16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
မိုဒီရဲ့ သုံးနှစ်တာကာလ စီးပွားရေးစစ်တမ်း

Narendra Modi ဟာ ၂ဝ၁၄  မေလ ၂၆ ရက် တနင်္လာနေ့မှာ ကမ္ဘာ့အကြီးမားဆုံးသော ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယရဲ့ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ငယ်စဉ်က သူ့ဖခင်ရဲ့ ဘူတာရုံဘေးက လက်ဖက်ရည်ဆိုင်ကလေးမှာ လက်တိုလက်တောင်း ဝင်ရောက်လုပ်ကိုင်နေခဲ့ရာမှ အသက် ၆၃ နှစ်အရွယ်မှာ လူဦးရေ ၁.၃ ဘီလီယံလောက်ရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာခဲ့တယ်ဆိုတော့ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ ဘဝပုံရိပ်တစ်ခုပါပဲ။

အလျဉ်းသင့်လို့ လွန်ခဲ့တဲ့သုံးနှစ်က ရွေးကောက်ပွဲအကြောင်း ပြန်ပြောင်းပြောပြချင်တယ်။ အဲဒီတုန်းက ကွန်ဂရက်ပါတီ အာဏာရနေတဲ့အချိန်။ ဒါပေမယ့် ကွန်ဂရက်ပါတီရဲ့ ဒုတိယသက်တမ်းကာလမှာ အစိုးရအဖွဲ့ဝန်ကြီးတွေရဲ့ လာဘ်စားမှုဖြစ်ရပ် တစ်သီတစ်တန်းကြီးပေါ် ထွက်လာတော့ ကွန်ဂရက်ပါတီရဲ့ဂုဏ်သိက္ခာ အောက်ခြေရောက်သွားပြီး ပြည်သူ့ချဉ်ဖတ်ဖြစ်သွား တယ်။ အဲသလို အချိန် ၂ဝ၁၄ မှာ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့တယ်။ မိုဒီတို့ရဲ့  ဘာရတ်တီယာဂျာနာတာပါတီ (Bharatiya Janata Party BJP)က အပြတ်အသတ်အနိုင်ရခဲ့ပြီး ကွန်ဂရက်ပါတီဟာ အရှက်တကွဲဖြစ်လောက်အောင် ရှုံးနိမ့်သွားတယ်။ အမတ်နေရာ ၅၄၃ နေရာရှိတဲ့ အောက်လွှတ်တော်မှာ BJP က  ၂၈၂ နေရာရရှိပြီး ကွန်ဂရက်က ၄၄ နေရာပဲ ရရှိခဲ့တယ်။ ကွန်ဂရက်ပါတီဟာ လွှတ်တော်မှာ အတိုက်အခံပါတီအဖြစ်တောင် လုပ်လို့မရတဲ့အဆင့်ထိ လျှောကျသွားခဲ့တယ်။

 ရွေးကောက်ပွဲမှာ BJP အနိုင်ရတော့ နာရန်ဒရာမိုဒီဟာ ဝန်ကြီးချုပ်ဖြစ်လာတယ်။ သူလူငယ်လူရွယ်ဘဝမှာ မိသားစုနဲ့ မိတ်ဆွေအပေါင်းအသင်းများကို စွန့်ပယ်ခဲ့ပြီး တစ်ကိုယ်တော် တပသီဘဝနဲ့ ခြေဦးတည့်ရာ သွားလာနေခဲ့တယ်။ ယောဂကျင့်တယ်။ ဘာသာရေးကို အလွန်အမင်း ကိုင်းရှိုင်းတယ်။ ဝီရိယကြီးမားတယ်။ အလုပ်ကို ဇောက်ချလုပ်တတ်တယ်။

