19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ဂလိုဘယ်စီးပွားရေးကို ခြိမ်းခြောက်လာတဲ့ တရုတ်ရဲ့ အဆင့်မြင့် စက်မှုစွမ်းပကား

တရုတ်စီးပွားရေးကို စောင့်ကြည့် အကဲခတ်နေကြတဲ့ အနောက်နိုင်ငံတွေက တရုတ်ရဲ့ စက်မှုစွမ်းပကားဟာ ဂလိုဘယ်စီးပွားရေးရဲ့ ဗိသုကာပုံစံကို သိသိသာသာ ခြိမ်းခြောက်လာ နေတယ်လို့ မြင်ကြတယ်။ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ကြီးတစ်ဦးက ''ဒါဟာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်''လို့ ထောက်ပြတယ်။ အခုလို တရုတ်ရဲ့စက်မှုတိုးတက်မှု ဖြစ်စဉ်ကြီးကို လက်ရှိ တည်ဆဲကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ ဟန့်တားပိတ်ပင်လို့ရနိုင်မှာ မဟုတ်ဘူးလို့ သူက ဆိုတယ်။

အလားတူပဲ ဥရောပသမဂ္ဂ EU အတွင်း သူတို့အတွက် အရေးပါတဲ့ ကုမ္ပဏီကြီးတွေကို တရုတ်ကုမ္ပဏီ ကြီးတွေက ဝယ်ယူသိမ်းပိုက်လျက်ရှိတယ်။ ဒါကြောင့် ဥရောပအနေနဲ့ သူတို့ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး၊ ဥပဒေသစ် ရေးဆွဲဖို့ ပြင်ဆင်နေကြတယ်။ ဒါပေမယ့် တရုတ်တို့ကတော့  သူတို့ စီးပွားရေးကို ခေတ်မီသထက် ခေတ်မီအောင် ဆက်လက်ကြိုးပမ်းလုပ်ဆောင်နေကြမှာပဲ။ နောက်ပြန်လှည့်ကြမှာ မဟုတ် ပါဘူး။

ဒီအထဲမှာ အရေးပါတဲ့ အချက်တစ်ချက်က ဘာလဲဆိုတော့  ကမ္ဘာတစ်ဝန်းက ကုမ္ပဏီအတော်များများဟာ သူတို့ရဲ့ ယှဉ်ပြိုင်ဘက် တရုတ်ကုမ္ပဏီများရဲ့  စိန်ခေါ်မှုကို ပြင်းပြင်းထန်ထန် ခံစားနေကြရခြင်းပဲဖြစ်ပါတယ်။ တကယ်တော့ တရုတ်နိုင်ငံ တစ်နိုင်ငံသာ စက်မှုနိုင်ငံဖြစ်လာခဲ့တာ မဟုတ်ပါဘူး။ အရင်အခါများကလည်း စက်မှုနိုင်ငံဖြစ်လာခဲ့ကြတဲ့ နိုင်ငံအများအပြားရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘာက ကွာခြားသလဲဆို တော့ ဘယ်နိုင်ငံကမှ တရုတ်လို အတိုင်းအတာ ကြီးကြီးမားမားနဲ့  အ လျင်အမြန် ခုန်ပျံကျော်လွှား စက်မှု နိုင်ငံဖြစ်လာတဲ့ နိုင်ငံမရှိခဲ့သေးပါဘူး။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကို ပြန်ကြည့်ရင်တောင် တရုတ်က စီးပွားရေး တိုးတက်နေပါတယ်ဆိုတဲ့ မြို့ကြီးတွေဟာ ဇစ်ကြိုးတွေ၊ ခြေအိတ်တွေနဲ့ ဓာတ်မီးခြစ်တွေ ထုတ်လုပ်နေ ကြတုန်းပဲရှိသေးတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ တက်ကနိုလိုဂျီရဲ့ ဂလိုဘယ် နယ်ပယ်သစ်ဆီကိုတောင်  တက်လှမ်းနေပါပြီ။ အောင်မြင်တဲ့ မို ဘိုင်းငွေပေးငွေယူစနစ်ကလည်း တရုတ်မှာ တစ်ဟုန်ထိုးကြီးထွားလျက်ရှိတယ်။ ဒရိုင်ဘာမလိုတဲ့ မောင်းသူမဲ့ယာဉ်တွေကလည်း တရုတ်မြို့ကြီး အချို့ရဲ့ လမ်းမကြီးများပေါ်မှာ ပြေးလွှားနေကြပါပြီတဲ့။ လာမယ့်နှစ် အနည်းငယ်အတွင်းမှာ တကယ်လို့ မိုးပျံကားတွေ (Flying Cars) တရုတ် မြို့ကြီးများပေါ်မှာ ဝဲပျံသွားလာနေ ကြတာကို တွေ့မြင်ခဲ့ရရင် သူ့အနေနဲ့ အံ့အားသင့်မှာ မဟုတ်ဘူးလို့ တစ်ကိုယ်တော် ပျံသန်းနိုင်တဲ့ စက်များကို တီထွင်ခဲ့တဲ့ နယူးဇီလန်နိုင်ငံက Martin Jackpaot ဆိုတယ်။

