16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ရွှေ့ပြောင်းငှက်တွေ စုပေါင်း အဆုံးစီရင်တဲ့အရပ်

တစ်ခါက အောက်မင်းလှလို့ခေါ်တဲ့ နတ်တလင်း-ကြို့ပင်ကောက်နားက မင်းလှမြို့ကို ရောက်ခဲ့စဉ် တုန်းကပေါ့။ ဟေမန္တရာသီအစ ညလေးတစ်ညမှာ တစ်မြို့လုံးကို ပုရစ်တွေဟာ တစ်ပြိုင်နက်တည်း အုံကျင်း ဖွဲ့ပြီး ထွက်လိုက်ကြတာ ပုရစ်မြူးတဲ့ညလို့ ခေါ်နိုင်မလားပဲ။ မြို့ရဲ့လမ်းတွေမှာသာမက အိမ်တွေထဲအထိပါ ပုရစ်တွေဟာ ပလူပျံသလို ထွက်လိုက်ကြတာ ပန်းကန်စင်မှာလည်း သူတို့။ ဘုရားကျောင်း ဆောင်မှာလည်းသူတို့။ နောက်ဆုံး လူတွေပေါ်မှာပါ သူတို့ကလာလာပြီး ကပ်လိုက်၊ ထပျံလိုက်နဲ့ မြူးနေကြလွန်းလို့ လန့်ပြီးခါချကြတဲ့ အပျိုမလေးတချို့ရဲ့ အသံတောင် ညံခဲ့သေးတယ်။

မြို့လုံးကျွတ်မှာ ဒီလိုပုရစ်တွေ မြူးလေတော့ လူတွေကလည်း ထူးပြီးပျော်ပြီပေါ့။ တကယ့်ကို ပျော်ကြတာနေမှာပါပဲ။ လမ်းမထက်ကိုထွက်လာကြတဲ့ ပုရစ်ကောက်သူတွေထဲမှာ နှပ်ချေးတွဲလောင်း အရွယ်ကနေ၊ ဦးခေါင်းကို တဘက်ပေါင်းတဲ့ သက်ကျားအိုအချို့အထိတွေ့ရတယ်။

မှိုရတဲ့မျက်နှာလို့သာ စာတွေမှာတင်စားကြတယ်။ ပုရစ်တွေ့တဲ့ မျက်လုံးလို့တော့ စာမဖွဲ့ကြဘူးပေါ့။ ဒါပေမယ့် ရာသီအစမှာ ပုရစ်ထွက်တဲ့ ပထမညမို့လို့လားမသိဘူး။ လမ်းမထက်မှာ ပြုံးကြ၊ ပျော်ကြနဲ့။ ဒီလောက်များတဲ့ကြားက အချင်းချင်းလုကောက်ပြီး ရယ်မောနေလိုက်ကြသေးတယ်။ အများစုရဲ့ လက်ထဲမှာတော့ ရေသန့်ဘူးအလွတ် ကိုယ်စီနဲ့ပေါ့။

ရသမျှ ပုရစ်တွေကို ရေသန့်ဘူးထဲ ခပ်မြန်မြန်ထည့်ပြီး နောက်တစ်ကောင်ကို လိုက်လိုက်ကောက်နေ ကြတာအမောပဲ။ နောက်ဆုံးတော့ ပုရစ်တွေဟာ အကြော်ခံရဖို့ ထွက်လာကြသလိုပါပဲ။ ညတွင်းချင်း ပုရစ်ကြော်နံ့လေးတွေ ဟိုနားဒီနားကနေ သင်းလာတဲ့တော့တာပါပဲ။

