ရင်သားကင်ဆာ ကုထုံးသစ်
မိုးက သည်းသည်းမဲမဲ ရွာနေ၏။
ညနေခင်း၍ ရွှေဘုံသာလမ်းတစ်လျှောက် လူစည်ကားနေ၏။
အနော်ရထာလမ်းနှင့် ရွှေဘုံသာ လမ်းထောင့်ရှိ မီးပွိုင့်နှင့်များစွာ မဝေးကွာလှသော အရပ်တွင် လေညိုကုန်း လက်ဖက်ရည် ဆိုင်ကလေး တည်ရှိ၏။
ထိုဆိုင်ကလေးတွင် ဒေါက်တာ ကျော်ဆွေသိန်းနှင့် ဓာတ်ခွဲမှူးဦးဥာဏ်အုန်းတို့ လက်ဖက်ရည် သောက်နေကြ၏။ ကြီးမားသော ထီးကြီး၏ အကာအကွယ်ကြောင့် မိုးမစိုဘဲ အေးအေးဆေးဆေး လက်ဖက်ရည် သောက်၍ရ၏။
မိုးသည်းနေသဖြင့် ဆိုင်တွင် လူရှင်းနေ၏။ အထူးကုဆေးခန်းကြီး များတွင် ပြသရန် စောင့်ဆိုင်းနေသော လူနာများဖြင့် ပြည့်ကျပ်နေ၏။
''ဦးဥာဏ်အုန်း၊ ဒီနေ့လူရှင်းလှချည်လား''
''တချို့က မိုးသည်းလို့မလာကြဘူး။ အမျိုးသမီး အုပ်စုကတော့ လူနာသတင်း သွားမေးနေလို့မရောက်တာပါ''
''ဘယ်လူနာ သတင်းမေးတာလဲဗျ''
''တောင်သူကုန်းက လူနာပါ၊ ရင်သားကင်ဆာဖြစ်လို့ ဓာတ်ကင်နေရတယ်။ အမျိုးသမီးအုပ်စုနဲ့ ခင်တယ်။ စာဖတ်ပရိသတ်ပေါ့။ လူနာက အပျိုကြီး။ လေညိုကုန်းလဲ ရောက်ဖူးပါတယ်။ သူက အပျိုကြီး ဆိုပေမယ့် ဂျူးရဲ့အချစ်ဝတ္ထုတွေ သိပ်ကြိုက်တာ''
''မစံပယ်တို့၊ မကြည်ဆွေတို့နဲ့ ခင်တယ်ပေါ့''
''ဟုတ်တယ် ဆရာ။ သူက လစဉ်ထုတ် မဂ္ဂဇင်းတွေကိုယ်တိုင် ဝယ်ဖတ်တာဆရာ။ ဝတ္ထုတိုပေါင်း ချုပ်တွေလဲ စုဆောင်းထားတယ်။ သူ့အိမ် ကျွန်တော်ရောက်ဖူးတယ်။ စာကြည့်တိုက် အသေးစားကလေး ကျနေတာပဲ၊ ရတဲ့လခလဲ စာအုပ်ဖိုးနဲ့ ကုန်တာပဲ၊ စာပေဝါသနာ သိပ်ကြီးတယ်။ စာရေးဆရာ၊ ကဗျာဆရာတွေကိုလဲ သိပ်ခင်တယ်''
''ဒါကြောင့် အမျိုးသမီး အုပ်စုက တကူးတက သတင်းသွားမေး တာကိုး''
''ဟုတ်ပါတယ် ဆရာ။ တလောက စာရေးဆရာ မောင်ညိုပြာရဲ့ ဟာသများနှင့်နေထိုင်ခြင်း ဆောင်းပါး ပေါင်းချုပ်ထွက်တော့ လှမ်းမှာလို့ ဝယ်ပြီးသွားပို့ရတယ်၊ သူကတော့ အိပ်ယာထဲ လဲနေတာပေါ့။ တူမဝမ်း ကွဲလေးက ဘေးမှာထိုင်ပြီးဖတ်ပြရ တယ်''
