19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
လုပ်ရဲကိုင်ရဲ သတ္တိခဲ နာရန်ဒရာ မိုဒီ

နာရန်ဒရာမိုဒီဟာ အိန္ဒိယဝန်ကြီးချုပ်ဖြစ်လာတာ သုံးနှစ်ကျော်ပြီ။ သူ့ရဲ့စီမံကိန်းတွေ အောင်မြင်မှုရရှိနေပါတယ်လို့ လက်ဆုပ်လက်ကိုင်ပြရလောက်အောင် ဟုတ်တိပတ်တိ ဘာတစ်ခုမှ  မရှိသေးပါဘူး။ ဒီလိုဆိုပေမယ့် အိန္ဒိယနိုင်ငံရေး ဇာတ်ခုံပေါ်မှာ အောင်မြင်ဆုံး ပုဂ္ဂိုလ်တစ်ဦးကို လက်ညှိုးထိုးပြပါဆိုရင် Narenda Modi က လွဲပြီး ညွှန်ပြစရာ အခြားပုဂ္ဂိုလ်တစ်ဦးတစ်လေတောင် မရှိဘူး။ အိန္ဒိယနိုင်ငံရေးလောကမှာ အောင်မြင်ဆုံးပုဂ္ဂိုလ်ကတော့ မိုဒီတစ်ဦးတည်းပဲရှိတယ်။ ဒါကြောင့် အိန္ဒိယ မီဒီယာတွေက သူ့ကို TIMO လို့ ဖော်ညွှန်းကြတယ်။ “There is Modi only” ပါတဲ့။

 

မိုဒီရဲ့ ပဉ္စလက်

မိုဒီရဲ့ အောင်မြင်မှုနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိနေတယ်။ တအံ့ တသြဖြစ်နေကြတာတွေလည်း ရှိတယ်။ ဘာကြောင့်လဲဆိုတော့ မိုဒီရဲ့ အောင်မြင်မှု ဝေါဟာရထဲမှာ ဝိရောဓိတွေ အများကြီးရှိနေလို့ပါပဲ။ ထောင်စုနှစ် စိတ်ဓာတ်မြှင့်တင်ရေး ဂုရုကြီးတစ်ပါးဖြစ်တဲ့ Simon Sinek က အခုလို ပြောတယ်။ ''ခုခေတ်မှာ အောင်မြင်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ချင်ရင် သင်ဟာ တစ်စုံတစ်ခုကို ဘာကြောင့် လုပ်နေသလဲဆိုတာကို လူအများယုံကြည်လာအောင် ဟောပြောစည်းရုံးပါတဲ့။ သင့်ကို လူအများက ယုံကြည်လက်ခံလာတယ်ဆိုရင် အောင်မြင်မှု ရရှိနိုင်တယ်လို့ သူက ဆိုတယ်။ သင့်အနေနဲ့ သင်ဘာလုပ်နေတယ်၊ ဘယ်လိုလုပ်နေတယ်ဆိုတဲ့အပေါ် သိပ်အာရုံမစိုက်ပါနဲ့တဲ့။ ဒါက သိပ်ပြီးအရေးမပါဘူး။ အမေရိကန် ပြည်ထောင်စုမှာ လူမည်းများ ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့တဲ့ Martin Luther King Jr. က ``ငါ့မှာ စီမံကိန်းတစ်ခုရှိတယ်'လို့ မပြောခဲ့ပါ ဘူး။ သူက 'ငါ့မှာ အိပ်မက်တစ်ခုရှိတယ်' (I have a dream) လို့သာ ပြောခဲ့တယ်။ သူ့ရဲ့ အိပ်မက်ဟာ လူမည်းများအားလုံးရဲ့ စုပေါင်းအိပ်မက် ဖြစ်လာတဲ့အခါ အောင်မြင်မှုဟာ ရုပ်လုံးပေါ်လာပါတယ်'လို့ ဂုရု Sinek က ဆိုတယ်။

