16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
အစ္စလာမ္မစ်ဇင်း

ဘာသာရေး

တကယ်တော့ ဘာသာရေးလောကမှာ ကိုယ်ယုံကြည်တဲ့ ဘာသာဟာ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်ပါတယ်။ တစ်နည်းပြောရင် ဗုဒ္ဓဘာသာဝင်များအတွက် ဗုဒ္ဓဘာသာဟာ အကောင်းဆုံးဖြစ်သလို၊ မွတ်စလင်များအတွက်လည်း အစ္စလာမ်ဘာသာ (Islam) ဟာ အကောင်းဆုံးဖြစ်တယ်။ အဲသလိုပဲ ဟိန္ဒူဘာသာဝင်များအတွက် ဟိန္ဒူဘာသာ Hindusim ဟာ အကောင်းဆုံးဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်များအတွက်လည်း ခရစ်ယာန်ဘာသာ Christian ဟာ အကောင်းဆုံးပါပဲ။ ဒီဘာသာတွေဟာ ကမ္ဘာပေါ်မှာ နှစ်ပေါင်းထောင်ချီပြီး၊ အတူတကွ ယှဉ်တွဲရှိ နှင့်နေခဲ့ပြီးဖြစ်တဲ့အတွက် အထူးတလည် ပြောနေစရာလည်း လိုမယ်မထင်ပါဘူး။ ကမ္ဘာ့နိုင်ငံအတော်များများမှာလည်း ကိုယ်ယုံကြည်တဲ့ ဘာသာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ပေးထားကြတယ် မဟုတ်လား။

ဒီလိုဆိုပေမယ့် ဒီကနေ့ခေတ်မှာ အရင်ခေတ်အခါများနဲ့မတူဘဲ တော်တော်ကြီး ကွဲပြားခြားနားမှုတွေ ရှိလာတာတွေ့ရတယ်။ ဘာသာတိုင်းမှာလိုလို ဘာသာရေးအစွန်းရောက် အခြေခံဝါဒီတွေ (Fundamentalists) ပေါ်ထွက်လာတယ်။ ဘာသာရေးနဲ့ နိုင်ငံရေး ထွေးရောယှက်တင် ဖြစ်လာတယ်။ နိုင်ငံရေးကို ဘာသာရေးနဲ့ တွဲဖက်၊ ဒါမှမဟုတ် ဘာသာရေးကို နိုင်ငံရေးနဲ့ တွဲဖက်လုပ်ဆောင်လာကြတယ်။ တချို့ဘာသာတွေက  အစွန်းရောက်များဆိုရင် အကြမ်း ဖက်တဲ့အထိ လုပ်ဆောင်လာကြတယ်။ ဒီတော့ သာမန်မိရိုးဖလာ ဘာသာရေးယုံကြည်သူတွေကြားမှာ ဒါဟာ ပြဿနာတက်လာတယ်။ နားလည်ရခက်လာတယ်။ သို့လော သို့လော ဖြစ်လာတယ်။ ဘာသာရေးနဲ့ နိုင်ငံရေး ရှုပ်ထွေးကုန်တယ်။ ဒါကို သဘောကျသူ အနည်းအကျဉ်းရှိနိုင်ပါတယ်။ သဘောမကျသူတွေက လူအများစုဖြစ်မှာပါ။

 

အစၥလာမ္ဘာသာ

ဒီကနေ့ ကမ္ဘာတစ်လွှားမှာ အစ္စလာမ္မစ်အစွန်းရောက် အကြမ်းဖက်တွေနဲ့ ပတ်သက်ပြီး ပြဿနာ တက်နေတယ်။ အစ္စလာမ်ဘာသာနဲ့ ပြဿနာတက်နေတာ မဟုတ်ပါဘူး။ ဒါကို ကွဲကွဲပြားပြား သိထားဖို့ လိုပါတယ်။ ဒီတော့  ဒီလိုကွဲပြားမှုကို ခွဲခွဲခြားခြားသိရှိနိုင်ဖို့အတွက် ကနဦး အစ္စလာမ်ဘာသာရဲ့ အခြေခံသဘောတရားကို နည်းနည်းပါးပါးလောက် သိထားဖို့လိုပါလိမ့်မယ်။

