19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ဂလိုဘယ်လိုက်ဇေးရှင်းအတွက် မျှော်လင့်ချက်ရောင်ခြည်

နောင်တစ်ချိန်မှာ ယနေ့ခေတ်ရဲ့ စီးပွားရေးသမိုင်းကို စစ်တမ်းထုတ်တဲ့အခါ ၂ဝ၁၆ ခုနှစ်ဟာ အင်မတန်အရေးပါတဲ့ နှစ်တစ်နှစ်ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစဉ်ချောနေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း Globalisation ကို ပြောင်းပြန်လှန်ပစ်ခဲ့တဲ့ နှစ်ဖြစ်လို့ပါပဲ။

၁၉၈ဝ နှစ်များရဲ့ အစောပိုင်းကာလက ကမ္ဘာ့နိုင်ငံကြီး နှစ်နိုင်ငံဟာ ဂလိုဘယ် လိုက်ဇေးရှင်းအတွက် အုတ်မြစ်ချပေးခဲ့ပြီး ကမ္ဘာတစ်လွှား လွတ်လပ်တဲ့ ဈေးကွက်များနဲ့  ကမ္ဘာသူကမ္ဘာသား လူအများရဲ့ ချမ်းသာကြွယ်ဝရေးကို ပုံဖော်ဖန်ဆင်း တံခါး ဖွင့်ပေးခဲ့ကြတယ်။ အဲဒီနှစ်နိုင်ငံကတော့ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတို့ ဖြစ်ကြပါတယ်။ အဲဒီတုန်းက အမေရိကန်နိုင်ငံမှာ ရော်နယ်ရေဂင်ကသမ္မတ။ ဗြိတိန်နိုင်ငံမှာက ဝန်ကြီးချုပ် မာဂရက်သက်ချာ။ နိုင်ငံရေး သဘောထားခံယူချက် အရပြောရင် ရေဂင်ဟာ အမေရိကန် ရီပတ်ဗလီကန်ဖြစ်ပြီး သက်ချာကတော့ ဗြိတိသျှ ကွန်ဆာဗေးတစ်။ နှစ်ဦးစလုံးက လက်ယာအုပ်စု အမာခံနိုင်ငံရေးသမားကြီးတွေ။ ဒီပုဂ္ဂိုလ်နှစ်ဦးဟာ သူတို့ရဲ့ ပြည်တွင်းမှာသာမက ကမ္ဘာတစ်ဝန်းမှာ ပွင့်လင်းပြီး လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို  အားပေးထောက်ခံမြှင့်တင်ပေးခဲ့ကြတယ်။ ရော်နယ်ရေဂင်ဟာ အမေရိကန်သမ္မတအဖြစ် ၁၉၈၁ ခုနှစ်ကစပြီး ၁၉၈၉ အထိ ဆောင်ရွက်ခဲ့တယ်။ မာဂရက် သက်ချာဆိုရင်လည်း ဝန်ကြီးချုပ်အဖြစ်  ၁၉၇၉ ခုနှစ်မှစပြီး ၁၉၉ဝ အထိ တာဝန်ယူလုပ်ဆောင်နိုင်ခဲ့တယ်။

ဒါပေမယ့် ဖြစ်ချင်တော့ ဒီနှစ်နိုင်ငံက ရီပတ်ဗလီကန်တစ်ဦးနဲ့ ကွန်ဆာဗေးတစ်ဦးတို့ကပဲ ဂလိုဘယ်လိုက်ဇေးရှင်းကို ပြောင်းပြန်လှန်ပစ်ဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြတယ်။ ဖြစ် တောင့်ဖြစ်ခဲတိုက်ဆိုင်မှုတစ်ရပ်ပါပဲ။ အမေရိကန်နိုင်ငံက ရီပတ်ဗလီကန်ကတော့ သမ္မတ ဒေါ်နယ်ထရန့် ဖြစ်ပါတယ်။  ဗြိတိန်က ကွန်ဆာဗေးတစ် ပုဂ္ဂိုလ်ကတော့ ဥရောပ သမဂ္ဂ EU မှ ဗြိတိန်ကို နုတ်ထွက်စေချင်တဲ့ ဘောရစ်ဂျွန်ဆင်ဖြစ်တယ်။ သူတို့ နှစ်ဦးရဲ့ ဦးဆောင် လှုပ်ရှားမှု ကြောင့် ဂလိုဘယ်လိုက်ဇေးရှင်းဟာ ရုတ်တရက် ကမ္ဘာတစ်လွှားမှာ ဒယီးဒယိုင် ဖြစ်သွားခဲ့ရတယ်။

