16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
မှော်အတတ်ကို ဖုန်အထပ်ထပ် ဖုံးအုပ်ထားတဲ့မြို့  

ရှေးဟောင်းအနုပညာ လက်ရာတွေလည်းရှိ၊ လစဉ်ဘာသာရေးပွဲတွေလည်းများ၊ လေ့လာစရာ သမိုင်းရေးရာတွေနဲ့လည်းပြည့်နေပြီး မတူညီတဲ့ လူမျိုးစုတွေ ညီညီညွတ်ညွတ် အတူပူးတွဲနေထိုင်ကြတဲ့မြို့ဆိုရင် ချစ်စရာလို့ မြင်ကြမယ်ထင်တယ်။  ဒါပေမယ့် အဲဒီမြို့က လေထုညစ်ညမ်းမှုကလည်း သိပ်ဆိုးနေပြီး ရေဆိုးစနစ်လည်း အားကိုးလို့မရဘူးဆိုရင်ကော ဘယ်လိုနေမလဲ။ စဉ်းစားရကျပ်မယ်ထင်ပါရဲ့နော်။ ဒါပေမယ့် ကိုယ့်အိမ်နီးချင်းဖြစ်တဲ့ နီပေါနိုင်ငံက ခတ္တမန္ဒုမြို့တော်ကတော့  မြင့်မားတဲ့ ယဉ်ကျေးမှု သမိုင်းနဲ့အတူ ညစ်ညမ်းတဲ့လေ၊ ရေထုတွေ မံထားတဲ့မြို့ အဖြစ်တွေ့ရမှာ အမှန်ပါပဲ။

လက်ရှိအချိန်မှာ ခတ္တမန္ဒုရဲ့ လူဦးရေက ၁ ဒသမ ၄ သန်းလောက်ရှိပြီး မြို့ရဲ့တစ်စတုရန်း ကီလိုမီတာ အတွင်းမှာ လူပေါင်း ၂၁ယဝဝဝ ဝန်းကျင်လောက် နေထိုင်ကြပါတယ်။ ခတ္တမန္ဒုဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၄၆ဝဝမှာ တည်ရှိပြီး အာရှထဲမှာ အကြီးမားဆုံး ဟိမဝန္တာဒေသကို ပိုင်ဆိုင်တဲ့ မြို့လည်း ဖြစ် ပါတယ်။

ခတ္တမန္ဒုကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝဝဝ ကျော်ကတည်းတည်ခဲ့တယ် လို့ဆိုကြတယ်။ ခတ္တမန္ဒုဆိုတဲ့ အမည်ကတော့ ၁၅၉၆ ခုနှစ်တုန်းက အခုဒူဘာစကွဲမှာရှိတဲ့ ကက်စမန်ဒပ် ဘုရားကျောင်းရဲ့ အမည်နောက်မှာကပ်ပြီး ပေါ်ပေါက်လာတယ်လို့ ပြောကြပါတယ်။ အဲဒီဘုရားကျောင်းက နှစ်ထပ်ကျောင်းဆောင် ဖြစ်ပြီး သံတစ်ချက်မှမသုံးဘဲ အမရ ပူရမြို့က ဦးပိန်တံတားလို သစ်သား ချည်းသက်သက် တည်ဆောက်ထားပါတယ်။

ဒါပေမယ့် ၂ဝ၁၅ ခုနှစ် ဧပြီလ တုန်းက လှုပ်ခတ်ခဲ့တဲ့ နီပေါငလျင် (ခေါ်) ဂိုရ်ခငလျင်ဟာ ခတ္တမန္ဒုရဲ့ သမိုင်းဝင်အမွေအနှစ်  တော်တော်များများကို လှုပ်ခါဖျက်ဆီးပစ်ခဲ့ပါတယ်။ ငလျင်ကြောင့် ဒေသအတွင်းက အထင်ကရနေရာတွေနဲ့ သက်တမ်းရာချီ ရှည်ကြာတည်တံ့ခဲ့တဲ့ အဆောက်အအုံတွေပါ တစ်စိတ်တစ် ပိုင်း ပျက်စီးစေခဲ့တယ်။ အဲဒီထဲမှာ ဒူဘာစကွဲက ဘုရားကျောင်းနဲ့ ဆွာယန်ဘူနက်သ်ရုပ်တုတို့လည်း ပါဝင် တယ်။

