14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ပါတိတ်ပွဲတော် ကျင်းပတတ်တဲ့မြို့

ပါတိတ်တွေ ထွက်တဲ့နေရာလို့ ပြောလိုက်ရင် လူတိုင်းက အင်ဒိုနီးရှားလို့ တန်းပြောကြမှာ သေချာပါတယ်။ ဘယ်မြို့နားက အထွက်ဆုံးလဲဟေ့၊ နှစ်တိုင်း ပါတိတ်ပွဲတော်တောင် ကျင်းပကြသေးတယ်လေလို့ ထပ်ဖြည့်ပြီး ပြောရင်တော့ ဘယ်သူ ကမှ မြို့တော် ဂျာကာတာပေါ့လို့ ပြောမယ် မထင်ပါဘူး။

မှန်ပါတယ်။ မြန်မာလူမျိုးတွေနဲ့ ငါးပိရည်၊ တို့စရာက တွဲနေတတ်သလို၊ မြန်မာမှန် ပုဂံရောက်ဖူးရမယ်လို့ ဘယ်လိုပဲဆိုဆို၊ ပုဂံဟာ မြန်မာနဲ့အစဉ်တွဲနေပေမယ့် ငါးပိထွက်ရာ အရပ်တော့ မဟုတ်ပါဘူးပေါ့လေ။ ဒီလိုပဲ အင်ဒိုရဲ့မြို့တော် ဂျကာတာ ဆိုပေမယ့် အင်ဒိုရဲ့ဝတ်စုံ ပါတိတ်အထည်တွေ ထွက်ရာအရပ်တော့ မဟုတ်ပြန်ဘူးပေါ့။

ပါတိတ်အထည်တွေ အထွက်ဆုံးက ဂျာဗားကျွန်းအလယ်မှာရှိတဲ့ ဆိုလိုမြို့၊ တစ်နည်းအားဖြင့် ဆူရကာတာမြို့ အနီးဝန်းကျင်ပဲဖြစ်ပါတယ်။ အထူးသဖြင့် ဂျာဗားတို့ရဲ့ ယဉ်ကျေးမှုထွန်းကားရာ နေရာနှစ်နေရာဖြစ်တဲ့ ယိုဂျကာတာမြို့နဲ့ ဆူရကာတာခေါ်ဆိုလိုမြို့ နှစ်မြို့ထဲမှာ ပါတိတ်အများဆုံး ထွက်တာက ဆိုလိုမြို့ဖြစ်ပါ တယ်။ ယူနက်စကိုရဲ့ ထိန်းသိမ်းမှုအောက်မှာရှိပြီး ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာ ဘုရားကျောင်းဖြစ်တဲ့ ဘိုရိုဘူဒါ ကျောင်းတော်ရာနဲ့ဆိုရင် ကီလိုမီတာ အနည်းငယ်ပဲ ဝေးပါတယ်။ ၂ဝ၁ဝ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ ဆိုလိုမြို့မှာ နေထိုင်သူပေါင်းက ၅၇ဝယဝဝဝ ဦး ခန့်ရှိပါတယ်။

ဆိုလိုမြို့ဟာ သူ့အနီးအနားက ယိုဂျကာတာနဲ့ ဆန်မာရန်းမြို့တွေနဲ့ ယှဉ်လိုက်ရင် ပြည်ပက လာရောက် နေထိုင်လုပ်ကိုင်သူဦးရေ အလွန် နည်းပါတယ်။ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ တရုတ်စတဲ့ အာရှ နိုင်ငံကလာတဲ့ နိုင်ငံခြားသားတွေ ကတော့ ဆိုလိုမှာ အဓိက အများဆုံးပါပဲ။ သူတို့ကဆိုလိုမှာ ပရိဘောဂနဲ့ အထည်အလိပ် လုပ်ငန်းတွေကို အဓိက လုပ်ကိုင်ကြပါတယ်။