အစ္စလာမ်ဘာသာဝင် မွတ်စလင်များအတွက် အလ္လာဟ် Allah အရှင်မြတ်ဟာ တစ်ပါးတည်းသော အထွတ်အမြတ်ဆုံး ဘုရားရှင်ဖြစ်ပါတယ်။ ကုရ်အာန် Koran မှာလည်း အလ္လာဟ်အရှင်မြတ်က ချမှတ်ပေးတဲ့ ကျမ်းမြတ်ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်က မိုဟာမက် Muhammad ကို တမန်တော်အဖြစ် ရွေးချယ်ခဲ့တယ်။ မွတ်စလင်တွေက ဘုရားရှင်ကို ရုပ်မဲ့ Without Form ကိုး ကွယ်ဝတ်ပြုကြတယ်။ အခြားဘာသာတွေမှာလို ရုပ်နဲ့ with form ကိုးကွယ်ကြခြင်းမရှိပါဘူး။ မွတ်စ လင်တစ်ဦးအနေနဲ့ ကိုယ်လက်သန့်စင်ပြီး ဘုရားရှင်ကို တစ်နေ့ငါးကြိမ်ဝတ်ပြုကြရတယ်။

Islam ဝေါဟာရဟာ Salam ဝေါဟာရက ဆင်းသက်လာတယ်။ ဝေါဟာရရဲ့ ဇာစ်မြစ်အနက် အဓိပ္ပာယ်က 'ပကတိငြိမ်းချမ်းခြင်း' (to be at perfect peace) လို့ ဆိုလိုတယ်။ မွတ်စလင်တစ်ဦးဟာ ပကတိငြိမ်းချမ်းချင်ရင် အလ္လာဟ်အရှင်မြတ်ကို အကြွင်းမဲ့ ယုံကြည်ရမယ်။ ပြီးတော့ ကုရ်အာန်မှာ ဘုရားရှင်က ညွှန်ကြားမိန့်ဆိုထားတဲ့အတိုင်း  တစ်သဝေမတိမ်းလိုက်နာ စောင့်စည်းကြရမှာဖြစ်တယ်လို့ Ammer Ali,Syed ရေးသားတဲ့ “The Spirit of Islam” ကျမ်း ၁၉၄၉  မှာဖော်ပြတယ်။ ကုရ်အာန်မှာပါရှိတဲ့ တရားဓမ္မများကတော့ လူသားအချင်းချင်း မေတ္တာထားကြဖို့၊ အမှန်တရား လက်ကိုင်ထားကြဖို့၊ ပစ္စည်းဥစ္စာရှိသူတွေက မရှိတဲ့သူတွေကို ပေးကမ်းစွန့်ကြဲကြဖို့ အစရှိတဲ့  လမ်းညွှန်ချက်တွေပါပဲ။

တမန်တော် မိုဟာမက် အကြောင်းကို Hadith မှာ ဖတ်ရှုနိုင်ပါတယ်။ တမန်တော်ရဲ့ နေ့စဉ် ဘဝအကြောင်း မှတ်တမ်းတစ်ခုလို့ ဆိုနိုင်တယ်။ တမန်တော်ရဲ့ ဟောပြောချက်တွေလည်းပါတယ်။ ဗုဒ္ဓဘာသာရဲ့ သုတ္တန်၊ ခရစ်ယာန်ဘာသာရဲ့ သမ္မာကျမ်းစာ Biblr တွေလို ဖတ်လို့ကောင်းတယ်။ ဒါနဲ့ နှိုင်းစာရင် ကုရ်အာန်က ဖတ်ရတာခက်တယ်။ နားလည်ဖို့ သိပ်မလွယ်ဘူး။

အစ္စလာမ်သမိုင်းမှာ တမန်တော် မိုဟာမက်ကွယ်လွန်ပြီးနောက်ပိုင်း ဆက်ခံသူများနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်လာကာ ဂိုဏ်းနှစ်ဂိုဏ်း ကွဲသွားတယ်။ တစ်ဂိုဏ်းက ဆွန္နီ Sunni။ အခြား တစ်ဂိုဏ်းက ရှီယာ Shia ။ ဒီကနေ့ခေတ်မှာ ဆွန္နီဂိုဏ်းကို ဆော်ဒီအာရေ ဗျနိုင်ငံက ဦးဆောင်ပြီး၊ ရှီယိုက်ဂိုဏ်းကို အီရန်နိုင်ငံက အာယာတိုလာ Ayatollah ဘာသာရေးခေါင်းဆောင် တွေက ဦးဆောင်တယ်။ အစ္စလာမ်ဘာသာဝင်အများစုက ဆွန္နီတွေဖြစ် တယ်။ အစ္စလာမ်ဘာသာမှာ အင်မတန် အရေးပါတဲ့ မက္ကာမြို့ Mecca  နဲ့ မဒီနာမြို့ Medina တွေဟာ ဆော်ဒီမှာရှိတယ်။ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ မွတ်စလင်များဟာ နှစ်စဉ်နှစ်တိုင်း မက္ကာမြို့သို့ ဘုရားဖူးလာရောက်ကြတယ်။ ဆွန္နီရော ရှီယိုက်တွေရောပဲ။ မက္ကာမြို့ကို ဘုရားဖူးရောက်ဖူးကြတဲ့ မွတ်စလင် အမျိုးသား၊ အမျိုးသမီးတွေကို ဟာဂျီ၊ ဟာဂျီမလို့ ခေါ်ဝေါ်ကြတယ်။

