14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
အရက်အန္တရာယ် ဆင်ခြင်ဖွယ်

မြို့စွန်တစ်နေရာတွင် ကြီးမားသော ညောင်ပင်ကြီးတစ်ပင်ရှိ၏။

ထိုညောင်ပင်ကြီးနှင့် မလှမ်းမကမ်းတွင် 'လမ်းပြကြယ်'ဟု ဆိုင်းဘုတ်တပ်ထားသော ကိုယ်ပိုင်ဆေးကု ဂေဟာတစ်ခုရှိ၏။

ထိုဆေးခန်းကို အနီးနေရပ်ကွက်သူ ရပ်ကွက်သားများက 'ရွှေညောင်ပင်' ဆေးခန်းဟု အလွယ်တကူခေါ်ကြ၏။

ဆေးခန်းပိုင်ရှင် ဒေါက်တာရဲမိုးကျော်သူသည် ကလေးမရနိုင်သည့် စုံတွဲအချို့ကို ကူညီခဲ့ဖူး၍ 'ရုက္ခစိုးကြီး'ဟု လူနာများက ခေါ်ကြ၏။

ညနေစောင်းတွင် လူနာများဖြင့် စည်ကားနေလေ့ရှိ၏။

ညဥ့်နက်၍ ဆေးခန်းပိတ်လုဆဲဆဲတွင် အရေးပေါ် လူနာတစ်ဦး ရောက်ရှိလာ၏။

ထိုလူနာသည် မကြာခဏ ဆေးခန်းသို့ လာရ၍ မှတ်မိနေ၏။

ယခု အခြေအနေက ယခင်ထက် ဆိုးဝါးနေ၏။

အဆက်မပြတ် သွေးအန်နေပြီး လူနာမှာဖြူဖျော့နေ၏။

အရက်ကို မိုးမလင်းသောက်နေ၍  အသည်းရောဂါရကာ နောက်ဆက်တွဲရောဂါအဖြစ် အစာရေမျိုအောက်ပိုင်းမှ သွေးကြောပေါက်ခြင်းဖြစ်၏။

အရေးပေါ် ကုသမှုများပြုလုပ်ပြီးနောက် အငှားကားတစ်စီးဖြင့် ဆေးရုံသို့ပို့လိုက်ရ၏။

အငှားယာဉ်ထွက်သွားပြီးနောက် ရှေ့နေကြီး ဦးမြသာရောက်ရှိလာ၏။

ဦးမြသာသည် အလုပ်နားချိန်တွင် လာရောက်လည်ပတ်ကာ စကားစမြည်ပြောလေ့ရှိ၏။

''လူနာကြည့်ရတာ အခြေအနေဆိုးနေပါလား ဒေါက်တာ''

''ဟုတ်တယ်။ ရမှရပါ့မလား မသိဘူး။ စိုးရိမ်စရာပဲ''

''လူနာက ဒီရပ်ကွက်ထဲကပဲ  ဒေါက်တာ၊ သူက လူဆိုးပဲ၊ မူးရင် ရမ်းတတ်တယ်၊ ရဲစခန်းလည်း ခဏ ခဏ ရောက်တယ်''

''ပုဒ်မမျိုးစုံနဲ့ ရောက်တာထင်တယ် အန်ကယ်''

''ဟုတ်တယ်၊ နာကျင်စေမှု၊ လက်နက်မှု၊ ပိုင်နက်ကျူးလွန်မှု၊ စုံနေတာပါပဲ ဒေါက်တာရယ်''

''ဒါတွေက မူးပြီးရမ်းလို့ ထင်တယ်''

''မှန်တယ် ဒေါက်တာ၊ ခဏခဏ ကျွန်တော် တရားရုံးလိုက်ရတယ်။ သူ့မိဘတွေ မျက်နှာလည်း ရှိနေတော့မငြင်းသာဘူး။ ဒေါက်တာရယ် စိတ် ပျက်စရာပါ''

''ဟုတ်ကဲ့ အန်ကယ်''

