16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
အိန္ဒိယဘဏ်များရဲ့ ကြွေးဆုံးငွေ ကုဋေကုဋာ

ဘဏ်ဆိုတာက ဘဏ်ဖောက်သည် (customer) ကို ငွေထုတ်ချေးတယ်။ ဘဏ်တွေက ကုမ္ပဏီကြီးတွေကျတော့ ငွေများများထုတ်ချေးတယ်။ အချို့ကုမ္ပဏီကြီးတွေက ငွေပြန်ဆပ် ရမယ့်နေ့မှာ အရင်းရောအတိုးပါ ပြန်လည်ပေးဆပ်ကြတယ်။ အချို့ ကုမ္ပဏီကြီးတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် ငွေပြန်မဆပ်နိုင်ကြဘူး။ ဒီလို ချေးငွေကို ပြန်လည်မပေး ဆပ်ကြတာကြောင့် ဒီငွေတွေဟာ ဘဏ်အတွက် ကြွေးဆုံးငွေ (bad debt) ဖြစ်လာခဲ့တယ်။ အိန္ဒိယနိုင်ငံက အစိုးရဘဏ်များနဲ့ ပုဂ္ဂလိကဘဏ်တွေမှာ အခုလို ကြွေးဆုံးငွေ ဟာ ၂ဝ၁၇ မတ်လ စာရင်းအရ စုစုပေါင်း ရူပီးငွေသိန်းပေါင်း ၇ ဒသမ ၇ ကုဋေတောင် ရှိပါသတဲ့။

ဒါပေမယ့် ဘဏ်တွေက ဒီကြွေးဆုံးငွေများကို ဘာမှမလုပ်တော့ဘဲ ပစ်ထားလိုက်တာတော့ မဟုတ်ပါဘူး။ ကြွေးဆုံးငွေများကို ပြန်လည်ရရှိအောင် အမြဲမပြတ် ကုမ္ပဏီများဆီက တောင်းခံနေကြတာပါ။ တစ်လောက၊ အိန္ဒိယဘဏ်ဝန်ထမ်းအားလုံးရဲ့ အသင်း (All India Bank Employee’s Association) က ဘဏ်ကြွေးကို ပြန်မဆပ်ကြတဲ့ ကုမ္ပဏီကြီးများရဲ့ စာရင်းတစ်ခုကို ထုတ်ပြန်ခဲ့တယ်။

အဲဒီ စာရင်းအရ ဘဏ်ကြွေးကို ပြန်လည်ပေးဆပ်ရမယ့် ကုမ္ပဏီကြီးများထဲမှာ Bhushan Steel က ရူပီး ငွေ ၄၄၄၇၈ ကုဋေ၊ Bhuusan Power an Steel က ရူပီးငွေ ၃၇၂၄၈ ကုဋေ၊ Lanco Infrascture က ရူပီးငွေ ၄၄၃၆၄ ကုဋေ၊ Essar Steel က ရူပီးငွေ ၃၇၂၈၄ ကုဋေ၊ Alok Industries က ရူပီးငွေ ၂၂ဝ၇၅ ကုဋေ၊ Amtek Auto က ရူပီးငွေ ၁၄ဝ၇၄ ကုဋေ၊ Monnet Ispat က ရူပီးငွေ ၁၂၁၁၅ ကုဋေ၊ Electrosteel Steel က ရူပီးငွေ ၁ဝ၂၇၃ ကုဋေ၊ Eralnfra က ရူပီးငွေ ၁ဝဝ၆၅ ကုဋေ၊ Jaypee Infratech က ရူပီးငွေ ၉၆၃၅ ကုဋေ၊ ABG Shipyard က ရူပီးငွေ ၆၉၅၃ ကုဋေ၊ ပြီးတော့ Jyoti Structures က ရူပီးငွေ ၅၁၆၅ ကုဋေ ပါဝင်ကြောင်း ကြွေးမြီနဲ့တကွ ဖော်ပြခဲ့ပါတယ်။

