1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
အညောင်းထိုင်သူများ သတိထား

ဆောင်းညနေခင်းဖြစ်၍ အ မှောင်ထုကကြီးစိုးလာ၏။

မြို့စွန်တစ်နေရာရှိ ကျယ်ဝန်း သော ခြံကြီး၏ အဝတွင်အတွင်းသို့ဝင်သော မြေနီလမ်းကျဉ်းကလေးရှိ၏။

E 200 အမျိုးအစား မာစီးဒီးကားနက်ကြီးသည် လမ်းကျဉ်းကလေး တစ်လျှောက် ဖြည်းညှင်းစွာ ဝင်လာနေ၏။

လမ်းဘေးဝဲယာတစ်လျှောက် ကြီးမားသော ခရေပင်ကြီးများ အစီအရီပေါက်နေ၏။

မြောက်လေတစ်ချက်အဝှေ့တွင် ခရေပန်းများတဖွဲဖွဲကြွေကျလာ၏။

ဒေါက်တာမင်းလှသီဟသူသည် ကားမောင်းရင်းသင်းပျံ့သော ခရေပန်းနံ့ကို ရှူလိုက်ရ၍ လန်းဆန်းသွား၏။

မြေနီလမ်းကျဉ်းကလေးဆုံးသွားသောအခါ ခေတ်မီနှစ်ထပ်တိုက်ကလေး၏ ရှေ့ရှိပေါ်တိအောက်သို့ ရောက် ရှိသွား၏။

တိုက်ပိုင်ရှင် အပျိုကြီးဒေါ်ခင်အေးနှင့် တူမဖြစ်သူ ဝါဝါဇော်ခင်တို့က အဆင်သင့်စောင့်ကြိုနေကြ၏။

''နည်းနည်း နောက်ကျသွားတယ် အန်တီ''

''ရပါတယ်။ အန်တီတို့လည်း ခုပဲပြင်ဆင်လို့ပြီးတာ''

''ဒါဆို သွားမယ်လေ၊ ဒေါက်တာမိုးမြင့်ထွဋ်ခေါင်က afe Caesar မှာ စောင့်နေတယ်။ သူက ကြိုသွားပြီး စီစဉ်ထားမှာ၊ အန်တီတို့ကို ဒီအပတ် အီတလီစာကျွေးမှာ''

''ကောင်းတယ်၊ အန်တီလည်းစားချင်နေတာ''

မာစီးဒီးကားနက်ကြီးသည် ပြန်လည်မောင်းထွက်လာပြီး ဆိုင်ရှိရာသို့ထွက်ခွာလာ၏။

တစ်နာရီကျော်ကြာသောအခါ အမှတ် ၈၆၊ ရှင်စောပုလမ်းရှိ Café Caesar သို့ ရောက်ရှိသွား၏။

ဒေါက်တာ မိုးမြင့်ထွဋ်ခေါင်က ဆီးကြိုနေပြီးနေရာထိုင်ခင်း စီစဉ်ပေးထား၏။

''ဒီမှာက အီတလီစာ အစုံရတယ်။ အန်တီ Pizza ရတယ်။ Pasta ရတယ်၊ တခြားအီတလီစာတွေလည်း စုံတယ်။ ကြိုက်ရာမှာပါ''

နှစ်သက်ရာ အီတလီစာများမှာယူပြီး ထိုင်နေစဉ် လွန်စွာဝဖြိုးသော လုပ်ငန်းရှင် ဦးဘောဂရောက်ရှိလာ၏။

''ဟာ-ဒေါ်ခင်အေး၊ နေကောင်းတယ်နော်၊ တူတွေ၊ တူမတွေလည်းပါသကိုး''

''ဦးဘောဂလည်း နေကောင်းတယ်နော်၊ မတွေ့ရတာကြာပြီ''

''နေမကောင်းတာနဲ့ အပြင်မထွက်ဖြစ်ဘူး။ ခုမှ ထွက်လာတာ''

''ဦးဘောဂက ထိုင်တာသိပ်များတာကိုး''

''ဟုတ်တယ် ဒေါ်ခင်အေးရေ၊ ဆရာဝန်ကလည်း ပြောတယ်၊ ထိုင်တာများနေတယ်တဲ့၊ ခုတူလေးတို့ကို မေးရဦးမယ်။ အထိုင်များတာ ဘာတွေဖြစ်နိုင်လဲ''

