16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ထွန်းသစ်စဈေးကွက်များရဲ့သောက

ကမ္ဘာ့စီးပွားရေးဟာ ပြန်လည်ခေါင်းထောင်လာတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းကလည်း ပြန်လည်ရှင် သန်လာတယ်။ ထွန်းသစ်စ ဈေးကွက်များကလည်း ပြန်လည်တိုး တက် ပွားစည်လာတယ်လို့ ဆိုကြတယ်။ ဒီလိုဆိုပေမယ့်  ဒီကနေ့ ကမ္ဘာကြီးမှာ အစိုးရတွေရော၊ စီးပွားရေးလုပ်ငန်းရှင်တွေရော၊ ပြည်သူတွေရော အားလုံးက ကြွေးကို လမ်းခင်းပြီး ရှေ့သို့ချီတက်  လျှောက်လှမ်းနေကြတာပါ။ မြင့်မိုရ်တောင်ထက် ဆယ်ဆမက မြင့်မားတဲ့ ဒီကြွေးတွေဟာ တစ်နေ့မှာ ကမ္ဘာကြီးကို အကြီးအကျယ် ဒုက္ခပေးလာနိုင်တယ်။

ဖွံ့ဖြိုးဆဲကမ္ဘာရဲ့ ပထမဆုံး ကြွေးပြဿနာဟာ ၁၈၇၅ ခုနှစ်က အော်တိုမင်အင်ပါယာ (Ottoman Empire) မှာ ထွက်ပေါ်ခဲ့ဖူးပါသတဲ့။ ဒီကနေ့  မြင်တွေ့နေကြရတဲ့ တူရကီ နိုင်ငံဟာ အဲဒီအင်ပါယာရဲ့ အကြွင်းအကျန်ကလေးတစ်ခုဖြစ်ပါတယ်။ ရှေးရှေးတုန်းက အော်တိုမင်အင်ပါယာဆိုတာက  အင်မတန်ကြီးကျယ်ခန်းနားတယ်။ ကျယ်လည်း ကျယ်ပြန့်တယ်။ ဒီအင်ပါယာထဲမှာ ယနေ့မြင်တွေ့နေရတဲ့ ဆီးရီးယား၊ လက်ဘနွန်၊ အီရတ်၊ ဂျော်ဒန်၊ အစ္စရေး၊ ဆော်ဒီ အာရေဗျ၊ ယီမင်စတာတွေပါဝင်တယ်။

ဖြစ်ချင်တော့ အင်မတန်ကြီးကျယ်ခမ်းနားတဲ့ အင်ပါယာကြီးဟာ ၁၈၇၅ ခုနှစ်မှာ နိုင်ငံခြားကြွေးမြီတွေကို ပြန်မဆပ်နိုင်ဖြစ်သွားခဲ့တယ်။ ဒီတော့ Imperial Ottoman Bank ခေါင်းဆောင်တဲ့ မြီရှင်တွေက ငွေပြန်မဆပ်နိုင်ရင် အင်ပါယာအတွင်း အ ခွန်ကောက်ခံခွင့်အချို့ကို သူတို့ဆီ လွှဲပြောင်းပေးဖို့ အကျပ်ကိုင်တယ်။ မတတ်သာတော့ ယစ်မျိုးခွန်တို့၊ တံဆိပ်ခေါင်းခွန်တို့ ကောက်ခံခွင့်ကို မြီရှင်တွေဆီ လွှဲပြောင်းပေးလိုက်ရ တယ်။ ၁၅  နှစ်ကြာတော့ မြီရှင်တွေ ဘယ်လောက်ပွပေါက်တိုးလိုက်သလဲဆိုရင် သူတို့အရင်းအပြင် အမြတ်အစွန်းကလည်း မြိုးမြိုးမြက်မြက် ရလိုက်ကြသေးတယ်။ Imperial Ottoman Bank ဆိုရင် Istanbul မြို့မှာ ဘဏ်ဌာနချုပ် အဆောက်အအုံသစ် တစ်ခုတောင် ဆောက်လုပ်နိုင်ခဲ့ပါသတဲ့။