မြန်မာပြည်က အချို့ဒေသတွေမှာလည်း အခုလို ပုရစ်ထွက်တဲ့ ဆိုတာမျိုးကို ကြုံတွေ့ ဖူးသူများကြ မှာပါ။ ဒါပေမယ့် ကမ္ဘာ့ကြီးရဲ့ နေရာလေးတစ်ခုမှာ ရွှေ့ပြောင်းငှက်တွေဟာ အခုပုရစ်တွေလို ရောက်လာပြီး ရုတ်တရက်အိမ်ခေါင်မိုးတွေပေါ်နဲ့ မြေပြင်ပေါ်ကို ခေါင်းထိုးပြီး တဘုန်းဘုန်း အဆုံးစီရင်ကြလွန်းလို့ တစ်ရွာလုံး ငှက်ကြော်နဲ့ပွဲခံရတဲ့ အရပ်ဒေသမျိုးရှိတယ်လို့ ကြားရရင် နည်းနည်းတော့ အံ့သြကြလိမ့်မယ် ထင်ပါတယ်။

ရွှေ့ပြောင်းငှက်တွေ စုပေါင်းအဆုံးစီရင်ကြတယ်လို့ နာမည်ကြီးတဲ့ အရပ်ကတော့ အိန္ဒိယနိုင်ငံ၊ အာသန်ပြည်နယ်၊ ဂူဝါဟာတီမြို့နဲ့ ဟဖလောင်းမြို့တွေအနားက ဂျာတင်ဂါဆိုတဲ့ ကျေးရွာလေးမှာပါ။ ဂျာတင်ဂါရွာလေးကို  တောင်တန်းတွေက ဝန်းရံနေပြီး ဘယ်ကိုပဲကြည့်ကြည့် အစိမ်းရောင်လွှမ်းတဲ့ရှုခင်းတွေနဲ့ အစဉ်သာယာလို့နေတယ်။ ဒါပေမယ့် ကမ္ဘာလှည့် ခရီးသွားတွေက ဂျာတင်ဂါရွာကို စိတ်ဝင်စားတာကတော့ လှပတဲ့ရှုမျှော်ခင်းတွေကြောင့် မဟုတ်ဘဲ ဟိုးနှစ်ပေါင်းများစွာကတည်းကရှိနေတဲ့ ရွှေ့ပြောင်းငှက်တွေရဲ့ ပဟေဠိဆန်တဲ့ အဆုံးသတ်ပွဲ ကြောင့်လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။

ထူးခြားတဲ့ ငှက်တွေရဲ့ ဖြစ်စဉ်ဟာ ၁၉ ရာစုနှစ်အစပိုင်းလောက်ကတည်းက စတင်ခဲ့တယ်။ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလနဲ့ နိုဝင်ဘာလကြားမှာ မပြောင်းလဲတဲ့ နိယာမတစ်ရပ်လိုပါပဲ။ မုတ်သုံရာသီနဲ့ ဆောင်းရာသီ အကူးအပြောင်းကာလတွေမှာ တစ်နေ့တာအတွက် နေလုံး ကွယ်ပျောက်သွားပြီဆိုရင် ရွာလေးပေါ်ကို ငှက်တွေက တဘုန်းဘုန်းနဲ့ ထိုးဆင်းလာတော့တာပါပဲ။ အထူးသဖြင့် ည ၇ နာရီနဲ့ ၁ဝနာရီကြားမှာ ရာနဲ့ချီတဲ့ငှက်တွေဟာ မြေပြင်ပေါ် ကို ထိုးဆိုက်ပြီး သေဆုံးသွားကြတာများလို့ ငှက်တွေအဆုံးစီရင်ကြတယ် လို့ ပြောစမှတ်ပြုခဲ့ကြတယ်။

အစပိုင်းမှာ ငှက်တွေရဲ့ လုပ်ရပ်ကြောင့် ရွာသားတွေ တော်တော်လေးကို ထိတ်လန့်ကုန်ကြတယ်။ ရွာခံတွေက ကောင်းကင်ထက်က နတ်ဆိုးတစ်ပါးရဲ့ ပြုစားမှုတွေလို့ယုံကြည်ခဲ့ကြပါတယ်။ ၁၉၆ဝ ပြည့်လွန်နှစ်တွေမှာတော့ သဘာဝလောကပညာရှင် E.P.Gee က ငှက်တွေရဲ့ ဒဏ္ဍာရီဆိုးအကြောင်း ကမ္ဘာကိုချပြနိုင်ခဲ့လို့ စိတ်ဝင်စားသူ တော်တော်များများ ဂျာတင်ဂါရွာလေးကို အထူးအဆန်းအနေနဲ့ လာကြည့်ကြတယ်။ အဲဒီနောက် သကုဏဗေဒပညာရှင် စလင်းအလီကစတင်ပြီး နှစ်ပေါင်းများစွာ မဖြေရှင်းနိုင်တဲ့ ပဟေဠိကို တစ်ပိုင်းတစ်စ အဖြေထုတ်ပြနိုင်ခဲ့ပါတယ်။

