16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
အလှပြကားတွေနဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲ ဆင်နွှဲလေ့ရှိတဲ့ မြို့

မြို့တစ်မြို့ကို ကြည့်လိုက်တဲ့အခါ  တစ်မူထူးခြားတဲ့ ယဉ်ကျေးမှုတွေ ပေါင်းစပ်ရောပြွမ်းပြီး နေထိုင်ကြတဲ့ အရပ်လည်းဖြစ်ရမယ်။ အရာရာတိုင်းမှာ ခေတ်ကာလရေစီးကြောင်းအရ  အသွင်ပြောင်းလာပြီး နောက်ပိုင်း ရိုးရာဟန်လည်းမပျက် ခေတ်လည်းဆန်သေးတဲ့ နေရာလည်း ဖြစ်ရမယ်ဆိုရင် ဘယ်မြို့ဆိုတာကိုရှာပြလို့ လွယ်ကူကြမှာသေချာပါတယ်။ တစ်မြို့မက မြို့ပေါင်းများစွာက ဒီနှစ်ချက်နဲ့ ကိုက်ညီပြီးနေကြတာများလို့ ဟိုမြို့ပဲ၊ ဒီမြို့ပဲလို့ လွယ်လွယ်ပြောနိုင် ကြလိမ့်မယ်လို့ ထင်ပါတယ်။ မြို့တွေကများလို့ တစ်ယောက်တစ်မြို့ တောင် ပြောနိုင်လောက်တယ်။

ဒီနှစ်အချက်တွေအပြင် ကာစီနိုဝိုင်းတွေနဲ့ 'လာ့စ်ဗီးဂက်စ်အသစ်' လို့လည်း နာမည်တွင်ရမယ်။ နီးနီးနားနား အာရှထဲကလည်း ဖြစ်ရမယ်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ် ကျော်လောက်ကတည်းက နေထိုင်လာကြတဲ့ မြန်မာတွေကိုလည်း များများစားစား တွေ့ရမယ်ဆိုရင် ဘယ်မြို့ကို ညွှန်းဆိုနိုင်ကြဦးမလဲ။ ဒီ အချက်တွေအကုန်လုံးနဲ့ ပြည့်စုံဖို့ဆိုတာ တရုတ်နိုင်ငံက မကာအိုမြို့ကလွဲရင် ဘယ်မြို့မှမရှိတော့ပါဘူး။

မကာအိုမြို့ဟာ တရုတ်နိုင်ငံက ပုလဲမြစ်ဝှမ်းဒေသပေါ်မှာ တည်ရှိတဲ့ အထူးစီမံအုပ်ချုပ်ခွင့်ရ ဒေသတစ်ခုပါ။ အရှေ့ဘက်နဲ့ တောင်ဘက်မှာ တောင်တရုတ်ပင်လယ်က ဝန်းရံပတ်ခွေထားပြီး အနောက်ဘက်မှာတော့ ဂွမ်ဒေါင်း ပြည်နယ်က အိမ်နီးချင်း ဒေသအဖြစ် နယ်မြေခြင်းထိစပ်နေပါမယ်။

မကာအိုက ၆၄ စတုရန်း ကီလိုမီတာသာ ကျယ်ဝန်းပြီး လက်ရှိလူဦးရေ ၆၂၅၇၃၉ ဦးခန့်ရှိတဲ့အနက်က ၃၂ ရာခိုင်နှုန်းလောက်ဟာ မြန်မာတွေအဖြစ်တွေ့ မြင်ရပါတယ်။ စင်ကာပူလိုပဲ မြန်မာပြည်ကနေ ရွှေ့ပြောင်းနေထိုင်သူတွေ၊ အလုပ်လာလုပ်ကြသူတွေ၊ နိုင်ငံ သားအဖြစ် ခံယူကြသူတွေ အလွန်များလှပါတယ်။ မြန်မာပေါင်း နှစ်သိန်းလောက် ရှိနေတာကြောင့် တရုတ်နယ်နိမိတ်ထဲမှာ ရှားရှားပါးပါး မြန်မာတွေ အခြေချသူများတဲ့ မြို့လို့ဆိုရင်လည်း မမှားပါဘူး။

မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် နောက်ပိုင်း ဦးနေဝင်း အစိုးရရဲ့ ဆို ရှယ်လစ်လမ်းစဉ်အောက်မှာ ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံတွေကို ပြည်သူပိုင်သိမ်းပြီး နိုင်ငံပိုင်ပြုတဲ့စနစ်ရယ်၊ တရုတ်-ဗမာလို လူမျိုးရေး ပဋိပက္ခဒဏ်တွေရယ်ကြောင့် မြန်မာပြည်ထဲက တရုတ်အများစုဟာ မက္ကာအိုမြို့ကို ပြောင်းရွှေ့သွားကြပါတယ်။ အဲဒီလို ပြောင်းလာသူတွေကို မကာအိုအစိုးရက ၁၉၈ဝ ပြည့် လွန်နှစ်တွေအထိ နိုင်ငံသားခံယူခွင့် လွယ်လွယ်ပေးခဲ့တာ လူပေါင်း ၄ဝဝ ကျော်လောက်အထိ ရှိခဲ့တယ်လို့ ရှေ့မီ နောက်မီသမားတွေက ပြောကြလေ့ရှိတယ်။

မကာအိုမှာ အခုရှိနေတဲ့ မြန်မာတွေဟာ အဲဒီ လူလေးရာက နှစ်ပေါင်း ၅ဝ အတွင်း မျိုးဆက်ပြန့်ပွားလာတဲ့ သူတွေနဲ့ အခုနောက်ပိုင်းလာရောက် အလုပ် လုပ်ကြတဲ့ မြန်မာတွေရဲ့ စုစုပေါင်း လူဦးရေဟာ နှစ်သိန်းနီးပါးဖြစ်သွားခဲ့ပါပြီ။

ဒါကြောင့်လည်း မကာအိုစိုးရဟာ မြန်မာတွေ အပေါ်မှာ အရေးတယူရှိတဲ့အချက်ကို နှစ်စဉ်နှစ်တိုင်း စည်စည်ကားကား ကျင်းပလေ့ရှိတဲ့ မကာအိုက မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲကိုကြည့်ရင် သိနိုင်ပါလိမ့်မယ်။ ၁၉၉၅ ခုနှစ်ကနေ စတင်ခဲ့ပြီး နှစ်ပေါင်း ၂ဝ ကျော် သက်တမ်းရှိတဲ့ မက္ကာအိုက သင်္ကြန်ပွဲဟာ ရေပုံးလေးချ၊ ပိုက်ကလေးနဲ့ ပက်တဲ့ သာမန်သင်္ကြန်မျိုးမဟုတ်ပါဘူး။ အလှပြကားတွေနဲ့ စည်စည် ကားကားကျင်းပတဲ့ မြန်မာနိုင်ငံပြင်ပ အတာသင်္ကြန်ပွဲမျိုးပါ။  

မြန်မာစံတော်ချိန်ထက် ၁ နာရီ ခွဲပိုစောတဲ့ မက္ကာအိုမြို့က ကမ္ဘာကျော် မီးသုံးလုံးဆိုတဲ့ အပိုင်းဆိုရင် မြန်မာ တွေက အများစုနေထိုင်ကြလို့ မြန်မာရပ်ကွက်ကြီး တစ်ခုလို ဖြစ်နေပါပြီ။ အဲဒီမီးသုံးလုံး ရပ်ကွက်ထဲမှာ မြန်မာ လိုရေးထားတဲ့ ဆိုင်ခန်းဆိုင်းဘုတ် တွေ၊ ငပိရည်နံ့သင်းသင်းမွှေးနေတဲ့ မြန်မာထမင်းဆိုင်တွေ ရှိနေပါတယ်။အခုအချိန်အထိ တရုတ်စကား မပြောတတ်တဲ့ မြန်မာပြည်အနွယ် တရုတ်တွေတောင်ရှိတယ်လို့ ပြောစ မှတ်ပြုကြတဲ့ မြန်မာရပ်ကွက်ပါ။