နိုင်ငံတစ်နိုင်ငံရဲ့ အရအသုံး ခန့်မှန်းခြေငွေစာရင်း (ဘတ်ဂျက်) မှာ လိုငွေပြရင် အများအားဖြင့် အစိုးရကလိုငွေကို ဖြည့်တင်းဖို့ နိုင်ငံခြားက ငွေချေးယူတယ်။ တစ်နှစ် လည်းမဟုတ်၊ နှစ်နှစ်လည်းမဟုတ် နှစ်စဉ်နှစ်တိုင်း ဘတ်ဂျက်လိုငွေပြလာတော့ နိုင်ငံခြား ကြွေးမြီတွေက တစ်ပုံတစ်ခေါင်းကြီးဖြစ်လာတယ်။ ထုနဲ့ထည်နြဲ့ဖစ်လာတယ်။  ပြန်လည် ပေးဆပ်ဖို့ ခက်လာတယ်။ နိုင်ငံခြား ကြွေးမြီများကို ပြန်မဆပ်နိုင်ရင်  default  ဖြစ်တယ်လို့ ခေါ်ကြတယ်။ ကမ္ဘာမှာ နာမည်ပျက်တယ်။ တကယ်တော့ နိုင်ငံခြားက ငွေချေးယူတာကို သတိထားသင့်တယ်။ ဘာကြောင့်လဲဆိုတော့ အန္တရာယ်ရှိတယ်။ နိုင်ငံ တစ်နိုင်ငံအတွက် ပြည်တွင်းကြွေးမြီက အဲသလောက် အရေးမကြီးဘူး။

အာဂျင်တီးနားနိုင်ငံဟာ ဆက်တိုက် စီးပွားရေးကျဆင်းလာတော့ ၂ဝဝ၁ ခုနှစ်မှာ တင်ရှိနေတဲ့ နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ ၁၃ဝ ဘီလီယံကို ပြန်မဆပ်နိုင်ဖြစ်သွားခဲ့တယ်။ ဟက်ဂ်ျရန်ပုံငွေဖန်များ (Hedge Funds) က အဲဒီကြွေးတွေကိုဝယ်တယ်။ ဘယ်လိုဝယ်သလဲဆိုတော့ တစ်ဒေါ်လာကို ၂ဝ ဆင့် Cent ပေးပြီးဝယ်တယ်။ ၂ဝ၁၆ ခုနှစ်က အဲဒီဖန်တွေနဲ့ အစိုးရကြားမှာ စာရင်း ရှင်းလို့ပြီးပြတ်သွားခဲ့ပါပြီ။ ဖန်တွေက သူတို့ ရင်းနှီးမြှုပ်နှံခဲ့တာထက် ဆယ် ဆလောက်ပိုပြီး အမြတ်အစွန်း ရရှိခဲ့ ကြပါသတဲ့။

ဒီကနေ့ခေတ်မှာ အရင်းရှင်တွေကို ရင်းနှီးမြှုပ်နှံသူတွေလို့ ခေါ်ကြတယ်။ သူတို့လက်ထဲမှာ ငွေအမြောက်အမြားကိုင်ထားကြတယ်။ သူတို့ တောင်းဆိုတာကို သဘောတူရင်း  ပြဿနာတက်နေတဲ့ ဘယ်နိုင်ငံကိုမဆို ငွေထုတ်ချေးဖို့ အဆင်သင့်။ မျက်ဖြူဆိုက်နေတဲ့ နိုင်ငံတွေကို သူတို့က ပိုကြိုက်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က သူ့လက်သူ့ခြေလုပ်လို့ရတယ်။ သူတို့ ထွန်းသစ်စနိုင်ငံများ (Emerging Countries) ဒါမှမဟုတ် ထွန်းသစ်စဈေးကွက်များ (Emerging Markets)  ကို သိပ် သဘောကျတယ်။ အဲဒီ ဈေးကွက်တွေက အန္တရာယ်လည်းရှိတယ်။ မြိုးမြိုးမြက်မြက် အမြတ်အစွန်းလည်း ရနိုင်တယ်။

 

