21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
တရုတ် အမေရိကန် နှစ်နိုင်ငံ ဈေးကွက်ဖွင့်ပေးရေး ကြိုးပမ်းချက်

ပြီးခဲ့သော ဧပြီလအစောပိုင်းက အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ အမေရိကန် သမ္မတဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံ ကုန်သွယ်ရေး၌ အမေရိကန်ဘက်မှ  လိုငွေပြမှုအများအပြား ဖြစ်ပေါ်နေခြင်းကို လျှော့ချရန် ကုန်သွယ်ရေး ဆွေးနွေးပွဲဆိုင်ရာ ရက် ၁ဝဝ အစီအစဉ်ကို သဘောတူညီခဲ့ကြသည်။ ယင်းဆွေးနွေးပွဲများကြောင့် ယခုအခါ ဈေးကွက်ဖွင့်ပေးရေးဆိုင်ရာ သဘောတူညီချက်အချို့ကို ရရှိလာခဲ့သည်ဟု သိရသည်။

ရှေးဦးစွာ အမေရိကန် အမဲသားထုတ်ကုန်များအတွက် တရုတ်နိုင်ငံ၏ ဈေးကွက်ကို ပြန်လည် ဖွင့်ပေးမည်ဖြစ်ပြီး အမေရိကန်သဘာဝ ဓာတ်ငွေ့ရည်ကို ဝယ်ယူပါမည်ဟု ဆိုသော တရုတ်နိုင်ငံ၏ ကတိပြုချက်ကို အကောင်အထည်ဖော်မည်ဖြစ်သည်ဟု သိရသည်။ ထို့အပြင် အမေရိကန် ကုမ္ပဏီများကို တရုတ်နိုင်ငံ၏ ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်း အချို့သို့ ဝင်ရောက်လုပ်ကိုင်ခွင့် ပြုမည်ဟု ဆိုသည်။

ဘီဘီစီသတင်းအရ ယခုအခါ တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံမှ အမဲသားများကို ပြန်လည်တင်သွင်းရန် အဆင်သင့်ဖြစ်နေကြောင်း ဖော်ပြထားသည်။ ယင်းသတင်းသည် ၁၄ နှစ်ကြာဖြစ်ပေါ်ခဲ့သော အမေရိကန်နှင့် တရုတ်နိုင်ငံအကြား သံသယ ဖြစ်ပေါ်နေမှုကို ချေဖျက်ပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံမှ ရေနံဓာတ်ငွေ့ရည်ပမာဏ အမြောက်အမြား တင်သွင်းရန် ဖြစ် နိုင်ခြေရှိသည်ဟု အမေရိကန်ဆိုင်ရာ

တရုတ်သံအမတ်ကြီး Cui Tiankai က ပြောကြားကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားပါသည်။တရုတ်သံအမတ်ကြီးက တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံမှ အဆင့်မြင့်နည်းပညာရပ်ဆိုင်ရာ ထုတ်ကုန်များနှင့် နည်းပညာများကိုလည်း တင်သွင်းလိုပါကြောင်း ထပ်မံ ပြောကြားခဲ့သည်။ ၄င်းက -

''အမေရိကန် အစိုးရအနေနဲ့ ကုန်သွယ်ရေးနဲ့ဆိုင်တဲ့ အတားအဆီးတွေကို လျှော့ချပေးလိုက်မယ်ဆိုရင် နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပိုမိုညီညွတ်မျှတလာမှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီး Sonny Perdue ကလည်း မကြာမီကာလအတွင်း ကမ္ဘာပေါ်တွင် ဆန်ဈေးကွက်အကြီးဆုံးဖြစ် သည့် တရုတ်နိုင်ငံ၏ ဆန်ဈေးကွက်သို့ အမေရိကန်ဆန်များ တင်သွင်းခွင့်ရတော့မည်ဖြစ်ကြောင်း၊ အဆိုပါ တရုတ်နိုင်ငံ ဆန်ဈေးကွက်သည် မိမိတို့အတွက် အခွင့်အလမ်းကောင်းများရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဆန်ဈေးကွက်သို့ ဝင်ရောက်ခွင့် ကိစ္စရပ်ကို နှစ်ပေါင်း များစွာကြာ ဆွေးနွေးညှိနှိုင်းမှုများပြု လုပ်ခဲ့ပြီးနောက် တရုတ်နိုင်ငံသည် နိုင်ငံတွင်းရှိ အလယ်အလတ်တန်းစား ပြည်သူအများ၏ ဆန်လိုအပ်ချက်မြင့်မားလာမှုကို ဖြည့်ဆည်းပေးနိုင်ရန် အမေရိကန် ဆန်များတင်သွင်းမှုကို သဘောတူညီခဲ့ကြောင်း သိရပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်အများဆုံး စိုက်ပျိုးထုတ်လုပ်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ ဆန်အများဆုံးလည်း စားသုံးနေသည့် နိုင်ငံဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံ၏ပြည်တွင်းဆန်လိုအပ်ချက် အခြေအနေများကြောင့် လွန်ခဲ့သည့် နှစ်များအတွင်းက ပြည်ပမှဆန်များ တင်သွင်းလာရကြောင်း၊ ၂ဝ၁၆ ခုနှစ်တွင် တရုတ်နိုင်ငံသည် ပြည်ပမှ ဆန်တန်ချိန် ငါးသန်းနီးပါးတင်သွင်းခဲ့ရသဖြင့် ကမ္ဘာတွင် ဆန်ဝယ်ယူတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်လာခဲ့ ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ ဆန်ဈေးကွက်သို့ ဝင်ရောက်ခွင့် ရရှိရန်အတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ရပါသည်။ သို့ရာတွင် နိုင်ငံရေးဆိုင်ရာ အတားအဆီးများကြောင့် အမြဲတမ်း ပိတ်ဆို့မှုခံခဲ့ရကြောင်း သိရပါသည်။ ယခုကဲ့သို့ တရုတ်ဆန် ဈေးကွက်ကို ဖွင့်လှစ်ပေးမှုက အမေရိကန်နိုင်ငံတွင် နှစ်ပေါင်းများစွာ ဆန် ရောင်းလိုအားများပြားနေမှုနှင့် ဆန်ဈေးနှုန်းကျဆင်းနေမှုကို ရင်ဆိုင်နေကြရသော အမေရိကန်ဆန်စိုက် တောင်သူလယ်သမားများအတွက် ကြီးမားသည့် အကျိုးအမြတ်တစ်ခု ရရှိလာနိုင်ပါသည်။

