22-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1016
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
စစ်၏အကျိုးဆက်ကတော့ evil ချည်းပါပဲ

ကျွန်တော့်မှာ အခြေအနေအရ နိုးကြားဝီရိယရှိသူဖြစ်နေရသည်။ ယခုအိမ်က ယခင်ဇီဇဝါလမ်းမှ အိမ်ကဲ့သို့ ရေကို ၂၄ နာရီအချိန်မရွေးရ သည်မဟုတ်ဘဲ နံနက်စောစောထ၍ ရေတင်နိုင်ပါမှ ရေကိုရနိုင်သောကြောင့်ဖြစ်သည်။

         ထို့ကြောင့် ကျွန်တော်သည် နံနက် ၃ နာရီခန့်တွင် အိပ်ရာမှနိုး ကာ ရေတင်သည့် အလုပ်မှာ ညစဉ်ပုံမှန်ဖြစ်သည်။ ထိုသို့ရေတင်ရင်း ရေ ကန်ရေမပြည့်သေးမီ တီဗွီဖွင့်၍ နိုင်ငံတကာ သတင်းများကို နားထောင်သည်။ ရေပြည့်သောအခါ တီဗွီပိတ်၍ ပြန်အိပ်သည်။ တစ်ခါတစ်ရံတော့လည်း ပြန်မအိပ်ဖြစ်ဘဲ စာဖတ်စာ ရေးလုပ်ရာ မိုးလင်းသွားတော့သည်။

        မနေ့ည ၂၁-၅-၂ဝ၁၇ ညတုန်းကမူ နိုင်ငံတကာသတင်းများကို ဖွင့် နားထောင်သည့်အခါ အမေရိကန် သမ္မတ ဆော်ဒီအာရေဗျနိုင်ငံ ရီး ယတ်မြို့၌ အစ္စလမ်နိုင်ငံများမှ ခေါင်းဆောင်များအား ပြောကြား သည့် မိန့်ခွန်းသတင်းကို ကြားရ သည်။ ထိုမိန့်ခွန်းမှာပင်လယ်ကွေ့နိုင်ငံများနှင့် အာဖရိကမှ အချို့နိုင်ငံများတို့မှ ခေါင်းဆောင် ၅၅ ဦးတို့ကို ပြောကြားသော မိန့်ခွန်းဖြစ်သည်။

        CNN စသော သတင်းဌာနများမှ ဒေါ်နယ်ထရန့် မိန့်ခွန်းပြောနေပုံကိုလည်း Live ထုတ်လွှင့်ပြသကာသတင်းများ ပြန်လည်ကြေညာပြောဆိုရာ၌ ထရန့်မိန့်ခွန်းထဲမှ ကောက် နုတ်ချက်များကိုလည်း စာတန်းထိုးပြ သည်။

        ထရန့်က Fighting Terror is a battle between “good and evil”  ဟု ပြောပါသတဲ့။ အစ္စလမ်ခေါင်းဆောင်များအား “Drive out terrorism” ဟု တိုက်တွန်းပါသတဲ့။ “Isolate extremists” ဟု ပြောပါသတဲ့။ အဓိပ္ပာယ်ကတော့ သူတိုက်နေသော တိုက်ပွဲသည် မတူညီသော ဘာသာ အယူဝါဒချင်း တိုက်ခိုက်သော တိုက် ပွဲမဟုတ်ဘဲ  ''အကောင်းနှင့်အဆိုးကြားတွင် တိုက်ကြသောတိုက်ပွဲ''ဟု ဆိုလိုခြင်းပင်။ အနီးစပ်ဆုံး မြန်မာတို့ နားယဉ်ပြီး စကားနှင့် ပြောရသော်ကောင်းသူကို ကယ်တင်၍ မကောင်း သူကို ပယ်ရှားမည့် တိုက်ပွဲဟု ဆိုရမည်ထင်ပါ၏။

