19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
စီးပွားရေးလုပ်ငန်း သီအိုရီ

ဘောဂဗေဒ စကြဝဠာမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်ရှိတယ်။ ဒီပြဿနာတွေကို နားလည်သဘောပေါက်ဖို့ ဒါမှမဟုတ် ဖြေရှင်းနိုင်ဖို့အတွက် ခေတ် အဆက်ဆက်မှာ ဘောဂဗေဒပညာရှင်များဟာ ကြိုးပမ်းအားထုတ်ခဲ့ကြပါတယ်။ ဆက်လက် ကြိုးပမ်းနေကြဆဲလည်း ဖြစ်တယ်။ ပမာအားဖြင့် ဈေးကွက်များ Markets နဲ့ စီးပွားရေးလုပ်ငန်းများ Firms ဟာ အတူတူပဲလား ဒါမှမဟုတ် ကွာခြားသလား။ ကွာခြားရင် ဘယ်လိုကွာခြားသလဲ။ တကယ်လို့ ဈေးကွက်များဟာ အရင်းအမြစ်များကို စီမံခန့်ခွဲတဲ့နေရာမှာ ခြေခြေမြစ်မြစ် လုပ်ဆောင်နိုင်တယ်ဆိုရင် ဘာကြောင့် စီးပွားရေးလုပ်ငန်းများဟာ ဖြစ်တည်နေသလဲ။

တစ်နေ့သော နံနက်ခင်းမှာ ဘောဂဗေဒပညာရှင်တစ်ဦးဟာ ရှပ်အင်္ကျီဝယ်ဖို့ ဈေးကိုသွားခဲ့ပါသတဲ့။ သူရွေးချယ်လိုက်တဲ့ ရှပ်အင်္ကျီဟာ အံ့သြဖွယ်ကောင်း လောက်အောင် ဂလိုဘယ် ထုတ်လုပ်မှုတစ်ခုဖြစ်နေတာ တွေ့လိုက်ရတယ်။ သူ့ရှပ်အင်္ကျီ ကို ဂျာမန်စက်များ အသုံးပြုကာ မလေးရှားမှာ ချုပ်လုပ်တယ်။ အထည်စကတော့ အိန္ဒိယမှာ ရက်လုပ်တဲ့ ချည်ထည်။ ချည်ကိုတော့ အမေရိကန်က မျိုးစေ့နဲ့  စိုက်ပျိုးထားတဲ့ ဝါပင်က ရရှိတယ်။ ရှပ်အင်္ကျီရဲ့ ကော်လာလိုင်နင်ဟာ ဘရာဇီးရဲ့ လက်ရာ။ သဘာဝကို တုပထားတဲ့ ဖိုင်ဘာကတော့ ပေါ်တူဂီက ရောက်လာတာ ဖြစ်တယ်။ အရောင်အသွေးစုံပြီး အရွယ်အစားအမျိုးမျိုး ချုပ်လုပ်ထားတဲ့ ရှပ်အင်္ကျီများကို သန်းနဲ့ချီကာ နေ့စဉ်နေ့တိုင်း ဈေးကွက်တင်ရောင်း ချနေရပါသတဲ့။

ဒါကတော့ ဈေးဝယ်ထွက်တာ ဝါသနာပါတဲ့ ဘောဂဗေဒပညာရှင် Paul Seabright က ၂ဝဝ၄ ခုနှစ်မှာ ရေးသားခဲ့တဲ့ သူ့ရဲ့ “The Company of Strangers” စာအုပ်မှ ကောက် နုတ်ဖော်ပြတာဖြစ်ပါတယ်။ သူဝယ်ယူခဲ့တဲ့ ရှပ်အင်္ကျီကို ကုမ္ပဏီပေါင်းများစွာက ချိတ်ဆက်ထုတ်လုပ်ခဲ့ကြတာဖြစ်တယ်။ ရှပ်အင်္ကျီ ထုတ်လုပ်ခဲ့ ကြသူများအနေနဲ့ ဘာမှ ထူးထူးခြားခြား လုပ်ခဲ့ကြရတာ မဟုတ်ဘဲ၊ ဈေးကွက်ရဲ့ ဈေးနှုန်းများကို ရိုးရိုးတန်းတန်း လိုက်နာခဲ့ကြရုံသက်သက်ပဲ ဖြစ်တယ်လိှု့Seabright က ထောက်Sပြတယ်။