ထွန်းသစ်စ ဈေးကွက်

အများအားဖြင့်တော့ ထွန်းသစ်စဈေးကွက်ဆိုတာက သိပ်ပြီးတော့လည်း မချမ်းသာ၊ သိပ်ပြီးတော့လည်း မဆင်းရဲတဲ့  စီးပွားရေးကို  ဖော်ညွှန်းတာပါ။ တစ်နည်းပြောရင် တော့ စီးပွားရေးတိုးတက်ဖို့ အလားအလာရှိတဲ့ နိုင်ငံများကိုခေါ်ဆိုတာ ဖြစ်ပါတယ်။ ငွေထုပ်ကြီးပိုက်ထားကြတဲ့ ငွေရှင်ကြေးရှင်တွေက သူတို့ရဲ့ငွေကို   ရင်းနှီးမြှုပ်နှံဖို့အတွက် နေရာလိုက်ရှာကြတယ်။ ဒီတော့ ထွန်းသစ်စနိုင်ငံများကို သွားတွေ့တယ်။ ဒီနိုင်ငံတွေမှာ လုပ်နိုင်ကိုင်နိုင်တဲ့ လုပ်သားတွေလည်းရှိတယ်။ သယံဇာတတွေလည်းရှိတယ်။ ဒါပေမယ့် အရင်း ဃစေငအေူ မရှိကြဘူး။ ဒီနိုင်ငံတွေကို ငွေထုတ်ချေးနိုင်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံ သူတွေအနေနဲ့ အကျိုးအမြတ်ရရှိနိုင်တယ်။ အဲဒီနိုင်ငံတွေလည်း တိုးတက်နိုင်တယ်။ ဒီလိုတွေးကြတယ်။

တကယ်တော့ ဒီ'အကွက်'ကို ပထမဦးဆုံး မြင်တွေ့ခဲ့သူက Antoine Van Agtmael ဖြစ်ပါတယ်။ “Emerging Market” ဆိုတဲ့ ဝေါဟာရကို သူပဲတီထွင်ဖန်ဆင်းခဲ့တာပါ။

သူဟာ ၁၉၈၁ ခုနှစ်က ''အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း'' International Finance Corporation(IFC) မှာ အလုပ်လုပ်နေတုန်းက ဒီဝေါဟာရကို  စတင်သုံးစွဲခဲ့တယ်။ IFC  ဆိုတာက ကမ္ဘာ့ဘဏ် (World Bank) ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ ကနဦးရည်ရွယ်ချက်ကတော့ အဲဒီနိုင်ငံတွေမှာ စတော့ဈေးကွက်များ ထူထောင်မယ်။ စတော့ဈေးကွက်များ အောင်မြင်လာရင် ရင်းနှီးမြှုပ်နှံသူတွေလည်း ရောက်လာမယ်။ နိုင်ငံတွေလည်း  တိုးတက်လာမယ်။ သူက အဲသလိုယူဆတယ်။

ဒါပေမယ့်  အဲဒီခေတ်တုန်းက  ဘရာဇီး၊ အိန္ဒိယနဲ့ တောင်ကိုရီးယား နိုင်ငံတွေမှာတောင် စတော့ဈေးကွက် တွေက အခက်အခဲတွေ့နေတဲ့ အချိန်ဆိုတော့ ရင်းနှီးမြှုပ်နှံသူတွေက စတော့ဈေးကွက်ကိုသိပ်ပြီး စိတ်မဝင်စားကြဘူး။ IFC က အကူအညီပေး မယ်ဆိုတာတောင် သိပ်ပြီးလက်မခံချင်ကြဘူး။ IFC က ကနဦးသုံးစွဲခဲ့တဲ့ အမည်က ''တတိယ ကမ္ဘာအစုရှယ်ယာ ရန်ပုံငွေ'' (Third-World Equity Fund) ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက ဒီနာမည်ကို မကြိုက်ကြဘူး။ ''ထွန်းသစ်စဈေးကွက်''လို့ ပြောင်းလဲသုံးစွဲတော့မှပဲ ရင်းနှီးမြှုပ်နှံသူတွေ အကြိုက်ဖြစ်သွားခဲ့ပါသတဲ့။

