄ ရက်နေ့အထိ ပေကျင်းမြို့တော်မှာ ကျင်းပခဲ့တဲ့ ဆယ့်ကိုးကြိမ် မြောက် ကွန်မြူနစ်ပါတီ ကွန်ဂရက် မှာ တရုတ်ကွန်မြူနစ်ပါတီက ''ရှီကျင့်ဖိန်းရဲ့ အတွေးအခေါ်'' Xi Jinping Thought ကို ပါတီဖွဲ့စည်းပုံမှာ ထည့်သွင်း အသိအမှတ်ပြုခဲ့တာ တွေ့ ကြရတယ်။ ဒီအလုပ်ရပ်က  ရှီကျင့်ဖိန်းကို မော်စီတုန်းနဲ့ တန်းညီ သွားအောင် မြင့်တင်ပေးလိုက်ခြင်း ဖြစ်တယ်။ ဒါဟာ တော်တော်အရေးပါတယ်။ သက်ရောက်မှုလည်း တော် တော်ကြီးကြီးမားမား ရှိနိုင်တယ်။

တရုတ်ကွန်မြူနစ်ပါတီက မာ့ခ်စ် Marx နဲ့ လီနင် Lenin တို့ရဲ့ အတွေးအခေါ်များကို ပါတီရဲ့ ရှေ့ ဆောင်လမ်းပြ အတွေးအခေါ်များအ ဖြစ် လက်ခံထားတယ်။ နောက်ပိုင်းမှာ ဥက္ကဋ္ဌမော်စီတုန်းရဲ့ အတွေးအခေါ်ကို ပါတီရဲ့ လမ်းပြကြယ်အဖြစ် လက်ခံခဲ့ကြတယ်။ အဲဒီနောက် ၁၉၉၇ ခုနှစ် တိန့်ရှောင်ဖိန် Deng Xiaoping ကွယ်လွန်ပြီး နောက်ပိုင်းမှာ သူ့ရဲ့အတွေးအမြင်ကို သီအိုရီအဖြစ် ပါတီကလက်ခံကာ ပါတီဖွဲ့ စည်းပုံမှာ ထည့်သွင်းခဲ့တယ်။ ခုတော့ ရှီကျင့်ဖိန်းရဲ့ အတွေးအခေါ်ကို ဖွဲ့စည်းပုံထဲ ထည့်သွင်းလိုက်တော့ ရှီဟာပါတီရဲ့ အခေါင်အချုပ် အထွတ်အထိပ် ပုဂ္ဂိုလ်ဖြစ်သွားတော့တယ်။ တစ်နည်းပြောရင်တော့ ရှီဟာ ၂၁ ရာစု တရုတ်ပြည်ရဲ့ ဘုရင်ဧကရာဇ် တစ် ပါးဖြစ်သွားတာပါပဲ။  ဒီတော့ ရှီဟာ ဥက္ကဋ္ဌကြီး မော်လို တရုတ်ပြည်ရဲ့ မဟာခေါင်းဆောင်ကြီးအဖြစ် သေ တစ်ပန်သက်တစ်ဆုံး နေရာယူသွား လေမလား။ ရှီဟာ ခုမှပဲ  အသက် ၆၄ နှစ်ရှိသေးတယ်။

 