''အရက်စွဲရောဂါကို ထိထိရောက်ရောက် တိုက်ဖျက်မှဖြစ်မယ်ဒေါက်တာ''

''ဒီကိစ္စနဲ့ ပတ်သက်လို့ စကော့တလန်မှာလုပ်တာ အတုယူစရာကောင်းတယ်''

''ဟုတ်လား ဒေါက်တာ၊ ရှင်းပြပါဦး''

''ဒီလိုပါ အန်ကယ်၊ အရက်ပြင်းတွေကို  ဈေးနှုန်းမြှင့်လိုက်မယ်၊ သောက်မယ့်လူတွေ အရှိန်တန့်သွားတာပေါ့''

''ဟုတ်ကဲ့ ဒေါက်တာ''

''စကော့တလန် အစိုးရအဖွဲ့က  Health Secretary ဖြစ်တဲ့  Shona Robison က ပြောတယ်။ ဈေးနှုန်းကို  ၅ဝ ပဲနိကို တိုးမယ်တဲ့၊ ဒါက အရက် ပြင်းတစ်ယူနစ်အတွက် ဈေးနှုန်းပေါ့၊

အရင်က အရက်ပြင်းက ဈေးသက်သာနေတယ်။ ခုလို ဈေးနှုန်းမြှင့်တာကိုလည်း အရမ်းမလုပ်ပါဘူးတဲ့၊ ပါရဂူတွေနဲ့ တိုင်ပင်ပြီးမှ လုပ်မှာပါတဲ့''

''တိုင်ပင်ပြီး လုပ်တာကောင်းတာပေါ့''

''သူက ဆက်ပြောတယ်။ အရက်သမားတွေက အရက်ပြင်းဈေးသက်သာလို့ အရက်ပြင်းကို များများသောက်နေကြတယ်တဲ့၊ ဒါကို တိုက်ဖျက်ချင်လို့ပါတဲ့''

''ကောင်းတဲ့အကြံပဲ''

''ခုလို တိုးလိုက်တော့ အရက်အားလုံး ဈေးတက်ကုန်တယ်။ ဝိုင်အနီ တစ်ပုလင်းမှာ  Alcohol က  9-4 Unit ပါတယ်။ ခုလို တစ်ယူနစ်ကို ၅ဝ ပဲနိတိုးလိုက်တော့ ဝိုင်အနီတစ်ပုလင်းကို ၄ ဒသမ ၆၅ စတာလင် ပေါင်ပေးရတယ်၊ လေးပေါင်ကျော်ကျော်ပေါ့၊ ၄ ရာခိုင်နှုန်းပါတဲ့  Lager Beer ဆိုရင်  8 Unit ပါတယ်၊  500 ML Can တွေ လေးလုံးတစ်တွဲပါတဲ့  Pack ကို စတာလင်ပေါင် လေးပေါင်ပေးရတယ်၊  28 Units Alcohol ပါတဲ့  70 Cl  ဝီစကီတစ်ပုလင်းကို စတာလင်ပေါင် ၁၄ ပေါင်ထက် ဈေး မနည်းစေရဘူး''

''ဒါမှ အရက်သမားတွေ အရက်ပြတ်မှာ''

''ဟုတ်တယ် အန်ကယ်၊  5% ABV  ပါတဲ့  Normal Strength Cider တစ်ပုလင်းကို အနည်းဆုံး ၂ ဒသမ ၅ ပေါင်ပေးရမယ်၊ ၇ ဒသမ ၅  ABV ပါတဲ့  ပုလင်းကျတော့ ၃ ဒသမ ၇၅ ပေါင်ပေးရမယ်''

''ဟုတ်ကဲ့ ဒေါက်တာ''