ဆိုလိုမြို့ကို စီးပွားရေးအတွက် မရည်ရွယ်ဘဲ လာရောက်နေထိုင်ကြတဲ့ အခြားနိုင်ငံ ခြားသားတွေကတော့ ဂျာဗားယဉ်ကျေးမှု၊ ဘာသာစကားတွေ လေ့လာဖို့ လာရောက်နေထိုင်ကြပါတယ်။ တကယ်တော့ ဆိုလိုဟာ ဂျာဗားတို့ရဲ့ ဝိညာဉ်လို့ ဆိုရင်လည်း မမှားပါဘူး။ ဒါ့အပြင် နိုင်ငံအနှံ့အပြားက လုပ်ငန်းဌာနအသီးသီးကနေ အငြိမ်းစားယူပြီး အေးအေးလူလူ လာနေကြတဲ့သူတွေလည်း ဆိုလိုမှာ ရှိပါတယ်။

ကမ္ဘာအနှံ့မှာရှိတဲ့ နေရာတိုင်းကို လိုက်ကြည့်ရင် ပထမရောက်စမှာ ခပ်စိမ်းစိမ်းဖြစ်နေပြီး ကိုယ်နဲ့ ချက်ချင်းအံဝင်ခွင်ကျ မဖြစ်တာများပါတယ်။ ဒါပေမယ့် ဆိုလိုကို ရောက် ရင်တော့ လူတိုင်းနဲ့ ချက်ချင်းရင်းနှီး ကျွမ်းဝင်ဖြစ်သွားတတ်တာက ထူး ခြားချက်တစ်ချက်ပါ။ ဂျာဗားတွေဟာ သူစိမ်းတွေအပေါ် ပျူပျူငှာငှာ ဆက်ဆံတတ်၊ နွေးထွေးခင်မင် လွယ်တတ်လို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆိုလိုဟာ တစ်ချိန်တည်းမှာ အတိတ်နဲ့ အနာဂတ်တစ်ပြိုင်တည်း စီးမျောရှင်သန်ရာ အရပ်လိုဖြစ်နေပြန်တယ်။ အစိုးရ ကိုယ်တိုင်က ရိုးရာအမွေအနှစ်နဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်မှုတွေ အင်တိုက်အားတိုက် ဆောင်ရွက်နေသလို၊ မြို့ရဲ့ ခေတ်မီသာယာဝပြောမှုကိုလည်း ခေတ်နောက်ကျ မကျန်ရအောင် အမြဲဖြည့်ဆည်းပေးနေပါတယ်။

ဆူရကာတာ သို့မဟုတ် ဆိုလိုမြို့ရဲ့ ရာသီဥတုကတော့ အောက်တိုဘာကနေ ဇွန်လအထိက အပူပိုင်း မုတ်သုန်ရာသီဥတုအဖြစ် ကာလရှည်ကြာမိုးများလေ့ ရှိပါတယ်။ ကျန်တဲ့ သုံးလကတော့ ခြောက်သွေ့ရာသီလို့ ဆိုရပါမယ်။ အစိုစွတ်ဆုံးက ဒီဇင် ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီတို့ပဲ ဖြစ်ပါတယ်။ ဆိုလိုမှာ အပူချိန်ဟာတိုင်းနီးပါး ၃ဝဒီဂရီ ဆဲလ်စီယပ်ဖြစ်နေ တတ်တာလည်း ထူးခြားပါတယ်။