အဲဒါကတော့ ဂျာတင်ဂါရွာ အနီးပတ်ဝန်းကျင်ဟာ စက်တင်ဘာနဲ့ နိုဝင်ဘာလတွေမှာ မိုးမြင့်ပိုင်းတစ် ခွင်လုံး လေပြင်းထန်ပြီး မြူတွေထနေတတ်တယ်။ ဒီအခါမှာ မိုင်ချီခရီးနဲ့ ပျံသန်းလာကြတဲ့ ငှက်တွေဟာ မုတ်သုံ ကြွင်းမြူမှုန်ထုတွေကြောင့် မျက်စိလည်လမ်းပျောက်သွားပြီး ရွာလေးမှာ လင်းနေတဲ့ မီးရောင်တွေရှိရာကို ပြေးဝင်လာကြတာကြောင့် သေပွဲဝင် ကြတယ်လို့ဆိုတာပါပဲ။

သတ္တဗေဒပညာရှင်တွေက အလားတူဖြစ်ရပ်မျိုး တစ်ခါတရံ ကြုံတွေ့ဖူးတဲ့ မလေးရှား၊ ဖိလစ်ပိုင်နဲ့ မီဇိုရမ်ကငှက်တွေရဲ့ ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ပြီး ငှက်တွေရဲ့ကံကြမ္မာကို ကြည့်ခဲ့ကြတယ်။ ကောင်းကင်မှာ မျက်စိ လည်လမ်းပျောက်သွားပြီး အလင်း ရောင်တွေ့တဲ့ နေရာကို ထိုးဆင်းလာတဲ့ ငှက်တွေဟာ တချို့ကပွဲချင်းပြီး သေဆုံးကြသလို၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတဲ့ အချို့ငှက်တွေကတော့ ရွာသားတွေက လေးခွနဲ့ပစ်၊ ဝါးလုံးနဲ့ ရိုက်ပြီးသတ်ဖြတ်တာကြောင့် ဆိုတာကိုပါ ဆက်တွေ့ရပါတော့ တယ်။

ငှက်တွေထဲမှာ ပိန်ညှင်းငှက်တွေ၊ ခါငှက်တွေ၊ ချိုးငှက်တွေနဲ့ နွံတောမှာနေပြီး မည်သံထူးခြားတဲ့ ငဟစ်လို ငှက်တွေအပါအဝင် စုစုပေါင်း ငှက်မျိုးစိတ် ၄၄ မျိုးလောက်အထိ ရှိပါတယ်။ ရွာကလေးကို ရောက်လာ သမျှ ငှက်တွေဟာ မြောက်ဘက် ပိုင်းဒေသကနေချည်းလာကြပြီး

သူတို့ရဲ့လမ်းကြောင်းမှာ ဂျာတင်ဂါရွာလေးက ရှိနေတယ်။ ရွာလေးကတော့ မီတာ ၂ဝဝကျော်လောက်ပဲကျယ်တယ်။ မြောက်ပိုင်းကပျံလာတဲ့ ငှက်တွေအတွက် တောင်ဘက်ပိုင်းက ဂျာတင်ဂါရွာက မီးရောင်တွေရဲ့ လှည့်ဖျားမှုဒဏ်ကို အကြီးအကျယ်ခံရပြီးနောက် ရွာသားတွေအတွက် ဟင်းလျာတစ်ခွက် လွယ်လွယ်ဖြစ် သွားတော့တာပါပဲ။