        သူက တက်ရောက်လာသူနိုင်ငံ ခေါင်းဆောင်များအား အကြမ်းဖက်ဝါဒကို တိုက်ထုတ်ဖို့တိုက်တွန်းပြီး အစွန်းရောက် IS တွေကို ''ပ ထား ကြဉ်ထား''ဖို့ ပြောခြင်းပါပေ။

        ထိုသတင်းများကို နားထောင်ပြီးနောက် CNN သတင်းဌာနက အီရတ်နိုင်ငံမိုးဆူးလ်မြို့ကို အမေရိ ကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သောသတင်း၊ မြောက်ကိုရီးယားက ယခင်ဒုံးကျည်များထက် ပို၍ တာဝေးပစ်လွှတ်နိုင်သည့် နောက်ထပ် ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်သည့်သတင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားကိစ္စအတွက် အရေးပေါ်အစည်းအဝေး ကျင်းပမည့်သတင်းတို့ကိုလည်း နားထောင်လိုက်ရပါသည်။

IS များသည် ယခင်က မိုးဆူးလ်မြို့ကို သိမ်းထားခဲ့ရာ ယခုအခါထိုသို့ အခိုင်အမာတပ်စွဲထားနိုင်ခြင်း မရှိတော့ဘဲ မြို့၏အနောက်ဘက်ရှိ စတုရန်းငါးမိုင်လောက်ရှိသော နယ်မြေကိုသာ ထိန်းချုပ်ထားနိုင်တော့သည်ဟု ဆိုသည်။

        ထို့ကြောင့် မိုးဆူးလ်မြို့က အီ ရတ် အစိုးရတပ်များနှင့် အမေရိကန် တပ်များက အပြီးသတ်တိုက်ခိုက် သိမ်းပိုက်လုနီးအခြေအနေရောက်နေပြီဖြစ်၍ မြို့သူမြို့သားတို့သည် မြို့တွင်းသို့ မနေရဲတော့ဘဲ အန္တရာယ်နှင့်ဝေးရာသို့ ထွက်ပြေးရန် ဖုတ်ပူမီး တိုက်ကြိုးစားနေကြရပုံကိုလည်း သတင်းများတွင် မြင်ရပါသည်။ အ သက်အရွယ်အတော်ကြီးလှပြီးဖြစ်သော အဘွားကြီးများသည် ကိုယ်တိုင် လမ်းလျှောက်နိုင်၊ ပြေးလွှားနိုင် ခြင်းမရှိတော့၍ သန်စွမ်းသူများက တွန်းလှည်းနှင့် တွန်းလာပုံ၊ ချိုင်းနှစ် ဖက်မှတွဲ၍ အမြန်ဖေးမခေါ်ယူလာပုံ များကိုရော ဗုံးကျကွဲသံနှင့် မီးခိုးလုံး များထနေပုံများကိုပါ မြင်ရကြားနေရ ပါသည်။ မြို့ထဲမှပြေးရန် ပြင်လာကြ သူများကို ကြည့်ရသည်မှာလည်း အသက်ကလေးကို ဖက်နှင့်ထုပ်လာ ရဘိသကဲ့သို့ လွန်စွာ စိုးရိမ်ထိတ်လန့် နေကြပုံရပါသည်။

        ကျွန်တော်သည် ထိုသတင်းတွေကို နားထောင်နေရင်း ရေပြည့်သံ ကြား၍ ရေတင်မော်တာမီးခလုတ်ကိုထပိတ်ကာ ထရန့်၏ မိန့်ခွန်းအကြောင်းနှင့် အီရတ်တို့ ဆီးရီးယား တို့မှ စစ်တွေအကြောင်းကို စဉ်းစား နေမိပါသည်။

