16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
နောက်လာမယ့် ဘဏ္ဍာရေးပြသနာ ဗဟိုဘဏ်တွေဆီက ပေါ်ထွက်လာမလား

ခုဘတ်စ်ကား မမီလိုက်ရင် နောက်ဘတ်စ်ကားရောက်လာမှာပဲ မဟုတ်လား။ အဲသလိုပဲ ဘဏ္ဍာရေး ပြဿနာတစ်ခု မမီလိုက်လို့ စိတ်စနိုးစနောင့်ဖြစ်မနေပါနဲ့၊ နောက်ဘဏ္ဍာရေး ပြဿနာတစ်ခုက မကြာမီ ရောက်လာတော့မှာပါတဲ့။ ဒီတစ်ခါဘဏ္ဍာရေးပြဿနာက ဗဟိုဘဏ်တွေဆီက စတင်ပေါ်ထွက်လာနိုင်ပါသတဲ့။ ဒါက ဂျာမနီနိုင်ငံက ဒွိုက်ခ်ျဘဏ် (Deutsche Bank) က ပြော တာပါ။

တကယ်တော့ ဘဏ္ဍာရေးစကြဝဠာမှာ ထင်ရှားကျော်ကြားတဲ့ ဘောဂဗေဒပညာရှင် တစ်ဦးဦးကပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဗဟိုဘဏ်ကြီး တစ်ဘဏ်ရဲ့ ဘဏ်ဥက္ကဋ္ဌကြီးတစ်ဦးဦးကပဲ ဖြစ်ဖြစ်၊ သိပ်မဝေးလှတဲ့ကာလမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဘဏ္ဍာရေးပြဿနာတစ်ခုခုကို ကြိုတင်ပြီး မပြောပြတတ်ကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ကြိုတင်ဟောကိန်း ထုတ်လိုက်ရင် ပညတ်သွားရာ ဓာတ် သက်ပါဆိုသလို ဖြစ်လာမှာ စိုးရိမ်ကြ တယ်။

ဒီပုဂ္ဂိုလ်တွေဟာ ဂလိုဘယ် ဘဏ္ဍာရေးကိစ္စတွေနဲ့ အမြဲလိုလို ထွေးလားလုံးလားနေနေကြတဲ့ ပုဂ္ဂိုလ် တွေဆိုတော့ တစ်ခါတစ်ရံကြိုတင် မြင်တတ်ကြတယ်။ အတိတ်နိမိတ်ပြတာ (Premonition) ကို ကြိုတင်ခံစား ကြရတတ်တယ်။ ဒါပေမယ့် သူတို့က ကြိုတင်မြင်ပေမယ့် ကြိုတင်မပြောပြ တတ်ကြဘူး။ ၂ဝဝ၇ ခု မတိုင်မီက အမေရိကန်မှာ အက်ဆက်ပူဖောင်း ကြီးဖောင်းကားကြွတက်လာတာကို အဲဒီတုန်းက အမေရိကန်ဗဟိုဘဏ် (Federal Reserve) ဥက္ကဋ္ဌကြီးဖြစ်တဲ့ Alan Greenspan က ကြိုမြင်ကြိုသိခဲ့တယ်။ တစ်ဦးက သူ့ကိုမေးတယ်။ ဥက္ကဋ္ဌကြီးက ပူဖောင်းကြီးကို ကြိုတင်မြင်ရင် အပ်ကလေးနဲ့ ကြိုတင် ထိုးဖောက်မပစ်လိုက်ဘူးလားတဲ့။ Greenspan က ပြန်ဖြေတယ်။ ဘဏ္ဍာရေးလောကမှာ ဒီလိုလုပ်လို့ မဖြစ်ဘူး။ ဒီလိုလုပ်လိုက်ရင် နောက်တော့မှ တက်လာမယ့် ပြဿနာက အခုချက်ချင်းကြီးတက်လာနိုင်တယ်တဲ့။ ဒါကြောင့် ကြိုတင်မဖောက်ဘဲ သူ့ဘာသာသူ ပူဖောင်းပေါက်တော့မှ ပေါက်ကရော စောင့်ကြည့်နေရတယ်တဲ့။