ငှက်ကြည့်သူတွေနဲ့ သိပ္ပံပညာရှင်တွေကတော့ အဆုံးစီရင်သလို ဖြစ်သွားတဲ့ ငှက်တွေဟာ မိုးတွင်း ကာလတစ်ခုလုံး ရေလွှမ်းမိုးမှုခံရတဲ့အခါမှာ သူတို့မှာရှိနေတဲ့ မျိုးရိုးဗီဇ သဘာဝအလေ့အထတွေ ပျောက်ဆုံး ကုန်တာကြောင့် မီးရောင်တွေကို မျက်စိမှောက်ပြီး ပြေးဝင်လာကြတယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမယ့် ငှက်တွေအတွက် သုံးသပ်ချက်တိုင်းဟာ အပြီးသတ် အဖြေထွက်သွား တယ်လို့တော့ ပြောလို့မရပါဘူး။

အသက်ဆုံးရှုံးသွားရတဲ့ ငှက်တွေဟာ ဂျာတင်ဂါဝန်းကျင်မှာ နားခိုစရာတောတောင်သစ်ပင်တွေ ရှိနေလျက်နဲ့ ဘာကြောင့် ညဘက်မှာပျံသန်းနေကြသလဲဆိုတဲ့ အချက်က ဖြေရှင်းလို့ မရသေးပါဘူး။ ဒါ့အပြင် ရွာပေါင်းများစွာကို ဖြတ်ပျံလာကြတဲ့ ငှက်တွေဟာ နှစ်စဉ်နှစ်တိုင်း ဒီရွာ ကိုရောက်မှ ဘာကြောင့် မျက်စိမှောက်နေကြသလဲဆိုတာလဲ အဖြေမပေးနိုင်ကြသေးပါဘူး။ အိန္ဒိယနိုင်ငံက နာမည်ကျော် သကုဏဗေဒပညာရှင် စလင်းအလီကိုယ်တိုင်က နေ့အခါမှာကျက်စားပြီး ညဘက်မှာ ခပ်မြန်မြန် အိပ်တန်းတက်ကြတဲ့ ဒေသတွင်းငှက်တွေ ကိုယ်တိုင်အဖြစ်ဆိုးနဲ့ ဝင်တိုးနေ ရတာကို မတွေးတတ်တော့ဘူးလို့ သူရဲ့ စာပေတွေထဲမှာ ရေးသားထားခဲ့ ဖူးပါတယ်။

တချို့ကတော့ ရွာအနီးမှာရှိတဲ့ ရာသီဥတုအပြောင်းအလဲကြောင့် မြေအောက်ရေမှာရှိတဲ့ မြေဆွဲအား အရည်အသွေးပြောင်းလဲမှုက ငှက်တွေကို ဟန်ချက်ပျက်စေတယ်လို့ ထင်မြင်ချက်ပေးကြပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဂျာတင်ဂါရွာက ငှက်တွေအဆုံးစီရင်ပွဲဟာ တောရိုင်း တိရစ္ဆာန်ရေးရာသမားတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို အထူးအဆန်း တစ်ခုလို ဆွဲဆောင်နိုင်တာကတော့ အမှန်ပါပဲ။

ငှက်ဟင်းလျာတွေကလည်း ရွာခံတွေသာမက ဧည့်သည်တွေပါ ခံတွင်းတွေ့ကြတော့ နောက်ပိုင်းမှာ ငှက်တွေကို မီးမောင်းထိုးပြီးဖမ်းတဲ့ အထိဖြစ်လာကြတယ်။ ဒါကြောင့် လည်း မုတ်သုံကုန်ပြီးစဆိုရင် ခရီးသွားတွေနဲ့ ငှက်ကြည့်သမားတွေ ပိုများလာခဲ့ပါတယ်။