ဆွာယန်ဘူနက်သ်ခေါ် မျောက်ဘုရားကျောင်းဆိုတာ နီပေါမှာ သက်တမ်းအရှည်ဆုံး ဘာသာရေးပွဲတွေ ကျင်းပရာ နေရာတွေထဲက တစ်ခုပါပဲ။ တစ်ချိန်က ဗုဒ္ဓသာသာဝင် တွေရဲ့ ဘုရားကျောင်းဆိုပေမယ့် အခုအချိန်မှတော့ ဟိန္ဒူတွေပါ လာ ရောက်ပူဇော်တဲ့ နေရာလည်း ဖြစ်နေပါပြီ။ ရစ်ခ်ျတာစကေး ၇ ဒသမ ၈ ရှိတဲ့ ငလျင်ကြောင့် ဧဝရတ် တောင်ရဲ့ မြေသားတွေပဲ့ကျပြီး လူပေါင်း ၁၉ ဦး သေဆုံးခဲ့ပါတယ်။ ဒါဟာ ခတ္တမန္ဒုနားက ဧဝရတ်တောင်ရဲ့ သမိုင်းမှာ တစ်ရက်တည်းနဲ့ လူအမြောက်အမြားသေဆုံးရတဲ့ ဖြစ် ရပ်တစ်ခု ဖြစ်သွားပါတယ်။

ခတ္တမန္ဒုမြို့ဟာ သမိုင်းအစဉ်အလာ ကြီးမားတာနဲ့အမျှ မတူညီတဲ့လူမျိုးစုတွေနဲ့ ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုတွေ ပေါင်းစပ်ပြီး တစ်မြေတည်းမှာ ညီညီညွတ်ညွတ်နဲ့ ပေါင်းစပ်နေထိုင်ကြတာ တွေ့ရပါတယ်။ နီပေါနိုင်ငံမှာ လူမျိုးစုပေါင်း ၃ဝ ကျော်လောက်အထိ ရှိပါတယ်။ ခတ္တမန္ဒုမှာတော့ နီးဝါလူမျိုးတွေ (Newar) ကို အင်အားကြီးလူမျိုးစု အဖြစ်တွေ့မြင်ရပြီး တစ်မြို့လုံးမှာရှိတဲ့ လူဦးရေရဲ့ ၃ဝ ရာခိုင်နှုန်းအထိ ရှိပါတယ်။ နီဝါရဲ့ နောက်မှာ ၂၅ ရာ ခိုင်နှုန်းနဲ့ ကပ်လိုက်တာကတော့ မတ်ဝါလီ လူမျိုးစုပဲဖြစ်ပါတယ်။ မတ်ဝါလီတွေနဲ့အတူ တမန်း (TAmang) ဂူရွန် (Gurung) ဆူနျူဝါ (Sunuwar) မက်ဂါ (Magars) နဲ့ အခြားလူမျိုးစုတွေရှိပါသေးတယ်။ ခက်ဘရာမင်စ် (Khas Brahmins) ကတော့ တစ်မြို့လုံးမှာရှိတဲ့ လူဦးရေရဲ့ ၂ဝရာခိုင်နှုန်းရှိပြီး ချက်တ်ရစ် (Chettris) တွေကတော့ ၁၈ ဒသမ ၅ ရာခိုင်နှုန်းလောက်ရှိပါတယ်။ 

