14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
လူ့မျိုးရေးကိစ္စဗန်းပြကာ မြန်မာ့စီးပွားရေးပျက်အောင် ထိုးနှစ်ချက်နေတာလား အို…မလေးရှား

မလေးရှားနိုင်ငံက ဘင်္ဂါလီဒုက္ခသည်များ အရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအား  ဖိအားပေးသည့် လုပ်ရပ်တစ်ခု နောက်ထပ်ပြုလုပ်လာ သည်ဟူသော သတင်းတစ်ပုဒ် ရိုက်တာသတင်းဌာနက ဖော်ပြလာသည်။ ဘင်္ဂါလီ (ရိုဟင်ဂျာဟုသုံးထားသည်) အရေးကိစ္စကြောင့် မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများကို စွန့်ခွာရန် မလေးရှားအစိုးရပိုင် စွမ်းအင်လုပ်ငန်းကြီးတစ်ခုဖြစ်သော  ပတ်ထရိုနာ့စ် Petronas (Petroliam Nasional Bhd) ကို မလေးရှား လွှတ် တော်ကိုယ်စားလှယ်များက တောင်း ဆိုခဲ့ကြသည်ဆိုသော သတင်းကိုရိုက် တာ သတင်းဌာနက နိုဝင်ဘာ ပထမပတ်တွင် ဖော်ပြခဲ့သည်။

ပက်ထရိုနာ့စ်သည် မလေးရှားနိုင်ငံ၏ အကြီးဆုံးသော စွမ်းအင်လုပ် ငန်းစုကြီးဖြစ်သည်။ Fortune မဂ္ဂဇင်း၏  အင်အားကြီးလုပ်ငန်းစုကြီး ၅ဝဝ ထဲတွင် စာရင်းဝင်သည့် မလေးရှားနိုင်ငံ၏ တစ်ခုတည်းသော ကုမ္ပဏီ ကြီးလည်းဖြစ်သည်။ ယင်းပက်ထရိုနာ့စ် ကုမ္ပဏီကြီးသည် ယခင်ကာလ ကတည်းက မြန်မာနိုင်ငံ၌  စွမ်းအင်လုပ်ငန်းများတွင် လာရောက်ရင်းနှီး မြှုပ်နှံထားသော ကုမ္ပဏီကြီးဖြစ်ပြီး၊ သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းတွင် အရင်းအနှီးမြောက်မြားစွာလည်း ရင်းနှီးမြှုပ်နှံထားသည်။ ထို့ပြင် ၄င်းတို့ရှာဖွေထားသည့် သဘာဝဓာတ်ငွေ့များကိုလည်း ထိုင်းနိုင်ငံသို့ ပိုက်လိုင်းသွယ်တန်းပြီး တင်ပို့ရောင်း ချနေသော ကုမ္ပဏီလည်း ဖြစ်သည်။

ပြီးခဲ့သော သြဂုတ်လပိုင်းက မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အေအာရ်အက်စ်အေ အစွန်းရောက် အကြမ်းဖက်ဘင်္ဂါလီများက အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဘင်္ဂါလီအကြမ်းဖက်သမားများကို မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး ပြုလုပ်သောအခါ ဘင်္ဂါလီအကြမ်းဖက်များ အပါအဝင် မူလနေထိုင်သူ ဘင်္ဂါလီမြောက်မြားစွာ နေရပ်စွန့်ခွာ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ် ဒုက္ခသည်စခန်းများ၌ ခိုလှုံခဲ့ကြရ သည်။ ယင်းအဖြစ်များကို မွတ်စလင်နိုင်ငံအများစုက ဝိုင်းဝန်းကန့် ကွက်ထားသည်။ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့များ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့များကလည်း  ပြစ်တင်ရှုတ်ချထားခဲ့သည်။ ကုလသမဂ္ဂသည်ပင်လျှင် ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ဝေဖန်ပြစ်တင်နေဆဲဖြစ်ပြီး ယင်းသို့ ပြစ်တင်ဝေဖန်မှုများကြောင့်လည်း မြန်မာနိုင်ငံရှိ ဘင်္ဂါလီများအရေးသည် လူသိထင်ရှားဖြစ်ကာ အုတ်အော်သောင်းတင်းဖြစ်နေရ သည်။