အခု နိုင်ငံရေးသမားကြီးဖြစ်လာတော့ အပြောအဟောကို လက်ဖျားခါလောက်အောင် ပိုင်နိုင်ကျွမ်းကျင်လာတယ်။ ဒါပေမယ့် လူငယ်ဘဝကတည်းက အမျိုးသားရေးစိတ်ဓာတ်ပြင်းပြတဲ့ 'ဟိန္ဒူအမျိုးသားစေတနာ့ဝန်ထမ်းအဖွဲ့' (Rashtriuya Swayamrvak Sangh-RSS) နဲ့ အချိတ်အဆက်ရှိတော့ သူဟာ ဟိန္ဒူအမျိုးသားရေး ဝါဒီတစ်ဦးဖြစ်လာခဲ့တယ်။ ဒီအဖွဲ့ရဲ့ အင်အားဟာ ကြီးမားတယ်။ နိုင်ငံရေးမှာ တိုက်ရိုက်ပါဝင်လုပ်ကိုင်ခြင်းမရှိပေမယ့် စိတ်သဘောထားတူညီတဲ့ နိုင်ငံရေး အဖွဲ့အစည်းများကို နောက်ကွယ်မှနေပြီး အင်တိုက်အားတိုက် လူအင်အားနဲ့ ထောက်ကူပေးတတ်တယ်။

ဒါကြောင့် ၂ဝ၁၄ ရွေးကောက် ပွဲတုန်းက BJP ပါတီ မဲအပြတ်အသတ်နဲ့ နိုင်ခဲ့တာဟာ ဒီ RSS ရဲ့ ပယောဂမကင်းဘူးလို့ အချို့ကယူဆကြတယ်။

မိုဒီရဲ့ လမ်းစဉ်

မိုဒီဟာ ဝန်ကြီးချုပ်ဖြစ်လာတော့ သူ့အနေနဲ့ လျှောက်လှမ်းမယ့် မူဝါဒလမ်းညွှန်လေးရပ်ကို ချမှတ်ခဲ့ တယ်။

   (၁) ပြည်သူတွေကို လုပ်ပိုင်ခွင့်အာဏာအပ်နှင်းမယ်။ အထူးသဖြင့်တော့ ဆင်းရဲသားတွေ။ ဆင်းရဲသားတွေ မတိုးတက်မဖွံ့ဖြိုးဘဲနဲ့ တိုင်းပြည်ဟာ တိုးတက်ဖွံ့ဖြိုးနိုင်မှာ မဟုတ်ဘူးလို့ သူယုံကြည်တယ်။

        (၂) အကျင့် ပျက်ခြစားမှုများကို လျှော့ချမယ်။

        (၃) စီးပွားရေး တိုးတက်မှုရဲ့ အဓိကမောင်းနှင်သူများအဖြစ် ဗဟိုကမဟုတ်ဘဲ ပြည်နယ်များကို လွှဲပြောင်း ပေးမယ်။

        (၄) အခြေခံ အဆောက်အအုံများ (infrastructure) တည်ဆောက်မယ်။

 မိုဒီရဲ့ လမ်းစဉ်ကတော့ တိုရှင်း လိုရင်းပြောရင် 'ပြည်သူပထမ' (People First) လမ်းစဉ်ပါပဲ။ သူ့ရဲ့ လမ်းစဉ်အောင်မြင်ရေးအတွက် စီမံ ကိန်းတွေ အမြောက်အမြား ဖော် ဆောင်ခဲ့ပါတယ်။

ပထမအချက်။ တိုင်းပြည်စီးပွားရေး တိုးတက်မှုရဲ့ အသီးအပွင့်များကို ဆင်းရဲတဲ့ ပြည်သူတွေက မခံစားရရင် ဒါဟာ အစစ်အမှန်တိုင်းပြည် တိုးတက်တာမဟုတ်သေးဘူး။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရခဲ့တာ နှစ် ၇ဝ ရှိခဲ့ပေမယ့် စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေသူတွေ၊ အိမ်သာမရှိဘဲ နေကြရသူတွေ၊ အိုးမဲ့အိမ်မဲ့တွေ သန်းချီပြီးရှိနေသေးတယ်။ စာသင်ကျောင်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု စင်တာတွေနဲ့ လမ်းပန်းအဆက်အသွယ်တွေကလည်း စိတ်ပျက်စရာ ကောင်းလောက်အောင် ဆိုးရွားနေတယ်။

