24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
Plan C ရေးဆွဲကြရမယ့်အချိန်

အမေရိကန် ကော်ပိုရေးရှင်းကြီးတစ်ခုရဲ့ ထိပ်တန်းစီအီးအိုတစ်ဦးဟာ အိမ်ဖြူတော်မှာ သမ္မတ Donald Trump နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်များကို အခုလို စကားလက်ဆောင်ပါးခဲ့ပါတယ်။

မနေ့က အိမ်ဖြူတော်မှာသမ္မတကြီးနဲ့တွေ့တယ်။  သမ္မတကြီးနဲ့အတူ စားပွဲဝိုင်းမှာ နောက်ထပ်နှစ် နာရီလောက်ကြာအောင် စကားလက်ဆုံကျခဲ့ပါတယ်။ အိမ်ဖြူတော်ကပြန်လာတော့ ကျွန်တော်တို့ ကုမ္ပဏီကြီးအနေနဲ့ တတိယစီမံချက် (Plan C) တစ်ခု ရေးဆွဲထားရှိဖို့ ချိန်တန်ပြီဆိုတာ ကျွန်တော့်ရဲ့ အူထဲ အသည်းထဲက အလိုလိုသိရှိခံစားလိုက်ရတယ်။

 ကြေးစားလက်ဝှေ့သမား အကျော်အမော် Mike Tyson က ပြောဖူးတယ်မဟုတ်လား။ ''မျက်နှာကို လက်သီးနဲ့ပိတ်ထိုးမခံရခင်မှာတော့ လက်ဝှေ့သမားတိုင်းမှာ သူဟာနဲ့သူ အစီအစဉ်တစ်ခု ရှိစမြဲပါပဲ''တဲ့။ ဒါပေမယ့် အရင်က ဗြိတိသျှဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးတဲ့ Winston Churchill ကတော့  ''စီမံချက်တွေဟာ သိပ်ပြီးအရေးမပါဘူး။ ဒါပေမယ့် ကြိုတင် စီမံချက်ရေးဆွဲဖို့ကတော့ မရှိမဖြစ် လိုအပ်တယ်''လို့ဆိုတယ်။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့တော့ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံသူတွေ၊ စားသုံးသူတွေနဲ့ ဝန်ထမ်းများအပေါ် တာဝန်ရှိပါတယ်။ ဒီတော့ တတိယစီမံချက်တစ်ခုကို လိုလိုမည်မည် ရေးဆွဲထားဖို့လိုတယ်။

လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော်တို့ဟာ ပထမစီမံချက် (Plan A) တစ်ခု ရေးဆွဲထားခဲ့တယ်။ ကျွန်တော်တို့က ၂ဝ၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ Hillary Clinton သေချာပေါက်နိုင်မယ်လို့ သပိတ်ဝင်အိတ်ဝင် တွက်ချက်ထားခဲ့ကြတယ်။ သူနိုင်ခဲ့ရင်တော့ စီးပွားရေး အခင်းအကျင်းက သိပ်ပြီးအပြောင်းအလဲရှိမှာမဟုတ်ဘူး။ စီးပွားရေးလုပ်ငန်းတွေကလည်း ဘဏ္ဍာရေး ပြဿနာတက်ပြီး နောက်ပိုင်းကအတိုင်း ဆက်လက်ရွေ့လျားနေမှာပါပဲ။ စီးပွားရေး တိုးတက်မှု နှေးကွေးမယ်။ ကြိုးနီစနစ် အတော်များများရှိ နေမယ်။ ဒါပေမယ့် နယ်သတ်မျဉ်း တွေကို လွတ်လွတ်လပ်လပ် ကျော်ဖြတ်သွားလာနိုင်မယ်။ စီးပွားရေးလုပ်ငန်းတွေ စံတင်လောက်အောင် အမြတ်အစွန်းအများကြီးရနိုင်မယ်။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ရှယ်ယာပိုင်ရှင်များကို ရှယ်ယာပေါ် အမြတ် Dividend များများပေးနိုင်မယ်။ ပြီးတော့ နောက်ထပ် ရင်းနှီးမြှုပ်နှံမှု သိပ်မလုပ်တော့ဘဲ ရှယ်ယာ ပြန်ဝယ်တာကို အဓိကလုပ်မယ်။ အဲသလို ပထမစီမံချက် ရေးဆွဲထားခဲ့ပါတယ်။