ခုတော့ ဘာပဲပြောပြော ဒွိုက်ခ်ျဘဏ်က သူတို့ရဲ့တွေ့ရှိချက်များကို မကွယ်မဝှက် ဖွင့်ချထုတ်ပြလိုက်ပါပြီ။ ဒွိုက်ခ်ျဘဏ်ဟာ တစ်လောက သူတို့ရဲ့ ရေရှည်အက်ဆက်ပြန်ပေါ် နှုန်းများကို ဆန်းစစ်လေ့လာကြည့်ခဲ့တယ်။ ဒီတော့ ဖွံ့ဖြိုးပြီး ဈေးကွက်များမှာ ပြဿနာတွေဟာ အရင်ဆယ်စု နှစ်များကထက်ပိုပြီးများပြားမြင့် တက်လာတာကို တွေ့ရှိခဲ့တယ်။ ဒါကို သူတို့က ရှေ့အလားအလာနဲ့ ပတ် သက်ပြီး နိမိတ်သိပ်မကောင်းဘူးလို့ မြင်တယ်။

ဒွိုက်ခ်ျဘဏ်မှာ ပြဿနာကို သတ်မှတ်ဖွင့်ဆိုတိုင်းတာတဲ့ စံတွေရှိတယ်။ ပြဿနာဆိုတာက ငွေရေး ကြေးရေး၊ ဘဏ္ဍာရေးနဲ့ စီးပွားရေး အကျပ်အတည်းတစ်ခုခုကို ဆိုလိုတာပါ။ နိုင်ငံမှာ အခုလို အကျပ်အတည်း တစ်မျိုးမဟုတ်တစ်မျိုးနဲ့ ရင်ဆိုင်ကြုံ တွေ့နေရရင် အဲဒီနိုင်ငံကို ပြဿနာ တက်နေတဲ့နိုင်ငံလို့ ဒွိုက်ခ်ျဘဏ်က သတ်မှတ်တယ်။ ပမာအားဖြင့် တကယ်လို့ နိုင်ငံမှာ စတော့ရှယ်ယာ တန်ဖိုးများ နှစ်စဉ် ၁၅ ရာခိုင်နှုန်းလောက် လျော့ကျနေမယ်ဆိုရင် ဒါကို နိုင်ငံမှာ ပြဿနာတက်နေပြီလို့ ဒွိုက်ခ်ျဘဏ်က သတ်မှတ်တယ်။ ဒါမှမဟုတ် နိုင်ငံမှာ ငွေကြေးတန်ဖိုးနဲ့ အစိုးရဘွန်း (bond) တွေရဲ့ တန်ဖိုးဟာ ၁ဝ ရာခိုင်နှုန်းကျဆင်းနေရင်လည်း ပြဿနာတက်နေပြီလို့ သူတို့က ဆိုတယ်။ နိုင်ငံဟာ သူ့ရဲ့အမျိုးသား ကြွေးမြီ (National debt) ကို ပြန်လည်မပေးဆပ်နိုင်ရင်တော့ ပြဿနာက သေချာနေပြီ။ တကယ်လို့ ပြည်တွင်းမှာ ငွေဖောင်းပွမှု (inflation) ဟာ ဒီဂျစ်နှစ်လုံးလောက်ထိ မြင့်မားနေရင်လည်း အဲဒီကာလကို ပြဿနာတက်နေတဲ့ ကာလလို့ ဒွိုက်ခ်ျဘဏ်က သတ်မှတ်တယ်။