        စစ်ဖြစ်ကြသူများသည် စစ်ဖြစ် တယ်ဆိုတာ မကောင်းကြောင်းကို ပြောဖို့ထက် စစ်ပြုသူကလည်း မိမိတို့ စစ်တိုက်ခြင်းသည် တိုက်သင့်၍ တိုက်ရခြင်းဖြစ်ကြောင်း ယုတ္တိကိုပဲ ပြောလေ့ရှိသည်။ ခုခံယှဉ်ပြိုင်တိုက် သူတို့ကလည်း မိမိတို့ တိုက်သောစစ် က တရားသောခုခံစစ်ဖြစ်ကြောင်း ပြောလေ့ရှိကြသည်။ ကျွန်ုပ်တို့သည် စစ်မဖြစ်အောင် မနေတတ်ကြသော လူမိုက်များဖြစ်ကြ၏ဟု မည်သူမျှ ဝန်ခံပြောဆိုလေ့မရှိပါ။

        စစ်တိုက်နေကြသူများသည် တစ်ဦးနှင့်တစ်ဦး မတူကွဲပြားမှုများကို အချင်းချင်းနားလည်အောင်ပြု၍ သည်းခံမေတ္တာစိတ်ထားကာ တစ်ဦး အပေါ်တစ်ဦးလေးစားမှုဖြင့် ချစ်ကြည်နူးရအောင် ကြိုးစားတိုက်ကြ သည်ဟူသော စကားမျိုးကို ပြောခဲကြလေသည်။ မိမိဘက်က တရားကြောင်းကိုသာ ယုတ္တိဆောင်၍ ပြောလေ့ရှိကြ၏။

        ထိုသတင်းများနောက်တွင် မြောက်ကိုရီးယား၏ ဒုတိယကုလ သမဂ္ဂသံအမတ်ကြီးက ၄င်းတို့အနေဖြင့် ဒုံးကျည်စမ်းသပ်မှုကို ရပ်ဆိုင်းမည် မဟုတ်ကြောင်း၊ အမေရိကန် ကျူးကျော်တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် လိုအပ်ချက်အရ ဒုံးကျည်စမ်းသပ်မှုများ ပြုနေရခြင်းဖြစ်သည်ဟု ပြောကြောင်းသတင်းကိုလည်း နားထောင်ရပေသည်။

        ကျွန်တော်သည် ဒုတိယကမ္ဘာ စစ်ကြီးကို ကလေးဘဝတွင် မီခဲ့သည်။ မြန်မာနိုင်ငံတွင် အင်္ဂလိပ်နှင့် ဂျပန်တို့ တိုက်သွားကြသော ဒုတိယ ကမ္ဘာစစ်သည် မြို့လုံးကျွတ်ပျက် လောက်အောင်အထိ ဖြစ်သွားသည် ဟု မကြားခဲ့ဖူးပါပေ။ စစ်ကြောင့် သေ ကျေပျက်စီးကြသည်ကားမှန်၏။ သို့ရာတွင် ယခုခေတ်တွင် အရှေ့ အလယ်ပိုင်းဒေသ၌ တိုက်နေကြသော စစ်ပွဲများလောက်မြန်မာတို့ကြုံခဲ့ရသည့် ဒုတိယကမ္ဘာစစ်က ကြီး သည်မထင်ပါပေ။

        ကျွန်တော်တို့ သာဝတ္ထိမြို့ရှိ ရွာမရပ်ထဲတွင် ကျွန်တော်မူလတန်း ကျောင်းသားဘဝတုန်းက ဗုံးကျ၍ ချိုင့်ကြီးဖြစ်နေသော ကျင်းချိုင့်ကြီး နှစ်ခုရှိခဲ့၏။ ထိုကျင်းချိုင့်ကြီးများမှာ ဂျပန်တို့က ရွာပေါ်ဗုံးချ၍ ထိုသို့ဖြစ်သွားခြင်းမဟုတ်။ သာဝတ္ထိရွာမအနီး ရှိ မီးရထားသံလမ်းမှ ချောင်းကူး သံ တံတားကို ဂျပန်လေယာဉ်တွေ ဗုံးကြဲ ကြရင်းဗုံးက တံတားပေါ်မကျဘဲ ရွာ ထဲသို့လာကျသောကြောင့် ဖြစ်ပေါ်ခဲ့ သော ကျင်းချိုင့်ကြီးများဖြစ်သည်။