''အန်ကယ်မေးတာ အတော်ပဲ၊ တလောက We B MD စာစောင်မှာ ကျွန်တော်ဖတ်လိုက်ရတယ်။ ရှင်းပြပါမယ်၊ ပထမအချက်က ထိုင်တာသိပ်များရင် နှလုံးကို ဒုက္ခပေးတယ်၊ သုတေသီတွေက အစမ်းသပ်ခံ လူအုပ်စုနှစ်စုကို နှိုင်းယှဉ်လေ့လာရာက နေသိလာတာ၊ သူတို့ကို အဝေးပြေးယာဉ်မောင်းတွေရယ်၊ ယာဉ်နောက်လိုက်တွေရယ် အုပ်စုနှစ်စုပေါ့၊ ယာဉ်မောင်းတွေက Transit Driver တွေ ခရီးရှည်ကြီးမောင်းရတယ်။ တစ်ချိန်လုံး ထိုင်နေရတယ်''

''အန်ကယ်တို့ဆီမှာ ရန်ကုန်-မန္တလေးမောင်းသလိုပေါ့''

''ဟုတ်တယ် အန်ကယ်၊ ယာဉ်နောက်လိုက်က Conductor ပေါ့။ သူတို့က တစ်ချိန်လုံးလှုပ်ရှားနေတာ၊ လမ်းလျှောက်နေရတာ''

''ယှဉ်ပြီးလေ့လာတော့ ဘာတွေ့လဲ''

''ဒီအုပ်စုနှစ်စုက အစားအစား စားပုံတူတယ်။ ဘဝနေထိုင်မှု ပုံစံတူတယ်။ ဒါပေမယ့် ယာဉ်မောင်းအုပ်စုက နှလုံးရောဂါဖြစ်နိုင်ခြေနှစ်ဆရှိနေ တာတွေ့ရတယ်တဲ့''

''ဒါဆို ကြာကြာထိုင်လေလေ နှလုံးရောဂါရနိုင်လေလေပေါ့''

''ဟုတ်တယ် အန်ကယ်၊ ဒုတိယအချက်က သက်တမ်းတိုတာတွေ့ရတယ်။ အထိုင်များတဲ့ အုပ်စုရဲ့သက်တမ်းက ပိုတိုတယ်။ လှုပ်လှုပ်ရှားရှားနေရတဲ့ အုပ်စုက သက်တမ်းရှည်တယ်''

''သုတေသီတွေက သေသေချာချာ လေ့လာထားတာပဲ''

''မှန်တယ် အန်ကယ်၊ တတိယအချက်က ဦးနှောက်စွမ်းရည် ကျဆင်းမှုပဲ၊ ကြာကြာထိုင်ရင် Dementia ဆိုတဲ့ ရောဂါဖြစ်နိုင်ခြေများတယ်။ သုတေသီတွေပြောတာက ကြာကြာထိုင်ရင် နှလုံးရောဂါသာမက ဆီးချိုရယ်၊ လေဖြတ်တာရယ်၊ သွေးတိုးတာရယ်၊ သွေးထဲမှာအဆီများတာရယ်၊ ဒါတွေပိုဖြစ်တယ်။ ဒီရောဂါတွေက ဦးနှောက်ထိခိုက်တယ်။ ဒါကြောင့် Dementia ဖြစ်နေခြေများတာတဲ့''

''များပြားလိုက်တဲ့ ရောဂါတွေပါလား''

''များတယ် အန်ကယ်၊ စတုတ္ထအချက်ကအထိုင်များတာကို ပြန်ပြီး တုံ့ပြန်ဖို့ လေ့ကျင့်ခန်းယူရုံနဲ့ မလုံလောက်ဘူးတဲ့၊ တချို့က Gym မှာ ပင်ပင်ပန်းပန်းလေ့ကျင့်တယ်။ ပြီးရင် Gym သွားပြီးပြီဆိုပြီး အကြာကြီးထိုင်တယ်။ အဲဒါထိုင်လို့ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးကို မချေဖျက်နိုင်ဘူးတဲ့၊ သဘောက အကြာကြီး မထိုင်ဘဲ ခဏခဏလှုပ်လှုပ်ရှားရှားလုပ်ပေးရ မယ်။ Gym သွားတာလည်းလုပ်၊ ခဏခဏလည်း လှုပ်လှုပ်ရှားရှားနေ၊ ဒါမှကျန်းမာမှာတဲ့''

''သုတေသီတွေပြောတာ မှတ်ထားရမယ်''