ဆယ့်ကိုးရာစုအတွင်း နိုင်ငံနည်းနည်းပါးပါးလောက်ပဲ တစ်နှစ်ကာလမှာ အခုလို ရှော့ခ်တွေနဲ့ ကြုံ တွေ့ခဲ့ကြရတယ်။ ဒါပေမယ့် ၁၉၈ဝ နှစ်များကစပြီး ဘဏ္ဍာရေးပြဿနာများနဲ့ ကြုံတွေ့ရတဲ့ နိုင်ငံများ တိုးပွား များပြားလာခဲ့တယ်။ အခုလို ဖြစ်လာရတဲ့ အဓိကအကြောင်းရင်းကတော့ ငွေကြေးစနစ် (Monetary System) ကြောင့်လို့ ဒွိုက်ခ်ျဘဏ်က ထောက်ပြတယ်။ ရွှေစံချိန် (gold Standard) ခေတ်တုန်းက Bretton woods စနစ်အောက်မှာ ပုံသေငွေဖလှယ်နှုန်းများ (Fixed exchange rates) ကို အသုံးပြုခဲ့ကြတယ်။ အဲဒီခေတ်တုန်းက ကြွေးဖန်ဆင်းမှုဟာ အကန့်အသတ်ရှိတယ်။ နိုင်ငံတစ်နိုင်ငံဟာ ငွေကြေးပမာဏ (Money Supply) ကို မြန်မြန်ဆန်ဆန် ချဲ့ကားခဲ့ရင်၊ အဲဒီနိုင်ငံ ရဲ့ ကုန်သွယ်ရေးလိုငွေပြမှု (trade deficit) ဟာ မြင့်တက်လာပြီး ငွေကြေးဖလှယ်နှုန်းအပေါ် ဖိအားပေးခံလာရတယ်။ ဒီတော့ အစိုးရဟာ ငွေကြေးပမာဏ ချဲ့ကားမှုကို ဘရိတ်အုပ်ကြရတယ်။ ရလဒ်က ဘာလဲဆိုတော့ ဘဏ္ဍာရေး ပူဖောင်းများဟာ ဖောင်းကားမလာတော့ဘဲ ပိန်ရှုံ့သွားတယ်။ ပြဿနာတက်မလာတော့ဘူး။

ဒါပေမယ့် ၁၉၇ဝ နှစ်များရဲ့ အစောပိုင်းကာလမှစပြီး နိုင်ငံတော်တော်များများဟာ နှုန်းရှင်ငွေဖလှယ် နှုန်းစနစ် (Floating Exachange rate system) ဆီ ရွေ့လျားသွားခဲ့ကြတယ်။ ဒီစနစ်က အစိုးရများကို စီးပွားရေးပြဿနာတွေနဲ့ ပတ်သက်ပြီး ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင် လုပ်ပေးတယ်။ ဆိုလိုတာက ငွေကြေးချိတ်ဆက်မှု (currency peg) ကို ထိန်းသိမ်းဖို့အတွက် အခြားသော စီးပွားရေးရည်မှန်းချက်ပန်းတိုင်များကို  စွန့်လွှတ်စရာမလိုဘူး။ ဒါဟာ ကောင်းသလိုလို ရှိပေမယ့် တခြားတစ်ဖက်မှာ ပြဿနာတွေလည်း ဖြစ်ပေါ်လာနိုင်တယ်။ ပမာအားဖြင့် ကုန်သွယ်ရေးဘက်မညီမှုများ ကြီးထွားလာနိုင်တယ်။ ဒီလိုဖြစ်လာရင် ငွေကြေးတန်ဖိုးအပေါ် ဖိအားပေးမှု ခံလာရနိုင်တယ်။

အဲသလိုပဲ ၁၉၇ဝ နှစ်များရဲ့ အလယ်လောက်ကစပြီး အစိုးရကြွေးမြီဟာ ဂျီဒီပီရဲ့ အချိုးအစားအရပြောရင် မြင့်တက်လာတယ်။ ပြီးတော့ အစိုးရရဲ့ ဘတ်ဂျက်ဟန်ချက်ညီစေ ဖို့အတွက် ဈေးကွက်များက တွန်းထိုးပေးတာကလည်း မရှိသလောက်ပါပဲ။ ဒါကြောင့် နိုင်ငံတွေမှာ ဘာဖြစ်လာသလဲဆိုတော့ လိုငွေပြဘတ်ဂျက် (deficit budget) တွေ ဖြစ်လာတယ်။ ဂျပန်ဟာ ၁၉၆၆ ခုနှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း လိုငွေပြလာခဲ့တယ်။ ပြင်သစ်ဟာ ၁၉၉၃ ခုနှစ်ကစပြီး လိုငွေပြခဲ့တယ်။ အီတလီဆိုရင် တစ်နှစ်ပဲ ပိုငွေပြ surplus  ခဲ့ပြီး ကျန်နှစ်များမှာ ၁၉၅ဝ လောက်ကစ ပြီး လိုငွေပဲပြလာခဲ့တယ်။ ဖွံ့ဖြိုးပြီး ကမ္ဘာက စားသုံးသူများနဲ့ ကုမ္ပဏီများဟာ တစ်စတစ်စ ကြွေးပတ်လည် ဝိုင်းလာနေတယ်။