''သြော်- တယ်လဲ စာပေဝါ သနာကြီးရှာတာကိုး''
''ဟုတ်ပါတယ်ဆရာ၊ သူနေကောင်းစဉ်က အမျိုးသမီးအုပ်စု နယ်ကို စာပေဟောပြောပွဲသွားရင် လိုက်သွားတာဆရာ။ ရင်သားမှာ အကျိတ်ဖြစ်တော့ ရှက်လို့ ဆရာဝန် မပြဖြစ်ဘူး။ ဆေးမြီးတိုတွေနဲ့ တောင်လုပ်မြောက်လုပ် လုပ်နေတယ်။ အကျိတ်က ကြီးလာတော့မှ မရှုနိုင် မကယ်နိုင်ဖြစ်တာ။ အမျိုးသမီး အုပ်စုကလဲ အဲဒီကျမှသိရတာ၊ အစက မပြောဘူး၊ ဖုံးဖိထားတယ်''
''အင်း- အရှက်အကြောက် ကြီးရှာပေသကိုး''
''ဒါနဲ့ ဒေါက်တာပွင့်သက်တင်ရယ်၊ ဒေါက်တာအေးစန္ဒာဝင်းရယ်က ဝိုင်းစမ်းသပ်ကြတယ်။ ပြီးတော့ အမျိုးသမီး ခွဲစိတ်ကုဆရာဝန်ကြီးဆီ ပို့တယ်။ ဆရာဝန်မကြီးက စုတ်တသပ်သပ်နဲ့ ပြောရှာတယ်။ နုတုန်းသာ လာပြရင် ခွဲလို့ရတယ်တဲ့၊ ကင်ဆာအလုံးကို ထုတ်ပစ်လို့ ရတယ်တဲ့။ ခုတော့ ချိုင်းကြားမှာလဲ ပြန်ရည်ကျိတ်တွေ ကြီးနေပြီတဲ့။ အသည်းကိုရော အဆုတ်ကိုရော ကင်ဆာပျံ့နှံ့နေပြီတဲ့။ ဓာတ်ကင်တာနဲ့ ကင်ဆာကုဆေးတွေ ပေးတာနဲ့ပဲ လုပ်လို့ရတော့တယ် တဲ့။ အဲဒါ အရှက်အကြောက်ကြီးပြီး စောစော မပြမိလို့ ဖြစ်ရတာတဲ့။ ကျန်းမာရေး ဗဟုသုတနည်းတာလဲ ပါတာပေါ့ဗျာ''
''အင်း- ဒီလိုဖြစ်လိမ့်မယ် ဦးဥာဏ်အုန်းရဲ့၊ သူ့က စာဖတ်ဝါသနာပါတော့ ဗဟုသုတတော့ နည်းမယ် မထင်ဘူး။ ဒါပေမယ့် သိတာကို လက်တွေ့ကျင့်သုံးဖို့လဲ လိုသေးတယ်။ ဥပမာ- သွေးတိုးရင် အငန်ရှောင်ရမယ်ဆိုတာ သိကြတယ်။ လက်တွေ့မှာ မရှောင်နိုင်ဘူး။ ဒီလူနာလဲ အရှက်အကြောက် ကြီးတာကပိုပြီး အားကောင်းနေပုံရတယ်။ ဆင်ခြင်တုံ တရားကို အရှက်အကြောက်က ဖုံးလွှမ်းသွားပုံရတယ်''
'ဖြစ်နိုင်ပါတယ်ဆရာ၊ ရင်သား ကင်ဆာနဲ့ပတ်သက်လို့ အထူးအဆန်း သတင်း ဘာများကြားရသေးလဲ ဆရာ''