ဗြိတိန်မှာ လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီး ခွဲထွက်ရေးအုပ်စုက နှာတစ်ဖျား အနိုင်ရသွားခဲ့တာကြောင့် ဗြိတိန်ဟာ ဥရောပသမဂ္ဂမှ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အမေရိကန်နိုင်ငံမှာ Donald Trump သမ္မတဖြစ်လာတော့ ခက်ခက်ခဲခဲနဲ့ ဆွေးနွေးညှိ နှိုင်းခဲ့ရတဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေး အစီအစဉ်များကို ဖျက်သိမ်းပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်။ ပြောတဲ့အတိုင်းပဲ ထရန့်ဟာ TransPacific Partnership (TPP) က နုတ်ထွက်ခဲ့တယ်။ North American Free Trade Agreement (NAFTA) နဲ့ ပတ်သက်ပြီး အဖွဲ့ဝင် နိုင်ငံများနဲ့ ပြန်လည်ဆွေးနွေးတယ်။ တကယ်လို့ ကျေနပ်မှုမရှိရင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO မှ နုတ်ထွက်မယ်လို့ Trump က ကြုံးဝါးထားတယ်။

ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ စီးပွားရေး အတွေးအမြင်အပေါ် ကုန်သွယ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ဆန့်ကျင်ရေးရဲ့ နိုင်ငံရေးအမြင်က လွှမ်းမိုးလာမှုဟာ ဂလိုဘယ် စီးပွားရေး တစ်ခုလုံးအတွက် အန္တရာယ်ရှိလာနိုင်တယ်။ အထူးသဖြင့် ဆင်းရဲတဲ့ နိုင်ငံ များအတွက်  အနုတ်လက္ခဏာ ဆောင်တဲ့ဖြစ်ရပ်တစ်ခုဖြစ်တယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးခုအတွင်း သန်းပေါင်းများစွာသော ဆင်းရဲသားများဟာ ဆင်းရဲမွဲတေမှုဘဝက လွတ် မြောက်ခဲ့ကြတယ်။ ဒါဟာ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ ရလဒ်ကောင်းတစ်ခု ဖြစ်တယ်။ လူ့သမိုင်းမှာ အဲဒီလို အတွေ့အကြုံမျိုး ဘယ်တုန်းကမှ မရှိ ခဲ့ပါဘူး။

ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ ကျေးဇူးကြောင့် တရုတ်နဲ့အိန္ဒိယမှာ နေထိုင်ကြတဲ့ ဆင်းရဲသားများစွာဟာ စားရမဲ့သောက်ရမဲ့ အငတ်ငတ်အပြတ်ပြတ် ဘဝကနေ ထမင်းနပ်မှန် စားလာနိုင်ခဲ့ကြတယ်။ အာဖရိကမှာလည်း ဆင်းရဲသားအတော်များများ ဟာ ပုံမှန်အခြေအနေကို ရောက်ရှိလာခဲ့ကြတယ်။ ယခင် အရှေ့ဥရောပ ကွန်မြူနစ်နိုင်ငံများမှာတောင် အောက်ခြေလူတန်းစားများရဲ့ အခြေအနေဟာ သိပ်ပြီးဆိုးရွား သွားခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ ဂလိုဘယ်လိုက်ဇေးရှင်း ဟာ အချိုးအကွေ့တစ်ခုသို့ ရောက်လာခဲ့ပါပြီ။ ကမ္ဘာ့ဆင်းရဲသားထုရဲ့ ဘဝဟာ ဆက်လက်ကောင်းလာမလား။ ဒါမှမဟုတ် ဆိုးရွားသွားလေမလား။ စဉ်းစားစရာ  ဖြစ်လာပါပြီ။