ထွန်းသစ်စနိုင်ငံများကို မြေစမ်းခရမ်းပျိုး စတင်ငွေထုတ်ချေးဖို့ အတွက်  ၁၉၈၆ ခုနှစ်မှာ ထူထောင်ခဲ့တဲ့ ရန်ပုံငွေအဖွဲ့ကတော့ Capital Group ဖြစ်ပါတယ်။ သူတို့က လေးနိုင်ငံကို ငွေထုတ်ချေးဖို့ စဉ်းစားခဲ့ကြတယ်။ ၁၉၈၈ မှာ  MSCL EM ညွှန်း ကိန်းထွက်ပေါ်လာတယ်။  ညွှန်းကိန်းက ပထမဆုံးနိုင်ငံ ၁ဝ နိုင်ငံကိုပဲ ဖော်ပြခဲ့ပေမယ့် အခုတော့ ၂၄ နိုင်ငံအထိ ချဲ့ကားထားတယ်။ ထွန်းသစ်စ  နိုင်ငံများစာရင်းမှာ ဖော်ပြထားတဲ့ နိုင်ငံတွေကတော့ ပြောက်သောက် ဖြစ်နေတယ်။ တရုတ် (တိုင်ပေ) ပါ ဝင်သလို ပါကစ္စတန်လည်းပါဝင်တယ်။  ဖိလစ်ပိုင် ပါဝင်သလို ပေါ် တူဂီလည်းပါဝင်တယ်။ ပေါ်တူဂီဟာ ဖိလစ်ပိုင်ထက် ခုနစ်ဆလောက် ပို ချမ်းသာတယ်။ ဘာပဲပြောပြော လောလောဆယ်မှာ ထွန်းသစ်စနိုင်ငံများလို့ ပြောလိုက်ရင် အာရှက နိုင်ငံ တွေလို့ နားလည်ထားကြတယ်။

ထွန်းသစ်စ နိုင်ငံတွေမှာတော့ အစဉ်အလာအရလို့ပဲ ပြောရမလားမသိ။  ငွေရေးကြေးရေး ပြဿနာတွေ၊ နိုင်ငံခြားချေးငွေ ပြန်မဆပ်နိုင်တာတွေနဲ့ တိုးတက်အောင် လုပ်ပေမယ့် မတိုးတက်ဘဲ ဖြစ်နေတာတွေကများတယ်။  အသုံးအဖြုန်းကြီးတဲ့ အစိုးရတွေ၊ လိုတာထက်ပိုပြီး ချဲ့ကားထားတဲ့ ကုမ္ပဏီတွေ၊ ဘက်မညီတဲ့ လက်ကျန်ရှင်းတမ်းတွေ၊ အတက်အကျကြမ်းတဲ့ ကုန်ဈေးနှုန်းတွေ၊ ပြောင်းလဲလွယ်တဲ့ နိုင်ငံခြား အရင်းအနှီးတွေကြောင့် ထွန်းသစ်စ ဈေးကွက်များဟာ မတည်မငြိမ်ဖြစ်နေရ တယ်လို့ အချို့က ထောက်ပြကြတယ်။

ဒီလိုဆိုပေမယ့် ဖြစ်သမျှကိုတော့ ထွန်းသစ်စ နိုင်ငံများကြောင့်လို့တော့  ပြောလို့မရပါဘူး။ ကမ္ဘာတစ်ဝန်းက ရိုက်ခတ်မှုတွေ ခံရတာလည်း ရှိသေးတယ်။ ဥပမာ-Donald Trump အမေရိကန် သမ္မတဖြစ်လာတော့ သူရဲ့ မိုးမမြင်လေမမြင် ဟောပြောမှု တွေကြောင့် အမေရိကန်နိုင်ငံမှာ စတော့ဈေးကွက်တွေ ထောင်တက် သွားတယ်။ ဘွန်း bond နှုန်းတွေ မြင့်တက်သွားတယ်။ ဒီတော့ ထွန်းသစ်စဈေးကွက်တွေ ဖရိုဖရဲဖြစ်သွားတယ်။ အဲသလိုပဲ ၂ဝ၁၅ ခုနှစ်မှာ တရုတ်က ငွေကြေးတန်ဖိုးလျှော့ချလိုက်တော့  ထွန်းသစ်ဈေးကွက်တွေ လှုပ်ခါသွားတယ်။  ၂ဝ၁၄ ခုနှစ်က  ရေနံဈေးနှုန်းနဲ့ သံသတ္တုရိုင်းဈေးနှုန်းများ ထိုးကျသွားတော့ ထွန်းသစ်စနိုင်ငံ အချို့ရဲ့ စီးပွားရေးကို ထိခိုက်သွားတယ်။ ၂ဝ၁၃ ခုနှစ်က အမေရိကန် ဗဟိုဘဏ် Federal Reserveက အက်ဆက်များကို ဝယ်ယူမှုလျှော့ချ တော့မယ်လို့ ကြေညာလိုက်တော့ ထွန်းသစ်စဈေးကွက် ကမောက်ကမ ဖြစ်သွားတယ်။