''တလောက မိတ်ဆွေတစ်ယောက် နိုင်ငံခြားက ပြန်လာတယ်။ သူ့မှာ Cell ဆိုတဲ့ ဆေးပညာဂျာနယ် တစ်စောင်ပါလာတယ်။ ဂျာနယ်ထဲမှာ ရင်သားကင်ဆာနဲ့ ပတ်သက်တဲ့ အထူးအဆန်းသတင်း ပါလာတယ် သုတေသန တစ်ခုအကြောင်း ပေါ့ဗျာ။ သုတေသီတွေက အင်ဇိုင်းတစ်မျိုးရှာ ဖွေတွေ့ရှိထားတယ်။ အဲဒီအင်ဇိုင်းက ထူးခြားတယ်။ ရင်သားက တစ်ရှူးတွေ ကင်ဆာဘဝ ပြောင်းတဲ့နေရာမှာ အရေးပါတယ်။ ဒါက ကြွက်မှာတွေ့တာ၊ ဒီအပေါ်မှာ အခြေခံပြီး ဆက်ပြီး ရှာဖွေရင် ကုထုံးသစ် တွေ့လာနိုင်တယ်ဗျ''
''စိတ်ဝင်စားစရာပဲ ဆရာ။ ရှင်းပြပါဦး''
''ဒီသုတေသနကို The Institute of Cancer Research မှာ လုပ်တာဗျ။ အင်ဇိုင်းနာမည်က Lysyl Oxipase တဲ့၊ အတိုကောက် LOX လို့ ခေါ်တယ်။ ကြွက်တွေမှာ တွေ့တာက LOX ကို ထိန်းချုပ်ထားလိုက်ရင် ကင်ဆာကျိတ်ရဲ့ အရွယ်အစားဟာ သေးသွားတာ တွေ့ရတယ်''
''LOX က ဘာတွေလုပ်လို့လဲ ဆရာ''
''LOX ရဲ့ လုပ်ဆောင်ချက်က Collagen တွေကို တင်းမာလာစေတယ်။ ဒီ Collagen ဆိုတဲ့ ဒြပ်ပေါင်းကလဲ အရေးပါတယ်။ ရင်သားတစ်ရှူးထဲမှာ ဂလင်းတွေကို ထောက်ကန်ပင့်မ ပေးထားတဲ့ အရာတွေထဲ မှာပါတယ်။ Supportive Tissue ရဲ့ အစိတ်အပိုင်းပေါ့ဗျာ။ သဘာဝအတိုင်း ရင်သားတိုင်းမှာ ရှိနေတယ်။ သာမန်တစ်ရှူးကောင်းမှာလဲ Collage ရှိတယ်။ ကင်ဆာတစ်ရှူးမှာလဲ Collage ရှိတယ်။ ဒါပေမယ့်နှစ်ခုက မတူဘူး၊ ကွာခြားနေတယ်''
''ဘယ်လိုကွာလဲ ဆရာ''
''ပုံသဏ္ဌာန်ခြင်း ကွာတယ်။ အပျော့အမာ ကွာတယ်။ အမျှင်ပါဝင်မှုမှာ ကွာတယ်။ ကင်ဆာတစ်သျှူးတွေက ပိုပြီးတင်းမာတယ်။ ပိုပြီး အမျှင်ပါဝင်တာ များတယ်။ ဒီလိုကွာ ခြားချက်ကို အသုံးချပြီး ကင်ဆာရှိ၊ မရှိ ရောဂါရှာဖွေရေးမှာ အသုံးချနိုင်တယ်။ ဒါပေမယ့် ဘာဖြစ်လို့ Collage ဟာ ပြောင်းလဲသွားရသလဲ ဆိုတာကိုတော့ ပညာရှင်တွေ အဖြေရှာ မတွေ့သေးဘူး''
''ဟုတ်ကဲ့ဆရာ''
''Cancer Charity ဆိုတဲ့ အသင်းကြီးကတော့ ချီးကျူးတယ်။ ခု သုတေသနဟာ ကင်ဆာဘယ်လို ဘယ်ပုံ ဖြစ်လာသလဲဆိုတာကို ပိုမို သိလာရစေပါတယ်တဲ့၊ ခုသုတေသန မှာတွေ့တာက LOX က Cross-Linking ဆိုတဲ့ဖြစ်စဉ်ကို အားပေးတာ တွေ့တယ်။ လွယ်လွယ်ပြောရရင် အမျှင်တွေတစ်ခုနဲ့တစ်ခု ချိတ်ကုန် တာဗျ၊ ချိတ်လေလေ မာလာလေ လေပဲ၊ LOX ကိုထိန်းချုပ်လိုက်တော့ မချိတ်တော့ဘူး၊ မာလဲမမာတော့ဘူး''
