24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
နိုင်ငံခြား အကူအညီ မှော်ရုံတောထဲက လိုင်ဘေးရီးယား

လိုင်ဘေးရီးယားနိုင်ငံ Liberia ရဲ့ ကျေးလက်ဒေသဆီ ကားမောင်းသွားရင် လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်မှာ အစီအရီစိုက်ထူထားတဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးများကို မျက် စိစပါးမွေးစူးလောက်အောင် မြင်တွေ့ကြရမှာ ဖြစ်ပါတယ်တဲ့။ တချို့ဆိုင်းဘုတ်တွေကတော့ ပရိုတက်စတင့် ခရစ်ယာန်ဘုရားကျောင်းတွေရဲ့ ကြော်ငြာတွေ။ အခြားသော ဆိုင်း ဘုတ်တွေကတော့ နိုင်ငံကို ထောက်ကူပံ့ပိုးပေးနေကြတဲ့ အေဂျင်စီများရဲ့ ကြွားလုံးထုတ် ကြော်ငြာတွေ။

 ကျေးလက်ရှုခင်းမှာတော့ အမေရိကန်ရဲ့ USAID ဥရောပသမဂ္ဂရဲ့ အေဂျင်စီ၊ ဂျပန်ရဲ့ ဖွံ့ဖြိုးရေး အေဂျင်စီ ကြော်ငြာဆိုင်းဘုတ်တွေက နေရာယူထားကြတယ်။ USAID ကြော်ငြာ ဆိုင်းဘုတ်များကတော့ နေရာတကာမှာ သူ့ဆိုင်းဘုတ်ချည်းပါပဲ။ ဒါပေမယ့် မြို့တော် Monrovia မှာတော့ China Aid ဆိုင်းဘုတ်ကြီးက အဓိကနေရာယူထားတယ်။ တရုတ်တွေကလည်း အာဖရိကတိုက်ကို မျက်စိကျနေတာကြာပြီ။

လိုင်ဘေးရီးယားနိုင်ငံ

အနောက်အာဖရိက ကမ်းရိုးတန်းနိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံက သေးသေးလေး။ လူဦးရေက လေးသန်းလောက်။ ဆင်းရဲတာမှာလည်း လွန်ရော။ ကမ္ဘာ့ဆင်းရဲဆုံး လေးငါးနိုင်ငံထဲက တစ်နိုင်ငံဖြစ်တယ်။

 ဒါကြောင့် နိုင်ငံခြားအကူအညီတွေ လိုအပ်တယ်။ ဆင်းရဲရတဲ့အထဲ ပြည်တွင်းစစ်ကလည်း ၁၉၈၉ ခုနှစ်ကစပြီး ၂ဝဝ၃ ခုနှစ်ထိ ဖြစ်လိုက်သေးတယ်။ ပြည်တွင်းစစ်ကြောင့် တိုင်းပြည်စီးပွားရေး ၉ဝ ရာ ခိုင်နှုန်းလောက် မှုန့်မှုန့်ညက်ညက် ကြေသွားတယ်။ ၂ဝ၁၄ မှာတောင် အိမ်ထောင်စု ထက်ဝက်လောက်က စားရမဲ့သောက်ရမဲ့ဖြစ်ခဲ့ကြသေးတယ်။ ကျေးလက်များမှာ လျှပ်စစ်မီးမရတာ မပြောနဲ့ မြို့ကြီးများမှာတောင် လေးပုံသုံးပုံဟာ လျှပ်စစ်မီးမရကြဘူး။ လျှပ်စစ်မီး ရကြသူများထဲမှာ အတော်များများက မီးစက်အသုံး ပြုကြရတယ်။