ဆိုလိုမြို့တွင်းကို သွားလာလည်ပတ်ဖို့အတွက်တော့ ပို့ဆောင်ရေးဝန်ကြီးဌာနက 'ဝါကုဒါတ' လို့ အမည်ပေးထားတဲ့ နှစ်ထပ်ကားတွေ ကို စီစဉ်ပေးထားပါတယ်။ မြို့အနှံ့ လှည့်ပတ်ကြည့်ရှုတဲ့အခါ တစ်ယောက်ကို အင်ဒိုရူပီး ၂ဝ,ဝဝဝ ပေးရပါမယ်။ ဝါကုဒါတ အမည်ကတော့ မဟာဘာရတကျမ်းထဲက ဇာတ်ကောင်တစ်ခုရဲ့ အမည်ကို ယူထား တာပါ။ ဟိန္ဒူတွေရဲ့ အမွန်အမြတ် ဖြစ်တဲ့ကျမ်းထဲက ဝါကုဒါတဆိုတာ အရပ်မြင့်မြင့်နဲ့ ရဲရင့်သန်မာပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ ဇာတ်ကောင်ပါ။ ဒါ ကြောင့် ခပ်မြင့်မြင့်နှစ်ထပ်ကား တွေကို ဇာတ်ကောင်စရိုက်နဲ့ လိုက် ဖက်အောင် အနီရောင်ဆေးမှုတ်ထားပါတယ်။ အဲဒီ နှစ်ထပ်ကားတွေနဲ့ မြို့ကိုပတ်ကြည့်ရင် ခရီးစဉ်ရဲ့  သတ်မှတ်ထားတဲ့နေရာတစ်ဝက်ကို ရောက်ပြီဆိုရင်တော့ ခရီးသည်တွေအနေနဲ့ မဖြစ်မနေ ထိုင်ခုံအပြောင်းအလဲ လုပ်ပေးရပါတယ်။ အောက်ထပ်မှာ စီးတဲ့သူက အပေါ်ထပ်ကို ပြောင်းစီးရပြီး အပေါ်ထပ်က လူတွေကတော့ အောက်ဆင်းပြီး စီးပေးရပါတယ်။

ဆိုလိုဟာ သူ့ရဲ့အိမ်နီးချင်း မြို့ဖြစ်တဲ့ ယိုဂျကာတ ((Yogyakarta) လိုပဲ ရှည်လျားခိုင်မာတဲ့ သမိုင်းကြောင်းနဲ့ ဘုရင်စနစ်ကို လက်ခံကျင့်သုံးခဲ့တဲ့ မြို့တွေပါ။ ယိုးဂျတာတကတော့ အခုအချိန်အထိ ဆူလ်တန်မျိုးဆက်တွေကပဲ အလိုအလျောက် အုပ်ချုပ်သူအဖြစ် သတ်မှတ်ထားပေမယ့် ဆိုလိုမှာတော့ ပြည်သူက ရွေး ကောက်တင်မြှောက်တဲ့ အုပ်ချုပ်သူကို တင်မြှောက်တာပဲကွာတယ်။

ဒါပေမယ့် ဆိုလိုနန်းတော်မှာ ဘုရင်ရော မိဖုရားပါရှိကြပြီး အုပ်ချုပ်ရေးပိုင်းကိုတော့ ဝင်မပါကြပါ ဘူး။

နှစ်မြို့စလုံးမှာရှိတဲ့ နန်းတော်တွေက တစ်ချိန်က ဘုရင်စနစ်ရဲ့ ဘုန်းမီးနေလ ပြယုဂ်ဖြစ်နေသလို ယဉ်ကျေးမှု ဖွံဖြိုးရေးစင်တာနဲ့ လက်ရှိအချိန်အထိ အကောင်းပကတိ ဖြစ်နေတာ ချင်းလဲ အတူတူပါပဲ။

ပိုထူးတာကတော့ ဆိုလိုရဲ့ နန်းတော်ဖြစ်တဲ့ (Keraton Kasunanan Surakarta) က  မြို့ရဲ့ အထင်ကရနဲ့လှပတဲ့ အဆောက်အအုံဖြစ်သလို လက်ရှိအချိန်အထိ ခေတ်အဆက် ဆက် အုပ်စိုးခဲ့ကြတဲ့ ဘုရင်ကြီး ဆာဆူနန်ပါကူ ဘူဝိုနို (Sri Sunan Pakubuwono)ရဲ့ မျိုးဆက်တွေ နေထိုင်ရာလည်း ဖြစ်နေပါသေးတယ်။ လက်ရှိ အချိန်အထိ နန်း တော်ထဲက အိမ်ထောင်ပရိဘောဂနဲ့ အသုံးအဆောင်တွေကိုလည်း တော် ဝင်ယဉ်ကျေးမှု အစဉ်အလာအတိုင်း ထိန်းသိမ်းထားဆဲပါ။