မီးသုံးလုံးအရပ်  (The Three Lamps District) ဆိုတာ မကာအိုမြောက်ပိုင်းမှာ ဈေးရောင်း ဈေးဝယ်တွေနဲ့ အလွန်စည်ကားတဲ့ နေရာတစ်ခုပါ။ Rotunda de Carlow De Maia မှာရှိတဲ့ မီးသုံးလုံးဟာ လမ်းဘေးဆိုင်တန်းတွေ ပြည့်နေလို့ ခရီးသွားတွေ အများအပြားလာရောက်ကြတယ်။ အဲဒီအနီးမှာ သမိုင်းဝင် Red Market အဆောက်အအုံလည်း ရှိပါတယ်။ မီးသုံးလုံးလို့ နာမည်တွင်တာကတော့  Rotunda de Carlow De Maia က အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာမှာ စိုက်ထူထားတဲ့  မီး လုံးလေးသုံးလုံးနဲ့ ဓာတ်တိုင်ကို အစွဲ ပြုပြီးပေးတယ်လို့ ဆိုကြတယ်။

တကယ်တမ်း ဓာတ်တိုင်ကို ကြည့်လိုက်ရင် မီးလုံးလေးသုံးလုံးရဲ့ အလယ်ကတိုင်ထိပ်မှာ မီးလုံးကြီး တစ်လုံးကထပ်ရှိနေပါလိမ့်မယ်။ ဒါပေမယ့် မီးလေးလုံး အရပ်မဖြစ်ဘဲ မီးသုံးလုံးအရပ်ပဲ ဖြစ်နေတာက အပျင်းပြေအငြင်းပွားစရာ၊ အချင်းချင် စနောက်ချင်စရာလို ဖြစ်နေပါတယ်။ ဒါကို တချို့ကအစပိုင်းမှာ မီးလုံးသုံးလုံးပဲရှိပြီးနောက်ပိုင်းမှာ တစ်လုံးပိုတပ်လိုက်တယ်လို့ ဆိုသူလည်းရှိတယ်။

တချို့ကတော့ မီးတိုင်ကို အဝေးတစ်နေရာက လှမ်းကြည့်လိုက်ရင် မီးလုံးတစ်လုံးဟာ ကျန်တစ်လုံးကို ကွယ်နေတတ်လို့ သုံးလုံးပဲမြင်ရတယ်၊ ဒါကြောင့် မီးသုံးလုံးလို့ ခေါ်ကြတာ လို့လည်း ဆိုတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မကာအိုနဲ့ နီးစပ်တဲ့ မြန်မာတွေကတော့ မီးသုံးလုံးဆိုလိုက်တာနဲ့ ဒို့ရပ်ကွက်ဟေ့လို့ ခပ်ပြုံးပြုံး ပြောနေတတ်ကြပါတယ်။ ၁၉၇၁ ခုနှစ်က စတင်ပြီး မကာအို-မြန်မာချစ်ကြည် ရေးအသင်း စတင်ဖွဲ့စည်းနိုင်လောက်တဲ့အထိ မြန်မာနဲ့ မကာအိုကြားမှာ နွေးထွေးတဲ့ ဆက်ဆံရေးက ရှိနေပါတယ်။

မကာအိုဟာ နှစ်ပေါင်း ၄၅ဝ ကျော်လောက် ပေါ်တူဂီရဲ့ လက်အောက်ခံဘဝ ကျရောက်ခဲ့ပါတယ်။ ဒါပေမယ့် ကျူးကျော်သိမ်းပိုက်တယ်လို့ အမည်မတွင်ဘဲ နှစ်ရှည် အငှားချ တယ်လို့ သုံးနှုန်းခဲ့ကြပါတယ်။ ၁၉၅ဝ ပြည့်လွန်နှစ်များမှာ မကာအိုမြေပေါ် ကို ရောက်လာတဲ့ ပေါ်တူဂီတွေဟာ ၁၉၅၇ ခုနှစ်မှာ တရုတ်ထံကနေ မက္ကာအို ကုန်သွယ်ရေးဆိပ်ကမ်းအဖြစ် ငှားရမ်းခဲ့ကြပါတယ်။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်မှာတော့ တရုတ်အစိုးရထံ ပြန်လည်အပ်နှံခဲ့ကြပါတယ်။