ဒါကြောင့် မိုဒီဟာ အိမ်သာမရှိသူတွေကို အိမ်သာဆောက်လုပ်ပေးဖို့၊ အထူးသဖြင့် အမျိုးသမီးများ အဆင်ပြေရေးအတွက် Swachh Bharat လို့ခေါ်တဲ့  အစီအစဉ်တစ်ခုကို ဖော်ဆောင်ပေးခဲ့တယ်။ ပြီးတော့ လယ်သမားများ အတွက် စိုက်ပျိုးသီးနှံအာမခံ၊ ကျေးလက်များမှာ လျှပ်စစ်မီးရရှိရေး စတာတွေအတွက်လည်း စီမံချက်များချမှတ်ပေးခဲ့တယ်။ တကယ်တော့ ဒီစီမံကိန်းတွေဟာ ယခင် ကွန်ဂရက်ပါတီအစိုးရ လက်ထက်က ဆင်းရဲသားများအတွက် လုပ်ကိုင်ပေးခဲ့တဲ့ အစီအမံများကို နာမည်ပြောင်းပြီး မိုဒီက လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ဆိုနိုင်တယ်။

ဒုတိယအချက်ဖြစ်တဲ့ လာဘ်စားမှု ပပျောက်ရေးနဲ့ဖြတ်စားလျှပ် စားကင်းရှင်းရေးအတွက် ဆင်းရဲသားများကို ပံ့ပိုးပေးတဲ့ အစီအစဉ်များကို တိုးတက်လုပ်ဆောင်ခဲ့တယ်။ ဆင်းရဲသားတိုင်းကို ဘငသ-ာနအမငခ ကတ်တွေ ထုတ်ပေးတယ်။ အစိုးရရဲ့ ပံ့ပိုးထောက်ကူပေးတဲ့ငွေကို အဲဒီကတ်နဲ့ ထုတ်ယူနိုင်တယ်။ ဒါကြောင့် ဖြတ်စားမှုတွေ ကင်းရှင်းသွားနိုင်တယ်။ ပြောရရင် ဒီအစီအစဉ်ကလည်း ကွန် ဂရက်ပါတီက လုပ်ခဲ့တာကို မိုဒီအစိုးရက ဆက်လုပ်တာပါ။

 ငွေမည်းတိုက်ဖျက်ရေး အစီအစဉ်ကျတော့ ၂ဝ၁၆ နိုဝင်ဘာလမှာ ပြည်တွင်းလှည့်လည် သုံးစွဲလျက်ရှိတဲ့ ရူပီး ၅ဝဝ တန်နဲ့ ၁ဝဝဝ တန်များကို တရားဝင်ငွေအဖြစ်မှ ရုပ်သိမ်းလိုက်တယ်။ ရုပ်သိမ်းလိုက်တဲ့ ငွေပမာဏဟာ ပြည်တွင်းလှည့်လည်သုံးစွဲငွေ စုစုပေါင်းရဲ့ ၈၆ ရာခိုင်နှုန်းတောင်ရှိ တော့ တစ်တိုင်းပြည်လုံး ငွေပြတ်လပ်သွားတယ်။ အထူးသဖြင့် ဆင်းရဲသားတွေ အကြီးအကျယ် ဒုက္ခရောက်သွားတယ်။ အစားထိုးမယ့် ငွေစက္ကူသစ်တွေက လုံလုံလောက်လောက်မရှိတော့ လနဲ့ချီပြီး ပြဿနာတက်ခဲ့တယ်။ ဒါပေမယ့် မိုဒီကတော့ သူ့လုပ်ရပ်ဟာ မှန်ကန်တဲ့အပြင် အောင်မြင်မှုလည်း ရရှိခဲ့ပါတယ်လို့ ဆိုတယ်။

တတိယအချက်ကတော့ ဗဟိုရဲ့ လုပ်ပိုင်ခွင့်အာဏာအချို့အဝက်ကို ပြည်နယ်အစိုးရများသို့ လွှဲပြောင်းပေးရေးဖြစ်တယ်။ တိုင်းပြည် စီးပွားရေးတိုးတက်ဖို့အတွက် ပြည်နယ်တွေကပါ ဝိုင်းဝန်းလုပ်ဆောင်သင့်တယ်ဆိုတဲ့ မူဝါဒကို အကောင်အထည်ဖော် တဲ့ လုပ်ရပ်တစ်ခုပါ။ ဒါကလည်း သေချာရေရာတာတော့ မဟုတ်သေးပါဘူး။ ဇူလိုင်လမှာ Goods and Services Tax အတည်ဖြစ်လာရင်တော့ အဆင်ပြေသွားမလား မပြောတတ်ဘူး။