နန်းတော်ကို ၁၇၄၅ ခုနှစ်မှာ Pakoe BoewonoII က တည်ခဲ့ပါတယ်။ အဲဒီနှစ်မတိုင်ခင်ကဆိုရင် နန်းတော်ဟာ ဆိုလိုမြောက်ဘက် ၁၂ ကီလိုမီတာက ကာတိုဖူရိုမှာ ရှိခဲ့ဖူးပါတယ်။ ဆိုလိုကိုတော့ နန်းသစ်တည်ပြီး  ပြောင်းလာတယ်လို့ ဆိုတယ်။ နန်းတော်ဟာ အနုပညာပြခန်း တစ်ခုသဖွယ်လည်း ဖြစ်နေသလို၊ ခေတ်အဆက်ဆက်က အသုံးပြုခဲ့တဲ့ ရိုးရာလက်နက်မျိုးစုံ၊ ရုပ်သေးမျိုးစုံနဲ့ ရှေးဟောင်းပစ္စည်းများ တစ်စုတဝေးတည်း တွေ့မြင်ရတဲ့ နေရာလည်း ဖြစ်တာကြောင့် ဆိုလိုရောက်ရင် မဖြစ်မနေ သွားလည်ရမယ့်နေရာ ဖြစ်လာပါတယ်။

နန်းတော်ကို နေ့စဉ် နံနက် ၉ နာရီကနေ နေ့လယ် ၂ နာရီအထိ ဖွင့်ပေးထားပါတယ်။ သောကြာနေ့ကိုတော့ ပိတ်ရက်အဖြစ် သတ်မှတ်ထားတာပါ။ ဝင်ကြေးအနေနဲ့ နိုင်ငံသားတွေက အင်ဒိုရူပီး ၁ဝ,ဝဝဝ ပေးရပြီး နိုင်ငံခြားသားတွေကတော့ ၁ ဒသမ ၂ ဒေါ်လာလောက်ပေးရပါတယ်။

ဆိုလိုနန်းတော်အနားမှ ခြေကျင်လျှောက်သွားရုံနဲ့ ရောက်တဲ့နေရာ တစ်ခုကတော့ Klewer Market (Pasar Klewer) ဆိုတဲ့ ဈေးပေါ့။ အင်ဒိုသားတွေရဲ့  ဈေးအဆစ်သန် ဝါသနာကို အတုယူပြီး ကိုယ်ကလည်း အားမနားစတမ်း ခေါ်ဈေးကို အတင်းနင်းပြီး ဈေးဆစ်ချင်တယ်ဆိုရင် မဖြစ်မနေ သွားမွှေရမယ့်ဈေးပါ။ ဈေးထဲမှာ ပါတိတ်တွေ၊ ယက် ကန်းထည်တွေ၊ ရုပ်သေးရုပ်တွေနဲ့ ဈေးကြီးတဲ့ ကျောက်မျက်ရတနာကနေ အဖိုးနှုန်းချိုသာတဲ့ ဖန်ဆီ လက်ဝတ်လက်စားတွေအထိ ရှာကြည့်နိုင်တယ်။ ဆိုင်ခန်းပေါင်းကလည်း တစ်ထောင်ကျော်ရှိနေပါမယ်။ ဒါပေမယ့် ဈေးကြီးက ၂ဝ၁၄ ခုနှစ်မှာ မီးလောင်သွားခဲ့တဲ့အတွက် ဂျာဗားလူမျိုးတွေရဲ့ ရှေးဟောင်း ပစ္စည်းတွေ ရှာချင်ရင်တော့ များများစားစား တွေ့ရတော့မှာ မဟုတ်ပါဘူး။