''ဒီအစီအစဉ်ကလည်း အဓိကပစ်မှတ်က ဈေးပေါတဲ့  Lager Cider နဲ့  Spirit တွေကို ပစ်မှတ်ထားတာ၊ ဒါကလည်း လူလတ်တန်းစားနဲ့  လူဆင်းရဲတွေသောက်တာကိုး။ အရက်သမား  အများစုက ဒီအုပ်စုတွေကပဲ၊  တစ်ခုတော့ရှိတယ်၊ ဈေးကြီး တဲ့အရက် အဖိုးတန်တွေမပါဘူး။ မပါလည်း ကိစ္စမရှိဘူး၊ လူချမ်းသာက လူနည်းစုပဲရှိတယ်''

''လူဆင်းရဲတွေ အရက်ဖြတ်ဖို့က ပိုလိုပါတယ် ဒေါက်တာ၊ သူတို့က  အသည်းကျွမ်းသွားရင် ကုစရာငွေမရှိဘူး''

''ဟုတ်တယ် အန်ကယ်၊ လူချမ်းသာက ကုနိုင်တယ်''

''အသည်းအစားထိုးကုတာ လည်း သူတို့က ငွေကြေးပြည့်စုံတော့ တတ်နိုင်တယ်လေ''

''မှန်တယ် အန်ကယ်''

''စကော့တလန်က အရက်သမားပေါလား''

''ပေါတယ် အန်ကယ်၊ စကော့လူမျိုးတွေက အရက်ပိုသောက်တယ်၊ ပျမ်းမျှခြင်း စာရင်းကောက်ကြည့်တော့  England နဲ့  Wales က လူတွေထက် စကော့တလန်က လူတွေ ၂ဝ ရာခိုင်နှုန်းပိုပြီး အရက်ဝယ်တာ တွေ့ရတယ်တဲ့၊ ဒါကလည်း စကော့တလန် အစိုးရက ဒါကိုသိလို့ ခုလိုစီစဉ်တာ၊  Binge Drinking က စကော့တလန်မှာပေါတယ်၊ အရက်အလွန်အကျွံသောက်တာကို ဆိုလို တာ၊ စကော့တလန်အစိုးရက Binge Drinking ကိုတိုက်ခိုက်ဖို့ နည်းလမ်းရှာနေတာ၊ ခုအစီအစဉ်က နည်းလမ်း တစ်ခုဆိုပါတော့''

''ဟုတ်ကဲ့ ဒေါက်တာ''

''စကော့တလန်မှာ  Alcohol Focus Scotland ဆိုတဲ့ သုတေသန အဖွဲ့ကြီးရှိတယ်၊ ဒီအဖွဲ့ကြီးက မနှစ်က သုတေသန လုပ်ထားတယ်၊ တစ်ပတ်ကို အရက်သောက်ရင် အများဆုံး  14 Unit ပဲ သောက်သင့်တယ်တဲ့။ မပိုသင့်ဘူးတဲ့၊ ဒါက တစ်ပတ်စာပေါ့၊ ဒါက မနှစ်က ၂ ဒသမ ၅၂ ပေါင်နဲ့ ဝယ်လို့ရနေတယ်။ ဈေးပေါနေတယ်။  ဒီဈေးနဲ့  Super-Strength Cider ရ နိုင်တယ်။  Own Brand Vodka ရနိုင်တယ်။  Own Brand Whisky ရနိုင်တယ်။ ဒီအရက်ပြင်းတွေမှာ  Alcohol က များတယ်၊ မနှစ်က  Alcohol တစ်ယူနစ်ကို ၁၈ ပဲနိပဲကျတယ်၊ ဈေးသက်သာနေတယ်''

''ဟုတ်ကဲ့ ဒေါက်တာ''

''ယမကာ ဈေးနှုန်းတွေတက်လာတယ်၊ ၄ဝ ရာခိုင်နှုန်း  ABV Whisky က ၁၄ ပေါင်ဖြစ်သွားတယ်။  Vodka က ၁၃ ဒသမ ၁၃ ပေါင်၊  Larger က တစ်ပေါင်၊  Cider က ၂ ဒသမ ၆ဝ ပေါင်၊  RED Wine  က ၄ ဒသမ ၆၉ ပေါင် ဖြစ်လာတယ်''