တရုတ်ရဲ့ အောင်မြင်မှုကတော့ အံသြကုန်နိုင်ဖွယ်ပါပဲ။ ဒါပေမယ့် မကြာမီကာလမှာ တရုတ်စီးပွားရေးဟာ ကမ္ဘာကြီးကို လွှမ်းမိုးလာမှာကို စိုးရိမ်ကြတယ်။ အနောက်ရဲ့ အမြင်မှာ တရုတ်စီးပွားရေးဟာ တရားမျှတမှုမရှိဘူးလို့ မြင်တယ်။ တရုတ်ဟာ ဈေးကွက်စီးပွားရေးကို မျှမျှတတဖြစ်အောင် ကစားမှာမဟုတ်ဘူးလို့ မြင်တယ်။ ဒါကြောင့် အနောက်နိုင်ငံများက စီးပွားရေးလုပ်ငန်းတွေဟာ ခြိမ်းခြောက်ခံနေရသလို ခံစားနေကြရ တယ်။    ဗြိတိန်က ဥရောပသမဂ္ဂ EU မှ နုတ်ထွက်လိုက်တာ၊ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ Donald Trump အနိုင်ရတာတွေကြောင့် စီးပွားရေး လုပ်ငန်းတွေ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေရတဲ့ အချိန်။ ခုတော့ တရုတ် စီးပွားရေးကပါ ကမ္ဘာ့ဈေးကွက်ထဲကို လျင်လျင်မြန်မြန်က ဆုန်ပေါက် ဝင်ရောက်လာတော့ ကြီးမားတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ကြုံ တွေ့နေကြရတယ်။ ဒီတော့ အ နောက်နိုင်ငံတွေမှာ အလုပ်လက်မဲ့ ကြီးထွားလာနိုင်တယ်။ အနောက်ရဲ့ တက်ကနိုလိုဂျီ နယ်ပယ်ကလည်း ကျဉ်းမြောင်းသွားနိုင်တယ်။

 

ရှုထောင့်သုံးမျိုး

တရုတ်ရဲ့ စီးပွားရေး လုပ်နည်းစနစ်နဲ့ ပတ်သက်ပြီး ရှုမြင်နိုင်တဲ့ ရှု ထောင့်သုံးမျိုးရှိတယ်လို့ ဆိုကြတယ်။ တရုတ်ဟာ သူ့ရဲ့ငွေကြေးတန်ဖိုးကို နှစ်တော်တော်ကြာအောင် လျှော့ချထားခဲ့တယ်။ ဒါကြောင့် နိုင်ငံခြား တင်ပို့ရောင်းချကြတဲ့ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေ အမြတ်အစွန်း ကောင်းပြီး ငွေဝင်လမ်းဖြောင့်ခဲ့ကြတယ်။ တရုတ်အစိုးရဟာ နိုင်ငံပိုင်ဘဏ်တွေကတစ်ဆင့် နိုင်ငံပိုင် စီးပွားရေး ကုမ္ပဏီကြီးတွေကို အတိုးနှုန်း သက်သက်သာသာနဲ့ ငွေထုတ်ချေး တယ်။ တရုတ်ရဲ့ ဆိုင်ဘာသူသျှိုတွေက နိုင်ငံခြားကုမ္ပဏီကြီးတွေရဲ့ လျှို့ ဝှက်ချက်များကို ခိုးယူတယ်။