ရှေးဟောင်းပစ္စည်းတွေအတွက် ဆိုရင်တော့ ဝင်ဒူဂျန်နာဈေးမှာ ရှာရပါမယ်။ အဲဒီမှာဂျာဗားက ရှေးဟောင်းပစ္စည်းတွေနဲ့ အမှတ်တရ ပစ္စည်းတွေပါ ရောင်းချပေးပါတယ်။ နိုင်ငံတခုမှာ ရှေးဟောင်းပစ္စည်းတွေကို ကိုယ့်စိတ်ကြိုက် အလွယ်တကူ ဝယ်ယူပြီး ပြည်ပကို သယ်ဖို့ဆိုတာ သိပ်မလွယ်လှပါဘူး။ ဒီလိုပဲ ဝင်ဒူ ဂျန်နာဈေးဟာလည်း တစ်ချိန်က ရှေးဟောင်းပစ္စည်းတွေ တရားမဝင် ရောင်းချရာနေရာတစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ ၂ဝဝ၉ ခုနှစ် စက်တင်ဘာ လ ၂၅ ရက်မှာ မြို့တော်ဝန် ဂျုကိုဝီက တရားဝင်ဖွင့်လှစ်ပေးလိုက်ပြီး နောက်မှာတော့ ရိုးရာနဲ့ ရှေးဟောင်း ပစ္စည်းတွေ အရှာထွက်ရတဲ့ နေရာဖြစ်လာခဲ့ပါတယ်။

စနေနေ့ညဆိုရင်တော့ ဈေးရှေ့က လမ်းမပေါ်မှာ ယာယီအမိုးတွေနဲ့ ညဈေးတန်းကို တရားဝင် ဖွင့်လှစ်ပေးထားတဲ့အပြင် ဂျားဗားရိုးရာ တေးဂီတတွေ ဖျော်ဖြေပွဲတွေကိုပါ အမြဲလုပ်ပေးထားလိုက်ပါသေးတယ်။

ဆိုလိုမြို့မှာ ပါတိတ်ရှာမယ်ဆိုရင် ကူမန်နဲ့ လာဝေယန်ဆိုတဲ့ ပါတိတ်ရွာနှစ်ရွာရှိပါတယ်။ ဆိုလို မြို့လယ်နဲ့ပိုနီးတဲ့ ကူမန်ရွာဆိုရင် အိမ်တိုင်းနီးပါး အထည်ရောင်းတဲ့ ဆိုင်တွေအဖြစ် တွေ့မြင်ရမှာပါ။ အဲဒီမှာ ပါတိတ်ထည်တွေ ဘယ်လို လုပ်တယ်ဆိုတာကို သေသေချာချာ စပ်စုနိုင်ပါတယ်။ ပါတိတ်ထည်တွေ အပွင့်ရိုက်တာကိုကြည့်နိုင်သလို ဈေး ချိုချိုသာသာနဲ့လည်း ဝယ်ယူနိုင်ပါတယ်။ ကိုယ်တိုင် အဆင်ဒီဇိုင်းတွေနဲ့ ပါတိတ်ထည် သီးသန့်မှာချင်ရင်လည်း ရနိုင်ပါသေးတယ်။