ရှီကျင့်ဖိန်းအတွေးအခေါ်

ပါတီကွန်ဂရက်ကို တရုတ်ကွန် မြူနစ်ပါတီ CPC တည်ထောင်ခဲ့တဲ့ ၁၉၂၁ ခုနှစ်ကစပြီး၊ ငါးနှစ်တစ်ကြိမ် ကျင်းပလာခဲ့တာ ခုတော့ ဆယ့်ကိုးကြိမ်မြောက်ရှိခဲ့ပါပြီ။ ပါတီကွန်ဂရက်ကို ငါးနှစ်တစ်ကြိမ် ကျင်းပပေမယ့် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရတဲ့ ခေါင်းဆောင်ပိုင်းဟာ အခြားအကြောင်းမရှိရင် ဆက်လက်ပြီး နောက်ထပ် ငါးနှစ်၊ တာဝန်ထမ်းဆောင်ခွင့်ရှိပါတယ်။ ဒါကြောင့် ရှီကျင့်ဖိန်းဟာ နောက်ထပ် ငါးနှစ်   ဆက်လက်တာဝန်ထမ်းဆောင်မှာပါ။ ရှီရဲ့  တာဝန်ယူရတဲ့ သက်တမ်းဟာ  အစဉ်အလာအရဆိုရင် ၂ဝ၂၂ ခုနှစ် မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ဒါပေမယ့်  ပါတီက ရှီရဲ့ အတွေးအခေါ်ကို ပါတီရဲ့ဖွဲ့စည်းပုံမှာ လမ်းညွှန်အတွေး အခေါ်အဖြစ် ထည့်သွင်းကာ အ သတ်အမှတ်ပြုလိုက်တာကြောင့် ရှီဟာ ဥက္ကဋ္ဌမော် Mao နဲ့ တန်းညီသွားတဲ့အတွက် ၂ဝ၂၂ မှာ သက်တမ်း ကုန်ဆုံးပေမယ့် ဆက်လက်ပြီး  ပါတီခေါင်းဆောင်ကြီးအဖြစ် မရှိနိုင်ဘူးလို့ မပြောနိုင်တဲ့ အခြေအနေဆိုက် ရောက်သွားတယ်။

ဒီပါတီကွန်ဂရက်ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ သမိုင်းမှာ မော်ကွန်းတင်ရမယ့် ပါတီကွန်ဂရက်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့  စောစောက ပြောသလို ရှီဟာ မော်နဲ့   တန်းညီသွားတဲ့ အချက်ကတစ်ချက်။

နောက်တစ်ချက်က မော်ကွယ်လွန် ပြီး နောက်ပိုင်း စုပေါင်းခေါင်း ဆောင်မှုနဲ့ လုပ်ကိုင်ဆောင်ရွက်နေ ရာကနေပြီး တစ်ဦးတစ်ယောက်ရဲ့ ခေါင်းဆောင်မှုသို့ ရွှေ့ပြောင်းကျင့် သုံးလာတာဖြစ်ပါတယ်။ ခုဆိုရင် ရှီကျင့်ဖိန်းဟာ တရုတ်ပြည်ရဲ့ တစ်ဦးဦးတည်းသော မဟာခေါင်းဆောင်ကြီး ဖြစ်လာတယ်။ ဒါမှမဟုတ် တစ်ဦးတည်းသော အာဏာရှင်၊ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်လာတယ်။ တစ်နည်းပြောရင် ရှီကျင့်ဖိန်းဟာပါတီ၊ ပါတီဟာ ရှီကျင့်ဖိန်းဖြစ်လာတယ်။

တရုတ် ကွန်မြူနစ်ပါတီဟာ အစောပိုင်းကာလမှာ မော်စီတုန်း အတွေးအခေါ် Mao Thought  နဲ့ နယ်ချဲ့တွေအပြင် နယ်ချဲ့တွေရဲ့ လက်ပါးစေတွေကို တရုတ်မြေပေါ်က တိုက်ထုတ်ပြီး တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို တည်ထောင်ဖန်ဆင်းနိုင်ခဲ့တယ်။ တိန့်ရှောင်ဖိန်ကလည်း သူ့ရဲ့စီးပွားရေး သီအိုရီအရ ကွန်မြူနစ် အတွေးအခေါ်ကို ဈေးကွက်စီးပွားရေး သဘောတရားနဲ့ ချိတ်ဆက်ပြီး တရုတ်စီးပွားရေးကို တိုးတက်အောင် မြှင့်တင်နိုင်ခဲ့တယ်။ ဆင်းရဲမွဲတေနေတဲ့ တရုတ်ပြည်သူသန်းပေါင်းများစွာကို ဆင်းရဲတွင်းနက်နေရာမှ ကယ်တင်ပြီး ထမင်းနပ်မှန်စားနိုင်အောင် ဆောင်ကြဉ်းပေးနိုင်ခဲ့တယ်။