ဒါပေမယ့် အုပ်ချုပ်ရေး ယန္တရားကိုတော့ လက်ရှိအချိန်တွေကနေ လာမယ့် ၂ဝ၄၉ ခုနှစ်အထိ မကာအိုအစိုးရနဲ့ တရုတ်ပြည်မတို့ ပူးတွဲ အုပ်ချုပ်တဲ့စနစ်ကို ကျင့်သုံးနေပါ တယ်။ နိုင်ငံတကာရေးရာနဲ့ ကာကွယ်ရေးကို ပြည်မကြီးက ထိန်းချုပ် ထားပြီး ကျန်တဲ့ လူမှု၊ စီးပွား၊ ကျန်း မာရေးကအစ တရားဥပေဒအထိ မကာအို အစိုးရက စိတ်ကြိုက်ကိုင် တွယ် ထိန်းချုပ်ခွင့်ပေးထားပါတယ်။ တရုတ်ပြည်မှာ အဲဒီလို One Country Two System ကျင့်သုံးတဲ့ ဒေသဆိုလို့ ဟောင်ကောင်နဲ့ မကာအိုပဲ ရှိပါတယ်။

အာရှက လောင်းကစား မြို့ တော်အဖြစ် ကျော်ကြားတဲ့ မကာအို ဟာ ၂ဝဝ၆ ခုနှစ်မှာ ကမ္ဘာ့အကြီးဆုံး လောင်းကစားမြို့တော်အဖြစ် စာရင်းဝင်ခဲ့ပြီး ၂ဝဝ၃ ခုနှစ်မှာတော့ ကမ္ဘာ့ အချမ်းသာဆုံးမြို့ဆုကို ရရှိခဲ့ပါတယ်။ အာရှဒေသရဲ့ လူချမ်းသာဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်း အမြင့်ဆုံးဒေသဖြစ်သလို ကမ္ဘာ့ဒုတိယလူ့သက်တမ်း အရှည်ဆုံးမြို့လည်းဖြစ်ပါ တယ်။

မကာအို တစ်ဒေါ်လာက မြန်မာငွေ ၁၃ဝကျော်လောက်နဲ့ ညီမျှပါတယ်။ ဟောင်ကောင် တစ်ဒေါ်လာကတော့ မကာအို ၁ . ၃ ဒေါ်လာနဲ့ ညီမျှပါတယ်။ လောင်းကစားအပြင် အထည်ချုပ်လုပ်ငန်းနဲ့ ပြည်ပကို အထည်အလိပ်တွေ အမြောက်အများ တင်ပို့တာဟာ အဓိက စီးပွားရေးတစ်ရပ်ပါ။ အဝတ်အထည် ထုတ်လုပ်မှု လုပ်ငန်းဟာ ပြည်ပဝင်ငွေရဲ့ သုံးပုံတစ်ပုံအထိ ရှိနေပါတယ်။ ဒါ့အပြင် ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေလည်း အလွန်ထွန်းကားလှပါတယ်။

အပျော်အပါးနိုင်ငံလို့ ဆိုရမလားပဲ။ အရက်က နေရာတိုင်းမှာအ လွယ်တကူဝယ်ယူနိုင်ပြီး ဆေးရွက်ကြီးနဲ့ ပတ်သတ်သမျှဟာ ဈေးသက် သာလှတယ်လို့ဆိုတယ်။ ဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးကလည်း ဈေးချိုလှပါတယ်။ ဒါပေမယ့် အဝတ် အထည်၊ ပညာရေး၊ ပရိဘောဂနဲ့ အိမ်သုံးပစ္စည်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ တည်းခိုနေထိုင်ရေးနဲ့ အစားအသောက်စရိတ်တွေကတော့ ဈေးကြီးနေပါလိမ့်မယ်။

မကာအိုရဲ့ ရာသီဥတုက ယေဘုယျအားဖြင့် ခပ်နွေးနွေးပေမယ့် နွေရာသီမှာတော့ ပူပြင်းပြီး မိုးများတတ်ပါတယ်။ ဆောင်းဦးပေါက်ဆိုရင်တော့ မြူတွေပိတ်နေတတ်ပါ တယ်။