ဈေးကွက်ရဲ့ ချိတ်ဆက်လုပ် ဆောင်နိုင်စွမ်း ပဉ္စလက်အပေါ် မြင်မြင်ထင်ထင် မီးမောင်းထိုးပြတဲ့ အလုပ်ဟာ ၁၈ ရာစုနှောင်ပိုင်းနဲ့ ၁၉ ရာစုနှစ်များအတွင်း ပေါ်ထွက်ခဲ့တဲ့ ကျမ်းရိုးဘောဂဗေဒ Classical Economics ရဲ့ အဓိက အစိတ်အပိုင်း တစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒီလိုဆိုပေမယ့် ၁၉၃၇ ခုနှစ်မှာ ဗြိတိသျှဘောဂဗေဒ ပညာရှင်တစ်ဦးဖြစ်တဲ့ Ronald Coase က သူ့ရဲ့ စာတမ်းတစ်စောင်မှာ ကျမ်းရိုးဘောဂဗေဒရဲ့ သိသာထင်ရှားစွာ ချန်လှပ်ထားခဲ့တဲ့ အချက်တစ်ချက်ကို ဆွဲထုတ်တင်ပြခဲ့တယ်။

Coase က ဘောဂဗေဒရဲ့ စံပြုမော်ဒယ်များနဲ့ ကုမ္ပဏီများအတွင်း ဖြစ်ရပ်များဟာ အံဝင်ခွင်ကျမဖြစ်ဘူးလို့ ထောက်ပြတယ်။ ပမာအားဖြင့် အလုပ်သမားတစ်ဦး ဌာနတစ်ခု မှ အခြားဌာနတစ်ခုသို့ ပြောင်းရွှေ့တဲ့အခါ လုပ်ခများများရလို့ ရွှေ့ပြောင်းတာ မဟုတ်ဘဲ သူ့ကို အမိန့်နဲ့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်တယ်။ ဒီလိုဆိုရင် ဘာကြောင့် အချို့သော လုပ်ဆောင်ချက်များကို ဈေးကွက်က ညွှန်ကြားပြီး၊ အခြားသော လုပ် ဆောင်ချက်များကို စီးပွားရေးလုပ်ငန်းများက ညွှန်ကြားရသလဲလို့ Coase က မေးခွန်းထုတ်တယ်။

Coase က သူ့မေးခွန်းကို သူကပဲ ဖြေကြားခဲ့တယ်။ စီးပွားရေးလုပ်ငန်းများဟာ ဈေးကွက်အသုံးပြုခြင်းရဲ့ မြင့်မားတဲ့ ကုန်ကျစရိတ်ကို တုံ့ပြန်တတ်ကြတယ်လို့ သူက ထောက်ပြတယ်။ အရောင်းအဝယ် အလုပ်ကိစ္စ တိုင်းကို ဆွေးနွေးညှိနှိုင်းပြီး သီးခြား စာချုပ်များချုပ်ဆို လုပ်ကိုင်တာထက် ရုံးမိန့်နဲ့ အလုပ်ကို တိုက်ရိုက်လုပ်ကိုင်တာဟာ ကုန်ကျစရိတ်ကိုပိုပြီး သက်သာစေတယ်။ အဲသလို 'တုံ့လှယ်ကုန် ကျစရိတ်များ' (Exchange Costs) ဟာ စံကိုက်ကုန်စည်များအတွက် ဈေးကွက်များထဲမှာ ကုန်ကျစရိတ်လျော့နည်းတယ်လို့ Coase က ဆိုတယ်။ စာချုပ်ချုပ်ဆို ငှားရမ်းထားသူတစ်ဦးကို လုပ်ငန်းဆောင်ရွက်မှုအတွက် ပုံသေငွေကြေးတစ်ရပ် ပေးခဲ့ရင် ဒီလို ရှင်းလင်းပြတ်သားတဲ့ အလုပ်တစ်ခုကို ဈေးကွက်တင်ရတာ လွယ်ကူတယ်။