အဲသလို ငွေအမြောက်အမြား ထုတ်ချေးခဲ့တဲ့ ဘဏ်တွေဟာ အများအားဖြင့် အစိုးရပိုင်ဘဏ်တွေဖြစ်ကြတယ်။ အစိုးရဘဏ်တွေဆိုတော့ အခြေခံ အဆောက်အအုံ (infractures) တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ကိုင်ကြတဲ့ ကုမ္ပဏီကြီးများကို ငွေအမြောက်အမြား ထုတ်ချေးကြတယ်။ အထူးသဖြင့် သံမဏိစက်ရုံတွေ၊ ဆက်သွယ်ရေး လုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ၊ အကြီးစား စက်မှုလုပ်ငန်းတွေကို ဘဏ်တွေက ငွေထုတ်ချေးကြတယ်။ အများအားဖြင့် ဒီထုတ်ချေးငွေတွေဟာ  ၂ဝဝ၇ ခုနှစ်မတိုင်မီ စီးပွားရေးကောင်းစဉ်က ထုတ်ချေးထားခဲ့တဲ့ ချေးငွေတွေဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းကာလ စီးပွားရေးကျဆင်းလာတော့ ငွေအမြောက်အမြား ချေးယူထားကြတဲ့ ကုမ္ပဏီတွေဟာ ဘဏ်တွေကို ငွေပြန်မဆပ်နိုင်ဖြစ်သွားခဲ့ကြတယ်။

ပြီးတော့ နောက်ပြဿနာတစ်ခုက စောစောပိုင်းက ချေးငွေပြန်မဆပ်ကြတဲ့ ကုမ္ပဏီကြီးတွေကို ဘဏ်က တရားစွဲဆိုပြီး သိမ်းပိုက်ရယူနိုင်တဲ့ ဥပဒေကလည်း မရှိဘူးလို့ဆိုတယ်။ ဒီတော့ ဘဏ်တွေက ချေးငွေကို ပြန်တောင်းရခက်နေတယ်။ ဒါ ကြောင့် ၂ဝ၁၆ ခုနှစ်က မိုဒီအစိုးရ လက်ထက်မှာ ဘဏ်ကြွေးပြန်မဆပ်တဲ့ ကုမ္ပဏီများကို တရားစွဲဆိုတောင်းခံနိုင်တဲ့ Insolvency and Bankruptcy Code ကို ပြဋ္ဌာန်းခဲ့တယ်။ ခုတော့ ဒီ Code အရ ဘဏ်တွေက ကြွေးပြန်မဆပ်ကြတဲ့ ကုမ္ပဏီများကို တရားစွဲကြဖို့ အိန္ဒိယဗဟိုဘဏ် Reserve Bank of India (RBI) ဘဏ် တွေကို တိုက်တွန်းနှိုးဆော်ခဲ့တယ်။

ဘဏ်တွေကလည်း အိန္ဒိယဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အရ စောစောက ဖော်ပြခဲ့တဲ့ ကုမ္ပဏီကြီး ၁၂ ခုကို တရားစွဲဆိုခဲ့ကြတယ်။ အစိုးရကလည်း ကြွေးပြန်မဆပ်ကြတဲ့ နောက်ထပ် ကုမ္ပဏီ ၅ဝဝ ကို Insolvey code အရ National Company Law Tribunal (NCLT) တင်ပြပြီး အရေးယူဖို့ ပြင်ဆင်လျက်ရှိတယ်။ ဒီတော့ ဘဏ်တွေအနေနဲ့ သူတို့ရဲ့ ကြွေးဆုံးငွေများကို အမြန်ဆုံး  ပြန်လည်တောင်းခံရရှိကြလိမ့် မယ်လို့ မျှော်လင့်ထားကြတယ်။ ဒါပေမယ့် ထင်သလောက်တော့ လွယ်မှာ မဟုတ်ပါဘူးတဲ့။