အစိုးရကိုယ်တိုင်က ၂ဝ၁ဝ ခုနှစ်ကစပြီး ငှက်တွေသေကြတဲ့ ရာသီမှာ ဂျာတင်ဂါပွဲတော်ဆိုပြီး တရားဝင်ကျင်းပပေးလိုက်ပါတော့တယ်။ အခု ၂ဝ၁၇ ခုနှစ်အတွက် ဂျာတင်ဂါပွဲတော်ရက်ကို စက်တင်ဘာ ၂၂ ရက်ကနေ ၂၄ ရက်အတွင်းလို့ သတ်မှတ်ထားပါတယ်။ ရွာနဲ့ အနီးဆုံး လေဆိပ်ကတော့ ကီလိုမီ တာ ၃၅ဝအကွာမှာရှိတဲ့  ဂူဝါဟာတီမြို့မှာ ရှိနေပါတယ်။

ဂျာတင်ဂါရွာလေးဟာ တစ်ချိန်က သူ့နယ်ပယ်မှာ အချမ်းသာဆုံးနဲ့ အသန့်ရှင်းဆုံး ရွာလေးဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်က စာတတ်မြောက်သူ ရာနှုန်းပြည့်ရှိခဲ့ဖူးပါတယ်။ ငှက်လျှို့ဝှက်ချက်နဲ့ ကမ္ဘာကျော်တဲ့ ရွာလေးဖြစ်ပေမယ့် ဖွံ့ဖြိုးမှု အေဂျင် စီတွေရဲ့ မျက်စိကျခြင်းတော့ မခံရလို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ရပ်တည်ပြီး လုပ်ကိုင်စားသောက်နေကြရသူ ပိုများပါတယ်။

ဂျာတင်ဂါရွာအနီးမှာ ဒေသခံလူမျိုးစုပိုင် ရွာလေးတွေရှိပါတယ်။ အဲဒီ ရွာတွေမှာဆိုရင် ပုံစံမတူတဲ့ ယဉ်ကျေးမှုတွေ ရောယှက်နေတာ ကြောင့် ခရီးသွားတွေ စိတ်ဝင်စားမှုများပြားလေ့ရှိပါတယ်။ ဂျာတင်ဂါရွာဟာ Dima Hasao ခရိုင်အတွင်းမှာလည်း ရှိနေပါတယ်။ ဒါကြောင့် Dima Hasao တစ်ခွင်လည်ပတ်ကြသူတွေဟာ ဂျာတင်ဂါနဲ့ အနီးအနားက ရွာတွေကို ငှက်ကြည့်ထွက်တာ၊ ဒေသန္တရ ဗဟုသုတအရှာထွက်တာတွေအတွက် လာရောက်ကြပါတယ်။ ရွာတွေမှာရှိတဲ့ ရိုးရာဟန်မပျက် အိပ်ဆောင်တွေနဲ့ အိမ်တွေကလည်း ချစ်စဖွယ်ကောင်းလှတယ်။ ရွာအများ စုကိုတော့ သစ်တောဝန်ကြီးဌာနရဲ့ ထိန်းသိမ်းမှုအောက်ရှိပြီး ဥယျာဉ်ခြံမြေ စိုက်ပျိုးခြင်းနဲ့ အသက်မွေးကြပါတယ်။

ဂျာတင်ဂါရွာခံတွေဟာ လမ်းတွေ ကိုယ်တိုင်ခင်း၊ တံတားတွေ ကိုယ်တိုင်ထိုးပြီး စိုက်ပျိုးရေး လုပ်ငန်း နဲ့ ရိုးရိုးရှင်းရှင်းနေခဲ့ကြတာပါ။ လောကဓမ္မတာအတိုင်း ရာသီချိန်ကျလာရင် ငှက်တွေကို သတ်စားကြဖို့ ရွာလုံးကျွတ် ကြိုးပမ်းတာတစ်ခုတော့ ရှိတယ်ပေါ့လေ။ အဲဒီလို  ရွှေ့ ပြောင်းငှက်တွေကို ဆိုးဆိုးရွားရွား ဘဝပြောင်းစေတဲ့ရွာလေးက လူတွေရဲ့ ကံကြမ္မာကလည်း တိုက်တိုက်ဆိုင်ဆိုင် အရင်ကထက် ညှိုးမှိန်သွားခဲ့ပါတယ်။