ဒီဖြစ်ရပ်တွေရဲ့ အကျိုးဆက်က ဘာလဲဆိုတော့ ချဲ့ကားလာတဲ့ ကြွေးမြီစက်ဝန်းကြောင့် နိုင်ငံများရဲ့ ငွေရေးကြေးရေး အဆောက်အအုံတွေ ပြိုလဲလာတယ်။

ဖြစ်စဉ်က ဒီလိုပါ။ အက်ဆက်များ ဝယ်ယူရင်းနှီးမြှုပ်နှံမှုအတွက် ကြွေး (debt) ကို အသုံးပြုလာကြ တယ်။ ကြွေးနဲ့ အိမ်ရာ အဆောက်အအုံတွေဝယ်တယ်။ ချေးငွေ (ကြွေး) တွေ ဗုံးပေါလအော ဖြစ်လာတဲ့အတွက် အက်ဆက်များရဲ့ ဈေးနှုန်းတွေမြင့်တက်သွားတယ်။ မကြာမကြာ ဘာဖြစ်တတ်သလဲဆိုတော့ ငွေထုတ်ချေးလိုက်သူတွေဟာ သူတို့ထုတ်ချေး လိုက်တဲ့ငွေကို ငွေချေးယူသူတွေက ပြန်လည်ပေးမှ ပေးဆပ်နိုင်ပါ့မလား လို့ သံသယဝင်လာတယ်။ ဒီတော့ သူတို့က ငွေထုတ်ချေးတာကို ရပ်ပစ်လိုက်ကြတယ်။ ငွေထုတ်မချေးကြတော့ဘူး။ အဲသလို အချိန်မှာ ဘာ ဖြစ်တတ်သလဲဆိုတော့ အက်ဆက်များကို ရတဲ့ဈေးနဲ့ ထုတ်ရောင်းလာကြတယ်။ ဒါကြောင့် ငွေချေးယူသူ များအပေါ်  ယုံကြည်မှုက ပိုပြီးပျက်ယွင်းသွားတယ်။

အဲဒီနောက် ဗဟိုဘဏ်များက ဈေးကွက်ထဲဝင်ရောက်စွက်ဖက်လာပြီး ဘဏ်တိုးနှုန်းများကို လျှော့ချပစ်လိုက်ကြတယ်။ ဗဟိုဘဏ်များက ၂ဝဝ၈ ခုနှစ်ကစပြီး အက်ဆက်များကို တိုက်ရိုက်ဝယ်ယူလာခဲ့ကြတယ်။ ဒီလုပ်ရပ်က ပြဿနာကို ခေတ္တယာယီ ရပ်ဆိုင်းသွားစေတယ်။ ဒါပေမယ့် ဒီလို လုပ်ရပ်ကြောင့်ပဲ ကြွေးနဲ့အက်ဆက်ဈေးနှုန်းတွေ မြင့်တက်လာခဲ့ တယ်။