ဘင်္ဂါလီများ အရေးနှင့်ပတ် သက်လျှင် မြန်မာနိုင်ငံအား အမျိုး မျိုးအဖုံဖုံ အပြစ်တင်ဝေဖန်ရှုတ်ချကြရာတွင် အာဆီယံဒေသတွင်းနိုင်ငံ များထဲ၌ မလေးရှားနိုင်ငံသည် အဆိုးရွားဆုံးဖြစ်နေသည်။ ကျန်မွတ်စလင် နိုင်ငံတစ်နိုင်ငံဖြစ်သော အင်ဒိုနီးရှား နိုင်ငံသည် မလေးရှားလောက် မဆိုး ရွားဟု ထင်မြင်သည်။ အာဆီယံ ဒေသတွင်းနိုင်ငံများထဲတွင် ဘရူနိုင်း နိုင်ငံသည် မွတ်စလင်နိုင်ငံဖြစ်လင့်ကစား မြန်မာနိုင်ငံအပေါ် စိုးစဉ်းမျှ ဝေဖန်ပြစ်တင်ရှုတ်ချခြင်း မရှိခဲ့ပေ။  မလေးမွတ်စလင်ဦးရေ အများ အပြားရောနှောနေထိုင်သည့် စင်ကာပူနိုင်ငံသည်လည်း မြန်မာနိုင်ငံအ ပေါ် ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး ဝေဖန်ပြစ်တင်ခြင်းမရှိသည့်အပြင် အကြမ်းဖက်နှိမ်နင်းရေးကိစ္စများတွင် မြန်မာနိုင်ငံဘက်က ပြတ်ပြတ်သား သား ရပ်တည်ထောက်ခံပေးထားသည်။

ရိုက်တာသတင်းကို ဆက်လက် ဖော်ပြရလျှင် မလေးရှားလွှတ်တော် ကိုယ်စားလှယ် ၄ဝ ကျော်ဖြင့် ပါဝင်ဖွဲ့စည်းထားသော အဖွဲ့တစ်ဖွဲ့သည် မြန်မာနိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုများက စွန့်ခွာလာရန် ပက်ထရိုနာ့စ် ကုမ္ပဏီအား နိုဝင်ဘာ ၈ ရက်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည်ဟု ဆိုသည်။ ရခိုင်ပြည်နယ်က ဘင်္ဂါလီများအား မြန်မာအာဏာပိုင်များက နိုင်ငံသားအဖြစ် အသိအမှတ်မပြုမချင်း၊ မြန်မာအစိုးရအနေဖြင့် ဘင်္ဂါလီများအား လူမျိုးသုဉ်း သတ်ဖြတ်မှုများကို မရပ်မချင်း မြန်မာ နိုင်ငံတွင် လုပ်ငန်းများ အရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ရန် ပက်ထရိုနာ့စ်ကို တောင်းဆိုထားခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ ထို့ပြင် မလေးရှား ကုမ္ပဏီကြီး၊ ပက်ထရိုနာ့စ်ကို မြန်မာနိုင်ငံမှ အမြန်ဆုံး စွန့်ခွာလာရန် တောင်းဆိုခဲ့သည့်အထဲတွင် ရိုဟင်ဂျာလှုပ်ရှားမှု အဖွဲ့တစ်ဖွဲ့လည်း ပါဝင်နေသည်။ ယင်းအဖွဲ့အမည်က International Campaign for the Rohingya အဖွဲ့ဖြစ်သည်။

ရိုက်တာသတင်းက ဆက်လက်ဖော်ပြသုံးသပ်ထားသည်မှာ မလေး ရှားနိုင်ငံသည် မြန်မာနိုင်ငံအား ဖြစ်ပွားနေဆဲ ဘင်္ဂါလီအရေးကိစ္စများနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ် သည်ဟု သုံးသပ်ထားသည်။ ယင်းအရေးကိစ္စနှင့် ပတ်သက်ပြီးလည်း ပြီးခဲ့သော စက်တင်ဘာလအတွင်းက မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံ သတိပေးစကားပြောကြားခဲ့ပါသေးသည်ဟု သတင်းက ဖော်ပြသည်။