ဒီလိုကွဲပြားတဲ့ လူမျိုးစုတွေ ပေါင်းစပ်နေတာဟာ အမှတ်တမဲ့ဆိုရင် နိုင်ငံတစ်ခုအကြောင်း ပြောနေသလားလို့တောင်ထင်ရတယ်။ မြို့တော်မှာ ဒီလိုများများစားစား လာစုရတဲ့ အကြောင်းကိုကြည့်ရင် ဟိမဝန္တာတောင်ခြေက တိုင်းရင်းသားတွေဟာ လူမျိုးစုလိုက် မြို့ပေါ်တတ်လာကြလို့ပဲလို့ ပြောရပါမယ်။             ဥပမာ တမန်းတွေဆိုရင်  တောင်တန်းတွေ ပတ်လည်ဝိုင်းနေတဲ့ အရပ်ကလာကြသလို အခြားလူမျိုးစုတွေကလည်း ဟိမဝန္တတောင်ခြေ၊ အိန္ဒိယနိုင်ငံမြောက်ပိုင်းနဲ့ နီပေါတောင်ပိုင်းက  မြက်ခင်းလွင်ပြင်နဲ့ စိမ့်တောရိုင်းမြေအရပ်တွေကနေ ရွှေ့ပြောင်းနေထိုင်ကြသူတွေပါ။

ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာကို အဓိက ကိုးကွယ်ကြပြီး နီပေါစကားနဲ့ အင်္ဂလိပ်စကားကို အဓိက ပြောဆိုကြပါတယ်။ ဘာသာရေးနဲ့ ပတ်သက်ရင် နီပေါတစ်နိုင်ငံလုံးဟာ ဝတ်ပြုဆု တောင်းခြင်းအပေါ် သက်ဝင်ယုံကြည်မှု ပိုမိုလွန်ကဲတဲ့နေရာလို့ ထင် စရာကောင်းလှတယ်။ မြို့တော် ခတ္တမန္ဒုသာမက တစ်နိုင်ငံလုံးမှာ ဘုရားကျောင်းတွေနဲ့ ပြည့်လို့နေတယ်။ မြို့ထဲမှာ တစ်နေရာနဲ့ တစ်နေရာကို ၅ မိနစ်နဲ့ ၁၅ မိနစ်ကြား လမ်းလျှောက်လိုက်မယ်ဆိုရင်  အနည်းဆုံး ဘုရားကျောင်းတစ်ခုကတော့ တွေ့ရတော့တာပါပဲ။

တစ်နှစ်လုံးမှာ ပွဲတော်အမျိုးမျိုးက အချိန်ပြည့်ရှိနေတတ်တာကြောင့် အနောက်နိုင်ငံတွေက လာတဲ့သူဆိုရင် ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးတော်ကို ချီးကျူးကြတဲ့ Thanksgiving Day  ကိုတောင် လွတ်သွားမှာစိုးလို့ တော်တော်လေး သတိထားပြီး နေရတယ်လို့ဆိုတယ်။ ဘာသာရေးပွဲတော်တွေသာမက မတူညီတဲ့ လူမျိုးစုနဲ့ ယဉ်ကျေးမှုအရ တစ်နှစ်မှာ နှစ်သစ်ကူးပွဲချည်းပဲ ငါးပွဲလောက်ရှိတယ်။ ဒါအပြင် နီပေါနိုင်ငံသားတွေအတွက် လက်ထပ်မင်္ဂလာဆိုတာကလည်း တကယ့်ကို ခမ်းခမ်းနားနား ကျင်းပလေ့ရှိတဲ့ပွဲပါ။ လက်ထပ်ရာသီရောက်ပြီဆိုတာနဲ့ တစ်ပွဲပြီး တစ်ပွဲ၊ ပွဲဆက်တွေများလွန်းလို့ ဗိုက်ရိုက်ပြီးတောင်စားရမယ်။ ဆင်းရဲပြီး ကျန်တဲ့နေရာသာ ချွေတာရင်နေမယ်။

မင်္ဂလာပွဲဆိုရင်တော့ သိသူရော မသိသူပါ အတင်းဝင်စားခိုင်းတဲ့အထိ ရက်ရောကြတယ်။ တစ်ရာသီလုံး သူ့ကို ကိုယ်ကဖိတ်လိုက်၊ သူက ပြန် ဖိတ်လိုက်နဲ့ ပွဲသံ အမြဲညံနေတဲ့ မြို့ လည်းဖြစ်တယ်။