ဒီလိုဆိုပေမယ့် တရုတ်ဟာ ဒီမိုကရက်တစ်မဖြစ်ဘူး။ သူတို့အနေနဲ့ ရှေ့တန်းတက်လှမ်းနိုင်ဖို့အတွက် ခိုးတယ်၊ လိမ်တယ်၊ အစစအရာရာကို အစိုးရက ချုပ်ကိုင်ထားတယ်လို့ စွပ်စွဲပြောဆိုရင်တော့ မဟုတ်သေးပါဘူး။ သိပ်ပြီး ဘောင်ကျော်သွားပြီ။ ဘာကြောင့်လဲဆိုတော့ တရုတ်ပြည်တွင်းမှာ တရုတ်တွေ ကိုယ်တိုင်က ဆန်းသစ်တီထွင် လုပ်ကိုင်နေကြတဲ့ စီးပွားရေးလုပ်ငန်းတွေ အများအပြား ရှိနေတဲ့အတွက်ကြောင့်ပါပဲ။ ဒီဆန်းသစ်တီထွင်စီးပွားရေး လုပ်ငန်းအား လုံးဟာ ပုဂ္ဂလိကပိုင်တွေဖြစ်တယ်။ တရုတ်အစိုးရက ကြိုးကိုင်ခြယ်လှယ်ထားတာ  ဘာတစ်ခုမှမရှိဘူး။ ဒါကြောင့် တရုတ်စီးပွားရေးရဲ့ အမှန်တရားကို သိမြင်ချင်ရင် တရုတ်ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိမှုကို ရှုထောင့်သုံးမျိုးနဲ့ ကြည့်နိုင်တယ်လို့ဆိုကြခြင်းဖြစ် တယ်။

ရှုထောင့်သုံးမျိုးကတော့ တရားဝင်မှုမရှိတဲ့ ရှုထောင့်၊ တရားဝင်တဲ့ ရှုထောင့်နဲ့ တရားမျှတမှုမရှိတဲ့ ရှုထောင့်တွေဖြစ်ပါတယ်။ တရားမဝင်တဲ့ ရှုထောင့်အတွက် အကောင်းဆုံး သာဓကတစ်ခုကတော့ ဥာဏပိုင်ဆိုင်ရာ မူပိုင်ခွင့် Intellectual Property ခိုးယူမှုဖြစ်တယ်။ ဒါကတော့ လူတိုင်းသိနေကြပြီး ဖြစ်တဲ့အတွက် အကျယ်ချဲ့ကား ပြောနေစရာတောင် လိုတော့မယ် မထင်ပါဘူး။ ၂ဝ၁၄ ခုနှစ်က အမေရိကန်နိုင်ငံရဲ့ နျူကလီးယား၊ ဆိုလာနဲ့ သတ္တုကုမ္ပဏီကြီးများကို ဟက်ခ် Hack လုပ်ပြီး လျှို့ဝှက်ချက် များကို ခိုးယူခဲ့မှုနဲ့ပတ်သက်ပြီး အမေရိကန်က တရုတ်စစ်ဗိုလ်ချုပ်ကြီး ငါးဦးကို စွဲချက်တင်ခဲ့တယ်။ အဲဒီနောက်ပိုင်း လျှို့ဝှက်ချက် ခိုးယူမှုတွေ လျော့နည်းသွားတယ်။ ဒိကိစ္စနဲ့ ပတ်သက်ပြီး ၂ဝ၁၅ ခုနှစ်က တရုတ်နဲ့ အမေရိကန်နှစ်နိုင်ငံအကြား သဘော တူညီမှု စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ကြတယ်။ နိုင်ငံခြား ကုမ္ပဏီများကို တရုတ်တို့က ဟက်ခ်လုပ်မှုကလည်း သိသိသာသာ ကျဆင်းသွားတယ်။ ဒါပေမယ့် တရုတ်တို့ဟာ ပြည်တွင်းက ဥာဏပိုင်းဆိုင်ရာ မူပိုင်ခွင့်များကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး တရုတ် ကုမ္ပဏီကြီးတွေက တန်ဖိုး မြင့် ပစ္စည်းတွေ ထုတ်လုပ်လာကြ တယ်။