 ဒါပေမယ့် နိုဝင်ဘာလ ၈ ရက် နောက်ပိုင်းမှာတော့ ကျွန်တော်တို့ဟာ ဒုတိယစီမံချက် Plan B ကို အလျင်စလို ဖုတ်ပူမီးတိုက် ကူးပြောင်းခဲ့ကြရတယ်။ မထင်မှတ်ဘဲ Donald Trump က သမ္မတဖြစ်လာတာကိုး။ သူသမ္မတဖြစ်လာပြီးနောက် အစောပိုင်းကာလမှာတော့ ရီပတ်ဗလီကန်က စိုးမိုးထားတဲ့ အောက်လွှတ်တော်နဲ့ အိမ်ဖြူတော်တို့က စည်းမျဉ်းစည်းကမ်းတွေ လျှော့ပေါ့ပြီး၊ အခွန်စနစ်ကို ပြုပြင်ပြောင်းလဲကာ စီးပွားရေးကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတယ်။ သမ္မတ Reagan လက်ထက်ကလိုပေါ့။ ကျွန်တော်တို့ကလည်း ရင်းနှီးမြှုပ်နှံမှု တိုးပြီးလုပ်မယ်။ အလုပ်သမားတွေ ပိုပြီးခန့်မယ်လို့ ရည်ရွယ်ထားတယ်။ အခြားသော ကုမ္ပဏီတွေ လိုပဲ ကျွန်တော်တို့က သေနတ်ထဲကျည်ထည့်ထားမယ်။ မောင်းတော့မဖြုတ်သေးဘူးပေါ့။ ဒါက အသင့် ပြင်ထားကြရမယ့် အချိန်မဟုတ်လား။

အခုတော့ အခြေအနေမှန်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လာကြရပြီ။ အိမ်ဖြူတော်ဟာ ပုံမှန်အလုပ်လုပ်နိုင်တဲ့ အနေအထားမှာ မရှိဘူး။လွှတ်တော်ရဲ့ လုပ်ငန်းစဉ်ထဲမှာ Plan B က မပါဘူး။ ဒါပေမယ့် ဈေးကွက်များကို ကြည့်ရင်တော့ စီးပွားရေး အလားအလာကောင်းနေသလို မြင် တွေ့နေကြရတယ်။ စတော့ဈေးကွက်က မြင့်တက်နေတယ်။ ရွေးကောက်ပွဲ နောက်ပိုင်း ဘွန်း (bonds) စာချုပ်စာတမ်းများရဲ့ ပြန်ပေါ်နှုန်း (Yields) ဟာ မြင့်တက်ခဲ့ပေမယ့် အခုတော့ ခေါက်ချိုးကျဆင်းသွားတယ်။ ဒေါ်နယ်ထရန့်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် စီးပွားရေးကောင်း လာမယ်လို့ သိပ်မထင်ကြတော့ဘူး။ ဒါပေမယ့် စီးပွားရေးအခြေအနေက ပုံမှန်ပြန် ရောက်မလာသေး ဘူး။ ကျွန်တော်တို့ လုပ်ငန်းတွေ အန္တရာယ်ရှိလာနိုင်တယ်။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ တတိယစီမံချက် Plan C ရေးဆွဲဖို့ လိုအပ်လာတယ်။ ဒီစီမံချက်မှာ အခြေခံအားဖြင့် အချက်သုံးချက်ပါဝင်တယ်။ အောင်နိုင်ရေး Winning လှမ်းဆွဲဖမ်းကိုင်ရေး Tackling နဲ့ အနာဂတ်မျှော်မှန်းချက် Future တို့ ဖြစ်ပါတယ်။