အဲသလို ရိုးရှင်းတဲ့ စာချုပ်ချုပ်ဆို ငှားရမ်းမှုများနဲ့ မလုပ်လောက်တဲ့ အခါ အဲဒီစီးပွားရေး လုပ်ငန်းဟာ သူ့ကိုယ်ပိုင်မူ ကိုယ်ပိုင်ဟန်နဲ့ အလုပ်လုပ်တယ်။ ဒါမှမဟုတ် ဒီအစား၊ အလုပ်သမားတစ်ဦးဟာ ပုံသေလုပ်ခ လစာငွေ တစ်ရပ်အတွက် သတ်မှတ် မူဘောင်များနဲ့အညီ ပြောင်းလဲမှု ရှိနိုင်တဲ့ ညွှန်ကြားချက်အမျိုးမျိုးကို လိုက်နာလုပ်ကိုင်ဖို့ သဘောတူနိုင်တယ်လို့ Coase က ထောက်ပြတယ်။

Coase ဟာ ပညာဆည်းပူးစဉ် ကာလအတွင်း စက်ရုံများနဲ့ စီးပွားရေးလုပ်ငန်းများကို သွားရောက်ကွင်း ဆင်းလေ့လာခဲ့တယ်။ အဲဒီနောက် ၁၉၃၂ ခုနှစ်မှာ သူ့ရဲ့ သဘောတရား အမြင်ကို သူ့ရဲ့ ပထမဆုံး စာတမ်း “The nature of the firm” မှာ တင်ပြ ခဲ့တယ်။ သူ့ရဲ့ ဒုတိယစာတမ်းဖြစ်တဲ့ “The Problem of social Cost” ကိုတော့ ၁၉၆ဝ ပြည့်နှစ်မှာ ထုတ်ဝေဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာတော့ Coase ဟာ ဂုဏ်သတင်းကျော်စောတဲ့ ဘောဂဗေဒပညာရှင်တစ်ဦး ဖြစ်နေပါပြီ။ ဒါပေမယ့် အစောပိုင်း ကာလမှာတော့ သူ့သီအိုရီကို လက်မခံကြတဲ့ University of Chicago ဘောဂဗေဒပညာရှင်များကို ရှင်းလင်းပြောပြခဲ့ရပါသေးတယ်။ ၁၉၆၄ ခုနှစ်မှာ ချီကာဂို တက္ကသိုလ်က သူတို့ဆီမှာ လာရောက်လုပ်ကိုင်ဖို့ ဖိတ် ခေါ်ကမ်းလှမ်းခဲ့တယ်။ Coase ဟာ သူ့ရဲ့ ကျန်ရှိနေသေးတဲ့ ဘဝသက် တမ်းကို အဲဒီ တက္ကသိုလ်မှာပဲ ကုန် လွန်စေခဲ့ပါတယ်။ သူဟာ ၂ဝ၁၃ ခုနှစ်၊ အသက် ၁ဝ၂ နှစ်မှာ ကွယ်လွန်ခဲ့တယ်။