ကြွေးပြန်မဆပ်နိုင်တာကို Insolvey လို့ ခေါ်ပါတယ်။ ကြွေးပြန်မဆပ်နိုင်လို့ ဒေဝါလီခံတာကိုတော့ bankruptcy လို့ ခေါ်ကြတယ်။ မနှစ်က အိန္ဒိယမှာ ပြဋ္ဌာန်းခဲ့တဲ့ Insolvey and Bankruptcy Code ဟာ ဗြိတိန်နိုင်ငံက ဥပဒေကိုအိန္ဒိယနဲ့ လိုက်လျောညီထွေဖြစ်အောင် ကူးချထားတာလို့ ဆိုကြတယ်။ ဗြိတိန်မှာက ဒီဥပဒေပြဋ္ဌာန်းခဲ့တာ နှစ် ၃ဝ ကျော်ပြီ။ အိန္ဒိယမှာက မနှစ်ကမှ ပြဋ္ဌာန်းခဲ့တာ။ အခု ဒီဥပဒေအရ ကုမ္ပဏီများကို တရားစွဲတာဟာ စလုံးရေစပဲရှိသေးတယ်။ ဒီတော့ ဘဏ် တွေရော၊ ကုမ္ပဏီတွေရော၊ ပြီးတော့ ဥပဒေပညာရှင်တွေကပါ အခုလို တရားစွဲဆိုမှုကို စောင့်ကြည့်နေကြတယ်။

ဘာကြောင့်လဲဆိုတော့ ဒီလို တရားစွဲ ဆိုမှုဟာ အိန္ဒိယနိုင်ငံမှာ ဘယ်တုန်း ကမှ မရှိခဲ့ဘူး မဟုတ်လား။

တရားစွဲမှု စတင်လိုက်တာနဲ့ ပွဲဦးထွက်မှာပဲ Essar Steel က အိန္ဒိယဗဟိုဘဏ်ကို စိန်ခေါ်ခဲ့တယ်။ ဘဏ်ကြွေးတွေပြန်ရအောင်လို့ အိန္ဒိယဗဟိုဘဏ်ရဲ့ အမိန့်ထုတ် ပြန်မှုဟာမှားတယ်။ မသင့်လျော်ဘူးလို့ Essar Steel က အခိုင်အမာဆိုတယ်။ သူတို့ ကုမ္ပဏီဟာ လက်ရှိမှာ လုပ်ငန်းလည်ပတ်လျက်ရှိတယ်။ ကြွေးမြီများကို ပြန်ဆပ်နိုင်အောင်လည်း ကြိုးပမ်းလျက်ရှိတယ်။ အခုလိုအချိန်မှာ သူတို့ကုမ္ပဏီကို တရားမစွဲသင့်ဘူးလို့ ဆိုတယ်။ လောလောဆယ်တော့ ဂူဂျာရတ်ပြည်နယ် တရားရုံးချုပ်က Essar Steel ရဲ့ လျှောက်လဲချက်ကို ပယ်ချခဲ့တယ်။ ဒါပေမယ့် ကုမ္ပဏီကတော့ သူ့အမှုကို ဗဟိုတရားရုံးချုပ်ထိ ရောက်အောင် တက်မယ်လို့ ဆိုထားတယ်။ အိန္ဒိယ တရားရုံးတွေမှာက မပြီးပြတ်သေးတဲ့ အမှုတွေ တောင်ပုံရာပုံရှိနေတယ်။ ဒီတော့ ဒီကိစ္စဟာ ဘယ်လောက်ထိ ကြန့်ကြာမလဲ၊ ပေရှည်မလဲ မသိသေးဘူး။