အမေရိကန် ဗဟိုဘဏ် (Fed) ဟာ ၂ဝဝ၈ ခုနှစ်ကစပြီး အမေရိကန် ဘဏ္ဍာရေးလောကတစ်ခုလုံး ဒယီးဒယိုင်ဖြစ်လာမှုကို ကျားကန်ထောက် ကူပေးနိုင်ဖို့အတွက် တိုက်ပွဲစတင်ဆင်နွှဲခဲ့တယ်။ ဘာလုပ်သလဲဆိုတော့ အမေရိကန် ဗဟိုဘဏ်က အမေရိကန်ဘဏ်များကို အကြီးအကျယ် ငွေထုတ်ချေးတယ်။ ငွေဈေးကွက် ရန်ပုံငွေအဖွဲ့များကိုလည်း ငွေနင်း ကန်ထုတ်ချေးတယ်။ ပြီးတော့ အခြားသောနိုင်ငံများက ဗဟိုဘဏ်များကိုလည်း ငွေထုတ်ချေးတယ်။ ဒီတော့ အမေရိကန် ဗဟိုဘဏ်ရဲ့ လက်ကျန် စာရင်းရှင်းတမ်းဟာ ဖောင်းကားသွားတယ်။ Lehman Brothers ရင်းနှီး မြှုပ်နှံမှုဘဏ်ကြီး ပြိုလဲသွားချိန် ၂ဝဝ၈ စက်တင်ဘာလ အစောပိုင်းမှာ အမေရိကန် ဗဟိုဘဏ်ရဲ့ စုစု ပေါင်းအက်ဆက်ဟာ အမေရိကန် ဒေါ်လာ ၉ဝ၅ ဘီလီယံရှိတယ်။ ဒါက အဲဒီအချိန်တုန်းက အမေရိ ကန် ဂျီဒီပီရဲ့ ခြောက်ရာခိုင်နှုန်းလောက်အထိ ကြီးမားတယ်။ ဒီဇင်ဘာလရောက်တော့ ဒီကိန်းဂဏန်း ဟာ နှစ်ဆတိုးသွားတယ်။ အမေရိ ကန် ဒေါ်လာ ၂.၁ ထရီလီယံအထိ ကြီးထွားသွားခဲ့တယ်။

ဒါပေမယ့် ဒါက စလုံးရေစပဲရှိသေးတယ်။ နောက်ပိုင်းမှာ အမေရိကန် ဗဟိုဘဏ်ဟာ အရေးပေါ် ငွေ ထုတ်ချေးတာတွေကို ရုပ်သိမ်းလိုက်တယ်။ ပြီးတော့ အမေရိကန် စီးပွားရေးကို ထောက်ကူပံ့ပိုးပေးဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဗဟိုဘဏ်ဟာအစိုးရ ကြွေးတွေအပြင် အပေါင်ပစ္စည်း ကျောထောက် နောက်ခံပြု ငွေချေးစာချုပ်စာတမ်းများ Mortgage-backed Securities ကို ပြန်လည်ဝယ်ယူခဲ့တယ်။ အဲသလို ဝယ်ယူနိုင်ဖို့အတွက် ဗဟိုဘဏ်ဟာ ငွေစက္ကူအမြောက်အမြား ရိုက်နှိပ် ထုတ်ဝေခဲ့ရတယ်။ ဒီလို ငွေစက္ကူ အမြောက်အမြားပုံနှိပ်ပြီး စာချုပ်စာတမ်းများ ပြန်လည်ဝယ်ယူမှုကို သူတို့က “Quantitative easing”(QE) လို့ ခေါ်ကြတယ်။ ဒီလုပ်ရပ်ကြောင့် ၂ဝ၁၅ ခုနှစ်မှာ အမေရိကန် ဗဟို ဘဏ်ရဲ့ လက်ကျန်စာရင်းရှင်းတမ်းဟာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ ထရီလီယံလောက်ထိ ဖောင်းပွ သွားတယ်။

ဒီဖြစ်ရပ်တွေက ဘာကိုညွှန်ပြနေသလဲဆိုတော့ ဘဏ္ဍာရေးစနစ်မှာ နောက်ထပ်ပြဿနာတစ်ခု ဆိုက် ဆိုက်မြိုက်မြိုက် ရောက်လာနိုင်တယ်ဆိုတာပါပဲ။ ဒွိုက်ခ်ျဘဏ်ကတော့ ပြဿနာဖြစ်လာနိုင်တဲ့ အကြောင်းအရာ အချက်အလက်အတော်များများကို ဖော်ထုတ်တင်ပြခဲ့တယ်။ တရုတ်နိုင်ငံမှာ ကြွေးနဲ့ဆက်နွယ်တဲ့ ဘဏ္ဍာရေးပြိုလဲနိုင်မှုကစပြီး ပြည်သူများ အကြိုက်နိုင်ငံရေးပါတီ အများ အပြား ထွက်ပေါ်လာမှုအပါအဝင်၊ ဘွန်းဈေးကွက်များမှာ ငွေဖြစ်လွယ်မှုမရှိလို့ ပြဿနာတက်လာနိုင်တဲ့အ ထိ ဖော်ထုတ်တင်ပြထားတယ်။