 

ဂလိုဘယ်လိုက်ဇ်ပုံပြင်

ဂလိုယ်လိုက်ဇေးရှင်း ဘာကြောင့်ဖြစ်ပေါ်ခဲ့ရသလဲ သိချင်ရင်ရေဂင်နဲ့ သက်ချာတို့ရဲ့ခေတ်က ကမ္ဘာ့နိုင်ငံများရဲ့ စီးပွားရေး အခြေအနေကို တစေ့တစောင်းကြည့်ရုံမျှနဲ့ သဘောပေါက်နားလည်နိုင်ပါတယ်။

အဲဒီတုန်းက အမေရိကန်နဲ့ အနောက် ဥရောပနိုင်ငံများရဲ့ စီးပွားရေးဟာ တိုးတက်မှု ဆိတ်သုဉ်းနေတယ်။ ဘောဂဗေဒ ဝေါဟာရအရပြောရင် Stagnation ဖြစ်နေတယ်။ ဒီထက်ပိုဆိုးတာက ကုန်ဈေးနှုန်းတွေ ကြီးမြင့်ပြီး ငွေကြေးဖောင်းပွမှု Inflation က လည်း ဖြစ်နေလိုက်သေးတယ်။

ကွန်မြူနစ်နိုင်ငံများဖြစ်တဲ့ ဆိုဗီယက်ယူနီယံနဲ့ အရှေ့ဥရောပနိုင်ငံများကတော့ ဒေဝါလီခံကြရတော့ မယ့်ကိန်းဆိုက်နေတယ်။ အာဖရိကနဲ့ လက်တင်အမေရိက Latin America နိုင်ငံများကတော့ နိုင်ငံတကာ ပေးစာကမ်းစာနဲ့ သက်ရှင်ရပ်တည်နေရတဲ့ ဘဝ။ တရုတ်ကြီးကတော့ တစ်ကိုယ်တော် ကွန်မြူနစ်ဝါဒကျင့်သုံးပြီး စီးပွားရေးက အောက်ခြေရောက်နေတဲ့အချိန်။ အိန္ဒိယနဲ့တောင်အာရှ နိုင်ငံများကတော့ ဆင်းရဲတွင်းနက်နေတဲ့ ကာလဖြစ်ပါတယ်။ ဒါပေမယ့် အဲသလိုအချိန်မှာ စီးပွားရေးစန်းထနေတဲ့ နိုင်ငံအချို့လည်းရှိခဲ့ပါတ်။ အဲဒီနိုင်ငံတွေကတော့ ဂျပန်နဲ့ အရှေ့ အာရှကျားစီးပွားရေးများ East Asian Tiger Economics လို့ ခေါ်ခဲ့ကြတဲ့ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ စင်ကာပူတို့ ဖြစ်ကြပါတယ်။

တကယ်တော့ အခုလို ဖွံ့ဖြိုးပြီး နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများ စီးပွားရေး ကျဉ်းထဲကျပ်ထဲ ရောက်နေချိန်မှာ ဂလိုဘယ်လိုက်ဇေးရှင်း စတင်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီနောက် ၂ဝဝ၇ ခုနှစ်ထိ ၂၅ နှစ်ကာလအတွင်းမှာ အသစ်တစ် ဖန် ဆန်းသစ်ပီပြင်လာတဲ့ ဈေးကွက် ပုံဖော်ဖန်ဆင်းမှုတွေကြောင့် ကမ္ဘာ့စီးပွားရေးဟာ ပြန်လည်နိုးထ ရှင်သန်လာခဲ့တယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံများဟာ စီးပွားရေး အ လွန့်အလွန်ကောင်းမွန်လာခဲ့တယ်။ ဥရောပရဲ့ ဥရောပသမဂ္ဂအဖွဲ့အစည်းအတွင်းမှာ အချို့သော အဖွဲ့ဝင်နိုင်ငံများက တစ်ခုတည်းသော ငွေကြေးသုံးစွဲရေး နယ်ပယ်တစ်ခုကိုတောင် ဖော်ဆောင်နိုင်ခဲ့ကြတယ်။