အိန္ဒိယဘဏ်တွေက 'ကြွေးဆုံးငွေ' Bad Debt ကို 'အလုပ်မဖြစ်တော့တဲ့ အက်ဆက်' (non-performing assets-NPAS) လို့ ခေါ်ကြတယ်။ ဒီလို ပြန်လည်တောင်းခံမရတဲ့ ကြွေးမြီတွေကြောင့် အိန္ဒိယဘဏ်တွေ တော်တော် ဒုက္ခရောက်နေကြတယ်။ နိုင်ငံပိုင်ဘဏ်တွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိတယ်။ ကြွေးဆုံးငွေ NPLs တွေကြောင့် ဘဏ်တွေဟာ နောက်ထပ် ငွေထုတ်ချေးဖို့ အခက် အခဲတွေ့နေကြရတယ်။ ဘဏ်တစ်ဘဏ်က ချေးငွေတစ်ရပ်ကို ကြွေးဆုံးငွေအဖြစ် သတ်မှတ်လိုက်ရင် ဘဏ် စည်းကမ်းများအရ ဘဏ်အနေနဲ့ အဲဒီကြွေးဆုံးငွေအတွက် လျာထားချက်များ လုပ်ကြရတယ်။ ဆိုလိုတာက ဘဏ်အနေနဲ့ သတ်မှတ်ငွေ ပမာဏတစ်ရပ်ကို ကြွေးဆုံးငွေအတွက် လျာထားရတယ်။ ဒီတော့ ကြွေးဆုံးလို့ ငွေမလည်မပတ်ဖြစ်နေရ တဲ့အထဲ ကြွေးဆုံးငွေအတွက်ပါ ငွေတစ်ရပ် လျာထားကြရတော့ ဘဏ်တွေဟာ မိအေးနှစ်ခါနာဖြစ်သွားတယ်။

အစိုးရဘက်က ကြည့်ရင်လည်း အစိုးရရဲ့ စီမံကိန်းလုပ်ငန်းများဖြစ်တဲ့ အခြေခံ အဆောက်အအုံများ တည်ဆောက်ရေးအတွက် အစိုးရပိုင်ဘဏ်များမှတစ်ဆင့် ငွေထုတ်ချေးချင်ပေမယ့် ဘဏ်တွေမပြေမလည် ဖြစ်နေတဲ့အတွက် အဲသလို မလုပ်နိုင်ဘူး။ တကယ်တော့ ၂ဝဝ၈ ဂလိုဘယ် ဘဏ္ဍာရေးပြဿနာမတိုင်မီက ကုမ္ပဏီအတော်များများဟာ သူတို့ရဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်း၊ သတ္တုတူးဖော်ရေးနဲ့ ဆက်သွယ်ရေးလုပ်ငန်းများအတွက် ဘဏ်တွေဆီက အတိုးနည်း နည်းနဲ့ ငွေများများ ချေးယူခဲ့ကြတယ်။ ဒါပေမယ့် အဲဒီတုန်းက ကြိုးနီစနစ်၊ သဘာဝအရင်းအမြစ်ခွဲဝေရေးပြဿနာ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပါမစ်ရရှိရေးပြဿနာ၊ လာဘ်ပေးလာဘ်ယူ အမှုကိစ္စတွေကြောင့် သူတို့ရဲ့ လုပ်ငန်းများဟာ မကြန့်ကြာသင့်ဘဲ ကြန့်ကြာနေခဲ့ တယ်။ အဲဒီနောက်ပိုင်း အိန္ဒိယ စီးပွား ရေး ကျဆင်းသွားတော့ ကုမ္ပဏီတွေ ကြွေးပိသွားခဲ့ရတယ်။