ဆင်းရဲပေမယ့် ခုတော့ အစိုးရက ခိုင်မာတယ်။ အုပ်ချုပ်ရေးက ကောင်းမွန်တယ်။ သမ္မတရဲ့ နာမည်က ဘာတဲ့။ သြော်-သိပြီ။ သမ္မတအမည်က Ellen Johnson Sirleaf ဖြစ်ပါတယ်။ အသက် ၇၉ နှစ်ရှိပြီ။ ၂ဝဝ၆ ခုနှစ်ကစတင်ပြီး သမ္မတဖြစ်လာခဲ့တာပါ။ အာဖရိကတိုက်ရဲ့ ပထမဆုံး ရွေးကောက်တင်မြှောက်ခံရတဲ့ အမျိုးသမီးသမ္မတဖြစ်ပါတယ်။ ပြည်သူတွေက သူ့ကိုချစ်ခင်မြတ်နိုး လေးလေးစားစားနဲ့ အမေ Ellen လို့ ခေါ်ကြတယ်။ Ellen ဟာ ၂ဝ၁၁ ခုနှစ်က အခြားအမျိုးသမီး နှစ်ဦးနဲ့အတူ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်ခြင်းခံခဲ့ရဖူးပါတယ်။

Ellen ဟာ နိုင်ငံရေးမှာ လိမ္မာပါးနပ်တယ်။ တိုင်းပြည်အတွက် နိုင်ငံခြားအကူအညီ အထောက်အပံ့ တောင်းခံရမှာလည်း ကျွမ်းကျွမ်းကျင်ကျင်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ Ellen ဟာ ကုလသမဂ္ဂ UN နဲ့ ကမ္ဘာ့ဘဏ် World Bank တွေမှာ အလုပ်လုပ်ဖူးတယ်။ သူသမ္မတဖြစ်လာပြီး နောက် အစိုးရအဖွဲ့လည်းဖွဲ့ရော၊ နိုင်ငံခြားအကူအညီ အထောက်အပံ့တွေ ဒလဟော ရောက်လာတော့တာပါပဲ။ ပြီးတော့ အနောက်နိုင်ငံများက အကြံပေးပုဂ္ဂိုလ်တွေလည်း တစ်ပုံ တစ်ခေါင်းကြီး ရောက်လာခဲ့ကြတယ်။ လိုင်ဘေးရီးယားရဲ့ မဖြစ်စလောက် စီးပွားရေးနဲ့ နှိုင်းယှဉ်ရင် နိုင်ငံခြား အကူအညီတွေကတောင် များနေပါသတဲ့။

ဖွံ့ဖြိုးရေးဘောဂဗေဒ (Development Economics) အဝိုင်းအဝန်းအတွင်းမှာ ဦးနှောက်ခြောက်စရာ မေးခွန်းပေါင်းသောင်းခြောက်ထောင်ရှိတယ်။ ဒါအတွက် အဖြေရှာဖို့ အ ကောင်းဆုံးက လိုင်ဘေးရီးယားနိုင်ငံဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေနဲ့ ကွန်ဆာဗေးတစ်သတင်းစာများက ထောက်ကူပေးကြတဲ့ အေဂျင်စီများကို ဝေဖန်ပြစ်တင်တတ်ကြ တယ်။ အသုံးမဝင်တဲ့ စီမံကိန်းတွေမှာ ငွေကို အလဟဿဖြုန်းတီးပစ်နေကြတယ် ဆိုပြီးတော့ပေါ့။ ဒါမှမဟုတ် အကူအညီပေးနေကြတဲ့ အေဂျင်စီတွေကိုယ်နှိုက်က လိမ်စားညာစားလုပ်နေ ကြတာတွေရှိနိုင်တယ်။

 နိုင်ငံများမှာ သန့်ရှင်းတဲ့အစိုးရများမရှိဘူးဆိုရင် ဘယ်လောက်ပဲ နိုင်ငံခြားအကူအညီတွေ ပေးပေး၊ တိုင်းပြည်က ဆင်းရဲတွင်းမှ လွတ်မြောက်မှာမဟုတ်ဘူးလို့ ထောက်ပြကြတယ်။ တကယ်လို့ ဆင်းရဲတဲ့နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်ခဲ့ရင် နိုင်ငံခြားအကူအညီ အထောက်အပံ့တွေကြောင့် အစိုးရဟာအုပ်ချုပ်ရပိုပြီး ခက်ခဲသွားနိုင်တယ်လို့ဆိုကြတယ်။