ကျွန်တော်ကတော့ “WTF” လို့ ခပ်တိုတိုခေါ်တာ သဘောကျတယ်။ ကျွန်တော်တို့ဟာ လက်ရှိ အာဏာရှိသူတွေနဲ့ နီးစပ်တော့ ကျွန်တော်တို့အတွက် အမြတ်အစွန်း မြိုးမြိုးမြက်မြက်ရရှိအောင် လုပ်ရမယ်။ ကျွန်တော်ဟာ သမ္မတရဲ့ စီအီးအိုအကြံပေးဘုတ်အဖွဲ့မှာ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ ကုန်သွယ်ရေး အပေးအယူလုပ်မှုတွေနဲ့ပတ်သက်ရင် သမ္မတက ကျွန်တော့်ဆီ လှမ်းဖုန်းဆက်တယ်။ သမ္မတကြီးနဲ့လည်း မကြာမကြာဆုံတွေ့ဖြစ်တယ်။

 မေလက သမ္မတကြီး ဆော်ဒီအာရေဗျနိုင်ငံသွားတော့ သမ္မတကြီးစီးတဲ့ Air Force One လေယာဉ်ကြီးပေါ်မှာ သမ္မတကြီးနဲ့အတူ ကျွန်တော်လည်းပါသွားတယ်။ ဆော်ဒီရောက်တော့ ကျွန်တော်တို့ကုမ္ပဏီအတွက် ပင်လယ်ရေကို ရေချိုဖြစ်အောင်လုပ်တဲ့ စက်ရုံတည်ဆောက်ခွင့် ကန်ထရိုက်တစ်ခုရလိုက်တယ်။ ဒါက အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံလောက် တန်ဖိုးရှိတယ်။ ပြီးတော့ ဆော်ဒီမှာ ဘဏ်တစ်ဘဏ်တည်ထောင်ဖွင့်လှစ်ခွင့် လိုင်စင်တစ်ခုလည်း ရလိုက်ပါသေး တယ်။ ဒီလို အောင်မြင်မှုက ၂ဝ၂ဝ ပြည့်နှစ် ရောက်ရင် ကျွန်တော်တို့ရဲ့ ကုမ္ပဏီက အမြတ်အစွန်း ၁၄ ရာခိုင်နှုန်းလောက် မြင့်တက်လာနိုင်ပါတယ်။

လွှတ်တော်ဟာ အသုံးမဝင်တော့တဲ့ ဥပဒေများကို စုပုံမီးရှို့ပစ်မယ့် အလားအလာသိပ်မရှိဘူး။ ဒါပေမယ့် ကျွန်တော့် မိတ်ဆွေတစ်ဦးပြောသလို 'လူဟာမူပဲ' မဟုတ်လား။ ကျွန်တော်တို့လည်း အောင်နိုင်ရေးအတွက် နည်းလမ်းသစ်များ ရှာဖွေကြရမှာပါပဲ။ အခုအခါ အစိုးရရဲ့ ဆက်သွယ်ရေးလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနနဲ့ စတော့ဈေးကွက်များမှာ အရာရှိကြီးများအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်နေကြတဲ့ စီးပွားရေးလောကသားတွေ အများအပြားရှိတယ်။ ကျွန်တော်တို့က သူတို့နဲ့ ချိတ်ဆက်ကြရမယ်။ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေးဆင်းစဉ်က 'သမ္မတလောင်း' ဒေါ်နယ်ထရန့်ဟာ AT & T နဲ့ Amazon တို့လို လက်ဝါးကြီးအုပ် ကုမ္ပဏီကြီးတွေကို သိပ်ပြီးသဘောမကျတဲ့အကြောင်း ဟောပြောခဲ့ဖူးတယ်။ အခု သမ္မတဖြစ်လာတော့ သူက ဒီအကြောင်း စိတ်မဝင်စားတော့ဘူး။ ဘာပဲပြောပြော ဒီလို စိတ် မဝင်စားတာကို ကျွန်တော်ကတော့ သဘောကျတယ်။