စတုတ္ထအချက်ကတော့ အိန္ဒိယနိုင်ငံတစ်နံတစ်လျားမှာ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေး စီမံကိန်းဖြစ်တယ်။ ဒါကလည်း လက်တွေ့မှာ ဟုတ်တိပတ်တိ အကောင်အထည် ထွက်ပေါ်မလာသေးပါဘူး။ အပြောသက်သက်ပဲဖြစ်နေသေးတယ်။ မိုဒီအနေနဲ့ ချမှတ်ထားတဲ့ စီမံကိန်းတွေ အများကြီးရှိတယ်။ ‘Make in india” , ‘Smart Cities”, ‘ Start-Up India, ‘Skill India” စသည်ဖြင့်ပေါ့။ ဒါပေမယ့် ဒါတွေ အားလုံးက ဘာမှဖြစ်မလာသေးပါဘူး။

 

ရင်းနှီးမြှုပ်နှံမှု ပြဿနာ

ဒီလို စီမံကိန်းတွေ အကောင်အထည်ပေါ်လာဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေလိုတယ်။ ပြဿနာက အိန္ဒိယနိုင်ငံထဲကို ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်မလာဘူး။ ပြည်တွင်းကကော် ပိုရေးရှင်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ၂ဝဝ၇-၂ဝဝ၈ နှစ်များက ဂျီဒီပီရဲ့ ၁၆ ရာခိုင်နှုန်းနဲ့ အထွတ်အထိပ် ရောက်ခဲ့တယ်။ ခုတော့ ၁ဝ ရာခိုင်နှုန်း အောက်အထိ ကျဆင်းသွားတယ်။ ပြည်တွင်းက ရင်းနှီးမြှုပ်နှံသူများဟာ ရင်းနှီးမြှုပ်နှံမှုမလုပ်ဘဲ ရှောင်ရှားနေကြတာကို ဖော်ညွှန်းတယ်။

 နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ် နှံမှု FDI ဟာ၂ဝ၁၃-၂ဝ၁၄ နှစ်များ က အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံလောက်ပဲရှိခဲ့ရာက ၂ဝ၁၅-၂ဝ၁၆ နှစ်များမှာ ဒေါ်လာ ၅၆ ဘီလီယံထိ မြင့်တက်ခဲ့တယ်။ ဒါပေမယ့် ဒီ FDI စီးဝင်မှု အတော်များများဟာ ကုမ္ပဏီများ ဝယ်ယူရေးနဲ့ပူးပေါင်းရေးတို့ အတွက်သာ ဖြစ်နေတဲ့အတွက် စီးပွားရေးတိုးတက်မှုကို သိပ်ပြီး အထောက်အကူမဖြစ်ဘူး။

ဝန်ကြီးချုပ် မိုဒီရဲ့ အဓိကပြဿနာက ဘာလဲဆိုတော့ သူ့ရဲ့ “Make in India”  ကို တောင်ပံတပ် မပေးနိုင်တာဖြစ်တယ်။ အိန္ဒိယရဲ့ ကုန်ချောထုတ်လုပ်ရေးကဏ္ဍဟာ ဂျီဒီ ပီရဲ့ ၁၄ ရာခိုင်နှုန်းမှာ တန့်ရပ်နေတယ်။ ဒီထက်ပိုပြီး ကြွတက်မလာဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင် မလာတာလည်း အကြောင်းရှိတယ်။ စက်ရုံသစ်တွေ တည်ဆောက်ရေးအတွက် မြေရှာဖွေရတာခက်ခဲတယ်။ အလုပ်သမား ဥပဒေများကလည်း တင်းကျပ်တယ်။ ပြီးတော့ တရုတ်က ဈေးပေါတဲ့ပစ္စည်းတွေ ဒလဟောဝင်လာနေတာကလည်း ပြည်တွင်းမှာလုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်များကို ထိခိုက်တယ်။