 

အစ္စလာမ္မစ်ဇင်း

ဒီကနေ့ ကမ္ဘာတစ်လွှား အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသ Middle East မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာအတော်များများဟာ အစ္စလာမ်ဘာသာကြောင့်မဟုတ်ဘဲ အစ္စလာမ္မစ်ဇင်း ဒါမှမဟုတ် အစ္စလာမ္မစ်ဝါဒ Islamism ကြောင့်ဖြစ်ပါတယ်။ အစ္စလာမ္မစ်ဇင်းကို နိုင်ငံရေးအစ္စလာမ် Political Islam လို့ သတ်မှတ်ကြတယ်။ ဒါက အစ္စလာမ် ဘာသာအပေါ်မှာ အခြေပြုတည်ဆောက်ထားတဲ့ နိုင်ငံရေးဖြစ်တယ်။ အစ္စလာမ္မစ်ဝါဒီတွေ Islamists ဟာ အစ္စလာမ်ဘာသာရေးစိတ်ဓာတ် ပြင်းထန်သူတွေဖြစ်တယ်။ အစ္စလာမ္မစ်နိုင်ငံရေးရဲ့ အန္တိမပန်းတိုင်ဟာ အစ္စလာမ္မစ်နိုင်ငံတော် Islamic State-IS ထူထောင်ရေးဖြစ်တယ်။ အစ္စလာမ္မစ်ဝါဒီများက မွတ်စလင်တစ်ဦးဟာ အစ္စလာမ္မစ်နိုင်ငံ ထူ ထောင်တည်ဆောက်ရေးအတွက် ကြိုးပမ်းကြရမယ်လို့ ဆိုတယ်။ မဟုတ်ရင် အစ္စလာမ်ဟာ တစ်ဝက် တစ်ပျက်ဆောက်လုပ်ထားတဲ့၊ ပြီးပြည့်စုံမှုမရှိတဲ့ အိမ်တစ်ဆောင်နဲ့တူနေမှာပဲလို့ သူတို့က အခိုင်အမာ ထောက်ပြကြတယ်။

Islamism ဝေါဟာရဟာ ၁၉၇ဝ နှစ်များက တီထွင်ဖန်ဆင်းခဲ့တဲ့ ခေတ်ပေါ်စကားလုံးတစ်လုံးဖြစ်ပါ တယ်။ ဒါပေမယ့် Islamist  ဆိုတဲ့ အသုံးအနှုန်းကို Abu al-Hasam al-Ash ari (အေဒီ ၈၇၃-၉၃၅) ရေးသားပြုစုခဲ့တဲ့ “Maqaluat al Islamiyyin” ကျမ်းမှာ ပထမဆုံး တွေ့ခဲ့ရတယ်လို့ သုတေသီတွေက ဆိုကြတယ်။ ဘုရားတရားကို ရိုသေကိုင်းရှိုင်းကြတဲ့ သာမန်မွတ်စလင်များအတွက် အစ္စလာမ္မစ်ဇင်းဟာ သိပ်ပြီးအလေးထားစရာ မဟုတ်ပေမယ့် တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေကြသူ များကဘက်က ကြည့်ရင်အတော်ပဲ ကြောက်စရာလန့်စရာကောင်းတယ်။

အစ္စလာမ္မစ်ဝါဒဟာ ယနေ့ခေတ် ဒီမိုကရေစီနဲ့ ထိပ်တိုက်တွေ့နေတယ်။ ဒီမိုကရေစီနိုင်ငံမှာ အာဏာဟာ ပြည်သူတွေဆီက  စီးဆင်းလာတယ်။ အစ္စလာမ္မစ်နိုင်ငံမှာ အာဏာဟာ အလ္လာဟ်အရှင်မြတ်ဆီက တိုက်ရိုက်စီးဆင်းတယ်။ နိုင်ငံကို အလ္လာဟ်အရှင်မြတ်ကိုယ်စား၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေက အစ္စလာမ်ဘာသာရေးဥပဒေ Sharia နဲ့အညီ အုပ်ချုပ်တယ်။ အစ္စလာမ္မစ်နိုင်ငံမှာ ဖွဲ့စည်းပုံရေးဆွဲ နေစရာမလိုဘူး။ ရှိပြီးသား။ ကုရ်အာန်ဟာ အစ္စလာမ္မစ်နိုင်ငံရဲ့ ဘုရားပေးဖွဲ့စည်းပုံပါပဲ။