၁၉၉၁ ခုနှစ်မှာ Coaseဟာ အဓိကအားဖြင့် သူရေးသားတင်ပြခဲ့တဲ့ စာတမ်းနှစ်စောင်ရဲ့ ကြီးမားတဲ့ အရှိန်အဝါကြောင့် ဘောဂဗေဒဘာ သာရပ်အတွက် ချီးမြှင့်တဲ့ နိုဘယ်ဆုကို ဆွတ်ခူးနိုင်ခဲ့တယ်။ တကယ်တော့ Coase ရဲ့ စာတမ်းများဟာ ပြဿနာပေါင်းများစွာကို ဖြေရှင်းနိုင်ခဲ့သလောက် နောက်ထပ်ပြဿနာပေါင်း အမြောက်အမြားကိုလည်း ပေါ်ထွက် စေခဲ့ပါတယ်။  တကယ်လို့ စီးပွားရေးလုပ်ငန်းများဟာ အရောင်းအဝယ်စရိတ်များ Transaction costs ကို လျော့နည်းကျဆင်းစေဖို့အတွက် တည်ရှိနေခြင်းဖြစ်တယ်ဆိုရင် ဈေးကွက်အရောင်းအဝယ်တွေ ဘာကြောင့် ရှိနေဖို့လိုသေးလဲ။ ဘာကြောင့် စီးပွားရေးလုပ်ငန်းများရဲ့ နယ်သတ်မျဉ်းများကို မချဲ့ကားသလဲ။ ဒီလို မေးခွန်းများရဲ့ လိုရင်းအချက် ကတော့ 'စီးပွားရေးနယ်ပယ်တစ်ဝန်းလုံးကို ဘယ်လိုဖွဲ့စည်းထားပြီး ဘာက အဆုံးအဖြတ်ပေးသလဲ'ဆိုတဲ့ အမေးပုစ္ဆာဖြစ်ပါတယ်။

ဒီလို ခက်ခဲတဲ့မေးခွန်းများကို  ဖြေဆိုနိုင်ဖို့အတွက် သုတေသနပြုခဲ့ကြတယ်။ အဓိက သုတေသနပြုလုပ်ခဲ့ကြတဲ့ အချက်ကတော့ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဆက်ဆံရေး အတွက်  လိုအပ်ချက်များအားလုံးကို အတိအကျသတ်မှတ်ဖို့ ခက်ခဲတယ်။ ဒါကြောင့် အချို့သော စာချုပ်စာတမ်းများဟာ သေချာပေါက် 'ပြည့်စုံမှု မရှိဘူး'ဆိုတဲ့ အတွေးအခေါ်ဖြစ်တယ်။ ဒီသုတေသနနယ်ပယ်မှာ ပါဝင်ခဲ့ကြတဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်များထဲက တစ်ဦးကတော့ ၂ဝဝ၉ ခုနှစ်က ဘောဂဗေဒဆိုင်ရာ နိုဘယ်ဆုရခဲ့တဲ့ Oliver Williamson ဖြစ်ပါတယ်။ နောက်နှစ်ဦးက Oliver Hart နဲ့ Bengt Holmstrom တို့ ဖြစ်တယ်။ သူတို့နှစ်ဦးစလုံး ၂ဝ၁၆ ခုနှစ်က ဘောဂဗေဒ နိုဘယ်ဆုကို ပူးတွဲရရှိခဲ့ ကြပါတယ်။

Coase ခင်းတဲ့ လမ်းပေါ် လျှောက်လှမ်းခဲ့ကြတဲ့ ဘောဂဗေဒပညာရှင်များဟာ အထူးသဖြင့် ချက်ချင်းလက်ငင်း အရောင်းအဝယ်လုပ်မှုများ (Spot Transactions) နဲ့ ရေရှည် ဒါမှမဟုတ် ပြောင်းလွယ်ပြင်လွယ် တိုးလျှော့လွယ်တဲ့ စာချုပ်စာတမ်းများ (longer term of flexible contracts)  လုပ်ဖို့လိုတဲ့ စီးပွားရေး လုပ်ငန်းဆက်ဆံရေးများအကြား ခွဲခွဲခြားခြား ရှုမြင်တင်ပြခဲ့ကြတယ်။ ချက်ချင်းလက်ငင်း ဈေးကွက်များဟာ အရောင်းအဝယ်ကိစ္စအတော် များများကို လွှမ်းခြုံထားတယ်။ ကုန် စည်များအတွက် ငွေပေးချေပြီးရင် အရောင်းအဝယ်ကိစ္စပြီးမြောက်တယ်။ အဲသလို အရောင်းအဝယ်များဟာ ရိုးရှင်းတယ်။ တစ်ဦးက လိုချင်တယ်။ အခြားတစ်ဦးက ရောင်းတယ်။ အ ငြင်းပွားစရာအလားအလာသိပ်မရှိ ဘူး။ စာချုပ်စာတမ်းတွေနဲ့ လုပ်စရာ မလိုဘူး။ ရောင်းတဲ့ဝယ်တဲ့ကိစ္စမှာ တစ်ဦးက မကျေနပ်ရင်၊ နောက်တစ်ကြိမ်မှာ နောက်တစ်ဦးနဲ့ အရောင်းအဝယ်လုပ်နိုင်တယ်။ ဒါကြောင့် ချက်ချင်းလက်ငင်း အရောင်းအဝယ် လုပ်မှုများကို အများအားဖြင့် ကိုယ်ပိုင်မူ ကိုယ်ပိုင်ဟန်နဲ့ လုပ်ကိုင်နိုင်တယ်။ ဒီလို အရောင်းအဝယ်များဟာ သတင်းစာဝယ်တာ၊ တက္ကစီငှားစီး တာတို့လို ရိုးရှင်းပြီး တန်ဖိုးနည်းတဲ့ အရောင်းအဝယ်များနဲ့ သင့်တော် တယ်။