ဒါကြောင့်လည်း တစ်နှစ်လုံး ခြုံငုံကြည့်ရင် မိသားစုတစ်စုမှာ စား သောက်စရိတ်က ဒေါ်လာ ၅ဝ လောက်ရှိပါတယ်။ လုပ်သက် ၁ဝ နှစ်ရှိတဲ့ အစိုးဝန်ထမ်းဆိုရင် တစ်လ ၇၅ ဒေါ်လာလောက်ရပါတယ်။ လုပ်သက် နှစ်နှစ်လောက်ရှိတဲ့ ကွန်ပျူတာ ပရိုဂရမ်မာတောင်မှ တစ်လကို ဒေါ်လာ ၁၂ဝ နဲ့ ၂၅ဝ ကြား လောက်ပဲရတာပါ။ ဒီအချိန်မှာ မြို့အတွင်းက အမေရိကန်ကျောင်းမှာ ပြည်ပကနေလာပြီး ကျောင်းဆရာ လုပ်သူတွေဆိုရင် တစ်လ ဒေါ်လာ ၂ဝဝဝ အပြင် အိမ်စရိတ်က ဒေါ်လာ ၅ဝဝ လောက် ထပ်ရပါသေးတယ်။ ဒီတော့ နီပေါနိုင်ငံသားတွေရဲ့ တစ်နှစ်စာလုပ်ခဟာ ပြည်ပက ပညာသည်တွေရဲ့ တစ်လစာလောက်ဖြစ်နေတာတွေ့ ရပါမယ်။

ခတ္တမန္ဒုမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေများစွာရှိပါတယ်။  အဲဒီမှာ နိုင်ငံတကာကလာရောက် လုပ် ကိုင်သူ အရေအတွက် ၃ဝဝဝ လောက်ရှိတာကြောင့် နိုင်ငံခြားသား အသိုက်အဝန်းတစ်ခုလိုတောင် ဖြစ်နေပါတယ်။ များသောအားဖြင့် MBA လို ဘွဲ့ကြီးကြီးတွေရထားတဲ့ သူတွေကများတယ်။ သူတို့က နီပေါ မှာရှိသမျှ နိုင်ငံတကာ အကူအညီနဲ့ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေသူတွေပါ။ ဒါ ကြောင့်လည်း ကမ္ဘာ့တတိယ အဆင်းရဲဆုံးမြို့ထဲမှာ ပညာတတ်တွေတစ်စု တစ်ဝေးတည်း ရှိနေတယ်ဆိုရင်တော့ ဒါဟာ နီပေါမှာ နှစ်ရှည်အလုပ်လုပ် ကိုင်နေတဲ့ နိုင်ငံခြားသား အသိုက်အဝန်းကိုပြောတာလို့ မှတ်ယူနိုင်ပါတယ်။

ခတ္တမန္ဒုဟာ မှော်အတတ်တွေ ပြည့်နေတဲ့မြို့လို့ ဆိုနိုင်တဲ့အချက်ကတော့ ဗေဒင်နဲ့ ရှေ့ဖြစ်ဟော အကြားအမြင်သမားတွေ များပြားတဲ့ အရပ်မို့လို့ပါပဲ။ နာမည်ကျော် ပုခ် ဟာရာ ကန်ပတ်လည်လမ်းမှာဆိုရင် နက္ခတ္တပညာရှင်တွေ ဝိုင်းဝိုင်းလည်နေပါတယ်။ ဟောကိန်းတစ်ဒါဇင် လောက်မှာ ၁ဝ ချက်က မှန်နေတတ်လို့ အပျော်မေးကြသူတွေနဲ့ အမှန်တကယ် အားကိုးပြီး လာမေးကြသူတွေနဲ့ပါ စည်းကားနေတတ်တယ်။ နိုင်ငံခြားသားတွေကလည်း ဗဟုသုတ အနေနဲ့ လာမေးကြသူ မနည်းလှပါ ဘူး။