ဒုတိယ ရှုထောင့်ကတော့ တရားဝင် ယှဉ်ပြိုင်မှုဖြစ်တယ်။ ဒါက အတော် အရေးပါတယ်။ တရုတ်ကုမ္ပဏီကြီးတွေဟာ အင်မတန်ကောင်းမွန်တဲ့ ပစ္စည်းတွေကို ကုန်ကျ စရိတ်နည်းနည်းနဲ့ ထုတ်လုပ်လာနိုင်ကြတယ်။ အဆင့်အတန်းမီတဲ့ TV များရဲ့ စားသုံးသူဈေးနှုန်းဟာ တရုတ်အနေနဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ကို ဝင်ရောက်ခဲ့ပြီးနောက် ၁၅ နှစ်ကာလအတွင်းမှာ ၉ဝ ရာခိုင်နှုန်း ကျဆင်းသွားတယ်။

တရုတ်ရဲ့ ဂလိုဘယ် တင်ပို့မှု (Global exports) ရဲ့ ဝေစုဟာ ၁၄ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်။ ဘယ်နိုင်ငံကမှ ဒီလိုအမြင့်ဆုံးအဆင့် ကို ရောက်ဖူးတာ ၁၉၆၈ ခုနှစ်က အမေရိကန်နိုင်ငံကမှလွဲပြီး မရှိဖူးသေးဘူး။ ဒါပေမယ့် တရုတ်အနေနဲ့  တန်ဖိုးမြင့် ပစ္စည်းတွေကိုပဲ ထုတ်လုပ်ပြီး တန်ဖိုးနည်း ကုန်စည်များ ထုတ်လုပ်မှု လျော့နည်းလာခဲ့မယ်ဆိုရင် တရုတ်ဟာ အခုရောက်ရှိနေတဲ့ အဆင့်ကနေ လျော့ကျသွားနိုင်တယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာ တရုတ်ဟာ အဆင့်မြင့်တက်ကနိုလို ဂျီနယ်ပယ်ထဲ ချင်းနင်းဝင်ရောက်ထားတယ်။ တရုတ်ရဲ့ တက်ကနို စက်မှုနယ်ပယ်ဟာ ကြီးမားတယ်။ ကျယ်ပြန့်တယ်။ တရုတ်တွေဟာ တက်ကနိုလိုဂျီကို ခုံမင်မြတ်နိုးလာကြတယ်။ တက်ကနိုနဲ့ ပတ်သက်တဲ့ ပစ္စည်းများကို ရက်ရက်ရောရော ဝယ်ယူအသုံးပြုကြတယ်။ သင်ဟာ ဂျာမနီနိုင်ငံမှာပဲ ကားထုတ်လုပ်တာဖြစ်ဖြစ်၊ အမေရိကန်နိုင်ငံမှာပဲ Semiconductors ထုတ်လုပ်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သင်ဟာ ဂျပန်မှာပဲ ရိုဘော့စက်ရုပ်တွေ ထုတ်လုပ်တာပဲ ဖြစ်ဖြစ်၊ နောင်အနာဂတ်မှာ သင့်ကို ယှဉ်ပြိုင်လာမယ့် သူတွေကတော့ တရုတ်တွေပဲ ဖြစ်ပါတယ်။