သို့ရာတွင် မလေးရှားနိုင်ငံသား အများအပြား မြန်မာသံရုံးရှေ့လာပြီး အင်နှင့်အားနှင့် ဆန္ဒပြကြသည်ကိုတော့ ရိုက်တာသတင်းက ဖော်ပြမထား။ ထို့ပြင် မြန်မာသံရုံးရှေ့ လူအုပ်ကြီးဖြင့် ဆန္ဒပြရင်းသံရုံးကို ချိုးဖောက်ဝင်ရောက်ကာ အန္တရာယ်ပြုမည့်သူများကို မလေးရှားရဲတပ်ဖွဲ့ ဝင်များက ဖမ်းဆီးထိန်းသိမ်းလိုက်ရ သည်ဟူသော သတင်းများကိုလည်း ဖော်ပြခဲ့ခြင်း မရှိခဲ့ပါ။ သို့ပေမယ့် မြန်မာနိုင်ငံ တနင်္သာရီ ကမ်းလွန်ရှိ ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်း၏ အဓိကအစုရှယ်ယာရှင်နှင့် လုပ် ငန်းဦးဆောင်လည်ပတ်သူဖြစ်သည့် ပက်ထရိုနာ့စ်အနေဖြင့် မလေးရှား လွှတ်တော်ကိုယ်စားလှယ်များ တောင်းဆိုထားချက်များကို လိုက်နာမည် လိုက်နာမည်၊ မလိုက်နာမည် ရိုက်တာ သတင်းဌာနက မေးမြန်းထားသည်ကို တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မပြုခဲ့ကြောင်းကိုတော့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါသည်။

သည်တစ်ခါ မလေးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ဘင်္ဂါလီအ ရေးကိစ္စနှင့် ပတ်သက်ပြီး စီးပွားရေးဘက်က လှည့်ကိုင်ပြီး ပြစ်တင်ဆန့် ကျင်မည်ဆိုလျှင်တော့ မြန်မာနိုင်ငံက ဆောရီးဟုသာ လက်ခါပြလိုက် မည်ဖြစ်သည်။ ပက်ထရိုနာ့စ်ကဲ့သို့  မြန်မာ့သဘာဝဓာတ်ငွေ့ဖြင့် စီးပွား လာရှာနေသော စွမ်းအင် ကုမ္ပဏီများ ထွက်ခွာသွားလည်း မြန်မာကတော့ အေးဆေးပင်ဖြစ်သည်။

မြန်မာ့သဘာဝ ဓာတ်ငွေ့သိုက်လာရှာပြီး တင်ပို့ရောင်းဝယ်ရေး လုပ်ချင်နေသည့်နိုင်ငံများ၊ ကုမ္ပဏီများက အနီးအနားတွင် အဆင်သင့်ထိုင်စောင့်နေသည်။ ပက်ထရိုနာ့စ်အနေဖြင့်လည်း လူမျိုးရေး အစွန်းရောက်ခြင်းများဖြင့် ဤမျှလောက် မိုက်မဲလိမ့်မည်မထင်။ ပြောရလျှင်တော့ မြန်မာနိုင်ငံအပေါ် လူမျိုးရေး၊ ဘာသာရေးအကြောင်းပြချက်ဖြင့် ပြင်းပြင်းထန်ထန်ဆန့်ကျင်ရာတွင် မလေးရှားနိုင်ငံ အာဏာပိုင်များသည်များသည် ကိုယ့် မိုက်ဇာတ်ကိုယ်ခင်းနေသည့်သဖွယ် ဖြစ်နေသည်။ မလေးရှားတို့ မြန်မာနိုင်ငံအား ဆင်ခြင်တုံတရားမဲ့မဲ့ဖြင့် တစ်ဇွတ်ထိုး ဆန့်ကျင်နေကြရာတွင် စည်းဘောင်ကျော်လာပြီဟုမြင်သည်။  ယင်းကိစ္စများအပေါ် မလေးရှားအာဏာပိုင်များ တာဝန်ယူ ဖြေရှင်းဟန့်တားသင့်သည်။ အထူးသဖြင့် မလေးရှားနိုင်ငံ ဝန်ကြီး ချုပ် နာဂျစ်ရာဇတ်၌ လုံးလုံးတာဝန်ရှိသည်။ ¤င်းသည် ဘင်္ဂါလီ အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ¤င်းကိုယ်တိုင် ဦးဆောင်ပြီး ဆန္ဒပြရန် စီစဉ်ဆောင်ရွက်ခဲ့ဖူးသော လုပ်ရပ်ပေါ်ပေါက်ခဲ့ဖူးသည်။