တရုတ်ပြည်မကြီးနဲ့ ဆက်နွယ်နေပေမယ့် မကာအိုလေထု အရည်အသွေးက ကောင်းမွန်နေပါမယ်။ ဒါပေမယ့်  ရာသီဥတု ဖောက်ပြန်စေတတ်တဲ့ ကျောက်မီးသွေး စက်ရုံများရဲ့ နိုင်ငံတရုတ်ထဲမှာပဲ ရှိပြန်တော့ မြောက်ကိုရီးယားနဲ့ ဥရောပလောက်တော့ လေကောင်းလေသန့် မရဘူးပေါ့လေ။

တရုတ်နဲ့ ပေါ်တူဂီစကား အဓိကပြောတဲ့နေရာမှာ ကန်တုံစကားကို ကျယ်ကျယ်ပြန့်ပြန့် သုံးကြတာတွေ့ရမယ်။ ဧည့်သည်အများစုနဲ့ ဆက်ဆံပြောဆိုတဲ့အခါမှာ အင်္ဂလိပ် စကားကိုသုံးကြပြီး ပေါ်တူဂီစကားကိုတော့ ဒေသခံအချို့နဲ့ ရုံးသုံးအဖြစ် သုံးစွဲနေကြတုန်းပါပဲ။ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာကို အဓိက ကိုး ကွယ်ကြပါတယ်။

မကာအိုမြို့ထဲကို ဧည့်သည်တွေ သွားလာတဲ့အခါမှာ အငှားယာဉ်တွေကို သုံးစွဲတဲ့အခါမှာ အနက်ရောင်နဲ့ အဝါရောင်ရယ်လို့ ခွဲခြားမှတ်သားရပါမယ်။  အထူးသဖြင့် အဝါရောင်တက္ကစီတွေဟာ ကာစီနိုရုံတွေနဲ့ ဖယ်ရီဂိတ်တွေကို မပို့ပေး တဲ့အတွက် သတိထား မှတ်သားထား ဖို့ လိုပါလိမ့်မယ်။

မက္ကာအိုမြို့ထဲက လမ်းတွေဟာ ခပ်ကျဉ်းကျဉ်းကများပါတယ်။ ဒါကလည်း ပေါ်တူဂီလက်ထက်က မြင်း လှည်းနှစ်စီး ရှောင်မောင်းရုံလောက်သာ ဖောက်ထားတဲ့ လမ်းတွေကို ရှေးမူမပျက် ယနေ့ထက်တိုင် ဆက်လက်ထိန်းသိမ်းထားလို့ပါ။ မြို့ရဲ့ အချို့နေရာတွေမှာ ဥရောပလက်ရာ အဆောက်အအုံတွေ ယနေ့တိုင် ရှိနေပါသေးတယ်။

အထင်ရှားဆုံးနဲ့ ယနေ့အထိ ခရီးသွားတိုင်း သွားရောက်လည်ပတ်တဲ့ နေရာကတော့ Ruins of St, Paul’s လို့ခေါ်တဲ့ မီးလောင်ကျောင်းပဲဖြစ်ပါတယ်။ ၁၆ဝ၂ ခုနှစ် ကနေ စပြီး နှစ်ပေါင်း ၄ဝ နီးပါးကြာအောင် တည်ဆောက်ခဲ့တဲ့ ဘုရားကျောင်းဟာ အဲဒီအချိန်က အာရှမှာအကြီးဆုံး ကတ်သလစ်ဘုရားကျောင်း ဖြစ်ခဲ့ပါတယ်။ ၁၈၃၅ ဇန်နဝါရီ ၂၆ မှာ တိုက်ဖွန်းမုန်တိုင်း တိုက်ခတ်စဉ် မီးလောင်မှုဖြစ်ပွားပြီး ဘုရားကျောင်းရဲ့ နေရာတော်တော်များများ ပျက်စီးသွားခဲ့ပါတယ်။ မီးမလောင်ဘဲကျန်ခဲ့တဲ့ အဆောက်အဦး အစိတ်အပိုင်းတစ်ချို့ကို အမှတ်တရအနေနဲ့ ဆက်လက်ထိန်းသိမ်းထားသလို အချို့နေရာတွေကို အုတ်ခံတွေနဲ့မံပြီး ထိန်း ပေးထားပါတယ်။ 

မကာအိုနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ အချက်တွေကို အကျဉ်းချုပ်ကြည့်မယ်ဆိုရင် လောင်းကစားက ပထမချိတ်ပါတယ်။ အထူးသဖြင့် ဖဲလောင်းကြေး ကစားကြတာကို အဓိက ထားပါတယ်။ မြို့မှာ ကာစီနိုပေါင်း ၃၃ ရုံအထိရှိပါတယ်။ ဟို တယ်နဲ့ ကာစီနိုကို သီးခြားထားတာ များတဲ့အတွက် အလောင်းအစားမမက်တဲ့ ဧည့်သည့်တွေအတွက် စိတ်အနှောင့်အယှက် ဖြစ်ရာမရှိနိုင်ပါဘူး။ မကာအိုမှာ လောင်းကစား ပွဲရုံတွေကနေရတဲ့ ပြည်တွင်း အခွန်ဟာ ကန်ဒေါ်လာ ၃၃ ဘီလီယံ အထိရှိတာကြောင့် ဴေ် ဠနါေ် ွအမငစ ထက် ငါးဆပိုများနေတာ အံ့သြစရာ ပါ။

ဒုတိယအချက်ကတော့ မကာအိုဟာ တရုတ်နိုင်ငံအတွင်းက ပထမဆုံး ကိုလိုနီအပြုခံရတဲ့ နိုင်ငံဖြစ်သလို နောက်အကျဆုံး ပြန်လွတ်လပ်တဲ့နေရာလည်း ဖြစ်နေပါတယ်။  တတိယအချက်ကတော့ တစ်စတုရန်း ကီလိုမီတာမှာ လူဦးရေ ၂ဝ၄၉၇ ဦးအထိ ရှိနေလို့ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး အရပ်လည်း ဖြစ်နေပါမယ်။ နှစ်စဉ် နှစ်တိုင်း ကာစီနိုတွေမှာ အခန်းသစ်တွေ ချဲ့ထွင်နေရပြီး တစ်နှစ်ကို ခရီးသွား ပေါင်း သန်း ၃ဝ လောက် လာနေ တယ်ဆိုတော့လည်း လူဦးရေ အထူ ထပ်ဆုံး ဖြစ်ပြီပေါ့လေ။

ဒါပေမယ့် ငွေပေးတိုင်း ဘာမဆိုရနိုင်တယ်လို့တော့ ပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ မကာအိုအပိုင်ထဲက ကိုလိုရိန်းကျွန်းဆိုရင် ဘယ်ကာစီနိုကမှ ခြေချခွင့်မရပါဘူး။ အဲဒီမှာ အိမ်ခြံမြေဈေးကွက်က အဖိုးနှုန်းချိုသာလွန်းပေမယ့် အရောင်းအဝယ်ကိုတော့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ထားပါတယ်။  ရောင်းချင်တိုင်းရောင်း၊ ဝယ်ချင်တိုင်း ဝယ်လို့မရပါဘူး။

နိုင်ငံသမိုင်းဝင် ဖြစ်ရပ်နဲ့ လူပုဂ္ဂိုလ်တွေရဲ့ မွေးရပ်ဖြစ်လို့ အထိ အခိုက်မခံပါဘူး။ ကိုလိုရိန်းမှာ ဆယ်စုနှစ်များစွာကတည်းကရှိခဲ့တဲ့ လမ်းဘေးတစ်လျှောက်က သစ်ပင် တန်းတွေနဲ့ နေချင်စဖွယ်ဖြစ်အောင် အပြောင်းအလဲမခံဘဲ ဆက်လက် ထိန်းသိမ်းထားတဲ့ နေရာတွေ ယနေ့တိုင် ရှေးမူမပျက် ရှိနေဆဲဖြစ်တာကတော့ အလွန်အတုယူစရာ ကောင်းလှပါတော့တယ်။

 

သုနန္ဒခေတ်

သုနန္ဒခေတ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.