ဒါပေမယ့် နောက်ဘဏ္ဍာရေး ပြဿနာကို အဓိက မောင်းဖြုတ်ပေးနိုင်တဲ့ အချက်ကတော့ ဗဟိုဘဏ် များရဲ့ လုပ်ရပ်များအပေါ် အထောက်အကူပေးနေမှုများကို ရုပ်သိမ်းသွားခြင်းပဲဖြစ်တယ်လို့ ဒွိုက်ခ်ျ ဘဏ်က ထောက်ပြတယ်။ တကယ် တော့ ၂ဝဝ၉ ခုနှစ်က ငွေကြေးအာဏာပိုင် အဖွဲ့အစည်းများကို ဂလို ဘယ်စီးပွားရေးနဲ့ ဈေးကွက်များကို ကယ်တင်ခဲ့ကြသူများအဖြစ် ကမ္ဘာက ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

ဒီလိုဆိုပေမယ့် လောလောဆယ်မှာ အမေရိကန်ဗဟိုဘဏ်ဟာ ဘဏ်တိုးနှုန်းကို မြှင့်တင်ဖို့ ကြိုးပမ်းနေပြီး သူ့ရဲ့လက်ကျန်စာရင်းရှင်းတမ်းများကို ချုံ့ပစ်ဖို့အားထုတ်နေတယ်။ ဥရောပ ဗဟိုဘဏ် (ECB) ကလည်း လာမယ့်နှစ်ကစပြီး အက်ဆက်များ ဝယ်ယူမှုကို လျှော့ချဖြတ်တောက်ဖို့ အလားအလာရှိနေတယ်။ အင်္ဂလိပ်ဗဟိုဘဏ် (Bank of England) ကလည်း ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အတိုးနှုန်းများကို တိုးမြှင့်ဖို့လာနိုင်ခြေရှိတယ်။

အတိုးနှုန်းများကို မြှင့်တင်ကာ အက်ဆက်များ ဝယ်ယူမှုကို ရပ်တန့်ပစ်တာတွေဟာ အန္တရာယ်ရှိတယ် ဆိုတာကို ဗဟိုဘဏ်များက သိတယ်။  ဒါကြောင့်ပဲ ဖွံ့ဖြိုးပြီးနိုင်ငံများဟာ စီးပွားရေးပြန်လည်နာလန်ထူလာပြီဖြစ်ပေမယ့် အတိုးနှုန်းများကို လျှော့ချထားခဲ့ကြတယ် မဟုတ်လား။ နိုးထရှင်သန်ရေး အစီအစဉ် Stimulus ကို ရုပ်သိမ်းတာဟာ သိမ်မွေ့တယ်။ ခက်ခဲတယ်။ ပြဿနာတက်နိုင်တယ်။ ပြီးတော့ မြင့်မားနေတဲ့ အက်ဆက်ဈေးနှုန်းများကို ပုံမှန် အနေအထား ပြန်ရောက်အောင် လုပ် ကိုင်ရတာကလည်း အန္တရာယ်များ တယ်။ ပြဿနာရှိတယ်။

ဒါက ဘာကို ဖော်ညွှန်းသလဲဆိုတော့ ဗဟိုဘဏ်များဟာပြဿနာ မဖြစ်ရအောင် လုပ်ကိုင်နေတဲ့ ကြား ထဲက ပြဿနာတက်လာရင်၊ လမ်းကြောင်းပြောင်းပြီး မူဝါဒကို နောက်တစ်ဖန် ပြန်လည်လျှော့ချပစ်နိုင်တယ်။ နောက်ပေါ်ထွက်လာမယ့် ဘဏ္ဍာရေးပြဿနာက ဗဟိုဘဏ်များရဲ့ ခါးပိုက်ထဲရောက်နေတာလား။

 

မင်းရွှေမောင်

Ref; Buttonwood: When the cycle turns. The Economist, Sept 30, 2017.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.