ယမန်နှစ် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်ခံရပြီး နောက်ပိုင်းတွင် ဘင်္ဂါလီမွတ်စလင်များကို စော်ကားနှိပ်စက်သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူများအား ဆန့်ကျင် ဆန္ဒပြရန်  ၄င်းကစီစဉ်ခဲ့ဖူးသည်။ သို့ရာတွင် ၄င်းကို ဝိုင်းဆန့် ကျင်သည့်ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့သည်။ ၄င်း၏ လုပ်ရပ်အား ဆန့်ကျင်ရာတွင် မလေးရှားဝါရင့်ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်လည်း ပါဝင်သည်။  မဟာသီယာမိုဟာမက်က  နာဂျစ်ရာဇတ်အနေဖြင့်  မြန်မာနိုင်ငံအား လူမျိုး ရေးအကြောင်းပြ ဆန္ဒပြစေခြင်းမှာ သူ၏နိုင်ငံရေး အရှုပ်ထုပ်ကို အာရုံလွှဲခြင်းနှင့် မလေးရှားပြည်သူများသူ့အား နောက်တစ် ကြိမ်ထောက်ခံကြစေရန် မဲဆွယ်ခြင်းသာဖြစ်သည်ဟု စွပ်စွဲပြော ကြားခဲ့ဖူးသည်။

မလေးရှားသည် မြန်မာနိုင်ငံအား မည်မျှအငြိုးထားဆန့် ကျင်နေသနည်းဆိုလျှင် မလေးရှားရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဆက်လက်မနေရဲသည်အထိ သတ်မည်ဖြတ်မည် ခြိမ်းခြောက်သည် အထိ ဖြစ်ခဲ့သည်။ မြန်မာအလုပ် သမားများရာနှင့်ချီပြီး မိမိတို့အလုပ်များကို စွန့်ခွာကာ ထွက်ပြေးလာခဲ့ရသည်။ ယင်းလုပ်ရပ်များသည် မလေးရှားများက မြန်မာများအား ရာဇဝတ်မှု ကျူးလွန်ရာမြောက်နေသည်။ ပြီးခဲ့သော ဆီးဂိမ်းပြိုင်ပွဲများတွင်လည်း မြန်မာအားကစားသမားများအား အနှောင့်အယှက်အမျိုးမျိုးပေးကာ တမင်သက်သက်ညစ် ပတ်ခဲ့ခြင်းများသည်လည်း လူမျိုးရေးအရ စော်ကားခြင်းဟု မှတ်ယူနိုင်သည်။

ယခုမြန်မာနိုင်ငံက အကျယ်အကျယ်မငြိမ်းဖွယ်ဖြစ်မည် ဆိုလျှင် သူတို့၏ တမင်စော်ကားမှုများကို ရှောင်ဖယ်နေလေ၊ သူတို့က ပိုမိုရောင့်တက်ကာ ရန်စချင်လာနေသည့် အခြေအနေမျိုး ဖြစ်လာလေသဘောမျိုး ဖြစ်နေသည်။ အမှန်တော့ မလေးရှား အာဏာပိုင်တို့သည် မြန်မာနိုင်ငံတွင် ပေါ်ပေါက် နေသော  ဘင်္ဂါလီအရေးကိစ္စများကို အမြင်ကျယ်ကျယ်၊ ဥာဏ်ရှိရှိဖြင့် လေ့လာသုံးသပ်ဆင်ခြင်ဖို့ လိုနေသည်။ အာရှတွင် ငါတို့ စီးပွားရေးကောင်းလာပြီ၊ အာရှအစစ်အမှန်ဆိုသည်မှာ ငါတို့ မလေးရှားသာဖြစ်သည် စသည်တို့ကို ခဏဘေးဖယ်ထားပြီး ဘင်္ဂါလီ များအရေးကို ဂုဏ်သိက္ခာရှိရှိ သိမြင်လက်ခံထားသင့်သည်။ ယင်းသို့မ ဟုတ်ဘဲ ငါတို့လူမျိုးများသာ  အာရှတွင် တန်ခိုးအထွားဆုံးဆိုသော အပေါက်မျိုးလာချိုးလျှင်တော့  လူမျိုးရေးမာနကျဆုံးခန်းက မဝေးတော့ပြီဟု ဆိုလိုက်ချင်ပါ တော့သည်။ ယခုပင်လျှင် ဆီးရီးယားနှင့် အီရတ်တို့တွင်  အိုင် အက်စ်တို့ ခွေးပြေးဝက်ပြေး ပြေးနေရပြီဖြစ်သည်။

မောင်လွင်ပြင်

မောင်လွင်ပြင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.