ဆိုဗီယက်ယူနီယံဟာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့ပေမယ့် ရုရှားနိုင်ငံဟာ ဖရိုဖရဲအခြေအနေကို ကျော်လွှားနိုင်ခဲ့ပြီး စီးပွားရေးကို ပြန်လည်တည့်မတ် ထိန်းသိမ်းထားနိုင်ခဲ့တယ်။ အရှေ့ဥရောပမှာလည်း စီးပွားရေး အခြေအနေကောင်းမွန်စပြုလာတယ်။ အာဖရိကနဲ့ လက်တင် အမေ ရိကနိုင်ငံများဟာ ၁၉၇ဝ နှစ်များနဲ့ ၁၉၈ဝ နှစ်များအတွင်းက စီးပွားရေးထိုင်းမှိုင်းနေမှုကို  ကောင်းမွန်စွာ ကျော်ဖြတ်လာနိုင်ခဲ့ကြတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ စီးပွားရေး အတိုးတက်ဆုံးနိုင်ငံကတော့ တရုတ်ပါပဲ။ ကမ္ဘာပေါ်မှာ အမေရိကန်နိုင်ငံပြီးနောက် ဒုတိယအကြီးမားဆုံး စီးပွားရေးအဖြစ် တက်လှမ်းနေရာယူနိုင်ခဲ့တယ်။ အိန္ဒိယဟာ တရုတ်လောက် စီးပွားရေး စွမ်းဆောင်နိုင်မှု မရှိပေမယ့် ၁၉၉၁ ခုနှစ် ကစပြီး တိုးတက်မှုနှုန်း မြင့်တက်လာခဲ့တယ်။ အဲသလိုပဲ တောင်အာရှနိုင်ငံများရဲ့ စီးပွားရေးကလည်း တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ အရှေ့အာရှနိုင်ငံများရဲ့ စီးပွားရေးကလည်း ဆက်လက်ကောင်းမွန်နေဆဲပါ။ ပြောစရာရှိတာက ဂျပန်နိုင်ငံရဲ့ စီးပွားရေးဟာ ဂလိုဘယ်လိုက်ဇေးရှင်း ကာလတစ်လျှောက် ကြွတက်မလာဘဲ တန့်ရပ်သွားခဲ့ခြင်းဖြစ်ပါတယ်။

ဒါပေမယ့် ဘာပဲပြောပြော ဂလိုဘယ်လိုက်ဇေးရှင်း ဒီလှိုင်းကြီးမြင့် အတက်မှာ ကမ္ဘာ့နိုင်ငံအတော်များများဟာ ရေမြင့်ကြာတင့်ဖြစ်ခဲ့ကြပါတယ်။ ဒီလိုဆိုပေမယ့် ၂ဝဝ၈ ခုနှစ်၊ စက်တင်ဘာလမှာ အမေရိကန်နိုင်ငံက ဧရာမ Lehman Brothers ရင်းနှီးမြှုပ်နှံမှု ဘဏ်ကြီးတစ်ခု ပြိုလဲသွားမှုနဲ့အတူ ဂလိုဘယ်ဘဏ္ဍာရေးစနစ်ကြီး တစ်ခုလုံးပါ ပြိုလဲသွားတော့ မလိုဖြစ်ခဲ့တာကြောင့် ဂလိုဘယ်လိုက်ဇေးရှင်း ဇာတ်လမ်းတွဲဟာက ပြောင်းကပြန်ဖြစ်သွားခဲ့ရတယ်။ အဲဒီနောက်ပိုင်း အနောက်နိုင်ငံများမှာ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ပတ်သက်ပြီး မေးခွန်းတွေထုတ်လာခဲ့ကြတယ်။ လွတ်လပ်တဲ့ ဈေးကွက်တော်လှန်ရေးဟာ အလွန်အမင်းတာသွားခဲ့လို့လား။ ဒါမှမဟုတ် သိပ်ပြီး မြန်ဆန်သွားခဲ့လို့လား။ ဒါမှမဟုတ် လွတ်လပ်တဲ့ ဈေးကွက်များအပေါ် ထိန်းချုပ်မှု အင်မတန်လျော့နည်းသွားခဲ့လို့လား စသည်ဖြင့် မေးခွန်းတွေ ထုတ် ခဲ့ကြတယ်။