အခု ရှီကျင့်ဖိန်းရဲ့ အတွေးအခေါ်က ဘာလဲဆိုတော့ တိုးတက်လာနေတဲ့ တရုတ်စီးပွားရေးကို ဒီထက်မက တိုးတက်အောင်လုပ်ပြီး ကမ္ဘာ့နံပါတ်တစ် စီးပွားရေးကြီးဖြစ်လာအောင် တည်ဆောက်ဖို့ပါပဲ။ ပြီးတော့ အဲဒီနောက်ပိုင်းမှာ အင်အား အကြီးဆုံးနိုင်ငံအဖြစ်  ဆက်လက်တည်ဆောက်ဖို့ဖြစ်တယ်။ ရှီဟာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး လမ်းပြမြေပုံတစ်ခုကို ၁၉ ကြိမ်မြောက် ပါတီကွန်ဂရက်မှာ ဖွင့်ချတင်ပြခဲ့ပါတယ်။ ဒီအကြောင်း တင် ပြတဲ့ သူ့ရဲ့အဖွင့်မိန့်ခွန်းဟာ သုံးနာရီ နဲ့ ၂၅ မိနစ်ကြာမြင့်ခဲ့တယ်။

သူက သူ့ရဲ့ အတွေးအခေါ်ကို 'ခေတ်သစ်အတွက် တရုတ်နည်းတရုတ်ဟန်နဲ့ ဆိုရှယ်လစ်ဝါဒ'လို့ အမည်ပေးထားတယ်။ တရုတ်ပြည် ကြီး ဖွံ့ဖြိုးတိုးတက်ကာ ရှေ့ရာစုနှစ်ပေါင်းများစွာ အဓွန့်ရှည်တည် တံ့ခိုင်မြဲဖို့အတွက် 'ပါတီသည် ပထမ' Party First လို့ ရှီကဆိုတယ်။ ဒါကြောင့် ပါတီတွင်း အကျင့် ပျက်ခြစားမှုမရှိရအောင် အမြဲ စောင့်ကြည့်နေရကြရမယ်။ အကျင့်ပျက်ခြစားသူတွေကိုတွေ့ရင် ရွေး ထုတ်ဖယ်ရှားပစ်ရမယ်လို့ ရှီက ထောက်ပြတယ်။

တကယ်တော့လည်း ရှီဟာ ၂ဝ၁၂ က သူအာဏာ ရလာပြီး နောက်ပိုင်းမှာ ပါတီတွင်း သန့်ရှင်းရေးကို အဓိကထားပြီး ဆောင်ရွက်ခဲ့တာတွေ့ရတယ်။ အကျင့်ပျက်ခြစားလို့ အရေးယူအပြစ် ပေးထုတ်ပယ်ခံကြရသူတွေထဲမှာ အောက်ခြေပါတီ ကေဒါတွေကစပြီး စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ပေါ်လစ်ဗျူရို အဖွဲ့ဝင်တွေအထိ ပါဝင်တယ်။ ပါတီဝင် ၈၇ သန်းကျော်ရှိတဲ့အနက် အကျင့်ပျက်ခြစားတဲ့ ပါတီဝင်တွေ သိန်းနဲ့ချီပြီး အပြစ်ပေးအရေးယူခြင်း ခံခဲ့ရတယ်လို့ မီဒီယာတွေမှာ ဖော်ပြခဲ့တယ်။ ပါတီဝင်တွေ အကျင့်ပျက်ခြစားရင် ပြည်သူတွေကြားမှာ ပါတီဟာ နာမည်ပျက်မယ်။ ပါတီ ပျက်ရင် တိုင်းပြည်ပါပျက်နိုင်တယ်လို့ ရှီက အခိုင်အမာဆိုတယ်။