ဒါပေမယ့် အချို့သော အရောင်းအဝယ်ကိစ္စတွေက သိမ်မွေ့တယ်။ နှစ်ဦးသဘောတူ လုပ်ကိုင်တဲ့ အလုပ်တစ်ခုမှာ တစ်ဦးက ထွက်ခွာသွားခဲ့ရင် ကုန်ကျစရိတ် ကြီးမားနိုင်တဲ့ အလုပ်မျိုးလည်းရှိတယ်။ ဥပမာ-အိမ်ရာ အဆောက်အအုံ ငှားရမ်းတဲ့ကိစ္စ။ အဆောက်အအုံတစ်ခု ငှားရမ်းပြီး လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းကို အဲဒီနေရာက ဖယ်ရှားပေးဖို့ နှင်ထုတ်ရင်၊ အလားတူ အဆောက်အအုံ တစ်ခု မြန်မြန်ဆန်ဆန်ရှာတွေ့ဖို့ ခက်ခဲနိုင်တယ်။ အဲသလိုပဲ အိမ်ငှားက ဆင်းသွားရင်၊ အိမ်ရှင်အနေနဲ့ နောက် ထပ်အိမ်ငှားတစ်ဦး ဗြုန်းစားကြီး ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ အဲဒီအတွက် အဖြေကတော့ အိမ်ရှင်နဲ့ အိမ်ငှားတို့က အိမ်လခ၊ နေထိုင်မယ့် သက်တမ်းနဲ့ အဆောက်အအုံအသုံးပြုမှုနဲ့ ပတ်သက်ပြီး ညွှန်ကြားချက် အတိအကျ ဖော်ပြပါရှိတဲ့ ရေရှည်စာချုပ် စာတမ်းတစ်ရပ်ချုပ်ဆိုဖို့ဖြစ်တယ်။ ဒီလိုဆိုရင်  နှစ်ဦးနှစ်ဖက် အကျိုးရှိ နိုင်တယ်။

ဒီလိုဆိုပေမယ့် စီးပွားရေး လုပ်ငန်းအတော်များများအတွက် အခြေ အနေအမျိုးမျိုးနဲ့ လိုက်ဖက်ညီတဲ့ လိုအပ်ချက်များအားလုံးကို တစ်ခုမကျန် ရေးသားထည့်သွင်း စာချုပ် ချုပ်ဆိုဖို့ ခက်ခဲတယ်။ ဒါကြောင့် အဲဒီလို ကိစ္စများမှာ တရားဝင် စာချုပ်များဟာ လိုအပ်ချက်အရ 'ပြည့်စုံ မှုမရှိ'ကြဘူး။ အများအားဖြင့် ဒီလို စာချုပ်များကို ယုံကြည်မှုနဲ့ အားဖြည့် ထားကြတယ်။ အလုပ်သမား ငှားရမ်းတဲ့ စာချုပ်များဟာ ဒီလို ပုံစံတွေဖြစ် တယ်။ စာချုပ်မှာ အလုပ်အမည်၊ အလုပ်ချိန်၊ ကနဦး လုပ်ခလစာ စတာတွေကို ဖော်ပြထားပေမယ့် အရေးကြီးတဲ့ တာဝန်နဲ့ ဝတ္တရားများကိုတော့ စာချုပ်မှာ ရေးမထားကြဘူး။ ဘာကြောင့်လဲဆိုတော့ နောက်ပိုင်းမှာ အတိုးအလျှော့ လုပ်လို့ရအောင် ချန်လှပ်ထားကြတယ်။

