21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
IS ခြေကုပ်စခန်းများအား ချေမှုန်းနေသော ဖိလစ်ပိုင်သမ္မတ

အကြမ်းဖက်သမားများ လက်အောက်သို့ ကျရောက်နေသည့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီမြို့ကို ပြန်လည်သိမ်းယူနိုင်ရေးအတွက် စစ် ဆင်နွှဲတိုက်ခိုက်နေသည့် အစိုးရတပ် ဖွဲ့ဝင်များရှိရာ စစ်ခန်းသို့ သြဂုတ် ၂၄ ရက်တွင် သမ္မတရိုဒရီဂိုဒူတာတေး သွားရောက်ခဲ့ပြီး နှစ်နာရီကြာမျှ စစ်သည်များနှင့်အတူရှိနေခဲ့သည်။

မာရာဝီမြို့တွင်း၌ စစ်သွေးကြွ ၅ဝ ခန့် ကျန်ရှိနေသေးသည်ဟု သိရသည်။ ယခုကဲ့သို့ မာရာဝီမြို့ရှိ အစိုးရတပ်ဖွဲ့များထဲသို့ သမ္မတဒူတာတေး သွားရောက်မှုမှာ ယခုအကြိမ် အပါ အဝင် သုံးကြိမ်ရှိသွားပြီဖြစ်ပါသည်။

အရှေ့တောင်အာရှဒေသ၏ IS အဖွဲ့ခေါင်းဆောင်ဟု ယူဆရသည့် ဝါရင့်ဖိလစ်ပိုင် စစ်သွေးကြွအဖွဲ့ ခေါင်းဆောင် အစ္စနီလန်ဟာဝီလန်အား ဖမ်းဆီးရန် လုံခြုံရေးတပ်ဖွဲ့များ ကနေ အိမ်တစ်လုံးကို ယခုနှစ်မေလ ၂၃ ရက်တွင် ဝင်ရောက်စီးနင်းခဲ့စဉ် မာရာဝီမြို့၌ ထိုတိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ IS အလံများ ကိုင်ထားသော စစ်သွေး ကြွများက တောင်ပိုင်းရှိ မာရာဝီမြို့တစ်ဝန်းအား မွှေနောက်တိုက်ခိုက်ခဲ့ပြီးနောက် လူဦးရေသန်း ၂ဝ ခန့်ရှိသည့် မင်ဒါနာအို ဒေသတစ်ခုလုံးကို ဒူတာတေးက စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

မာရာဝီမြို့ကို အကြမ်းဖက်သမားများက မေ ၂၃ ရက်တွင် သိမ်းယူခဲ့ပြီးနောက် အစိုးရ တပ်ဖွဲ့များနှင့် အကြမ်းဖက်သမားများအကြား တိုက်ခိုက်မှုများကြောင့် လူပေါင်း ၈ဝဝ နီး ပါး သေဆုံးခဲ့ပြီး ၄င်းတို့ထဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂၉ ဦး၊ စစ်သွေးကြွ ၅၉၅ ဦးနှင့် အရပ်သား ၄၅ ဦးတို့ ပါဝင်သည်ဟု သိရပါသည်။