ဘာပဲပြောပြော အဲဒီဂုရုကြီးရဲ့ အဆိုအမိန့်နဲ့ ဝန်ကြီးချုပ် မိုဒီရဲ့ လုပ်ဆောင်ချက်များဟာ ကွက်တိကျနေတယ်။ အိန္ဒိယပြည်သူ အတော်များများက မိုဒီဟာ တိုင်းပြည်စီးပွားရေး တိုးတက်ဖို့အတွက် ကိုယ်ကျိုးမငဲ့ကွက်ဘဲ နေ့မအားညမနား အလုပ်လုပ်နေတယ်လို့ ယုံကြည်ကြတယ်။ ဒီလို ယုံကြည်ချက်ကြောင့် ပြည်သူတွေဟာ မိုဒီဘာလုပ်လုပ် သည်းခံ ခွင့်လွှတ် အနစ်နာခံအားပေး ထောက်ခံနေကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သာဓကပြစရာ တစ်ပုံတစ်ခေါင်းရှိတယ်။

ငွေမည်းတိုက်ဖျက်ရေး

မိုဒီအနေနဲ့ သူ့ရဲ့ ငွေမည်းတိုက်ဖျက်ရေး စစ်ပွဲကို ၂ဝ၁၆ နိုဝင်ဘာလက စတင်ခဲ့တယ်။ သူဟာ ငွေမည်းတိုက်ဖျက်ရေး အကြောင်းပြချက်နဲ့ အိန္ဒိယပြည်တွင်း လှည့်လည်သုံးစွဲနေတဲ့  ရူပီးငွေ ၅ဝဝ တန်နဲ့ ရူပီးငွေ ၁ဝဝဝ တန် ငွေစက္ကူများကို တရား ဝင်ငွေအဖြစ်မှ ရပ်စဲရုပ်သိမ်းခဲ့တယ်။ တရားဝင်အဖြစ်မှ ရပ်စဲလိုက်တဲ့  ငွေပမာဏဟာ ပြည်တွင်းလှည့်လည် သုံးစွဲငွေ စုစုပေါင်း ၈၆ ရာခိုင်နှုန်းတောင်ရှိတယ်။ ဒီတော့ တစ်တိုင်း ပြည်လုံး ငွေပြတ်လပ်သွားတယ်။ လက်လုပ်လက်စားများနဲ့ တောင်သူ လယ်သမားများ အပါအဝင် ဆင်းရဲသား ပြည်သူတွေအားလုံး အကြီးအကျယ် ဒုက္ခရောက်သွားခဲ့ကြတယ်။ သူတို့ခမျာ ဈေးဝယ်စရာ လက်ထဲငွေမရှိဖြစ်သွားတယ်။ ဈေးဆိုင်တွေ ဈေးမရောင်းရလို့ အာလူး၊ ကြက်သွန်တွေ ပုပ်ကုန်တယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေ ဗိုက်မှောက်နေကြရတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လုပ်ခပေးစရာ ငွေ မရှိလို့ အလုပ်ရပ်နားထားရတယ်။

တရားမဝင်ငွေနဲ့ တရားဝင်ငွေတွေကို ဘဏ်တွေမှာ လဲလှယ်နိုင်တယ်ဆိုလို့ ဘဏ်တွေရှေ့မှာ တန်းစီစောင့်ဆိုင်းနေကြသူတွေကလည်း တစ်ပုံတစ်ခေါင်းကြီး။ အလုပ်ပျက် အကိုင်ပျက်။ ဘဏ်တွေကလည်း ဘဏ်ကို ရောက်လာသမျှ လူတွေကို တရားဝင်ငွေတွေနဲ့ အပြည့်အဝလဲ မပေးနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဗဟိုဘဏ်က တရားဝင်ငွေတွေ အလုံအလောက် မပို့ပေးနိုင်လို့ဖြစ်တယ်။ ဒီလိုနဲ့ငွေလဲပေးတဲ့ အစီအစဉ်ဟာ ပေရှည်သွားတယ်။ ဝန်ကြီးချုပ် မိုဒီကတော့ သူ့ရဲ့ ငွေမည်းတိုက်ဖျက်ရေး အစီအစဉ်ဟာ အောင်မြင်တယ်လို့ တိုင်းပြည်ကို ကြေညာခဲ့တယ်။ ငွေ မည်းအတော်များများကို အစိုးရက သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုတယ်။ ဒီတော့ ငွေမည်း အမြောက်အမြား လက်ထဲကိုင်ထားကြတဲ့ သူဌေးကြီးတွေ အငိုက်မိသွားခဲ့ကြတယ်လို့ ယူဆခဲ့ကြတယ်။