လောလောဆယ် တရားစွဲဆိုခံနေရတဲ့ ကုမ္ပဏီတွေရဲ့ အမြင်မှာ သူတို့ အကြွေးမဆပ်နိုင်ဖြစ်ရတဲ့ အခြေအနေဟာ သူတို့ရဲ့ အပြစ်ချည်းပဲ မဟုတ်ဘူး။ အစိုးရရဲ့ ကြိုးနီစနစ်တွေနဲ့ ကြန့်ကြာအောင်လုပ်မှု တွေကြောင့်လည်း ဖြစ်တယ်လို့ မြင်တယ်။ ဒါကြောင့် ခုလို တရားစွဲဆိုခံ ရမှုကို ကုမ္ပဏီတွေက သိပ်ပြီး ကျေ နပ်ကြတာ မဟုတ်ဘူး။ ဒါပေမယ့် ဘာပဲပြောပြော၊ ငွေအမြောက်အမြား ထုတ်ချေးခဲ့တဲ့ State Bank of India (SBI) ဘဏ်ကကုမ္ပဏီ ၁၂ခုအနက် ခြောက်ခုကို တရားစွဲဆိုထားတယ်။ အဲသလိုပဲ Punjab National Bank, ICICI Bank, Union Bank, IDBi Babk, နဲ့ Corporation Bank တွေကလည်း ဒီကုမ္ပဏီတွေကို တရားစွဲဆို ထားကြတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က 'အမျိုးသားကုမ္ပဏီဥပဒေခုံရုံး' (NCLT) က ဒေဝါလီခံ ဥပဒေအရ ကြွေးဆုံးအမှုများနဲ့ ပတ်သက်ပြီး စတင်လုပ်ငန်းဆောင်ရွက်ခဲ့တယ်။ NCLT က အမှုကို လက်ခံဆောင်ရွက် လိုက်တာနဲ့ တစ်ပြိုက်နက် ကုမ္ပဏီ များအနေနဲ့ ကုမ္ပဏီလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ချင်တယ်ဆိုရင် ခြောက်လအတွင်း ကြွေးးမြီရဲ့ တစ်စိတ်တစ်ဒေသကို ပေးဆပ်ကြရမှာဖြစ်ပြီး ကျန်တဲ့ကြွေးများကို နောက် ထပ်ဘယ်လိုပေးဆပ်မလဲဆိုတဲ့ အစီအစဉ်များကို တင်ပြအစီရင်ခံကြရမှာဖြစ်တယ်။

ကြားကာလမှာ NCLT အနေနဲ့ ကုမ္ပဏီရဲ့ အက်ဆက်များကို ကြီးကြပ်ကွပ်ကဲဖို့အတွက် ကြွေးမြီဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ကို ခန့်အပ်နိုင်တယ်။ ပြီးတော့ ကုမ္ပဏီဆီက ကြွေးရရန်ရှိတဲ့ မြီရှင်များ ကော်မတီတစ်ခုကိုလည်း ဖွဲ့စည်းနိုင်တယ်။ ဒီမြီရှင်များ ကော်မတီက လိုအပ်လို့ရှိရင် ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုအပိုင်းကိုပါ လွှဲပြောင်းရယူနိုင်တယ်။ တစ်နည်းပြောရင်တော့ ကုမ္ပဏီရဲ့ မြီရှင်တွေက ကြွေးမဆပ်နိုင်တဲ့ ကုမ္ပဏီကို သိမ်းပိုက်လိုက်ခြင်းဖြစ်ပါတယ်။ တကယ်လို့ မြီရှင် ၇၅ ရာခိုင်နှုန်းက သဘောတူညီတယ်ဆိုရင် ကုမ္ပဏီကို ဖျက်သိမ်းပြီး (liquidation) ၊ အက်ဆက်များကို ရှယ်ယာပိုင်ရှင်များနဲ့ ကြွေးရှင်များအကြားမှာ ခွဲဝေပေးနိုင်တယ်။

အခုလို လုပ်ဆောင်တာဟာ အိန္ဒိယဘဏ္ဍာရေးသမိုင်းမှာ ပထမ ဆုံးအကြိမ်ဖြစ်တယ်လို့ ထောက်ပြကြ တယ်။ြေ<ွကးဆုံးများကို တောင်းခံရာ မှာလည်း အချိန်ကို ကန့်သတ်ထား တယ်။ ဒါကြောင့် လက်တွေ့မှာ ဘယ် လိုဖြစ်လာမလဲ ဘယ်သူမှ မသိကြ ဘူး။ ကြွေးပိနေကြတဲ့ ကုမ္ပဏီတွေ အနေနဲ့တော့ ဥပဒေအရ ထွက် ပေါက်တွေ လိုက်ရှာကြမှာတော့ သေချာတယ်။ ပမာအားဖြင့် မြီရှင်များ ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို တရားရုံးမှာ ကုမ္ပဏီတစ်ခုက စိန်ခေါ်ခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲ။ ဒါမှမဟုတ် တရားရုံးရဲ့ ဆောင်ရွက်မှုတွေဟာ NCLT က သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ကို ကျော်လွန်သွားခဲ့ရင် ကုမ္ပဏီကို  အလိုအလျောက် ဖျက်သိမ်းပြီးဖြစ်သွားမလား။ ဒါမှမဟုတ် တရားရုံးက ရက်တိုးပေးနိုင်သလား။ ဒီလိုကိစ္စတွေကို ဖြေရှင်းဖို့ ကျန်ရှိနေပါသေးတယ်။