ဂလိုဘယ်ဘဏ္ဍာရေးစနစ်ကြီး ရုတ်တရက် ပြိုလဲသွားတော့မလိုဖြစ် ပြီးနောက် တစ်နှစ် နှစ်နှစ်အကြာမှာ နောက်ထပ်မေးခွန်းသစ်တွေ ပေါ်ထွက်လာတယ်။ ဂလိုဘယ် အရင်းရှင်စနစ်ဟာ တရားဝင်ရဲ့လားဆိုတဲ့ ပြဿနာထွက်ပေါ်လာတယ်။ အခြေ ခံအကြောင်းတရားက ဘာလဲဆိုတော့  အနောက်နိုင်ငံ အစိုးရများဟာ ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ပုဂ္ဂလိက ဘဏ်ကြီးများကို ကယ်တင်ခဲ့ကြလို့ ဖြစ်တယ်။ တကယ်တော့ ဒါကအဓိပ္ပာယ်မရှိဘူး။ အရင်းရှင်စနစ်ရဲ့ စံနှုန်းစံထားနဲ့မညီဘူး။ ဒါပေမယ့် အစိုးရများက စီးပွားရေးစနစ်ကြီးတစ်ခုလုံး ပြိုလဲမသွားရအောင် ကြိုး ပမ်းမှုအဖြစ် ဆင်ခြေပေးပြီး ဘဏ်ကြီးများကို ငွေကြေးအမြောက်အမြား စိုက်ထုတ်ကာ အကူအညီပေးခဲ့ကြတယ်။ ဘဏ်ကြီးများ ပြိုလဲမှုကြောင့် အိမ်ရာမဲ့ဖြစ်သွားခဲ့ကြတဲ့ ပြည်သူတွေကိုတော့ အစိုးရများက အကူအညီမပေးခဲ့ကြဘူး။ ဒါကြောင့် အရင်းရှင် အစိုးရနဲ့ ပြည်သူများအကြားမှာ ပြဿနာဖြစ်လာခဲ့တယ်။

ခုလို အစိုးရများက ဘဏ်ကြီးများကို ငွေကြေးအမြောက်အမြား စိုက်ထုတ်အကူအညီပေးခဲ့ရတဲ့အတွက် အစိုးရများဟာ ကြွေးပိလာခဲ့တယ်။ အမေရိကန်ဒေါ်လာဟာ ကမ္ဘာသုံးငွေဖြစ်နေတဲ့အတွက် အမေရိကန်နိုင်ငံမှာ သိပ်ပြီး ပြဿနာ မတက်ခဲ့ပေမယ့် ဒါဟာ ဒုတိယဘဏ္ဍာရေး ပြဿနာအဖြစ် ၂ဝ၁ဝ-၂ဝ၁၁ နှစ်များက ဥရောပ တောင်ပိုင်းနိုင်ငံများမှာပေါ်ထွက်လာခဲ့တယ်။  ဥပမာ ကြွေးပိနေတဲ့ ဂရိနိုင်ငံမှာဆိုရင် ဒီကြွေးမြီပြဿနာဟာ ဒီကနေ့ အထိ ဖြေရှင်းနေရဆဲပါပဲ။