ဒီလို စာချုပ်တစ်ခုရဲ့ သက်ရောက်မှုဟာ ရေရှည်တည်တံ့တယ်။ ဘာကြောင့်လဲဆိုတော့ စာချုပ်ကျိုး ပေါက်သွားခဲ့ရင် နှစ်ဦးနှစ်ဖက်စလုံး  ထိခိုက်နစ်နာနိုင်တယ်။ အခြား အ ကြောင်းအချက်တစ်ခုကတော့ ဒီလိုစာချုပ်မျိုးနဲ့ ပတ်သက်ရင် ဈေးကွက် အင်အားစုများက အားပျော့သွားတယ်။ ဒါကြောင့် နောက်ပုံစံတစ်ခုကို ရွေးချယ်အသုံးပြုလာခဲ့ကြတယ်။ အဲဒီပုံစံကတော့ တခြားမဟုတ်ပါဘူး။ စီးပွားရေး လုပ်ငန်းပုံစံပဲ ဖြစ်ပါတယ်။ ပထမဆုံး ဒီအတွေးအမြင်များကို ၁၉၇၂ ခုနှစ်မှာ ရှင်းလင်းတင်ပြခဲ့ကြ တဲ့ ပုဂ္ဂိုလ်များကတော့ Armen Alchian နဲ့ Harold Demsetz တို့ ဖြစ်ပါတယ်။ သူတို့က စီးပွားရေး လုပ်ငန်းဆိုတာဟာ အဖွဲ့လိုက် ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်ခုအတွင်း အဓိက လုပ်ငန်းဆိုင်ရာ သဘာတူစာချုပ်ချုပ်ဆိုသူ ဖြစ်တယ်လို့ အနက်ဖွင့်ဆိုကြတယ်။ ကုန်ထုတ် Output ဟာ အဖွဲ့လိုက် ကြိုးပမ်းအားထုတ်မှုရဲ့ ရလဒ်ဖြစ်တယ်ဆိုရင် ပြီးစီးသွားတဲ့ အလုပ်မှာ အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ ပါဝင်မှုကို တိုင်းတာရခက်တယ်။

အဲသလိုပဲ ဆုလာဘ်များကို ခွဲဝေပေးရာမှာလည်း အခက်အခဲတွေရှိတယ်။ ဒါကြောင့် စီးပွားရေး လုပ်ငန်းတစ်ခုဟာ အဖွဲ့ကို ညှိနှိုင်းဆောင်ရွက်ပေးသူ အနေနဲ့ရော စောင့်ကြည့်စစ်ဆေးသူ အနေနဲ့ပါ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သူတို့က ထောက်ပြတယ်။

၁၉၈၆ ခုနှစ်မှာ Sanford Grossman နဲ့ Oliver Hart တို့ကလည်း အဲဒီအတွေးအမြင်အပေါ် နောက်ထပ် နက်နက်ရှိုင်းရှိုင်း လေ့လာတင်ပြခဲ့ကြပြန်ပါတယ်။ သူတို့က စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အက်ဆက် assets (စက်ရုံ၊ စက်ယန္တရား၊ brands၊ ဖောက်သည် စသည်) အပေါ် ပိုင်ခွင့်နှစ်မျိုးအကြား ကွဲပြားခြားနားမှုကို စိစစ်တင်ပြခဲ့ကြတယ်။ တစ်မျိုးက သီးသန့်ပိုင်ခွင့် (specific rights) ဖြစ်ပြီး ဒါကို စာချုပ် ချုပ်ဆို နိုင်တယ်။ နောက်တစ်မျိုးက ကြွင်းကျန်ပိုင်ခွင့် (Residual rights) ဖြစ်တယ်။ ဒါက ပိုင်ဆိုင်မှု (ownership) နဲ့ ပတ်သက်တယ်။