Make in India စီမံကိန်းကို ၂ဝ၁၄ စက်တင်ဘာလမှာ စတင်ခဲ့ တယ်။ ဘာမှဖြစ်မလာတော့ ၂ဝ၁၅ နိုဝင်ဘာလမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းစည်းကမ်းတွေကို လျှော့ပေါ့ပေးခဲ့တယ်။ ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေး လက်လီဈေးကွက်တွေမှာ နိုင်ငံခြားကုမ္ပဏီများ ဝင်ရောက်လုပ် ကိုင်နိုင်အောင် တံခါးဖွင့်ပေးခဲ့တယ်။ ဒါပေမယ့် အိန္ဒိယမှာ စီးပွားရေးလုပ်ကိုင်ရတာ လွယ်ကူမှု မရှိဘူးလို့ ထောက်ပြခဲ့ကြတယ်။                ကမ္ဘာ့ဘဏ် (World Bank) က ၂ဝ၁၆ ဖေဖော်ဝါရီလ ထုတ်ပြန်တဲ့ ‘ease of doing business’ ညွှန်းကိန်းမှာ အိန္ဒိယက အောက်ခြေအဆင့် ၁၃ဝ မှာပဲရှိတယ်။

ကုန်ချောထုတ်လုပ်ရေးကဏ္ဍ တိုးတက်ဖို့ ရုန်းကန်လှုပ်ရှားနေရတဲ့ ကာလမှာ မိုဒီက ပြည်တွင်း လှည့်လည်သုံးစွဲနေတဲ့ ငွေစက္ကူအတော် များများကို တရားဝင်အဖြစ်မှ ရုပ်သိမ်းလိုက်တော့ စီးပွားရေးလုပ်ငန်းတွေ ဖရိုဖရဲဖြစ်သွားတယ်။ မီုဒီက ငွေမည်းတွေကို တိုက်ပွဲဆင်တာပါလို့ဆိုတယ်။ ငွေမည်းတွေ သေသလား ရှင်သလား မသိပေမယ့် စီးပွားရေး လုပ်ငန်းတွေတော့ 'ထိ' သွားတယ်။

 မိုဒီဟာ ဟိန္ဒူအမျိုးသားရေး ဝါဒီတစ်ဦးဖြစ်တယ်။ ဟိန္ဒူတွေက အများအားဖြင့် နွားသား (အမဲသား) မစားကြဘူး။ နွားတွေကို ဘေးမဲ့လွှတ်တတ်ကြတယ်။ ဒီတော့ မိုဒီက နွားမသတ်ရ အမိန့်ထုတ်ပြန်တယ်။ သားသတ်ရုံတွေကိုပိတ်တယ်။ တကယ်တော့ အိန္ဒိယမှာ နွားများကို မသတ် သလောက်ပါပဲ။ ကျွဲတွေကိုပဲသတ်ပြီး အမဲသားအဖြစ် ရောင်းချကြတယ်။ အိန္ဒိယဟာ ကျွဲသားကို နိုင်ငံ ခြားတင်ပို့ရောင်းချတာ တစ်နှစ် အမေရိကန်ဒေါ်လာ ၄ ဘီလီယံလောက် ဝင်ငွေရရှိတယ်။ ခုတော့ ဒီအမဲသား ဈေးကွက်ကလည်း ပြိုလဲသွားပြီ။

မိုဒီအတွက် ဘဏ်တွေကလည်း အထောက်အကူမဖြစ်ဘူး။ ဘဏ်အတော်များများက အစိုးရပိုင်ဘဏ်တွေ ဖြစ်တယ်။ အရင်အစိုးရများလက်ထက် စီးပွားရေးကောင်းစဉ်က ငွေအားလုံးကို ထုတ်ချေးထားခဲ့ကြပြီး ခုတော့ ချေးငွေတစ်ပုံတစ်ခေါင်းကြီးကို ပြန်လည်တောင်းခံမရတဲ့အတွက် ဘဏ်တွေ ကြွေးပိနေတယ်။

မိုဒီဟာ အိန္ဒိယဝန်ကြီးချုပ် ဖြစ်မလာမီက ဂူဂျာရက် ပြည်နယ်ရဲ့ဝန်ကြီးချုပ်အဖြစ် ၁၃ နှစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ အဲဒီတုန်းက 'ဂူဂျာရက်မော်ဒယ်' ဟာ တိုင်းသိပြည်သိ ကမ္ဘာသိအောင် နာမည်ကြီး ခဲ့တယ်။

အခု အိန္ဒိယဝန်ကြီးချုပ် ဖြစ်လာတော့ သူ့ရဲ့စွမ်းဆောင်နိုင်စွမ်းကို ကမ္ဘာသိအောင် ထုတ်ပြချင် တယ်။ ဖြစ်ပါ့မလား။

 

မင်းရွှေမောင်

 Ref: Modi’s India; The Economist June 24,2017.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.