အမေရိကန်နိုင်ငံတွင် နှစ်စဉ် ဆန်တန်ချိန် ပျမ်းမျှကိုးသန်းခန့်ထွက်ရှိပြီး ယင်းဆန်တန်ချိန် ပမာဏသည် တရုတ်နိုင်ငံတွင် ရက်သတ္တနှစ်ပတ်ခန့်သာ စားသုံးနိုင်ကြောင်း တရုတ်နိုင်ငံ ဆန်ဈေးကွက်သို့ အမေရိကန်ဆန်များ ဝင်ရောက်ရန်အတွက် ကုန်ပစ္စည်းအရည်အသွေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများအား ဆောင်ရွက် သွားရန် လိုအပ်ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံမှ ဆန်များ ကျန်းမာရေးနှင့်ညီညွတ်မှုရှိရန်အတွက် အပင်ဇီဝတို့၏ ကျန်းမာရေးဆိုင်ရာ သဘောတူညီချက်များအား ၂ဝ၁၆ ခုနှစ် အစောပိုင်းတွင် နှစ်နိုင်ငံ သဘောတူညီချက်များရရှိထားပြီး ဖြစ်သည်ဟု သိရှိရပါသည်။

အစီအစဉ်အတိုင်းဖြစ်လာမည် ဆိုပါက အမေရိကန်နိုင်ငံသည် ၄င်း၏ ဆန်များအား ၂ဝ၁၇ ခုနှစ် နှောင်းပိုင်း သို့မဟုတ် ၂ဝ၁၈ ခုနှစ် အစောပိုင်းတွင် တရုတ်နိုင်ငံသို့ သင်္ဘောတင်ပို့မှုများ စတင်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု USA Rice မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားပါသည်။

တရုတ်နိုင်ငံအနေဖြင့် ၄င်း၏ အဓိကအင်အားကြီး ကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံဖြစ်သော အမေရိကန်နိုင်ငံနှင့် ပိုမိုကုန်သွယ်မှုပြုလုပ်ရန် စိတ်အားထက်သန်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန် နိုင်ငံသို့လည်း တရုတ်နိုင်ငံမှ ကုန် စည်များကို ပိုမိုတင်ပို့လိုကြောင်း အမေရိကန်ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Cui Tiankai က ပြောကြားခဲ့သည်ဟု ဘီဘီစီသတင်းတွင် ဖော်ပြထားပါသည်။

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့်တက်လာပြီးနောက် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးလိုငွေ အများအပြားဖြစ်ပေါ်နေခြင်းကို နည်းလမ်းပေါင်းစုံ ဟန့်တား ပိတ်ဆို့ မှုများပြုလုပ်လာပါက တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲလာ မည်ကို ကမ္ဘာတစ်ဝန်းမှ စိုးရိမ်နေခဲ့မှုများမှာ ယခုအခါနှစ်နိုင်ငံ ခေါင်းဆောင်ကြီးနှစ်ဦး၏ သဘောထားကြီးစွာ ဆွေးနွေးညှိနှိုင်းမှုများကြောင့် ကုန်သွယ်ရေးစစ်ပွဲကို ရှောင်လွဲလာနိုင် စရာရှိသည်ဟု ဆိုနိုင်ပါသည်။

မောင်ပုဆိုးကြမ်း

Ref:BBC News and rice online.

မောင်ပုဆိုးကြမ်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.