ငွေမည်းတိုက်ဖျက်ရေး အစီအစဉ်မှာ ပြည်သူအတော်များများ ဒုက္ခရောက်ခဲ့ကြပေမယ့် ဒီအစီအစဉ်ကို မဖြစ်မနေ ဆောင်ရွက်ခဲ့တဲ့အတွက် မိုဒီကို ထောက်ခံအားပေးကြသူတွေ ပိုတောင်များလာသေးတယ်။ ဥပမာ ငွေမည်းတိုက်ဖျက်ရေး စတင်ခဲ့ပြီး နောက် သုံးလအကြာ ၂ဝ၁၇ မတ်လဆန်း ကျင်းပခဲ့တဲ့ ဥတ္တာပရာဒေ့ရှ် ပြည်နယ်ရွေးကောက်ပွဲမှာ မိုဒီရဲ့ BJP ပါတီဟာ အခြားပါတီတွေကို မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တယ်။ ဒီဖြစ်ရပ်က မိုဒီအပေါ် သာမန်ပြည်သူတွေ ဘယ်လောက်ထိ ယုံကြည်အားထားသလဲဆိုတာ ဖော်ညွှန်းခဲ့ပါတယ်။

မိုဒီက သူ့ရဲ့ ငွေမည်းတိုက်ဖျက်ရေး စီမံချက်အောင်မြင်ခဲ့တယ်လို့ဆိုတယ်။ သူ့ရဲ့ သြဂုတ်လ ၁၅ ရက် အိန္ဒိယ လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ တောင် ငွေမည်းတိုက်ဖျက်ရေး စီမံ ချက်ကြောင့် ဘဏ်စနစ်ထဲကို စာရင်းပျောက်နေတဲ့ ရူပီးငွေ သိန်းပေါင်းသုံး ကုဋေဝင်လာခဲ့တယ်လို့ ဖော်ပြခဲ့ပါသေးတယ်။ ဒါပေမယ့် သြဂုတ်လ ၃ဝ ရက်က အိန္ဒိယ ဗဟိုဘဏ် Reserve Bank of India (RBI) က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာပါ အချက် အလက်များနဲ့ ကွဲလွဲနေတယ်။ RBI ရဲ့ အဆိုအရ တရားမဝင်ငွေအဖြစ် ရုပ်သိမ်းခဲ့တဲ့ ငွေစက္ကူများရဲ့ စုစုပေါင်း တန်ဖိုးဟာ ရူပီးငွေ ၁၅.၄  ထရီလီယံရှိတယ်။ စာရင်းအရ ပြန် ဝင်လာတဲ့ ငွေစက္ကူစုပေါင်းဟာ ရူပီးငွေ ၁၅.၃ ထရီလီယံရှိခဲ့တယ်လို့ဆိုတယ်။ ဒီတော့ အိန္ဒိယ ငွေကြေးစကြဝဠာထဲမှာ ငွေမည်း (Black Money) တွေ မရှိသလို ဖြစ်နေတယ်။ ဒါကတော့ မဖြစ်နိုင်ဘူး။ ဘောဂဗေဒပညာရှင် အချို့ရဲ့ အမြင်ကတော့ ငွေမည်းလက်ထဲကိုင်ထားကြသူများဟာ တရားမဝင်ငွေကို တရားဝင်ငွေအဖြစ် သန္ဓေပြောင်းနိုင် တဲ့ နည်းလမ်းတွေ ရှာတွေ့သွားခဲ့ပုံရ တယ်လို့ ထောက်ပြခဲ့ကြတယ်။

ဒါပေမယ့် ဘာပဲပြောပြော နိုဝင်ဘာလက ပြည်တွင်းလှည့်လည်သုံးစွဲ ငွေများအနက် ၈၆ ရာခိုင်နှုန်းကို တရားမဝင်ငွေအဖြစ် ကြေညာခဲ့တဲ့အတွက် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ ဧပြီလထိ လေးလကာလအတွင်း အလုပ်အကိုင်ပေါင်း ၁.၅ သန်း ပျောက်ဆုံးသွားခဲ့ရပါသတဲ့။

 