နောက်ပိတ်ဆုံးရှုထောင့်ကတော့ တရားမျှတမှုမရှိတဲ့ ယှဉ်ပြိုင်မှုပါပဲ။ ဒါက ကိုင်တွယ်ရခက်တယ်။ ဂလိုဘယ် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းလည်း မရှိဘူး။ တရုတ်အစိုးရက နိုင်ငံခြားကုမ္ပဏီတွေ တရုတ်ဈေးကွက်ထဲ ဝင်ရောက်ချင်ရင် ကုမ္ပဏီတွေအနေနဲ့ ဝင်ရောက်ခွင့်ပြုတဲ့ အဖိုးစားနားအဖြစ် သူတို့ရဲ့ တက်ကနိုလိုဂျီကို ဝေမျှပေးကြရတယ်။ ဒီလိုနည်းနဲ့ တရုတ်တို့က နိုင်ငံခြား ကုမ္ပဏီကြီးတွေဆီက နည်း ပညာတွေကို ရယူသိမ်းပိုက်တယ်။ တရုတ်ရဲ့ 'လက်ဝါးကြီး အုပ်မှုဆန့်ကျင်ရေး' အမှုတွေမှာ နိုင်ငံခြား ကုမ္ပဏီကြီးတွေကို ပစ်မှတ်ထားတယ်။ တရုတ်ဟာ အကျိုးအမြတ် များတဲ့ ပြည်တွင်းလုပ်ငန်းတွေမှာ နိုင်ငံခြား ကုမ္ပဏီများ ဝင်ရောက် မလုပ်ကိုင်နိုင်အောင် ဟန့်တားထားတယ်။ ဒါပေမယ့် နိုင်ငံခြား တိုင်းပြည်များမှာ တရုတ်ကုမ္ပဏီတွေက အဲသလို အကျိုးအမြတ်ရှိတဲ့ လုပ်ငန်းများမှာ ဝင်ရောက်လုပ်ကိုင်ခွင့်ရဖို့ ငွေ ကြေးအမြောက်အမြား အကုန်အကျခံပြီး ကြိုးပမ်းဆောင်ရွက်နေတယ်။ ဒီလို လုပ်ဆောင်မှုတွေက အန္တရာယ်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒါကို တရားမျှတမှုရှိလာအောင် ကုစားတဲ့ ကုထုံးမရှိသေးပါဘူးတဲ့။

 

အနာဂတ်ရဲ့ မိုးကုပ်စက်ဝိုင်း

တရုတ်ဟာ အနောက်နိုင်ငံတွေရဲ့ အဆင့်မြင့် တက်ကနိုစက်မှုလုပ် ငန်းနယ်ပယ်ကို ခပ်ကြမ်းကြမ်းယှဉ် ပြိုင်လာတော့ အခက်တွေ့လာကြတယ်။  အနောက်နိုင်ငံများရဲ့ အသာ စီးရနေတဲ့ နယ်ပယ်ဟာ ကျုံ့ဝင်လာတယ်။ လောလောဆယ် တရုတ်နဲ့ အနောက်နိုင်ငံများရဲ့ အဆင့်ကကွာခြားတယ်။ တရုတ်က ဖွံ့ဖြိုးဆဲနိုင်ငံ။ အနောက်ကတော့ ချမ်းသာတဲ့နိုင်ငံ။ ဒီလိုဆိုပေမယ့် တရုတ်မှာ ဘီလီယံ ကြွယ်သူဌေးကြီး ၆ဝ၉ ဦးရှိတယ်။ အမေရိကန်မှာက ၅၅၂ ဦးပဲရှိတယ်။ မနှစ်က တရုတ်မှာ မိုဘိုင်းငွေပေးငွေ ယူလုပ်မှု ပမာဏဟာ တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ ၈.၆ ထရီ လီယံရှိခဲ့တယ်။ အမေရိကန်မှာက ဒေါ်လာ ၁၁၂ ဘီလီယံလောက်ပဲ ရှိ တယ်။ သိပ်ကွာတယ်။ ယှဉ်ပြိုင်မှုရဲ့ အန္တိမအဆင့်မှာ တရုတ်တို့က အောင်ပွဲခံရတော့မယ့် အနေအထား။

မင်းရွှေမောင်

Ref: Does Ching play Fair : The Economist; Sept 23, 2017

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.