ဒါပေမယ့် ကျွန်တော်တို့ရဲ့ Plan C ဟာ ကျွန်တော်တို့ဆီ ဦးတည်လာနိုင်တဲ့ အန္တရာယ်များကို ကိုင်တွယ် ဖြေရှင်းဟန့်တားနိုင်ဖို့လိုတယ်။ သမ္မတကြီးဒေါ်နယ်ထရန့်မှာ ပင်ကို စရိုက်သုံးမျိုးရှိတယ် လို့ ဆိုကြတယ်။ စရိုက်တစ်ခုက အကြီးအကဲဥက္ကဋ္ဌ လုပ်ချင်တာ။ နောက်တစ်ခုက လူ အများမျက်စိကျအောင် လုပ်ပြချင်တာ။ အခြားတစ်ခုကတော့ နှစ်ပေါက်တစ်ပေါက်ရိုက်ချင်တာ။ ကျွန် တော်တို့က နောက်ဆုံး စရိုက်နှစ်ခုကို စိုးရိမ်တယ်။

သမ္မတကြီးက Twitter ပေါ်တင်တာတွေကိုလည်း စောင့်ကြည့်ကြရတယ်။ မကြိုက်တာတွေ့ရင်လည်း ကျွန်တော်တို့က သမ္မတကြီး Twitter ပေါ်ကနေပြီး တိုက်ရိုက် တုံ့ ပြန်တာမလုပ်ဘူး။ အခြားသော သွယ်ဝိုက်တဲ့နည်းတွေကို အသုံးပြု တယ်။ ပြီးတော့ ကျွန်တော်တို့က အိမ်ဖြူတော် အသိုက်အဝန်းမှာ ဖြစ်ပေါ်နေတဲ့ စုံစမ်းစစ်ဆေးရေးတွေမှာ ကြားညှပ်မပါရအောင် ခပ်ဝေးဝေးကနေတယ်။ ကျွန်တော်တို့ ကုမ္ပဏီအရာရှိကြီးတွေကိုလည်း ကျွန်တော်တို့လုပ်ငန်းနဲ့ သမ္မတနီးနားဝန်းကျင်ကလူတွေနဲ့ ခပ်ကင်းကင်းနေဖို့၊ မပတ်သက်ဖို့ညွှန်ကြားထားရတယ်။ အထူးသဖြင့်တော့ သမ္မတဒေါ်နယ်ထရန့်နဲ့ ပတ်သက်တဲ့အဖွဲ့အစည်းများကို ငွေထုတ်မချေးဖို့ မှာကြား ထားတယ်။

တကယ်လို့ တရုတ် ဒါမှမဟုတ် ဂျာမနီနိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲတွေဖြစ်လာမယ်၊ ဒါမှမဟုတ် မြောက်အမေရိက လွတ်လပ်တဲ့ကုန်သွယ်ရေး သဘောတူညီမှု NAFTA ပြိုလဲသွားမယ်ဆိုရင် ဖြစ်နိုင်ခြေရှိတဲ့ အကျိုးဆက်များအတွက်လည်း အရေးပေါ်အစီအစဉ်တွေ လုပ်ထားရတယ်။ မက္ကဆီကို နိုင်ငံမှာရှိတဲ့ ကျွန်တော်တို့စက်ရုံကို အမေရိကား ပြောင်းရွှေ့ရမယ်ဆိုရင် အသင့်ဖြစ် နေအောင် Pennsylvania ပြည်နယ်မှာ မြေနေရာဝယ်ယူထားပြီးပြီ။ ငွေအပိုအလျှံရှိသေးရင်တော့ တိုးတက် ဖွံ့ဖြိုးလာနေတဲ့ အာရှစီးပွားရေးများဆီ ရွှေ့ပြောင်းဖို့ စိတ်ကူးထားတယ်။ ဒီအတွက် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ လောက် ကုန်ကျနိုင်ပါတယ်။

အမေရိကန်နိုင်ငံက ကျွန်တော်တို့ရဲ့ အနာဂတ်စီးပွားရေး ဘယ်လိုဖြစ်လာနိုင်သလဲ။ ကော်ပိုရိတ် အခွန်ဟာ ကျတော့ကျမယ်။ များများ ကျ ဆင်းမှာတော့ မဟုတ်ဘူး။ သမ္မတကတော့ ၁၅ ရာခိုင်နှုန်းကို ပစ်မှတ်ထားတယ်။ ကျွန်တော်တို့ စီအီးအို အကြံပေးကောင်စီကတော့ ၂၈ ရာခိုင်နှုန်း ဟာ အနိမ့်ဆုံးပဲလို့မြင်တယ်။ ခုတောင် ကျွန်တော်တို့ကုမ္ပဏီက အခွန် ၂၃ ရာခိုင်နှုန်းပေးနေရ တယ်။ သိပ်ပြီး ခြားနားမှာတော့ မဟုတ်ပါဘူး။