အထူးသဖြင့် ဒေသတွင်းဖွံ့ဖြိုးမှု အေဂျင်စီတွေရဲ့ ထိရောက်တဲ့ ကူညီစောင့်ရှောက်မှုကို မရတဲ့အတွက်ရယ်၊ နှစ်ပေါင်းများစွာမှီခိုလာရတဲ့ လိမ္မော်စိုက်ပျိုးထုတ်လုပ်မှု ကျဆင်း သွားတာရယ်ကြောင့် အခုဆိုရင် ရွာသားတွေဟာ လက်လုပ်လက်စား ဘဝကို ရောက်မှန်းမသိ ရောက်သွား ကြပါတယ်။

Dima Hasao ခရိုင်ထဲက ဟဖလောင်းမြို့ဆိုရင် ဂျာတင်ဂါရွာက ငှက်သတင်းကြောင့် လူသိများ ကျော်ကြားပြီး ဝင်ငွေဖြောင့်လာခဲ့ပေမယ့် ရွာလေးကိုတော့ ပြန်မကြည့်ဘူးလို့ WHO အဖွဲ့ဝင်တစ်ဦးက ပြစ်တင်စကားဆိုပါတယ်။ ၁၉ဝ၅ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ ဂျာတင်ဂါရွာ အပေါ်မှာ  ခရီးသွားဝန်ဆောင်မှု ပရိုဂရမ်တွေကလည်း ခိုင်ခိုင်မာမာမရှိသလို ဒေသခံတွေအတွက် ဝင်ရောက်လုပ်ကိုင်ခွင့်လည်းမသာနိုင်အောင် ဖြစ်နေပါတယ်။ ဒါ့အပြင် BG and NH-54 Eလို့ခေါ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေက ဂျာတင်ဂါရွာရဲ့ သမိုင်းဝင်နေရာတွေနဲ့ ရွာခံတွေရဲ့ဘဝကို ဖျက်ဆီး သလိုဖြစ်နေပါတယ်။

အခုဆိုရင် စီးပွားရေးကျဆင်းသွားတဲ့ ရွာသားတွေဟာ နေ့စဉ်ဝင်ငွေရဖို့အတွက် ကျောက်တုံးတွေ ထုတ်လုပ် ဖြတ်တောက်ရင်းနဲ့သာ စခန်းသွားနေရပါတယ်။ ဒါကြောင့်လည်း လူမှုအဖွဲ့အစည်းတွေက ရွာသားတွေကို ခရီးသွားလုပ်ငန်း သဘာဝကို ပိုမိုလေ့လာပြီး အသက်မွေးဝမ်းကျောင်းကို ပြောင်းလဲ သင့်တယ်လို့ ဝိုင်းဝန်းအကြံပေးနေကြရပါတယ်။

ဒါပေမယ့်လည်း ခရီးသွားလုပ် ငန်းတစ်ခုတည်းကိုအားထားရမယ်လို့လည်း မဆိုနိုင်သေးပါဘူး။ ရွာလေးမှာ နှစ်စဉ်ငှက်တွေ ထိုးကျသေဆုံးကြတာကို ပွဲတစ်ခုလိုလုပ်ပြီး ဧည့်သည်မျှော်ခဲ့ကြပေမယ့် တစ်ချိန်မှာ ဒီဖြစ်စဉ်ပြောင်းလဲ သွားခဲ့ရင်တော့ ဖြစ်လာမယ့်အခက်အခဲကို ရွာခံတွေကိုယ်တိုင်ပဲ ရင်ဆိုင်ရမှာပါ။ ဒါကြောင့် မူလလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းကို ပြန်ဦးတည် သင့်တယ်လို့ ဝိုင်းဝန်းအကြံပေးနေကြပါတော့တယ်။

သုနန္ဒခေတ်

သုနန္ဒခေတ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.