''ပဉ္စမအချက်က ကြာကြာထိုင်ရင် ဆီးချိုရောဂါဖြစ်နိုင်ခြေများလာတယ်တဲ့၊ ကြာကြာထိုင်တော့ ကယ်လို ရီလောင်ကျွမ်းမှုနည်းသွားတယ်တဲ့၊ ပြီးတော့ ဆရာဝန်တွေ ယူဆတာက Insulin ဟော်မုန်းကို ခန္ဓာကိုယ်က တုံ့ပြန်မှုကလည်း ပြောင်းလဲသွားနိုင်ခြေရှိတယ်တဲ့၊  ခုလိုပြောင်းလဲမှုက ဆီးချိုရောဂါဖြစ်နိုင်ခြေကိုများလာ စေတယ်တဲ့''

''အန်ကယ်မှာလည်း ဆီးချိုရှိနေပြီ၊ အချို့ရှောင်နေရတယ်''

''ဆဋ္ဌမအချက်က သွေးပြန်ကြောမှာ သွင်းခဲတာဖြစ်နိုင်ခြေများလာတယ်တဲ့၊ စာထဲမှာတော့ Deep Wein Thrombosis လို့ရေးတယ်။ အတိုကောက်က DVT တဲ့။ DVT က အန္တရာယ်ရှိတယ်။ သွေးခဲကလေးတွေ ပြိုကွဲပြီး သွေးလှည့်အဖွဲ့ထဲရောက်သွားရင် အဆုတ်မှာသွားပြီး ပိတ်ဆို့နိုင်တယ်။ DVT ဖြစ်လျှင် ခြေထောက် တွေရောင်လာတယ်။ နာကျဉ်လာတယ်၊ ဒါပေမယ့် တစ်ခါတလေ ရောဂါလက္ခဏာမပြပြန်ဘူး။ ဒါကြောင့် ကြာကြာမထိုင်သင့်ဘူး။ ခဏခဏ လှုပ်လှုပ်ရှားရှားလုပ်ပေးရမယ်''

''အန်ကယ့် မိဆွေတစ်ယောက် အဆုတ်မှာသွေးခဲပိတ်ပြီး ဒုက္ခများဖူးတယ်၊ ကိုယ်တွေ့ပါပဲ''

''သတ္တမအချက်က ခန္ဓာကိုယ်အလေးချိန်တက်လာတယ်။ ဝလာတယ်၊ နောက်ပြီး ကြာလာရင် အဝလွန်ဖြစ်လာတယ်။

အန်ကယ်က တီဗီကြည့်တာများ တယ်ထင်တယ်။ သိပ်ဝနေတယ်''

''ဟုတ်တယ်၊ ကိုရီးယားဇာတ် လမ်းတွဲတွေ သိပ်ကြိုက်တယ်။ Legend of Blue Sea တို့ Scarket Heart တို့ဆိုရင် သိပ်ကြိုက်လို့ထပ်ခါထပ်ခါ ကြည့်မိတယ်၊ ပြီးတော့ ဘောလုံးပွဲတွေလည်း အလွတ်မပေးဘူး။ Premier League တို့ Series A  တို့ LarLiga တို့လည်း အိပ်ရေးပျက်ခံပြီးကြည့်တာ''

''ဒါဆိုလျှော့ကြည့်တော့ အန်ကယ်၊ အလွန်အကျူးမဖြစ်နဲ့''

''ဆက်ပါဦး''

''အဋ္ဌမအချက်က စိတ်ပူပင်သောကများလာတာပဲ၊ အထိုင်များတာက ကွန်ပျူတာရှေ့မှာထိုင်တာ များတာလည်းပါတယ်။ အန်ကယ်တို့လို လုပ်ငန်းရှင်တွေက ကွန်ပျူတာရှေ့မှာ အလုပ်လုပ်ရတာများတယ်။ Online ခေတ်ဆိုတော့ ဒါကလည်း ရှောင်လွှဲလို့မရဘူး။ အလုပ်လောဘကြီးရင် အိပ်ရေးပျက်ခံပြီးလုပ်တာများလာတယ်။  အိပ်ရေး မဝတော့ စိုးရိမ်ပူပန်စိတ်တွေများလာတယ်။ ပြီးတော့ အလုပ်ဇောကပ်နေပြီး မိသားစုနဲ့ ကင်းကွာလာတယ်။ မိတ်ဆွေတွေနဲ့လည်း မတွေ့ဖြစ်ဘူး''

''ဟုတ်တယ်၊ အန်ကယ်က အလုပ်လောဘကြီးတယ်၊ အိပ်ရေးပျက်ခံပြီး အလုပ်လုပ်တယ်။ ခုတော့ လျှော့တော့မယ်''