စိုက်ပျိုးရေးကို အဓိကအားထားတဲ့ ဒေသဖြစ်တာကြောင့် တစ်မိုးသောက်ပြီဆိုတာနဲ့ လယ်ထဲဆင်းကြသူတွေ အလျှိုလျှိုထွက်လာ တတ်ပါတယ်။ မြို့ပြင်ကို စက်ဘီးနဲ့ ဆယ်မိနစ်လောက် ထွက်လိုက်တယ်ဆိုရင်ပဲ ခတ္တမန္ဒုရဲ့ နေမှုဘဝကို လက်တွေ့မြင်တွေ့ရပါတော့တယ်။ 

အစားအသောက်ကတော့ မြန်မာနိုင်ငံသားတွေလိုပဲ ထမင်းကို အဓိကထားပြီး ရှမ်းချဉ်လို ဟင်းအမယ်ကို မြိန်မြိန်ရှက်ရှက် စားကြပါတယ်။ ဒါကြောင့် ပြည်ပကလာ ရောက် အလုပ်လုပ်ကြသူတွေ မကြာခဏ ခံတွင်းပျက်တတ်ပါတယ်။ အ နောက်တိုင်းစတိုင် အစားအစာအများစုက ပြည်ပကနေတင်သွင်းကြတာများပြီး ဈေးကြီးနေတတ်ပါတယ်။

နိုင်ငံခြားသား တစ်ဦးဟာ ခတ္တမန္ဒုမှာ တစ်လစာ စားသောက်ကုန်ကျစရိတ်ချည်းပဲ ဒေါ်လာ ၂ဝဝ နဲ့ ၂၅ဝ ကြားလောက် ပြေးနေတတ်တယ်။ လတ်လတ်ဆတ်ဆတ်နဲ့ ချက် ပြုတ်စားသောက်နိုင်တဲ့ စားသောက် ကုန်မှန်သမျှကတော့ အိန္ဒိယက တင် သွင်းကြပါတယ်။

လက်ရှိအချိန်မှာတော့  ခတ္တမန္ဒုဟာ ဖြစ်ကတတ်ဆန်းနိုင်တဲ့ မြို့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ဖုန်ထူသလောက် မိုးတွင်းမှာ လမ်းမတွေပေါ် ရေလျှံလေ့ရှိပြီး ရေကောင်းရေသန့် ရှားပါးတဲ့မြို့ဖြစ်လာပါတယ်။ အထူးသဖြင့် လေ၊ ရေ ညစ်ညမ်းမှု အလွန်များတာက အဓိက ပြဿနာတစ်ရပ်ပါ။ ဒါကြောင့်လည်း မှော်အတတ် တွေနဲ့ ရိုးရာဖျော်ဖြေပွဲတွေကို ဖုန်တွေ အထပ်ထပ်နဲ့ ဖုံးအုပ်ထားတယ်လို့ ဆိုရခြင်းပါပဲ။

ဖုန်တွေနဲ့ အိုက်ဇောကထွက်တဲ့ မီးခိုးတွေ များလွန်းအားကြီးလို့ ပြည်ပကနေ အလုပ်လာလုပ်သူတွေဆိုရင် တစ်နှစ်မှာ ၉ လလောက်က နှာခေါင်းစီးတပ်ပြီး လမ်းထွက်ကြရ တယ်။ ဆိုင်ကယ်ကထွက်တဲ့ မီးခိုးသာမက အစိုးရကြီးကြပ်မှုနဲ့ ပြေးဆွဲ နေတဲ့ လိုင်းကားတွေမှာပါ မီးခိုးတအူအူ ဖြစ်နေတတ်တာ ခတ္တမန္ဒုရဲ့ နေ့စဉ်ဘဝလို့တောင် သရုပ်ဖော်နိုင်ကောင်းပါရဲ့။