GST  အခွန်စနစ်

ဝန်ကြီးချုပ် မိုဒီဟာ သတ္တိတော့ရှိတယ်။ လုပ်ရဲကိုင်ရဲတယ်။ ငွေမည်းကို တိုက်ဖျက်တဲ့အနေနဲ့ ငွေစက္ကူ အတော်များများကို တရားဝင်ငွေအဖြစ်မှ ရုပ်သိမ်းလိုက်တဲ့ ကိစ္စဟာနိုင်ငံခေါင်းဆောင်တစ်ဦးအနေနဲ့ တော်ရုံတန်ရုံ သတ္တိလေးနဲ့တော့ လုပ်ရဲကိုင်ရဲမှာ မဟုတ်ဘူး။ ၂ဝ၁၄ ရွေး ကောက်ပွဲမတိုင်မီကတည်းက မိုဒီဟာ သူဝန်ကြီးချုပ်ဖြစ်လာရင်  အိန္ဒိယငွေမည်းလောကကို ဖြိုခွင်းပစ်မယ်ဆိုပြီး စည်းရုံးရေးဆင်းခဲ့တယ်။ ပြောတဲ့အတိုင်းပဲ သူဟာ ငွေမည်းတိုက်ဖျက်ရေး အစီအမံကို အကောင် အထည်ဖော်ခဲ့တယ်။ အဲဒီနောက်ပိုင်း အမှန်တကယ် ငွေမည်းတွေ ပျောက် ကွယ်သွားသလား၊ ဒါမှမဟုတ် ပျောက်ကွယ်မသွားဘူးလား။ ဒါက သူနဲ့မဆိုင်ဘူး။ ရွေးကောက်ပွဲတုန်းက သူကတိပေးထားတဲ့အတိုင်း အများပြည်သူ အကျိုးအတွက် ငွေ မည်းကို ထိုးစစ်ဆင်ခဲ့တယ်။ ထိုးစစ်ဆင်ပြတယ်။

အဲသလိုပဲ ဝန်ကြီးချုပ်မိုဒီဟာ တစ်တိုင်းပြည်လုံးနဲ့ သက်ဆိုင်တဲ့၊ ဘယ်ဝန်ကြီးချုပ်ကမှ မလုပ်ခဲ့ဖူးတဲ့ အလုပ်တစ်ခုကို နောက်ထပ်လုပ်ပြခဲ့ပါသေးတယ်။ ဒါကတော့ Goods and Services Tax (GST) လို့ခေါ်တဲ့ တစ်နိုင်ငံလုံး တစ်ပြေးညီ အခွန် စနစ်သစ်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါတယ်။ ဒီ GST ဟာ ဒီနှစ် ဇူလိုင် ၁ ရက်က စပြီး အိန္ဒိယနိုင်ငံ တစ်ဝန်းမှာ သက် ရောက်မှုရှိတယ်။

အိန္ဒိယနိုင်ငံမှာ ၂၉ ပြည်နယ်ရှိတယ်။ အရင်ကဆိုရင် ပြည်နယ်တစ်ခုစီမှာ သီးသန့် အခွန်ကောက်ခံတဲ့ စနစ်များရှိတယ်။ ပြည်နယ်တစ်ခုနဲ့တစ်ခု အခွန်ကောက်ခံပုံ စနစ်ချင်းမတူဘူး။ သူတစ်နည်း ငါတစ်ဖုံဖြစ်နေကြတယ်။ အချို့ စီးပွားရေး လုပ်ငန်းများဆိုရင် အခွန်စည်းကြပ်ဖို့အတွက် သက်ဆိုင်ရာ အစိုးရဌာနများကို တင်ပြကြရတဲ့ ဝင်ငွေစာရင်းများ (Tax-Returns) ဟာ တစ် နှစ်မှာ အမျိုးပေါင်း ၁ဝဝဝ ကျော်ရှိတယ်။ ကုမ္ပဏီတစ်ခုဟာ ပြည်နယ်သုံးလေးပြည်နယ်မှာ ကုမ္ပဏီခွဲများ ဖွင့်လှစ်ထားတယ်ဆိုရင် ဘယ် လောက်အလုပ်ရှုပ်လိုက်မလဲ တွေးသာကြည့်ပေတော့။