လာဝေယန် ပါတိတ်ရွာကတော့ ပါတိတ်တွေကို အမြောက်အများ ထုတ်လုပ်တဲ့နေရာ ဖြစ်ရုံမက အိမ်တိုင်းမှာ ကိုယ့်တစ်သက်တာ ရိုက်နှိပ်ထားတဲ့ ပါတိတ်အဆင်ဆန်း အကုန်လုံးကို ပြခန်းတွေအဖြစ်ပါ ပြသပေးထားပါတယ်။ ဒါ့အပြင် လာဝေယန်ဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ ရိုးရာပွဲတော်တွေ အဓိက ကျင်းပရာအရပ် ဖြစ်နေပါတယ်။ ဒါကြောင့်လည်း ဆိုလိုရဲ့ယဉ်ကျေးမှုနဲ့ အနုပညာဦးစီး ဌာနကို လာဝေယန်မှာ ဖွင့်လှစ်ထား ပါတယ်။

ဆိုလိုမှာ ယဉ်ကျေးမှု အခမ်းအနားတွေ အစဉ်ကျင်းပရာ အရပ်ဖြစ်တာကြောင့် အငြိမ်းစားယူကြသူတွေ နှစ်သက်တာ ဖြစ်နိုင်ပါတယ်။ ဆိုလိုနိုင်ငံတကာ အနုပညာပွဲတော် ဆိုရင် ပြည်တွင်းပြည်ပက အနုပညာ ရှင်တွေ အပြိုင်ဝင်နွှဲကြတဲ့ပွဲပါ။ တေး ဂီတ၊ အကနဲ့ ပြဇာတ်တွေကိုအပြိုင် ဖျော်ဖြေတဲ့ အချိန်ဆိုရင် နိုင်ငံသားတွေရော နိုင်ငံခြားသားတွေပါ ဝင်ရောက်ဆင်နွှဲခွင့် ရနေပါတယ်။ ဆိုလိုနိုင်ငံတကာ အနုပညာပွဲတော်ကို နှစ်နှစ်တစ်ကြိမ် ကျင်းပပေးလေ့ရှိပါတယ်။ ကျင်းပတဲ့ နှစ်မှာ ဒီနှစ်တော့ ဘယ်အနုပညာကို အဓိကဦးစားပေး မယ်ဆိုတာ သတ်မှတ်ပေးပါတယ်။

ဆိုလိုနိုင်ငံတကာ ရိုးရာတေး ဂီတပွဲတော်ကလည်း နိုင်ငံတကာ အနုပညာ ပွဲတော်လိုပါပဲ။ သူက ဂီတသက်သက်သာဖြစ်ပြီး အင်ဒိုသာမက နိုင်ငံရပ်ခြားက ဘယ်လူမျိုးမဆို ဝင်နွှဲနိုင်ပါတယ်။ သူကလည်း နှစ်နှစ်တစ် ကြိမ်ပါ။

ပါတိတ်ချစ်သူတွေအတွက် ဆိုလိုပါတိတ်ပွဲတော်ကတော့ ဆိုလိုရဲ့အသက်ပါ။ ပါတိတ်အဆင်အဆန်း အပြား မျိုးစုံကို ဝတ်ဆင်ပြီး လမ်းပေါ်မှာ ကခုန်ကြတဲ့ ပွဲဆိုရင် လူတွေ ကြိတ်ကြိတ်တိုးပေါ့။ ပါတိတ် အဆင်တွေကို တစ်ဦးနဲ့တစ်ဦး ပိုပြီး အမြင် ဆန်းအောင်၊ ပိုထူးခြားအောင် အပြိုင်ဖန်တီးပြီးမှ ဝတ်ဆင်တတ်ကြလို့ အရောင်စုံ၊ အပွင့်စုံ အဝတ်အထည်တွေ နှစ်သက်ကြတဲ့သူတွေအတွက် မျက်စိကျစရာ ပွဲတော်ပဲဖြစ်ပါတယ်။

ဂျာဗားရဲ့ ဝိညာဉ်ဆိုလိုကို ရောက်ရင်တော့ မုန့်အိုးကင်းကြော် မျိုးစုံကို မဖြစ်မနေ စားကြည့်ဖို့ တိုက်တွန်းလိုက်ချင်ပါသေးတယ်။

 

သုနန္ဒခေတ်

သုနန္ဒခေတ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.