အိန္ဒိယဘဏ္ဍာရေးလောကမှာ နောက်ပြဿနာတစ်ခုရှိသေးတယ်။ အိန္ဒိယမှာ ‘bad bank” ရယ်လို့မရှိဘူး။ bad bank ဆိုတာက အခြားဘဏ်တွေရဲ့ ကြွေးများကို လျှော့ဈေးနဲ့ ဝယ်ယူတဲ့ ဘဏ်ဖြစ်ပါတယ်။ ဘဏ်တစ်ဘဏ်ဟာ ကြွေးပိနေတယ်ဆိုရင် ကြွေးအချို့အဝက်ကို bad bank ဆီမှာ ရောင်းချပြီး ငွေပြန်ပေါ်အောင်လုပ်တယ်။ bad bank က ဒီကြွေးကို လျှော့ဈေးနဲ့ ဝယ်ယူထားပြီး၊ ဝယ်ချင်သူတွေကို ပြန်ရောင်းတယ်။ အိန္ဒိယ အစိုးရက ဒီလိုဘဏ်တစ်ခု တည်ထောင်ဖို့ပြောဆိုနေတာ ကြာမြင်ခဲ့ပေမယ့် ဒီကနေ့ထိတော့ ရုပ်လုံးပေါ်မလာသေးဘူး။ အိန္ဒိယမှာ အဲဒီလို ဘဏ္ဍာရေး အင်စတိကျူရှင်းများ မရှိတဲ့အတွက် ကြွေးဆုံးကိစ္စတွေမှာ အိန္ဒိယ ဗဟိုဘဏ်က ကိုယ်တိုင်ကိုယ်ကျ မျက်နှာထွက်ပြနေရတယ်။ ဒါကြောင့် Essar Steel က အိန္ဒိယ ဗဟိုဘဏ်ရဲ့ လုပ်ရပ်ကို တရားရုံးမှာ စိန်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ နောက်ပြဿနာ တစ်ခုကတော့ ကြွေးပြန်မဆပ်နိုင်တဲ့ ကုမ္ပဏီကို ဖျက်သိမ်းခြင်းဖြစ်တယ်။ ပမာအားဖြင့် စွမ်းအင်ကဏ္ဍက ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းမယ်ဆိုရင် အက်ဆက်များကို ရောင်းချရတာ အချိန်အကြာကြီး ကြာမြင့်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဝယ်မယ့်သူ မရှိနိုင်ဘူး။ ဒီလိုပြဿနာတွေကို တရားရုံးတင်ပြပြန်ရင်လည်း အချိန်က ပိုတောင်ကြာနိုင်သေးတယ်။ အိန္ဒိယမှာက ဘာကိစ္စမဆို တရားရုံးရောက်တယ်။ တရားရုံးရောက်တော့ ကြာလွန်းလို့ ပုခက်ထဲက ကလေးတောင် အဘိုးကြီးဖြစ်သွားနိုင်ပါသ တဲ့။

ဒါကြောင့် State Bank of India ကို ဥက္ကဋ္ဌ Arundhati Bhattacharys က ကြွေးဆုံးတွေကို ဒီ ဥပဒေအရ အလျင်စလို ဖြေရှင်းမှာ မဟုတ်ပါဘူးလို့ဆိုခဲ့တယ်။

 

 မင်းရွှေမောင်

Ref: “Banks NPAs : Recorder or Perish” by M.G.Arun: INDIA TODAY, July 31,2017

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.