''သုတေသီတွေက ဘာနဲ့ထိန်း ချုပ်လဲဆရာ''
''သုတေသီတွေက ဓာတုဒြပ် ပေါင်းတွေလဲသုံးတယ်။ ပဋိပစ္စည်း တွေလဲသုံးတယ်။ LOX ကိုထိန်းချုပ် လိုက်တဲ့အခါ ရင်သားထဲက Collagen တွေမှာ Cross-Link နည်း သွားတာတွေ့တယ်။ အမျှင်ပါဝင်မှုလဲ နည်းသွားတယ်တဲ့''
''ဟုတ်ကဲ့ဆရာ''
''LOX ကိုထိန်းချုပ်ထားတဲ့အခါ ကင်ဆာဖြစ်စေဦးတော့၊ အဲဒီ ကင်ဆာက အရွယ်အစားသေးတယ်။ သိပ်မပြင်းထန်ဘူး၊ အဲသလိုတွေ့တယ်''
''ဟုတ်ကဲ့ဆရာ''
''သုတေသီ အဖွဲ့ခေါင်းဆောင် DR. Janine Erler ကပြောဖူးတယ်၊ သူက The Institute of Cancer Research က ပါရဂူတစ်ဦးပဲ။ LOX ဟာ Key Factor ပါပဲတဲ့။ ကင်ဆာ ကျိတ်ကြီးထွားလာတဲ့ နေရာမှာ LOX က သော့ချက်လိုဘဲ အရေးပါ ပါတယ်တဲ့။ နောင် အနာဂတ်ကျရင် LOX ဟာ ဆေးဝါးသစ်ဖေါ်စပ်ဖို့ အခြေခံဖြစ်လာပါလိမ့်မယ်တဲ့''
''ဒါပေါ့ဆရာ၊ LOX ကို ထိန်း ချုပ်မယ့်ဆောင်းပါးသစ်တွေ တီထွင် မှာပေါ့''
''ဟုတ်တယ်ဗျ၊ ကင်ဆာဖြစ် စေဦးတော့ LOX ကို ထိန်းချုပ်ထား ရင်ကြီးထွားတာ နှေးကွေးသွားမယ်၊ ဖယ်ရှားပစ်ရတာ လွယ်သွားမယ်''
''ဟုတ်ကဲ့ဆရာ''
''သုတေသီအဖွဲ့ထဲမှာ နောက်ပါရဂူတစ်ယောက် ပါသေးတယ်။ San Fransisco မှာရှိတဲ့ University of California က Professor Valerie Weaver တဲ့၊ သူကပြောတယ်။ ခု သုတေသနက အသက်ကြီးလာလေလေ၊ ရင်သားကင်ဆာဖြစ်တာ များလေလေဆိုတဲ့ ဖြစ်စဉ်ကို ရှင်းပြနေပါတယ်တဲ့၊ အသက်ကြီး လာလေလေ Collagen တွေမှာ Abnormal Cross-Link တွေ များလာ လေလေပါပဲတဲ့''
''သြော်-ဒါကြောင့် အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေမှာ ရင်သားကင်ဆာ ပိုပြီးဖြစ်တာကိုး''