ဒါကြောင့် အစ္စလာမ္မစ်နိုင်ငံ IS ဟာ ဒီမိုကရေစီနိုင်ငံများနဲ့ အခြေခံကစပြီး ကွာဟမှုရှိတယ်။ ဒီမိုကရေစီကျင့်သုံးတဲ့ အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုဟာ အစ္စလာမ္မစ်နိုင်ငံများ ပေါ်ထွက်လာမှာကို စိုးရိမ်တယ်။ အာရပ်ကမ္ဘာမှာလည်း ဘုရင်စနစ်၊ အာဏာရှင်စနစ် ကျင့်သုံးနေကြတဲ့ နိုင်ငံများဟာ အစ္စလာမ္မစ်နိုင်ငံများ ဖြစ်တည်လာမှာကို မလိုလားကြဘူး။

 

အာရပ်နွေဦး

တကယ်တော့ အစ္စလာမ္မစ်နိုင်ငံ ထူထောင်လိုကြတဲ့ အစ္စလာမ္မစ် အစွန်းရောက်တွေဟာ အာရပ်နွေဦး Arab Spring ဖြစ်ရပ်များကိုကြည့်ပြီး သူတို့ရဲ့ စီမံကိန်းများဟာ ဖြစ်နိုင်ခြေရှိတယ်လို့ တွက်ချက်ယုံကြည်ခဲ့ကြတယ်။ ဒါကြောင့် အာရပ်နွေဦးဖြစ်စဉ်ရဲ့ နောက်ပိုင်းကာလမှာ အစ္စလာ မ္မစ်နိုင်ငံတော် ထူထောင်ရေးအတွက် အစ္စလာမ္မစ်အစွမ်းရောက် အကြမ်းဖက်အုပ်စုများက ကြိုးပမ်းလာတာ တွေ့မြင်ခဲ့ကြရတယ်။

မမျှော်လင့်ဘဲ ၂ဝ၁ဝ ပြည့်နှစ်၊ ဒီဇင်ဘာလက တူနီရှား Tunisia နိုင်ငံမှာ ပြည်သူ့လှုပ်ရှားမှုတစ်ရပ် ပေါ်ထွက်လာခဲ့တယ်။ ဒီလှုပ်ရှားမှုမှာ မထင်မှတ်ဘဲ ဆိုင်းမဆင့်ဗုံမဆင့် တူနီရှားအာဏာရှင်သမ္မတ Ben Ali ပြုတ်ကျသွားတယ်။ ဒီဖြစ်ရပ်ကို မြင်တွေ့လိုက်ကြတဲ့ နီးနားဝန်းကျင် အာရပ်နိုင်ငံများက ပြည်သူတွေကလည်း အလားတူ  လှုပ်ရှားမှုတွေ တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်လာခဲ့ကြတယ်။ ကာလတိုအတွင်းမှာ အဲဒီနိုင်ငံများက သက်တမ်းရှည် အာဏာရှင်သမ္မတများဟာ လေပြင်းတိုက်လို့ သရက်သီးများ တစ်ဖုတ်ဖုတ်ကြွေကျသလို တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသွားခဲ့ကြတယ်။ အီဂျစ်က သမ္မတ Mubarak ၊ ယီမင်သမ္မတ Saleh ပြီးတော့ လစ်ဗျားသမ္မတ Gaddafi, Gaddafi ဆိုရင် အသတ်တောင်ခံလိုက်ရသေးတယ်။