ဖြစ်ချင်တော့ ဂလိုဘယ်ဘဏ္ဍာရေးနဲ့ အစိုးရများရဲ့ အရမ်းကာရော ဘဏ္ဍာငွေသုံးစွဲမှု ပြဿနာများဟာ နောက်ဆုံးအဆင့်မှာ လွတ်လပ်တဲ့ကုန်သွယ်ရေး (Free Trade) နဲ့ လူ အများ လွတ်လွတ်လပ်လပ် ရွှေ့ပြောင်းနေထိုင်ရေး မူဝါဒများ Liberal immigtraion Policies ဆီ ဦးတည်ရိုက်ခတ် ပစ်မှတ်ထားလာခဲ့တယ်။ ဂလိုဘယ်လိုက်ဇေးရှင်း ကြောင့် အမေရိကန်ကုမ္ပဏီကြီးတွေဟာ လုပ်ခလစာသက်သာတဲ့ တရုတ်လို နိုင်ငံများကို ရွှေ့ပြောင်းသွားခဲ့ကြတယ်။ အမေရိကန်လုပ်သားတွေ အလုပ်လက်မဲ့ဖြစ်သွားကြတယ်။ ကုမ္ပဏီပိုင်ရှင် သူဌေးကြီးတွေ အမြတ်အစွန်း မြိုးမြိုးမြက်မြက်ရရှိခဲ့ကြပေမယ့် အမေရိကန်လူဖြူ လူလတ်တန်းစားများ ဆင်းရဲသွားတယ်။ ပြီးတော့ အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်ဖို့ တရားဝင်ရော၊ တရားမဝင်ရော ရောက်လာခဲ့ကြတဲ့ နိုင်ငံခြား သားများကြောင့် အမေရိကန်လူဖြူ အလုပ်လက်မဲ့များရဲ့ အခြေအနေဟာ ပိုပြီး ဆိုးရွားသွားခဲ့တယ်လို့ အမေရိကန်လူဖြူတွေက မြင်လာခဲ့ကြတယ်။

ဥရောပနိုင်ငံများအတွင်းမှာလည်း အလားတူ ပြဿနာတွေရှိတယ်။ ဥရောပ မြောက်ပိုင်းနိုင်ငံများက ချမ်းသာပြီး ဥရောပတောင်ပိုင်း နိုင်ငံတွေ ဆင်းရဲရခြင်းဟာ မြောက်ပိုင်းနိုင်ငံများက တောင်ပိုင်းနိုင်ငံတွေအပေါ် ခြယ်လှယ်အမြတ်ထုတ်ကြတဲ့ အတွက်ဖြစ်တယ်လို့ တောင်ပိုင်းနိုင်ငံသားများက မြင်တယ်။ ပြီးတော့ အာဖရိကမြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းဒေသများမှ ရွှေ့ပြောင်း ဝင်ရောက်လာကြသူများကို ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံများက  လက်ခံကြဖို့ ခွဲတမ်းချနေတဲ့ ဂျာမနီနိုင်ငံအပေါ်မှာလည်း အခြားနိုင်ငံတွေက ကျေနပ်ခြင်းမရှိကြဘူး။

တကယ်လို့ အမေရိကန်နိုင်ငံက သူ့ရဲ့ပြည်တွင်းစီးပွား ကာကွယ်ရေးမူဝါဒများကို ကျင့်သုံးလာမယ်ဆိုရင်တောင်မှ လွတ်လပ်တဲ့ ကုန်သွယ်ရေးအပေါ် အခြေခံ တည်ဆောက်ထားတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် စီးပွားရေး ရှင်သန်ကောင်းမွန်လာခဲ့ကြတဲ့ အာရှနိုင်ငံများဟာ ဒါကိုပဲ ဆက်လက်ဖက်တွယ် ထားနိုင်တယ်။ ဂလိုဘယ် ကုန်စည်ဈေးကွက်ဟာ ကြီးမားတယ်။ တန်ဖိုးအားဖြင့် အမေ ရိကန်ဒေါ်လာ ၁၈ ထရီလီယံ လောက်ရှိတယ်။ ဒီတော့ မျှော်လင့် ချက်ရောင်ခြည်လေးကတော့ သမ်းနေဦးမှာပါ။

မင်းရွှေမောင်

Ref: “What Nextfor Globalisation” by Dhiraj Nayyar; Economic & Political Weekly, 2017.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.