''ဟုတ်တယ်၊ သူကဆက်ပြောတယ်။ ခုသုတေသနဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်တဲ့။ နောက်ထပ် သုတေသနတွေလဲ အများကြီး ထပ်လုပ်ရပါဦးမယ်တဲ့''
''ဒါပေါ့ဆရာရယ်၊ ပြည့်စုံအောင် ထပ်လုပ်ရဦးမှာပေါ့''
''ယူကေမှာ Break Through Breast Cancer ဆိုတဲ့အသင်းကြီး ရှိတယ်။ ဒီအသင်းကြီးက Head of Policy ဖြစ်တဲ့ Dr.Alexls Willet ကပြောတယ်။ ခုသုတေသနက ကြွက်ရဲ့ဆဲလ်တွေထဲမှ လုပ်တာပါတဲ့။ ခုသုတေသနကြောင့် ကင်ဆာကြီးထွားပုံအကြောင်း ပိုသိလာပါတယ်တဲ့၊ အနာဂတ်ကာလကျရင် ရင်သားကင် ဆာကုသရေးမှာ LOX ဟာ အလား အလာကောင်းတဲ့ ပစ်မှတ်ဖြစ်လာမှာပါတဲ့။ သဘောက ကုထုံးသစ်ပေါ် လာနိုင်တယ်ပေါ့ဗျာ။ နောက်တစ်ဆင့်က လူမှာစမ်းဖို့ ရှိတယ်ဗျ။ ကြွက်မှာလိုပဲ အာနိသင်ရှိ မရှိပေါ့ဗျာ၊ ကုထုံးသစ်ပေါ်ဖို့ အချိန်ကတော့ စောင့်ရဦးမယ်တဲ့''
''ဒါပေါ့ဆရာ ခုရေတွင်းတူး၊ ခု ရေကြည်သောက်ချင်လို့ ဘယ်ရမလဲ။ အချိန်ပေးရမှာပေါ့၊ သုတေသန တစ်ခုအောင်မြင်ဖို့က လွယ်မှမလွယ်ဘဲ ဆရာရယ်''
ထိုစဉ် လေညိုကုန်း လက်ဖက်ရည် ဆိုင်ကလေးသို့ ဂမ္ဘီရစာရေးဆရာ ရာဟုမောင်မောင်နှင့် သရုပ်မှန်ဝတ္ထု တိုဆရာမောင်ညိုပြာတို့ ရောက်ရှိလာ၏။ မိုးကလည်း စဲသွားပြီဖြစ်၏။
''ဟာ- ဆရာမောင်ညိုပြာတို့၊ ဆရာရာဟု မောင်မောင်တို့ပါလား။ ကြွပါ၊ ဘာသုံးဆောင်မလဲ၊ ဒီနေ့ လူရှင်းတယ်ဗျ''
''ကယားကြီးတို့အုပ်စုက စာကြည့်တိုက်ဖွင့်ပွဲ သွားနေကြတယ်။ မကွေးတိုင်းထဲက ရွာတစ်ရွာမှာဗျ၊ ကျေးလက်စာကြည့်တိုက်ပေါ့ဗျာ''
''ကောင်းတယ်ဗျာ၊ ကျေးလက်စာကြည့်တိုက်တွေ ကျန်းမာရေး ဗဟုသုတရစေမယ့် မဂ္ဂဇင်းတွေ ဂျာနယ်တွေ များများထားပေးရမယ်။ ဒါမှ ပြည်သူတွေ ကျန်းမာရေးဗဟု သုတပြည့်စုံလာမှာ''
''ကျွန်တော်လဲ ထောက်ခံပါတယ်ဗျာ''
ရည်ညွှန်းချက်။ ။ BBC News မှ Enzyme Clue to Breast Tumours ဆေး ပညာဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။
အောင်(ဆေး-၁)