''နဝမအချက်က ထိုင်ပါများရင် ကျောကုန်းကကြွက်သားတွေ၊ လည်ပင်းက ကြွက်သားတွေ၊ ကျောရိုးက ကြွက်သားတွေ ဒဏ်ပိတယ်၊ ဒါကြောင့် မဖြစ်မနေထိုင်ရရင်လည်း Ergonomic Chair ကို ရွေးချယ်ရမယ်။ ခန္ဓာကိုယ်အနေအထားကို  ပုံမှန်ဖြစ်အောင် ထောက်ပံ့ပေးမယ့် ကုလားထိုင်မျိုးပေါ့ အန်ကယ်ရယ်၊ လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ အနေအထားကိုလိုက်ပြီး ပြုပြင်လို့ရတဲ့ ကုလားထိုင်ဖြစ်ရမယ်။ သက်သောင့်သက် သာရှိရမယ်။ ကြွက်သားတွေ ဒဏ်မပိစေရဘူး။ ဒါပေမယ့် ဒီလို ကုလားထိုင်မျိုးရပြီဆိုပြီး အကြာကြီးမထိုင်ရဘူး။ အလုပ်ကို နာရီဝက်ထိုင်လုပ်ပြီးရင် တစ်မိနစ်နှစ်မိနစ်လောက်ထိုင်ရာက ထရမယ်။ လှုပ်ရှားရမယ်။ လမ်းလျှောက်ရမယ်''

''မှတ်ထားပါ့မယ်''

''ဒသမအချက်က ကြာကြာထိုင်ရင် ခြေထောက်မှာ သွေးတွေစုလာတယ်။ သွေးပြန်ကြောတွေအပေါ်မှာ ဝန်ပိတယ်။ သွေးပြန်ကြောတွေ ဖောင်းလာမယ်။ တွန့်ခေါက်လာမယ်။ ရောင်လာမယ်။ ဒါကို ဆေးပညာမှာ Varicose Vein လို့ခေါ်တယ်။ ခုလိုဖြစ်လာရင် ပင့်ကူလို ဘေးကိုဖြာထွက်နေတဲ့ သွေးကြောတွေပါတွေ့ရမယ်။ Varicose Vein ဖြစ်လာရင် နာကျဉ်ကိုက်ခဲတယ်။ ဆရာဝန်နဲ့ပြပြီး ကုသင့်တယ်''

''အန်ကယ်မှာလည်း ရှိနေပြီ၊ ကုဦးမှ''

''ဧက ဒသမအချက်က အရိုးပါးရောဂါပဲ၊ ဆေးပညာမှာဒီရောဂါ Osteo Porosis လို့ခေါ်တယ်။ အရိုးတွေပါးပြီး ပျော့လာတယ်။ ကျိုးလွယ်တယ်။ နေ့စဉ်လုပ်နေကြအလုပ်တွေ လွယ်လွယ်မလုပ်နိုင်တော့ဘူး။ ဥပမာ- မတ်တတ်ရပ်ပြီး ရေချိုးတာ၊ အိမ်သာတက်တာတွေပေါ့၊ ခုလိုမဖြစ်အောင် ကြာကြာမထိုင်နဲ့၊ လှုပ်လှုပ် ရှားရှားနေ၊ ဒါဆို အရိုးပါးရောဂါဖြစ် နိုင်ခြေနည်းသွားမယ်''

''လိုက်နာပါ့မယ်''

''ဒွါဒသမအချက်က ကင်ဆာရောဂါဖြစ်နိုင်ခြေများလာတာပဲ၊ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ၊ သား အိမ်ကင်ဆာတွေပိုပြီးဖြစ်နိုင်လာတယ်။ ပိုပြီးကြာကြာထိုင်လေလေ ဖြစ်နိုင်ခြေများလေလေပဲ၊ နောက်တစ် ခုရှိသေးတယ်။ အသက်အရွယ်ကြီးရင့်တဲ့  အမျိုးသမီးကြီးတွေဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ခြေပါများလာတယ်။ ဒါကြောင့် ကြာကြာမထိုင်သင့်ဘူး။ လှုပ်လှုပ်ရှားရှားနေသင့်တယ်''