နိုင်ငံခြား အထောက်အကူ

ဟုတ်ပါတယ်။ လိုင်ဘေးရီးယားနိုင်ငံဟာ နိုင်ငံခြားမှ ထောက်ကူပံ့ပိုးမှုတွေ အထူးသဖြင့် ကုလရဲ့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့တွေ မရှိဘူးဆိုရင် နိုင်ငံဟာပြည်တွင်းစစ် ဖြစ်ပွားမှုဆီ ပြန်ရောက်သွားနိုင်တယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာ နိုင်ငံခြားအကူအညီတွေကြောင့် လမ်းတွေဖောက်နိုင်တယ်။ တံတားတွေ ဆောက်နိုင်တယ်။ စာသင်ကျောင်းတွေ တိုးချဲ့ဖွင့်လှစ်နိုင် တယ်ဆိုပေမယ့် လိုင်ဘေးရီးယားမှာ ဘာဖြစ်လာသလဲဆိုတော့ နိုင်ငံဟာညင်ညင်သာသာလေးနဲ့ အားပျော့သွားတယ်။

ဒီလိုဖြစ်လာရတဲ့ အကြောင်းအချက်နှစ်ချက်ရှိတယ်။ ပထမအချက်က နိုင်ငံခြား အကူအညီတွေဟာ အစိုးရရဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်များကို အာရုံထွေပြားစေပြီး အစိုးရရဲ့ စီမံကိန်းများကို ရွဲ့စောင်းသွားစေတယ်။

ဒုတိယအချက်ကတော့ အစိုးရနဲ့ ပြည်သူများအကြား အက်ကြောင်းထဲကို ဒီနိုင်ငံခြား အကူအညီတွေက စိမ့်ဝင်စီးဆင်းသွားတယ်။ ဒီတော့ ပြည်သူတွေအနေနဲ့ သူတို့ရဲ့ခေါင်းဆောင် တွေကို ဘာအတွက်လိုအပ်သလဲလို့ ဇဝေဇဝါဖြစ်သွားနိုင်တယ်။ တိုင်းပြည်ကို နိုင်ငံခြားအကူအညီ အ ထောက်အပံ့တွေနဲ့ပဲ မောင်းနှင်နေရင် အစိုးရရဲ့အလုပ်က ဘာများရှိသေးလဲ မေးခွန်းထုတ်လာကြနိုင် တယ်။

 နိုင်ငံခြား အကူအညီအထောက် အပံ့တွေမှာအများအားဖြင့် 'နှောင်ကြိုး' ကလေးပါတတ်တယ်။ အမေရိကန်က ထောက်ကူပံ့ပိုးပေးရင် အမေရိကန်ဆီက ပစ္စည်းဝယ်ရတယ်။ ဂျပန်က ကူပံ့ရင် ဂျပန်ဆီက ပစ္စည်းဝယ်ရတယ်။ တရုတ်က အကူအညီပေးရင် တရုတ်ဆီက ပစ္စည်းဝယ်ရတယ်။ ဒါမှမဟုတ် အကူအညီပေးတဲ့ နိုင်ငံတွေကို မိမိတို့ပြည်တွင်းမှာ လုပ်ပိုင်ခွင့် တစ်စုံတစ်ရာ ပေးကြရတယ်။ ချမ်းသာတဲ့နိုင်ငံများက ဆင်းရဲတဲ့နိုင်ငံများကို လူသားချင်းစာနာလို့ အကူအညီ အထောက်အပံ့ပေးတယ်ဆိုပေမယ့် သူတို့ကတော့ သူတို့အခေါ် 'အသေးအဖွဲ့အကျိုးအမြတ်' (incilental benefit) ကိုတော့ မရရအောင် ယူလိုက်ကြတာပါပဲ။

 နိုင်ငံခြားက အခုလို အကူအညီအထောက်အပံ့ပေးတဲ့နိုင်ငံ ဒါမှမဟုတ် အဖွဲ့အစည်းများကို ဒိုးနား donor လို့ခေါ်တယ်။ အနောက်နိုင်ငံများက donor တွေဟာ ၂ဝဝ၅ ခုနှစ်က ပါရီမြို့မှာ အစည်းအဝေးများ ကျင်းပပြီး အကူအညီများကို 'နှောင်ကြိုးမဲ့' ပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ပြီးတော့ သူတို့အနေနဲ့ တန်ဖိုးရှိတယ်လို့ယူဆတဲ့ သူတို့ရဲ့အစီအစဉ်များမှာ ငွေကိုသုံးစွဲမယ်အစား ဆင်းရဲတဲ့ နိုင်ငံတွေက နိုင်ငံရေးသမားတွေ ဖော်ဆောင်တဲ့ စီမံချက်တွေထဲမှာ ပူးပေါင်းပါဝင် ငွေကြေးသုံးစွဲဖို့ သဘောတူညီခဲ့ကြတယ်။ ငွေကြေးပေးကမ်းလှူဒါန်းတဲ့အခါ ဗျူရိုကရေစီ ယန္တရားကတစ်ဆင့် ပေး လှူကြဖို့ ရည်ရွယ်တယ်။