ခုတော့ မိုဒီက ဒီစနစ်ဟောင်းကို ပြင်တယ်။ ပြည်နယ်တိုင်းမှာ အခွန်ကောက်ခံပုံစနစ်ချင်း တူညီ အောင်ညှိတယ်။ ဒီတော့ ဗဟိုအဆင့်နဲ့ ပြည်နယ်များမှာ အခွန်အကောက် စည်းကြပ်မှု အရှုပ်အထွေးကို ဖြစ်နိုင်သမျှ တစ်ပြေးညီဖြစ်အောင်လုပ်တယ်။ အတော်အသင့်တော့ ရှင်းလင်းသွားပြီ။ စီးပွားရေးလုပ်ငန်း တစ်ခုအနေနဲ့ အခွန်စည်းကြပ်ဖို့အတွက် အစိုးရဌာနများကို တင်ပြကြရမယ့် စာရင်းများဟာ တစ်နှစ်မှာ ၃၇ မျိုး။ ၁၂ လ ဆိုတော့ ၃၆ မျိုး။ ပြီးတော့ နှစ်ချုပ် စာရင်းကတစ်မျိုး။ ဒီတော့ တစ်နှစ် မှာ စုစုပေါင်းက ၃၇ မျိုး ဖြစ်ပါတယ်။

အချို့ရဲ့ အမြင်မှာတော့ အခွန်ကောက်တဲ့စနစ်ဟာ ရှင်းတယ်ဆိုပေမယ့် ရှုပ်နေပါသေးတယ်လို့ ထောက်ပြကြတယ်။ ဥပမာ နိုင်ငံအတော်များများမှာ ထပ်တိုးခွန်နှုန်း Value-added tax(VAT)rate ကို ကုန်စည်များ goods နဲ့ ဝန်ဆောင်မှုများ Services အပေါ်မှာ တစ်မျိုးတည်းသော နှုန်းကိုပဲ သတ်မှတ်ကောက်ခံကြတယ်လို့ဆိုတယ်။ GST မှာကျတော့ ခြောက်မျိုးတောင် ခွဲခြားစည်းကြပ်တယ်။ ခေါင်းလျှော်ရည်၊ နံရံကပ်ပန်းပြောက်စက္ကူများကိုတော့ ဇိမ်ခံ ပစ္စည်းသတ်မှတ်ပြီး ၂၈ ရာခိုင်နှုန်း ထပ်တိုးခွန် ကောက်ခံတယ်။ လိုင်နာတောင့်နဲ့ ဟင်းမွှေးမဆလာက ၁၈ ရာခိုင်နှုန်း။ စားသောက်ဆိုင်သေးက ငါးရာခိုင်နှုန်း၊ စားသောက်ဆိုင်ကြီးကျတော့ ၁၂ ရာခိုင်နှုန်း။ ဆိုင်မှာ လေအေးစက် တပ်ဆင်ထားရင်တော့ ၁၈ ရာခိုင်နှုန်း စသည်ဖြင့် အမျိုးအစား ခွဲခြားပြီး ထပ်တိုးခွန် စည်းကြပ်တယ်။

မိုဒီဟာ 'နိုင်ငံတစ်နိုင်ငံ၊ အခွန်စနစ်တစ်ခု' (one Nation, One tax)) ဆိုတဲ့ မူကို ကိုင်စွဲပြီး ဒီ GST အခွန်စနစ်ကို ပြဋ္ဌာန်းခဲ့တာပါ။ သာမန်ပြည်သူတွေအတွက် အခွန်စနစ်ဟာ ရိုးရှင်းပြီး ပွင့်လင်းရမယ်။ အခွန်ကောက်ခံသူများက တာဝန်ခံမှုရှိရ မယ်လို့ မိုဒီကဆိုတယ်။ ဒါပေမယ့် ဒီအခွန်စနစ်သစ်ကြောင့် ရေတိုကာလမှာ ငွေကြေးဖောင်းပွလာမှာကို စိုးရိမ်နေကြတယ်။ လောလောဆယ်မှာ အခွန်စနစ်သစ်ကြောင့် ဘာတွေဖြစ် လာမလဲမသိတော့ အသေးစားနဲ့ အလတ်စားလုပ်ငန်းအတော်များများက အလုပ်သမားတွေ နောက်ထပ် ငှားရမ်းကြခြင်းမရှိဘဲ အခြေအနေ စောင့်ကြည့်နေကြတယ်။

 