အစ္စလာမ္မစ် စစ်သွေးကြွတို့ကို နှိမ်နင်းနေသော ဖိလစ်ပိုင်နိုင်ငံအား ကူညီရန်အတွက် အမေရိကန်နိုင်ငံက ကင်းထောက်လေယာဉ်နှစ်စင်းကို ဒေါ်လာ သန်း ၃ဝ ကျော်တန်ဖိုးရှိ သော လက်နက်များနှင့်အတူ ပေးအပ်ခဲ့သည်။ အမေရိကန်အထူးတပ် ဖွဲ့ဝင်များကလည်း မင်ဒါနာအို၌ အခြေစိုက်၍ ဒရုန်းများဖြင့် ထောက်ပံ့ ကူညီနေပါသည်။ ဖိလစ်ပိုင်နိုင်ငံက ဝယ်ယူထားသော ပစ္စတိုများ၊ လက်ပစ်ဗုံးများ ၂၇ ကီလို (ပေါင် ၅ဝဝ) ရှိသော ဗုံး ၂ဝဝ ကျော်နှင့် ရော့ကက် ၁ဝဝဝ ခန့်ကိုလည်း ပေးအပ်ခဲ့သည်။ ထို့ပြင် အမေရိကန်သည် ခြိမ်း ခြောက်မှုများအား ရင်ဆိုင်နိုင်ရန်၊ ဖိလစ်ပိုင်၏ စွမ်းရည်ကို မြှင့်တင်ပေးရန်အတွက် လေကြောင်းထောက်လှမ်းရေး စနစ်များကိုလည်း မကြာမီကာလအတွင်း လွှဲပြောင်းပေးမည်ဟု သိရသည်။ ဖိလစ်ပိုင်နိုင်ငံသည် လွန်ခဲ့သည့်နှစ်လခန့်ကလည်း တရုတ်နိုင်ငံမှ ဒေါ်လာ ၇ ဒသမ ၃၅ သန်း တန်ဖိုးရှိသော ရိုင်ဖယ်များနှင့် လက် နက်ခဲယမ်းများကို လက်ခံရရှိခဲ့သည်။

ဖိလစ်ပိုင်တောင်ပိုင်းရှိ အစ္စလာမ္မစ်သေနတ်သမားများအား ချေမှုန်းနိုင်ရန်အတွက် သမ္မတ ရိုဒရီဂိုဒူတာတေးက စစ်အုပ်ချုပ်ရေး ဥပဒေပြဋ္ဌာန်းမှုအား သက်တမ်းတိုးရန် တောင်းဆိုမှုကို လွှတ်တော်က ဇူလိုင် ၂၂ ရက်တွင် အထူးအစည်းအဝေး တစ်ရပ်ကျင်းပခဲ့ပြီး မဲခွဲကာ သက်တမ်းတိုးရန် ခွင့်ပြုခဲ့သည်။ မာရာဝီမြို့ထဲတွင် သေနတ်သမား ၆ဝ ခန့်သာ ကျန်သော်လည်းမြို့အား ပြန်လည်တည်ဆောက်ရန်နှင့် ယင်းစစ်ပွဲက တခြားနေရာများသို့ မပျံနှံ့စေရန်အတွက် စစ်အုပ်ချုပ်ရေး ဥပဒေ အာဏာများလိုအပ်ကြောင်း သမ္မတ ဒူတာတေးက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်တောင်ပိုင်းရှိ မာရာဝီမြို့ကို IS တို့နှင့် ဆက်နွယ်နေသည့် စစ်သွေးကြွများက စီးနင်းသိမ်းပိုက်  တိုက်ခိုက်မှုသည် အရှေ့တောင်အာရှရှိ အကြမ်းဖက်ထောက်ခံ သူများကို လှုံ့ဆော်ပေးခဲ့ပြီး ဒေသတွင်းအတွက် အကျပ်အတည်းဖြစ်စေကြောင်း အ ကြမ်းဖက် ထိပ်တန်းသုတေသီဆစ် ဒနီဂျုံးက AFP သတင်းဌာနကို ပြောကြားခဲ့သည်။

ယခုအခါ ဖိလစ်ပိုင်နိုင်ငံ၏ အခြားမြို့များတွင် အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်ပိုမိုမြင့် တက်လာပြီး ဒေသတွင်း၌ နယ်စပ်ဖြတ်ကျော်၍ အကြမ်းဖက်သမားအချင်းချင်း ပူးပေါင်းမှုသည်လည်း ကျယ်ပြန့်လာနိုင်ကြောင်း ဂျကာတာအခြေစိုက် ပဋိပက္ခလေ့လာသုံးသပ်ရေးဌာနမှ အရှေ့တောင်အာရှအကြမ်းဖက် ကွန် ရက်များဆိုင်ရာ ကျွမ်းကျင်သူဆစ် ဒနီဂျုံးက ပြောကြားပါသည်။ ၄င်းက ဆက်လက်၍ “IS တွေ တိုက်ခိုက်မှု စတင်တာနဲ့ လူမှုမီဒီယာမှာ ကနဦးထွက်ပေါ်လာတဲ့ မာရာဝီက ဓာတ်ပုံတွေမှာ ထရပ်ကားပေါ် သေနတ်ကိုင်ပြီး ပြုံးနေတဲ့ တိုက်ခိုက်ရေး သမားတွေရဲ့ ပုံဟာ ၂ဝ၁၄ ခုနစ်တုန်း မိုဆူးမှာ IS တို့ အောင်ပွဲဆင်တဲ့ပုံတွေနဲ့ သက်ရောက်မှု အတူတူရှိပါတယ်''ဟု ထောက်ပြထားပါသည်။