တကယ်တော့ ဒီလိုဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြပေမယ့် donor တွေဟာ သူတို့ရဲ့ ကိုယ်ပိုင် အစီအစဉ်များကိုလည်း သူတို့ရဲ့ လှူဒါန်းငွေ တွေနဲ့ ပုံဖော်ဖန်ဆင်းကြတယ်။ အဲဒီ  အစီအစဉ်များကို သူတို့ဟာ သူတို့အကဲဖြတ်ကြတယ်။ အိမ်ရှင်နိုင်ငံ host country ရဲ့ အစီအစဉ်များနဲ့  စင်ပြိုင်လုပ်သလိုဖြစ်နေတယ်။ တစ်ခါတစ်ရံ သူတို့ရဲ့လှူဒါန်းငွေကို ဗြုန်းစားကြီး တိုးမြှင့်ပေးတတ် တယ်။ တစ်ခါတစ်လေကျတော့ လှူဒါန်းငွေကို donor တွေက ဆိုင်းမဆင့်ဗုံမဆင့် ရုပ်သိမ်းသွားတတ်ကြတယ်။ အဲဒီအခါမျိုးကျတော့  နိုင်ငံကဖော်ဆောင်နေတဲ့ စီမံချက်တွေ ပျက်ရော။

လိုင်ဘေးရီးယား အစိုးရမှာလည်း ကိုယ်ပိုင်အကူအညီအတွက် အထောက်အပံ့ပေးတာ တွေရှိတယ်။ မီးစက်များအတွက် ဒီဇယ်ဆီတွေ ထောက်ပံ့တယ်။ ဒါပေမယ့် မီးစက်ကမရှိဘူး။ စာကြည့်တိုက်များကို စာအုပ်တွေ လှူဒါန်းတယ်။ ဒါပေမယ့် စာကြည့်တိုက်များမှာ စာအုပ်စင်မရှိလို့ စာအုပ်တွေကို တစ်ထောင့်တစ်နေရာမှာ စုပုံထားရတယ်။ ဒီတော့ သမ္မတကြီး Ms Sirleaf က ပိုမို ကောင်းမွန်တဲ့ စနစ်တစ်ခုတည် ထောင်ချင်လို့ အထောက်အပံ့ပေးရာမှာ ကျွမ်းကျင်တဲ့ဝန်ကြီးတွေ၊ အကြံပေးပုဂ္ဂိုလ်တွေနဲ့တိုင်ပင်တယ်။ ဆွေးနွေးတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်တွေကို အစိုးရကပဲ ချုပ်ကိုင်ရမယ်လို့ ဆုံးဖြတ်တယ်။ ဒါပေမယ့် donor များရဲ့ နှစ်စဉ် ပေးကမ်းလှူဒါန်းငွေက အစိုးရဘတ်ဂျက်နီးနီးရှိနေတော့ သူတို့ကိုလည်း ပထုတ်လို့မဖြစ်ပြန်ဘူး။

 လိုင်ဘေးရီးယား ပြန်လည်တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ Liberia Reconstruction and development committee LRDC ဟာ လစဉ်အစည်းအဝေးထိုင်တယ်။ သမ္မတကြီးက သဘာပတိလုပ်တယ်။ အရေးပါတဲ့ ဝန်ကြီးတွေနဲ့ ထောက်ကူလှူဒါန်းမှုများများပေးတဲ့ အေဂျင်စီများက ပုဂ္ဂိုလ်တွေပဲ တက်ရောက်ကြရတယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒတွေချမှတ်ကြတယ်။ တိုးတက်မှု အခြေအနေများကို လေ့လာသုံးသပ်ကြတယ်။ ဒါပေမယ့် ပြဿနာက ထောက်ကူပံ့ပိုး လှူဒါန်းနေကြတဲ့ အေဂျင်စီများကို 'ခြံသွင်း' လို့မရဖြစ်နေတယ်။