ဒါကြောင့်လည်း ၂ဝ၁၇ ခုနှစ် လေ၊ ရေထုညစ်ညမ်းမှုကိန်းညွှန်းအရ ကမ္ဘာ့မြို့ကြီးတွေထဲမှာ ခတ္တမန္ဒုက နံပါတ်ငါးနေရာ ရောက်လာပါတယ်။ ရေကလည်းကောင်း၊ လေကောင်းလေသန့်လည်းရတဲ့နေရာမှာ နေရတယ်ဆိုရင်ပဲ ခတ္တမန္ဒုက လူကုံထံလို့ သတ်မှတ်လို့ရလောက်တဲ့အထိ ဖြစ်နေပါပြီ။ မြို့နေ ပြည်သူအများစုကတော့ ဘုံပိုင်ရေမှာချိုးပြီး ဘုံပိုင် အိမ်သာမှာ ကိစ္စရှင်းကြတာများပါ တယ်။ ဒါပေမယ့် အဲဒီအများသုံး သန့်စင်ခန်းတွေဟာ မသန့်ရှင်းတာတော့ သေချာပါတယ်။

၂ဝ၁၇ လဆန်းပိုင်းမှာတော့ အစိုးရက လေထုညစ်ညမ်းမှု ပြဿနာကို အခြေခံပြီး သက်တမ်း အနှစ် ၂ဝ ကျော်ကားတွေ ပိတ်လိုက်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ မော် တော်ယာဉ်နဲ့ ပတ်သက်ရင် ထွက်လာတဲ့ စည်းမျဉ်း စည်းကမ်းတွေလိုပါပဲ။ နီပေါက ဥပဒေထုတ်ပြန်ပုံတွေကလည်း ခဏခဏ အပြောင်းအလဲ မြန်တတ်တယ်။ ဥပဒေတစ်ရပ်ကို တဖြည်းဖြည်းနဲ့ အသိပညာပေးပြီးမှ ပြဋ္ဌာန်း အတည်ပြုတာမျိုးထက် ရုတ်တရက် အပြောင်းအလဲတစ်ခုကို ကောက်ခါငင်ကာ အတင်းအကျပ် လုပ်ခိုင်းလိုက်သလို ဖြစ်နေတတ်ပါတယ်။

မြို့ရဲ့ အာဏာပိုင်တွေကို ကြည့်ရင်လည်း အပြောင်းအလဲက များလွန်းလှတယ်။ ဥပမာ တလောကဆိုရင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု လက်ထောက်ဝန်ကြီးဆိုရင် ချစား မှုနဲ့ ပြုတ်တယ်။ မြို့အနှံ့အပြားကို လှည့်ကြည့်လိုက်ရင် အစိုးရက  ဦးစီးလုပ်ကိုင်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကနည်းပြီး နိုင်ငံတကာ အကူအညီအောက်မှာ လည်ပတ်နေတာတွေကို ပိုမြင်ရပါတယ်။ နိုင်ငံတကာ အကူအညီကို အားကိုးလိုက် တော့ လုပ်ငန်းခွင်နဲ့ပတ်သတ်ရင် ကားအိုကားဟောင်းရယ်လို့ စစ်ဆေး တားမြစ်ထားတာကိုလည်း တင်းတင်းကြပ်ကြပ် မကိုင်တွယ်ရဲဘူးပေါ့။ လုပ် ငန်းခွင်သုံး ကားတွေဆိုရင် တစ်ဝက်လောက်က အိုက်ဇောမီးခိုး တအူအူ တွေက များပါတယ်။

လမ်းတွေဟာ အလွန်ဆိုးရွားသလို မြို့ရဲ့ရေဆိုးထုတ်တဲ့စနစ်ကလည်း အလွန်အားနည်းနေတယ်။ လမ်းကဆိုး၊ အမှိုက်တွေကပွနေပြီး လမ်းကူးသူရော ယာဉ်မောင်းသူတွေကပါ လမ်းစည်းကမ်းကို အပြိုင်အ ဆိုင်ချိုးဖောက်နေကြသလိုတောင်ထင်ရတယ်။ လမ်းတွေက အချိန်ပြည့် ကျပ်ညပ်နေပြီး အနံ့ဆိုးတွေ မင်းမူနေတာကြောင့် ခတ္တမန္ဒုဟာ ဆိုးရွားတဲ့မြို့အဖြစ် နာမည်တွင်လာ ခဲ့ပါပြီ။