Ronald Coase က စာချုပ်စာတမ်းများကို ဘယ်လို တည်ဆောက်သင့်သလဲ စူးစမ်းလေ့လာတင်ပြခဲ့တယ်။ သူက ရေပက်မဝင်အောင် အတိအကျ သတ်မှတ်ထားတဲ့ စာချုပ်များဟာ ပြောင်းပြန်အကျိုးသက် ရောက်မှုတွေ ရှိနိုင်တယ်လို့ ထောက်ပြတယ်။ ကျောင်းသားတွေ စာမေးပွဲမှာ ဂုဏ်ထူးထွက်ရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ကျောင်းဆရာကို လစာပေးရင် အဲဒီကျောင်းဆရာဟာ ကျောင်းသားတွေ ဂုဏ်ထူးနဲ့ စာမေးပွဲ အောင်ဖို့အတွက်ပဲ သင်ကြားပြသပေးတော့မယ်။ ကျောင်းသားတွေရဲ့ လူမှုရေး ကျန်းမာရေး လိမ္မာရေးခြား ရှိရေးစတာတွေကို သင်ပြပေးမှာ မဟုတ်တော့ဘူး။ အဲသလိုပဲ စီးပွားရေး လုပ်ငန်းများရဲ့ စီအီးအိုများကို လုပ်ငန်းရဲ့ ရေတိုအစုရှယ်ယာ ဈေး နှုန်း မြှင့်တင်ရေးအတွက် လစာပေးထားရင် သူတို့က ဒီအတွက်ပဲ အ လုပ်လုပ်ကြတော့မယ်။ အစုရှယ်ယာ  ပိုင်ရှင်များအတွက် ရေရှည် အကျိုးရှိစေမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်ကြမှာ မဟုတ်တော့ဘူး။ ဒါကြောင့် အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ စာချုပ်များကို 'အသေးစိတ် လမ်းပြမြေ ပုံ' အဖြစ် အသုံးမပြုသင့်ဘူးလို့ ဆို တယ်။

Coase ဟာ ဈေးကွက်များနဲ့ စီးပွားရေးလုပ်ငန်းများအကြား နယ်သတ်မျဉ်းဟာ ဘယ်မှာရှိသလဲ ရှာဖွေကြည့်ခဲ့တယ်။ အရင်ခေတ်များက ဒီနှစ်ခုအကြား နယ်သတ်မျဉ်းဟာ ပေါ်လွင်ထင်ရှားရှိခဲ့တယ်လို့ ထင်မြင်ခဲ့ကြပေမယ့်၊ အခုခေတ်မှာ နယ်သတ်မျဉ်းက ပျောက်ကွယ်လာတယ်။ တိုးတက်လာတဲ့ တက်ကနိုလိုဂျီ ကြောင့် လုပ်သားထုအတွင်းမှာ မိမိကိုယ်မိမိ အလုပ်ခန့်အပ်ကြသူများ တိုးပွားလာတယ်။ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ လုပ်ကိုင်ကြတာထက် 'ယာယီ လုပ်ကိုင်ကြတဲ့ စီးပွားရေး' (Gigeconomy) က မြင့်တက်လာတယ်။

ဒီလိုဆိုပေမယ့် စီးပွားရေးလုပ် ငန်းတွေကတော့ လွင့်စင်ပျောက် ကွယ်သွားဖို့ အလားအလာမရှိပါဘူး။              ဘာကြောင့်လဲဆိုတော့ အောင်မြင်တဲ့ စီးပွားရေးများဟာ စီးပွားရေး လုပ်ငန်းရဲ့ နူးညံ့ပျော့ပျောင်းတဲ့ အာဏာရှင် ဆန်မှုနဲ့အတူ ဈေးကွက်ရဲ့ မမြင်ရတဲ့လက် (Invisible band ) နှစ်ခုစလုံးကို ဖမ်းဆုပ်လှမ်းကိုင်ဖို့ လိုအပ်တဲ့အတွက် ဖြစ်ပါသတဲ့။

 

 မင်းရွှေမောင်

 

Ref: “The Theory of the Fiem: Coase call” The Economist; July 24,2017

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.