အနာဂတ်မြင်ကွင်း

သြဂုတ်လ ၁၂ ရက်က အိန္ဒိယ ပါလီမန်မှာ နှစ်လယ် စီးပွားရေးသုံး သပ်ချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတယ်။ ရလဒ်ကတော့ သိပ်မကောင်းဘူး။ အိန္ဒိယ စီးပွားရေးဟာ ကျရိပ်သမ်းနေပါသတဲ့။ အစိုးရဟာ မလိုအပ်ဘဲ ငွေစက္ကူအတော်များ များကို လှည့်လည်သုံးစွဲငွေအဖြစ်မှ ရပ်စဲ (Demonetisation) ခဲ့တဲ့အတွက် ကုန်ကျစရိတ်ကြီးမားခဲ့တယ်။ ရူပီးငွေတန်ဖိုးမြင့်တက်သွားတယ်။ ဘဏ်တွေ အကျပ်တွေ့သွားတယ်။ ကောက်ပဲသီးနှံဈေးနှုန်း နိမ့်ကျသွားတယ်။ GST အခွန်စနစ်သစ် အကူး အပြောင်းကာလမှာ သဘောထားကွဲလွဲမှုတွေပေါ်ထွက်လာနိုင်တယ်။အ လုပ်လက်မဲ့များ တိုးပွားလာနိုင်တယ်။ ဒါတွေကြောင့် ၂ဝ၁၇-၂ဝ၁၈ ဂျီဒီပီ ရည်မှန်းချက်ပန်းတိုင် ၇.၅ ရာခိုင်နှုန်းကို ဘယ်လိုမှ ရောက်လာနိုင်မှာ မဟုတ်ဘူးလို့ ထောက်ပြကြတယ်။ IMF ရဲ့ ခန့်မှန်းဂျီဒီပီက ၇.၂ ရာခိုင် နှုန်းဖြစ်ပါတယ်။

မိုဒီအနေနဲ့ ချမှတ်ထားတဲ့ စီမံကိန်းတွေ တစ်ပုံတစ်ခေါင်းရှိတယ်။ Make in India, Smart Cities, Start Up India, Skill India စသည်ဖြင့် တော်တော်များတယ်။ ဒီစီမံကိန်းများအတွက် နိုင်ငံခြားမှာ ရင်းနှီးမြှုပ်နှံမှု FDI တွေ ထင်သလောက် ရောက်မ လာလို့ အလုပ်မဖြစ်ဘူး။ ပြည်တွင်းက ရင်းနှီးမြှုပ်မှုကလည်း ပေါ်မလာဘူး။ ဘဏ်တွေက ကြွေးပိနေလို့ ငွေလည်းထုတ်မချေးနိုင်ဘူး။ မနှစ်ကနဲ့ နှိုင်းစာရင် ဇွန်လမှာ စက်မှု ကုန်ထုတ်က ဝ.၁ ရာခိုင်နှုန်းကျ ဆင်းသွားခဲ့တယ်။ အဲသလိုပဲ မနှစ်ကပဲနဲ့ ယှဉ်ရင် ဇူလိုင်လမှာ ကုန်ချောထုတ်လုပ်မှုက ဝ.၄ ရာခိုင်နှုန်းကျ ဆင်းသွားခဲ့တယ်။

မိုဒီဟာ စီးပွားရေးမြစ်မဟာမှာ ရေဆန်လေဆန်လှော်ခတ်နေရပေမယ့် အိန္ဒိယပြည်သူများက သူ့ရဲ့ လုပ်ဆောင်ချက်များကို ကောင်းချီးသြဘာပေးလျက်ပါ။ မိုဒီအစိုးရဟာ ဒီကနေ့ထိ လာဘ်စားမှု ကင်းရှင်းနေတဲ့အတွက် ပြည်သူများက သာဓုခေါ် နေကြတုန်း။ မိုဒီက အိန္ဒိယနိုင်ငံမှာ 'ရိုးသားမှုပွဲတော်' (Festival of honesty) ကျင်းပနေပါပြီလို့ လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာတောင် ထည့်သွင်းပြောဆိုခဲ့ပါတယ်။ တကယ်တော့ ဝန်ကြီးချုပ်မိုဒီဟာ လုပ်ရဲကိုင်ရဲသတ္တိခဲ တစ်ဦးပါပဲလို့ ဆိုရလေမလား။

 

မင်းရွှေမောင်

 

Ref: “MODI RULES but why he needs to worry” INDIA TODAY; Aug 28,2017

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.