ဒါနဲ့ ပတ်သတ်ပြီး ပြည်သူ့ ဆေးရုံက Dr.Achyut Bikram Hamal က မြို့မှာ လေထုညစ်ညမ်းမှုနဲ့ ပတ်သတ်ပြီးဖြစ်တဲ့ ရောဂါတွေ အလွန်များတယ်လို့ဆိုတယ်။ အရေ ပြားတွေ အလားဂျစ်ဖြစ်တာတွေ ဖုန်ကြောင့် အဆုတ်ကင်ဆာဖြစ်တဲ့ နှုန်းတွေ ပိုပြီးမြင့်မားလာပါတယ်။ ဒေါက်တာက မိုးတွင်းဆိုရင် ကူးစက် ရောဂါတွေမဖြစ်ရအောင် လူတိုင်း ရေကို ကြိုချက်ပြီးမှ သောက်သင့်တယ်လို့တောင် သတိပေးထားပါ တယ်။

လေ၊ ရေ ညစ်ညမ်းမှုနဲ့  အမှိုက်တွေ စည်းမဲ့ကမ်းမဲ့ပစ်ကြလွန်းတာကြောင့် မြို့တော်ဝန်တစ်ယောက် စတက်လာပြီဆိုတာနဲ့ လမ်းမထွက်ပြီးသန့်ရှင်းရေး လုပ်ပြကြရတာကလည်း အမောပါပဲ။ ရန်ကုန်နဲ့ ယှဉ်ပြီး အမှိုက်ကောက်ပွဲ အပြိုင် အဆိုင် ကျင်းပနေသလားတောင် ထင်ရသေးတယ်။

ထူးခြားတာက အိမ်အငှား ကိစ္စပါ။ အိမ်တိုင်းမဟုတ်ပေမယ့် ပြည်ပက လာရောက်နေထိုင်တဲ့ သူတစ်ဦးက အထူးအဆန်းအနေနဲ့ သူ့ဆောင်းပါးမှာ ဖောက်သည်ချထား တာရှိတယ်။ ပြောပုံအရဆိုရင် သူက ခတ္တမန္ဒုမြို့ထဲက လူသိများတဲ့ ရိုင်ရယ်ပဲလေ့ကနေ ၁ဝ မိနစ် လောက်သွားရတဲ့ အရပ်က အိမ်တစ်လုံးကို ငှားတယ်ဆိုပဲ။ သူငှားတဲ့အိမ်မှာ အိမ်ရှင်က သူရဲ့အဘေး၊ အဘိုးကနေ သားစဉ်မြေဆက် ဓာတ်ပုံတွေကို ချိတ်ထားလိုက်တာ လူ့သမိုင်း ပြတိုက်လားတောင် ထင်ရ တယ်တဲ့။ ဘယ်မြို့မှာပဲဖြစ်ဖြစ် အိမ်ထောင်ပရိ ဘောဂကိုသာ ချန်ထား ရင်ထားမယ်။ ဒီလို အမှတ်တရတွေကိုတော့ အိမ်ရှင်က ရွှေ့ထားမှာပဲ မဟုတ်လား။

တစ်လကို ဒေါ်လာ ၂၅ဝ (နီ ပေါ ရူပီး ၁၅ဝဝဝ) တန် အိမ်ငှားခပေါ့။ အိမ်ဝန်းထဲက ဥယျာဉ်ထဲမှာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ဝ တုန်းက တရုတ်ပန်းအိုးကြီးတစ်လုံးကို ချထားလိုက်သေးတယ်။ အဲဒီလောက်အထိ အစဉ်အလာကြီးတဲ့ အိမ်ရှင်လို့ ဆိုရမယ်ပေါ့လေ။ ခတ္တမန္ဒုမှာ အိမ်ငှားရင်တော့ မီတာခက ဈေးကြီးတယ်ဆိုတာကိုလည်း သူက သတိပေးထားလိုက်ပါသေးတယ်။

 

သုနန္ဒခေတ်

သုနန္ဒခေတ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.