 ဒေါ်နယ်ထရန့် အစိုးရလက်ထက်မှာတော့ နိုင်ငံခြားအမြတ်ငွေများအပေါ် စည်းကြပ်တဲ့ အခွန်ကို ရှင်းလင်းလွယ်ကူအောင် လုပ်ပေးလိမ့်မယ်လို့ ကျွန်တော်တို့က မျှော်လင့်ထားတယ်။ အခွန်စည်းကြပ်မှုနည်းမှပဲ ကျွန်တော်တို့က နိုင်ငံခြားမှာထားတဲ့ အမြတ်ငွေ အမေရိကန်ဒေါ် လာ ၅၁ ဘီလီယံကို အမေရိကန်နိုင်ငံဆီ ယူလာနိုင်မယ်။ ကျွန်တော်တို့လိုပဲ နိုင်ငံခြားအမြတ်များကို ပင် လယ်ရပ်ခြားမှာထားကြတဲ့ ကုမ္ပဏီတွေ အများအပြားရှိပါတယ်။

 တဲ့တိုးပြောရရင် အမေရိကန်နိုင်ငံရဲ့လာမယ့် သုံးနှစ်ကျော်ကာလ မှာတော့ စီးပွားရေး တိုးတက်မှု ဘာမှရှိလာမှာမဟုတ်ဘူးလို့ Plan C က မြင်တယ်။ စီးပွားရေး ဆုတ်ယုတ်ကျ ဆင်းမှုတောင်မဖြစ်ဘူးလို့ မပြောနိုင်ဘူး။ စီးပွားရေးတန့်နေရင်တော့ ဒေါ်နယ်ထရန့်ဟာ လာမယ့်ရွေး ကောက်ပွဲမှာ အရွေးခံရမှာ မဟုတ်ဘူး။ ဒါကတော့ ကျွန်တော်ပြောချင်တဲ့ နောက်ဆုံးအချက်ပါပဲ။

အမေရိကန်နိုင်ငံဟာ အစဉ်အလာမရှိဘဲ စီးပွားရေးသမားတစ်ဦးကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ပြီး အိမ်ဖြူတော်သို့ ပို့ဆောင်ပေးခဲ့တယ်။ ၂ဝ၂ဝ ပြည့်နှစ်မှာ မဲဆန္ဒရှင် ပြည်သူများဟာ 'အရည် အချင်းပြည့်ဝတဲ့ သမ္မတလောင်း' တစ်ဦးကို ရွေးချယ်တင်မြှောက်နိုင်တယ်။ တကယ့် စီးပွားရေးလုပ်ငန်း ကြီးကြီးမားမားလုပ်ဖူးတဲ့ ကျွန်တော့်လိုလူကိုပေါ့။

အခုအချိန်ကစပြီး Mark Zuckerberg နဲ့ Starbucks က Howard Schultz တို့ဟာ ပြည်တွင်း မှာ မြေစမ်းခရမ်းပျိုး စည်းရုံးရေးဆင်းနေကြပါပြီ။ JP Morgan Chase က Jamine Dimon ကတော့ သူဝင်မပြိုင်ဘူးလို့ဆိုတယ်။ ဒါပေမယ့် မယုံရဘူး။ တကယ်တော့ သူတို့အားလုံးဟာ ကျွန်တော့်ရဲ့ ခေါင်းဆောင်မှုစံချိန်စံညွှန်းကို လိုက်မီကြမှာမဟုတ်ပါဘူး။ ကျွန်တော်ကတော့ အမေရိကန် ပြည်သူတွေကို အလုပ်အကျွေးပြုချင်ပါတယ်။ ဒါနဲ့ စကားမစပ် ကျွန်တော်တို့ရဲ့ Plan C မှာပါရှိတဲ့ C က Candidate (သမ္မတလောင်း)ကို ညွှန်းတာပါ။

 

မင်းရွှေမောင်

Ref: “Schumpeter; Time for Plan C. The Economist, July 1,2017

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.