        သို့ရာတွင် ၂ဝဝ၃ ခုတွင် သမ္မတ ဂျော့ဒဗ္ဗလျူဘွတ်ရှ် လက်ထက်၌ အီရတ်ကို တိုက်စဉ်က ဗုံးတစ်လုံးသည် ဆက်ဒမ်ဟူစိန်၏ မြေအောက် နန်းတော်ထဲအထိ ဝင်သွားခဲ့သည်။ ဝေဟင်ပေနှစ်သောင်းလောက် အမြင့်မှချလိုက်သောဗုံးသည် ပစ်လိုရာ တံတားပေါ်မျိုးသာမကစားပွဲပေါ်က နို့ဆီခွက်လောက်ရှိသော ပစ်မှတ်ကို တောင် မှန်အောင်ပစ်နိုင်သည်ဟု ဆိုသည်။

        ဆိုလိုသည်မှာ ယခုခေတ် လက်နက်တို့သည် ပစ်မှတ်ကိုတိကျစွာ ပစ်ခတ်နိုင်သည့်အပြင် ပျက်စီးစေသည့် စွမ်းအားကလည်း ဒုတိယ ကမ္ဘာစစ်တုန်းက လက်နက်များထက် အဆရာထောင်သာပေသည်။ ထို့ကြောင့်လည်း ဆီးရီးယားတွင်ဖြစ်နေသော စစ်သတင်းများကို နားထောင်၍ ရုပ်သံများတွင် ကြည့်လိုက်လျှင် အလက်ပိုမြို့ (မြန်မာနိုင်ငံတွင်ဆို လျှင် မန္တလေးမြို့မျိုး) သည် ကြည့် ရက်စရာမရှိပေ။

ထိုဆီးရီးယားစစ်ကြောင့်လည်း သေ ဆုံးပျက်စီးသွားသူတို့ နှစ်သိန်းခွဲမကတော့ပေ။

        ထရန့်ကတော့ သူ၏မနေ့ညက မိန့်ခွန်းတွင် “A battle between good and evil” ဟု ဆိုသွားခဲ့သည်။ “good  နှင့် evil” တို့ကို ကိုယ့်ယုတ္တိနှင့် ကိုယ်အဓိပ္ပာယ်ဖွင့်ကြသည်ဖြစ်၍  ဘယ်သူက good ဘယ်သူက evil ပါ သတ်မှတ်ရာတွင် အငြင်းပွားဖွယ် တွေကတော့ ရှိနေမည်သာဖြစ်၏။

        သို့ရာတွင် အငြင်းမပွားနိုင်သော အချက်ကမူ စစ်၏ အကျိုးဆက်များ ကတော့ ဘယ်တော့မှ ဒါသသိဒ မဖြစ် နိုင်ဟူသော အချက်ဖြစ်သည်။

        ဒုတိယကမ္ဘာ စစ်အတွင်းက ကျွန်တော်တို့မိသားစုသည် စမတောင် ဘုရားအနားက ကြံဖိုစုရွာ အရှေ့ဘက်နားတွင် ကနားဖျင်းတဲကလေး ထိုး၍ စစ်ပြေးခဲ့ရသည်ကို ညကပြန်တွေးမိသည်။ သို့ရာတွင် ကျွန်တော် တို့ စစ်ကြာခဲ့သည်မှာ ကွင်းလယ်တဲ မှနေ၍ ရွာနားတွင် ဆောက်လိုက် သော ကနားဖျင်းသို့ ရွှေ့ပြောင်းရခြင်း လောက်သာရှိ၏။ မိုဆူးလ်မြို့မှအဘွားကြီးတွေလို အသက်ဖက်နှင့်ထုပ်၍ ပြေးခဲ့ရခြင်းမျိုးမဟုတ်ခဲ့ပါချေ။ ယခုခေတ်စစ်၏ အကျိုးဆက်တိုကား လွန်စွာဆိုးရွားလှပါသတည်း။

ဦးတင်ဦး (ကျူရှင်)

ဦးတင်ဦး (ကျူရှင်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.