''ဒီဆယ့်နှစ်ချက်ကို အန်ကယ်မှတ်ထားပါ့မယ်။ အပေါင်းအသင်းတွေကိုလည်း ဖြန့်ဝေပေးပါ့မယ်။ ဦးမိနကဆိုရင် တော်တော်အလုပ် လောဘကြီးတာ၊ လေးငါးညဆက် တိုက်အိပ်ရေးပျက်ခံပြီး အလုပ်လုပ်တာ၊ ဦးရွှေအိုးတို့ ဦးငွေရတို့လည်း အတူတူပဲ၊ ခုလို သတိပေးတာ ကျေးဇူးပါပဲ''

''ပါရဂူတွေ အကြံပေးထားတာတွေလည်း ဆက်ပြောပါ့မယ်၊ နာရီဝက်ထိုင်ပြီးတိုင်း မတ်တတ်ထရပ်ရမယ်၊ ကိုယ်တွေလက်တွေ ဆန့်ထုတ် ရမယ်။ှအမနအခ့ ပေါ့ အန်ကယ်၊ ပြီးတော့ရုံးထဲမှာ ဟိုနားဒီနားလမ်း လျှောက်ရမယ်၊ စာဖတ်ရင် ခဏလောက်မတ်တတ်ရပ်ဖတ်ရမယ်၊ ကိုယ်နဲ့လိုက်ဖက်တဲ့ စားပွဲထားရမယ်၊ သဘောက သက်တောင့်သက်သာရှိ ဖို့ပဲ ကွန်ပျူတာကိုလည်း အနေတော် အနေအထားမှာထားရမယ်။ ရုံးခန်းထဲမှာ ဒါမှမဟုတ် အနီးအနားအခန်းမှာ လမ်းလျှောက်စက်ထားရမယ်၊ Stretch ပေါ့ အန်ကယ်၊ တောက်လျှောက်ထိုင်နေတာမျိုး မလုပ်ရဘူး။ ဒါမှ ကျန်းမာမယ်''

''မှတ်သားထားပါ့မယ်''

စကားကောင်းနေစဉ် ဒေါက်တာ ကျော်ဆွေသိန်း ရောက်ရှိလာ၏။

ဒေါက်တာကျော်ဆွေသိန်းကမေး၍ ဒေါက်တာမင်းလှသီဟသူက ဦးဘောဂအား ရှင်းပြသည့်အကြောင်းအရာကို ထပ်မံပြောပြပြန်၏။

''ဟာ-ကောင်းတယ်ဆရာ၊ ကျွန်တော့်အတွက်လည်း အသုံးဝင်ပြီ''

''ဆရာကျော်က အားကစားသမားပဲ၊ တစ်ချိန်လုံး တင်းနစ်ကွင်းထဲမှာပဲ၊ ပြီးတော့ ဘတ်စ်ကက်ဘောလည်း ကစားသေးတယ်''

''ဒီလိုပါ ဆရာ၊ သမိုင်းခဝဲခြံက ကရင်မချောချောလေးရဲ့အဘိုးက သိပ်ပြီးအညောင်းထိုင်တာ၊ ခုအချက် အလက်တွေကို  သူ့ကို ပြောပြရမယ်။  ဒီလို ကျန်းမာရေးပညာပေးတွေကို အဘိုးကြီးက သိပ်ကြိုက်တာ''

''ဟဲဟဲ၊ သိပါပြီ၊ အဘိုးကြီးက သိပ်ကြိုက်တော့ ဆရာကျော် ခဏခဏသွားလည်ရမယ်။ နှင်းဆီပန်းဖိုး တော့ ကုန်တော့မှာပဲ၊ ကရင်မလေး က နှင်းဆီ ပန်းကြိုက်တယ်တဲ့''

''လွယ်ပါတယ် ဆရာရယ်၊ ဦးရွှေ နုလမ်းမှာနေတဲ့ ဆရာမောင်ညိုပြာဆီမှာ နှင်းဆီပန်းတွေ အများကြီးစိုက်ထားတယ်။ သူ့ခြံကြီးကလည်း အကျယ်ကြီး၊ ပန်းမျိုးစုံရှိတယ်။ ဆရာမောင်ညိုပြာက သဘောကောင်းတယ်။  ကျွန်တော်သွားတောင်းရင် မေတ္တာနဲ့ ကူညီနေတာ၊ ကျွန်တော်ကလည်း မေတ္တာတွေဖြန့်ဝေနေတာလေး ဟဲဟဲ''

''ကောင်းပါပြီ ဆရာကျော်ရယ်''

အောင် (ဆေး-၁)

ရည်ညွှန်းချက်။ Web MD မှ “Why Sitting too much is BAD for your Health” ဆေးပညာဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။

အောင်(ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.