စီးပွားရေးနဲ့ပတ်သက်ပြီး ရှီက တိုးတက်နေတဲ့ခေတ်နဲ့ အမီလိုက်ဖို့အတွက် အပြောင်းအလဲတွေ လုပ်ရမယ်။ လိုအပ်ရင် အင်စတိကျူရှင်းတွေကိုပါ ပြောင်းလဲပစ်ကြရမယ်လို့ ရှီက ထောက်ပြတယ်။ ရှီရဲ့ စီးပွားရေးစီမံကိန်းမှာ အဆင့်နှစ်ဆင့်ပါဝင်တယ်။  ပထမကတော့  ၂ဝ၃၅ ခုနှစ် မတိုင်မီ တရုတ်ပြည်သူတွေရဲ့ တစ် ဦးကျဝင်ငွေကို ဥရောပ အဆင့်မြှင့်တင်ဖို့ ဖြစ်တယ်။ ဆိုလိုတာကတော့ ၂ဝ၃၅ မတိုင်မီ ကာလအတွင်းမှာ တရုတ်ပြည်တွင်းမှာ ဆင်းရဲမွဲတေမှု မရှိတော့ဘူး။ ဆင်းရဲမွဲတေမှု ပပျောက်ပြီးဖြစ်နေရမယ်။ လူတိုင်းဟာ စားနိုင်သောက်နိုင်တဲ့ အဆင့် ရောက်ရှိသွားကြမှာဖြစ်တယ်။ ဒုတိယ အဆင့်ကတော့ ခေတ်သစ် တရုတ်ပြည် တည်ထောင်တဲ့ ရာပြည့်နှစ် ၂ဝ၄၉ ခုနှစ်မှာ တရုတ်ပြည်ဟာ သတ်မှတ်ထားတဲ့ ပန်းတိုင်အားလုံးကို ရောက်ရှိပြီး ဖြစ်နေရမယ်လို့ ဆိုတယ်။ ရှီက တရုတ်ကွန်မြူနစ်ပါတီဟာ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ပန်းတိုင်များကို ပြည့်မီရောက်ရှိအောင် ဆောင်ရွက်နိုင်စွမ်းရှိတယ်လို့ ထောက်ပြခဲ့တယ်။

တရုတ်ရဲ့ စီးပွားရေး စီမံကိန်းတွေထဲမှာ ''ခါးပတ်တစ်ခု၊ လမ်းတစ်ခု'' (One Belt, One Road) ကလည်း အဓိက စီမံကိန်းတစ်ခုအဖြစ်ပါဝင်တယ်။ ဒီအစီအစဉ်အရ တရုတ်ဟာ ရေလမ်းကုန်းလမ်းများကို အသုံးပြုပြီး အာရှတစ်ခွင်တစ်ပြင်ကို ဖြတ်သန်းကာ ဥရောပနဲ့ အာဖရိကအထိ ကုန် သွယ်ရေး လမ်းမကြီးများ ဖောက် လုပ်တည်ဆောက်မှာဖြစ်တယ်။ တရုတ်က ခေတ်သစ်အတွက် လမ်း သစ်ဖောက်လုပ်ခြင်းဖြစ်တယ်လို့ ဆို တယ်။ ဒါက တစ်နည်းပြောရင် စစ်ပြီးခေတ်မှာ အမေရိကန်နိုင်ငံက ''ဝါရှင်တန် သဘောတူညီမှု'' Washington Consensus ကို ဖော်ဆောင်ဖန်ဆင်းကာ ကမ္ဘာကို လွှမ်းမိုးချုပ်ကိုင်ခဲ့သလို၊ တရုတ်တို့ကလည်း တရုတ်နည်း တရုတ်ဟန်နဲ့ ''ဘေကျင်း သဘောတူညီမှု'' Beijing Consensus ကို အကောင်အထည်ဖော်ဆောင်ဖို့ ကနဦးကြိုးပမ်းချက် ခြေလှမ်း ဖြစ်ပါတယ်။ အမေရိကန်တို့က ဝါရှင်တန် သဘောတူညီမှုနဲ့ သူတို့ရဲ့လစ်ဗရယ်လက်သစ်ဝါဒ Neoliberalism ကို ဖော်ဆောင်ခဲ့တယ်။ တရုတ်တို့ကတော့  ဘယ်ဝါဒကို ဖော်ဆောင်မှာပါလိမ့်။ ခုတော့  တရုတ်တို့က  ဒါနဲ့ပတ်သက်ပြီး အတိအကျထုတ် ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