အာရပ်နွေဦး လှုပ်ရှားမှုကြောင့် အာရပ်ကမ္ဘာမှာ ဘာဖြစ်လာမလဲ စောင့်ကြည့်ခဲ့ကြတယ်။ အီဂျစ်နိုင်ငံ မှာ ပထမဆုံး ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့တယ်။ Musilim Brotherhood အဖွဲ့ခေါင်းဆောင် Mohammand Morsi ရွေးကောက်ပွဲအနိုင်ရပြီး သမ္မတဖြစ်လာခဲ့တယ်။ ဒီတော့ အာရပ်ကမ္ဘာမှာ ဒီမိုကရေစီရောင်ခြည်သမ်းလာတော့မလား မျှော်လင့်ခဲ့ကြတယ်။ မကြာပါဘူး။ အီဂျစ်စစ်တပ်က Brotherhood အဖွဲ့ကို အကြမ်းဖက်အဖွဲ့လို့စွပ်စွဲပြီး သမ္မတ Morsi ကို ဖမ်းဆီးလိုက် တယ်။ ဒီမိုကရေစီမျှော်လင့်ချက်က ချက်ချင်းနိဂုံးချုပ်သွားတယ်။

မပြီးဆုံးသေးတဲ့ အာရပ်နွေဦး ဟာ ၂ဝ၁၁၊ မတ်လမှာ ဆီးရီးယား နိုင်ငံရောက်လာတယ်။ ပြည်သူများ က သမ္မတ Bashar al-Assad ကို ရာထူးမှ နုတ်ထွက်ပေးဖို့ တောင်းဆိုကြတယ်။ Assad က နုတ်ထွက်မပေး။ Assad ကို ဖြုတ်ချချင်သူတွေက လက်နက်စွဲကိုင် တိုက်ခိုက်လာကြတယ်။ ဒီလိုနဲ့  ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်လာတယ်။ ဒီကနေ့အထိ မပြီးဆုံးသေးဘူး။ Assad ရဲ့ မျိုးနွယ် Alawite တွေက ရှီယိုက်တွေဆိုတော့ အီရန်က လက်နက်နဲ့ ငွေကြေးထောက်ကူပေးတယ်။ Assad ကို ဆန့်ကျင်တိုက်ခိုက်နေကြသူများက ဆွန္နီတွေဆိုတော့ ဆော်ဒီဦးဆောင်တဲ့ ဆွန္နီနိုင်ငံများက သူတို့ကို ထောက်ကူပေးပြန်တယ်။

အဲသလို ဆီးရီးယားနိုင်ငံအတွင်း  စစ်မက်ဖြစ်နေချိန်မှာ ဒါကို အခွင့်ကောင်းယူပြီး အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်လိုသူများက “Islamic State in Iraq and Levant” (ISIL) အဖွဲ့ကို ထူထောင်ပြီး နေရာဝင်ယူတယ်။ သူတို့ရဲ့ အစ္စလာမ္မစ်နိုင်ငံမှာ ဆီးရီးယားရဲ့ နယ်မြေရော၊ အီရတ်ရဲ့ ပိုင်နက်နယ်မြေရော နှစ်ခုစလုံးပါဝင်တယ်။ စောစောပိုင်းက ISIL ဟာ နယ်မြေအတော်များများကို သိမ်းပိုက် ထားနိုင်ခဲ့ကြတယ်။ ဒါပေမယ့် ISIL ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် သူတို့အဖွဲ့ကို ကမ္ဘာက အကြမ်းဖက် အဖွဲ့အဖြစ်သတ်မှတ်ခဲ့တယ်။

ဒီတော့ ဆီးရီးယားပြည်တွင်းစစ်ကာလမှာ နိုင်ငံတော်တော်များများက အကြမ်းဖက်အဖွဲ့ကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြတယ်။ အခုတော့ ISIL အဖွဲ့ဟာ ပြိုကွဲသွားခဲ့ပါပြီ။ သူတို့ သိမ်းပိုက်ထားတဲ့ နယ်မြေအားလုံးနီးပါးကိုလည်း လက်လွတ်ဆုံးရှုံးခဲ့ကြပါ ပြီ။ ဒီလိုဆိုတော့  အစ္စလာမ္မစ်နိုင်ငံ ထူထောင်လိုတဲ့ အစွန်းရောက် အကြမ်းဖက်တွေ ဇာတ်သိမ်းသွားပြီ လား။ တကယ့် တကယ်ဇာတ်သိမ်း သွားမယ်လို့တော့ မထင်ပါဘူး။ တစ်နေရာက ငုပ်လျှိုးသွားပြီး အခြား တစ်နေရာမှာ ပြန်လည်ထွက်ပေါ်လာနိုင်ပါတယ်။ ပိုပြီး ကြောက်စရာကောင်းတာက အစ္စလာမ္မစ်ဇင်းဟာ ကမ္ဘာတစ်လွှားပျံ့နှံ့သွားနိုင်တယ်။

 

မင်းရွှေမောင်

Ref; (1) “Islam” by Gerhard Endress (2004).

(2) “Islamism and Democracy “ by S.Madampat (2014)

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.