ဒါပေမယ့် အခြားတစ်ဖက်မှာ ဂလိုဘယ်လိုက်ဇေးရှင်း ပြန်လည်နိုးထလာတာကြောင့် ထွန်းသစ်စနိုင်ငံများရဲ့ စီးပွားရေးအခြေအနေ ကောင်းသွားခဲ့တယ်။ ဒီနှစ်ပထမနှစ် ဝက်မှာ ထွန်းသစ်စဈေးကွက်ရဲ့ နိုင်ငံခြားတင်ပို့မှု ပမာဏဟာ မနှစ်ကနဲ့နှိုင်းစာရင် ၄ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်သွားတယ်။ တောင်ကိုရီးယားနဲ့ မလေးရှားတို့ရဲ့ အီလက် ထရွန်းနစ်ပစ္စည်းတင်ပို့မှုဟာ ဈေးကောင်းရခဲ့တယ်။ ရေနံဈေးနှုန်း ပြန် လည်ဦးမော့လာတော့ ရုရှဟန်ကျသွားတယ်။ ဘရာဇီးမှာ မိုးလေဝသ ကောင်းခဲ့တာကြောင့် စိုက်ပျိုးသီးနှံအထွက်ကောင်းခဲ့တယ်။ အကောင်း တကာ့အကောင်းဆုံးကတော့  ထွန်းသစ်စ ဈေးကွက်များရဲ့ အညွှန်းကိန်း MSCL EM ဟာ ၂ဝ၁၆ ဇန်နဝါရီလ မှာ ၇ဝဝ အောက်ရောက်နေခဲ့ရာက ဒီနှစ်မေလမှာ ၁ဝဝဝ ကျော်အထိ မြင့်တက်သွားခဲ့ခြင်းပါပဲ။

ဒီလိုဆိုပေမယ့် ရှယ်ယာဈေးနှုန်းတွေ မြင့်တက်လာရင် ထွန်းသစ်စနိုင်ငံတွေမှာ စိတ်စနိုးစနောင့်ဖြစ်တတ်ကြတယ်။ ထွန်းသစ်စဈေးကွက်များရဲ့ သမိုင်းတစ်လျှောက်မှာ တွေ့မြင်နေကြရတာက အမြော်အမြင်မရှိ တဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ အနာဂတ် အတွက် ကြိုတင်ပြင်ဆင်မထားတတ်ကြတဲ့ ငွေချေးယူသူများက တစ်ပုံကြီး။ ၁၈၉၅ ခုနှစ်က စတော့ဈေးကွက်မှာ ရှယ်ယာအရောင်းအဝယ် သိပ်ကောင်းလာတော့ ဧရာမဘဏ် ကြီးတစ်ဘဏ်က နှစ်နှစ်အတွင်း သူတို့ရဲ့ ငွေထုတ်ချေးမှုကို သုံးဆနီးနီး မြှင့်တင်ခဲ့တယ်။ နောက်ပိုင်းမှာ ရှယ်ယာဈေးနှုန်းတွေ  ပြိုလဲသွားတော့ ဘဏ်လည်း ဒေဝါလီခံရမလို ဖြစ် သွားခဲ့တယ်။ အဲဒီဘဏ်ကတော့ တခြားဘဏ်မဟုတ်ပါဘူး။ Imperial Ottoman Bank ဖြစ်ပါတယ်။

အခုခေတ်မှာ ထွန်းသစ်စဈေးကွက်ရဲ့ ပြဿနာက Washington D.C မှ စတင်တယ်လို့ ဆိုကြတယ်။ အမေရိကန် ဗဟိုဘဏ် Federal Reserve က အတိုးနှုန်းကို မြှင့်တင် လိုက်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်  ငွေကြေးမူဝါဒကို တင်းကျပ်လိုက်တာပဲ ဖြစ်ဖြစ် သူတို့ရဲ့ မဆင်မခြင်လုပ်ရပ်တွေက ထွန်းသစ်စဈေးကွက်များကို  ချက်ချင်းလာထိတတ်တယ်။