ရှီကျင့်ဖိန်းရဲ့ အဖွင့်မိန့်ခွန်းမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီးလည်း ထဲထဲဝင်ဝင်ဖော်ပြထားတာတွေရှိပါတယ်။ အကြမ်းဖျင်းပြောရရင် တရုတ်ပြည်ရဲ့ စစ်တပ်ကို ၂ဝ၂ဝ ပြည့်နှစ်မတိုင်မီ ကြည်းရေလေတပ်များ ပူးပေါင်း စစ်ဆင်နိုင်တဲ့ Joint Cimmands အဆင့်ရောက်အောင်မြှင့်တင်မယ်လို့ ဆိုတယ်။ ၂ဝ၃၅ ခုနှစ် ရောက်ရင် တော့ တပ်တွေဟာ ဆက်သွယ်ရေး စနစ်တွေနဲ့ တက်ကနိုလိုဂျီနယ်ပယ်တွေမှာ ခေတ်မီတဲ့ အဆင့်ရောက်ပြီ။ ၂ဝ၄၉ ခုနှစ်မှာတော့ တရုတ်တပ်မ တော်ဟာ ခေတ်မီပြီး အဘက်ဘက်က အင်အားကြီးမားတဲ့ အဆင့်တက် လှမ်းနိုင်ခဲ့ပြီလို့ ရှီက ဆိုတယ်။

 

သူရဲကောင်းခုနစ်ယောက်

ရှီဟာ လာမယ့် ငါးနှစ်ကာလအတွင်း သူရဲ့အိပ်မက်ကို  အကောင်အထည်ဖော်ဆောင်ဖို့အတွက် သူကိုယ်တိုင် အပါအဝင် သူရဲကောင်းခုနစ်ယောက်ကို ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီ Politburo Standing Committee အဖွဲ့ဝင်များအဖြစ် ရွေးချယ်ခန့်အပ်ထားခဲ့ပါတယ်။ သူတို့ဟာ ရှီကျင့်ဖိန်းအတွေးအခေါ်အရ ချမှတ်ထားတဲ့ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ဖို့ တာဝန်ယူကြရမှာဖြစ်တယ်။ ရှီက ကျန်အဖွဲ့ဝင်ခြောက်ဦးကို သူ့စိတ်ကြိုက် ရွေးချယ်ထားတဲ့ လက်ရွေးစင်တွေ ဖြစ်လေတော့ ရှီပြောသမျှဆိုသမျှကို တစ်သဝေမတိမ်း လိုက်နာလုပ် ဆောင်ကြမှာ သေချာပါတယ်။

တကယ်တော့ ပါတီရဲ့ထိပ်ပိုင်း ပေါ်လစ်ဗျူရိုမှာ အဖွဲ့ဝင် စုစုပေါင်း ၂၅ ဦးရှိပါတယ်။ ဒါပေမယ့် အဲဒီ အဖွဲ့ဝင်များအနက် အင်မတန် အရေးပါသူတွေကတော့ ပေါ်လစ်ဗျူရို အမြဲတမ်း ကော်မတီအဖွဲ့ဝင် ခုနစ်ဦးသာဖြစ်တယ်။ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ဒီခုနစ်ဦးရဲ့ လုပ်ဆောင်ချက်များကိုသာ မျက်စိဒေါက် ထောက်စောင့်ကြည့်အကဲခတ်နေ ကြမှာဖြစ်တယ်။ ဒါကြောင့် သူတို့နဲ့ ပတ်သက်တဲ့ အရေးပါတဲ့ အချက်အလက်အချို့ကို ကောက်နုတ်ဖော်ပြ လိုက်ပါတယ်။

 

မင်းရွှေမောင်

Ref:    1. Xi Speech (internet)

          2. The apotheosis of Xi Jinping, Th Economist Oct 28,2017

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.