ပါရီအစည်းအဝေးက ဘာပဲဆုံးဖြတ်ဆုံးဖြတ် donor များကတော့  သူတို့အစီအစဉ်နဲ့ သူတို့ လုပ်ကိုင်နေကြတာပါပဲ။ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်ကဆိုရင် ထောက်ကူလှူဒါန်းငွေရဲ့ ၁၂ ရာခိုင်နှုန်းလောက်ပဲ အစိုးရရဲ့ ဘတ်ဂျက်ထဲရောက်လာခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အလှူရှင်နိုင်ငံများက သူတို့ရဲ့ အေဂျင်စီများကို အစိုးရအဖွဲ့ကို တိုက်ရိုက်မလှူဒါန်းရလို့ ညွှန်ကြားထားပါသတဲ့။ ဘာဖြစ်လို့လဲ။ တချို့က လိုင်ဘေးရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ စာရိတ္တခြစားဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်တယ်လို့ဆိုကြတယ်။ စီးပွားရေး လုပ်ငန်းများရဲ့ ၇ဝ ရာခိုင်နှုန်းလောက်က သူတို့ဆီက လာဘ်တောင်းကြောင်း ကမ္ဘာ့ဘဏ် WB ကို တိုင်ကြားခဲ့ကြ တယ်လို့ဆိုတယ်။ Ms Sirleaf က တော့ ဒီလို လာဘ်စားမှုတွေကို တိုက်ဖျက်လျက်ရှိပါတယ်။

Ms Sirleaf ရဲ့ ကြိုးပမ်းမှုကြောင့် ၂ဝ၁ဝ ပြည့်နှစ်မှာ နိုင်ငံရဲ့ ကြွေးမြီများကို သက်ဆိုင်ရာ ကြွေးရှင်နိုင်ငံများက ပယ်ဖျက်ပေးခဲ့ကြတယ်။ အဲဒီနောက်ပိုင်း LRDC ကော်မတီကိုလည်း ဖျက်သိမ်းခဲ့တယ်။ ပြီးတော့ အလှူရှင်အေဂျင်စီများနဲ့ တွေ့ဆုံပွဲတွေမှာ သမ္မတ မပါဝင်တော့ဘဲ ဝန် ကြီးများကို တာဝန်လွှဲပြောင်းပေးလိုက်တယ်။ ဒီဆုံးဖြတ်ဟာ မဟာအမှားကြီးပဲလို့ တချို့က ထောက်ပြ တယ်။ 

 ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အလှူရှင်အေဂျင်စီများဟာ ထင်ရာစိုင်းလုပ်ကြတော့ တာပဲတဲ့။ ပြီးတော့ သူတို့က ဝန်ကြီးများနဲ့ တွေ့ဆုံခွင့် ဂရီးဂရီးတောင်းကြလွန်းလို့ ဝန်ကြီးတွေမှာ ယားလို့ကုတ်ဖို့တောင် အချိန်မရရှာကြဘူးလို့ဆိုတယ်။ သူတို့က ဝန်ကြီးများနဲ့ မပြီးပြတ်ရင် သမ္မတဆီကိုတောင် တက်တွေ့ကြ တယ်။

ကမ္ဘာ့ဘဏ်ကတော့ donor တွေလို ကြော်ငြာဆိုင်းဘုတ်ကြီးကြီး မတင်ပါဘူး။ ဒါပေမယ့် ကမ္ဘာဘဏ်ဟာ နောက်ကွယ်က နေရာတကာမှာဝင်ပါတယ်။ ကမ္ဘာ့ဘဏ်အကြောင်း ထဲထဲဝင်ဝင် အတွင်းကျကျသိသူတွေကတော့ ကမ္ဘာ့ဘဏ် World Bank လို့တောင် မခေါ်ကြတော့ဘူး။ ကမ္ဘာ့အမျိုးသားဘဏ် World National Bank လို့ပဲ ခေါ်ကြတော့တယ်။

 

မင်းရွှေမောင်

Ref: Foregin aid : Fading faith in good works; The Economist, July 1,2017.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.