လွှတ်တော်တွင် စစ်အုပ်ချုပ်ရေး သက်တမ်းတိုးရန် ဒူတာတေးက တင်ပြစဉ် မာရာဝီပဋိပက္ခကို အီရတ်ရှိ မိုဆူးအား IS အဖွဲ့က သိမ်းယူခဲ့မှုနှင့် နှိုင်းယှဉ်ပြခဲ့ပြီး ယခုအခါ မာရာဝီသည် အီရတ်နှင့် ဆီးရီးယားမှ ပြည်ပတိုက်ခိုက်ရေးသမားများကို ဆွဲဆောင် သည့်နေရာဖြစ်လာကြောင်း ဖော်ပြခဲ့သည်။ IS အဖွဲ့၏ အလံအောက်မှ စစ်သွေးကြွများက မာရာဝီမြို့တွင် တိုက်ခိုက်နေမှုများသည် သူပုန်ထမှု ဖြစ်သည်ဟု ဒူတာတေးက ခိုင်းနှိုင်းခဲ့ပြီး အင်အားသုံး၍ တုံ့ပြန်ရန် တောင်းဆိုခဲ့သည်။ သူက ''အခုချိန်မှာ စစ်သားတွေကို ရပ်ခိုင်းလို့ မရတော့ဘူး။ သူတို့တတွေ (IS) ကစခဲ့တဲ့ ဒီစစ်ပွဲကို အဆုံးသတ်ပစ်ရမယ်''ဟု ပြောကြားခဲ့ သည်။

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မင်ဒါနာအိုကျွန်းတွင် ဖိလစ်ပိုင်တပ်မတော်နှင့် IS အဖွဲ့သစ္စာခံ စစ်သွေး ကြွများအကြား ပြင်းထန်သော တိုက်ပွဲများ ဆင်နွှဲလျက်ရှိသည်မှာ နှစ်လ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယခုအခါ အင်ဒိုနီးရှားနိုင်ငံမှ စစ်သွေးကြွအဖွဲ့များက ဖိလစ်ပိုင်နိုင်ငံရှိ IS အဖွဲ့သစ္စာခံ စစ်သွေးကြွများနှင့် သွားရောက်ပူးပေါင်းကာ ဖိလစ်ပိုင် တပ်မ တော်အားတန်ပြန် တိုက်စစ်ဆင်လာ ကြောင်း သိရသည်။

ထို့ကြောင့် ဒေသတွင်းနိုင်ငံများ အနေဖြင့် အရှေ့တောင်အာရှတွင် အင်အားချဲ့ထွင်လာသည့် IS စစ်သွေးကြွအဖွဲ့၏ လုပ်ရပ်များကို မျက်ခြည်မပြတ် စောင့်ကြည့်ရန် လိုအပ်ကြောင်းနှင့် ဒေသတွင်းနိုင်ငံအချင်း ချင်း ပူးပေါင်းဆောင်ရွက်ရန် အရေး ကြီးကြောင်း အင်ဒိုနီးရှားဝန်ကြီး ဝီရန်တိုက မီဒီယာများအား ပြောကြားခဲ့သည်။

မောင်ပုဆိုးကြမ်း

Ref: AFP/NHK

မောင်ပုဆိုးကြမ်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.