၂ဝ၁၄ ခုနှစ်က ရေနံဈေးနှုန်းတွေ ထက်ဝက်လောက်ကျဆင်းသွားတော့ ရုရှနဲ့ ရေနံတင်ပို့ရောင်းချတဲ့ နိုင်ငံတွေမှာ အကြီးအကျယ် စီးပွားရေး ကျဆင်းသွားတယ်။ ဒါပေမယ့် ရေနံတင်သွင်းနေရတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တွေက စီးပွားရေးအခြေ အနေကောင်းသွားခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လက်တင်အမေရိက Latin America  ကြွေးပြဿနာဟာ ကုန်စည်ဈေးနှုန်းရှော့ခ်နဲ့ အမေရိကန် ဗဟိုဘဏ်ရှော့ခ် နှစ်ခု ပေါင်းစပ်ပြီး ဖြစ်ပေါ်လာခဲ့တာပါ။  ၁၉၇ဝ ပြည့်လွန်နှစ်များက ရေနံဈေးနှုန်းဟာ မိုးထိအောင် မြင့်မားခဲ့တာကြောင့် ရေနံတင်ပို့ရောင်းချတဲ့ ပင်လယ်ကွေ့ဒေသ နိုင်ငံများရဲ့ လက်ဖျားငွေသီးခဲ့တယ်။ ရေနံရောင်းချလို့ ရရှိတဲ့ အမေရိကန်ဒေါ်လာကို “Petrol Dollar   လို့တောင် ခေါ်ကြတယ်။ ပင်လယ်ကွေ့ဒေသနိုင်ငံများက သူတို့ ရဲ့ ပက်ထရိုးလ်ဒေါ်လာကို အမေရိကန်ဘဏ်တွေဆီမှာ အပ်နှံထားကြတယ်။ အဲဒီဘဏ်တွေက လက်တင်အမေရိက အစိုးရများကို  မဆင် မခြင်ငွေထုတ်ချေးခဲ့ကြတယ်။ အမေရိကန်ဗဟိုဘဏ်က ၁၉၇၉-၁၉၈၁ ခုနှစ်များမှာ ဘဏ်တိုးနှုန်းကို တိုးမြှင့်လိုက်တော့ အစိုးရတွေ ငွေပြန်မဆပ်နိုင်ကြတော့ဘူး။ ဒီတော့ ပြဿနာတက်သွားကြတယ်။

တကယ်တော့ ထွန်းသစ်စနိုင်ငံများမှာ ကြွေးပြဿနာ တက်လာမှာကိုသာ စိုးရိမ်နေကြရတာ မဟုတ်ပါဘူး။ လုပ်သားပြဿနာအတွက်လည်း ရင်မအေးစရာဖြစ်လာတယ်။ ထွန်းသစ်စဈေးကွက်အတော်များများမှာ အရေးပါဆုံး သဘာဝရင်းမြစ်ဟာ လူသားရင်းမြစ်ဖြစ်ပါတယ်။ ဒါကြောင့် လူအင်အား Manpower အသုံးချပြီး ကုန်ထုတ်လုပ်ဖို့ ကြိုးပမ်းကြတယ်။ ဒါပေမယ့်  အခုအခါ စက်ရုံတွေ၊ အလုပ်ရုံတွေက လူအင်အား အစားအော်တိုမက်တစ် အလိုအ လျှောက် လည်ပတ်တဲ့ စက်တွေနဲ့ ရိုဘော့ Robot တွေအသုံးပြုလာကြတော့ လုပ်သားတွေအတွက် အခက် အခဲတွေ့လာနိုင်တယ်။

ဒါကြောင့် ဒီကနေ့ ထွန်းသစ်စနိုင်ငံများဟာ ဘောဂဗေဒပညာရှင်အချို့ထောက်ပြသလို  စက်မှုနိုင်ငံတည်ထောင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေရင်းက စက်မှုနိုင်ငံအဆင့်မတက် လှမ်းနိုင်တော့ဘဲ ဟိုမရောက်ဒီမ ရောက်များဖြစ်သွားလေမလား။

 

မင်းရွှေမောင်

Ref: “Out of the Traps” The Economist, Oct 7,2017.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.