''ဟုတ်ကဲ့ ဒေါက်တာ''

''ဒါက နမူနာပေါ့ အန်ကယ်ရယ် သူတို့ဆီမှာက ဒီမိုကရေစီစနစ်ဆိုတော့  ပါလီမန်ကို တင်ရတယ်။ ဥပဒေပြောင်းချင်ရင် ပါလီမန်က သဘောတူရတယ်။ ခုဝမ်းသာစရာက စကော့တလန်ပါလီမန်က  Minimum Pricing Legislation ကို အ တည်ပြုလိုက်တယ်။ ခွင့်ပြုချက်ရပြီး စီးပွားရေးသမားတွေက ဒီဥပဒေကိုကန့်ကွက်တယ်၊ ဒီမိုကရေစီနိုင်ငံဆိုတော့ ကန့်ကွက်ခွင့်ရှိတယ်''

''စိတ်ဝင်စားစရာပဲ''

''စီးပွားရေးသမားတွေက လောဘသားတွေပဲ၊ ငွေမျက်နှာပဲ ကြည့်တယ်၊

အရက်များများရောင်းရဖို့ပဲ သိတယ်။  Scotch Whisky Association ဆိုတာရှိတယ်။ အတိုကောက်  SWA လို့ ခေါ်တယ်၊ ဝီစကီ ထုတ်လုပ်သူများ အသင်းဆိုပါတော့၊ ဒီအသင်းက  Supreme Court အထိ အယူခံတင်တယ်၊ ဒါပေမယ့် မအောင်မြင်ဘူး တော်သေးတယ်၊  Supreme Court  က ပါလီမန်ဆုံး ဖြတ်ချက်ကို အတည်ပြုလိုက်တယ်''

''တော်သေးတာပေါ့ ဒေါက်တာရယ်''

''တရားရုံးချုပ်က တရားသူကြီးအားလုံးက တစ်ညီတစ်ညွတ်တည်း အစိုးရကို ထောက်ခံလိုက်တယ်။ SWA တရားရှုံးတယ်၊ စကော့တလန် အစိုးရကို  SWA က တရားစရိတ် လျော်ပေးလိုက်ရတယ်''

''တရားသူကြီးတွေကို ကျေးဇူးတင်ရမယ်''

''ဟုတ်တယ် အန်ကယ်၊ ကျေးဇူးတင်သင့်တယ်၊ ခုလို ဥပဒေအတည် ဖြစ်သွားတာကို ကျန်းမာရေး အသိုင်းအဝိုင်းက ကြိုဆိုကြတယ်၊ ထောက်ခံကြတယ်။  Alcohol Awareness  တွေကလည်း ထောက်ခံကြတယ်။ အရက်အလွန်အကျွံ သောက် ရင် အန္တရာယ်ရှိတာ သိကြတယ်။ တားဆီးသင့်တယ်လို့ ယုံကြည်ကြတယ်''

''အရက်ကြောင့် သေတာရှိလား''

''ရှိတယ် အန်ကယ်၊ မနှစ်က စကော့တလန်မှာ  Alcohol-Related Death က စုစုပေါင်း ၁၂၆၅ ဦးရှိတယ်။ ပြီးတော့ ဒီကိန်းဂဏန်းက ထူးခြားတယ်။ ၂ဝ၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်ကြည့်တော့ ၁ဝ ရာခိုင်နှုန်း တက်လာတယ်။ ဒါက မဖြစ်သင့်ဘူး။ ဒါ ကြောင့်  MS Robison က ဒါဟာ လက်ခံလို့မရဘူးလို့ တင်ပြခဲ့တယ်''

''မှန်တာပေါ့ ဒေါက်တာရယ်''

''စကော့တလန်ပါလီမန်မှာ  Minimum Pricing အရေးကြီးပုံကို  MS Robison က ရှင်းလင်းတင်ပြခဲ့တယ်။ ခုလိုမလုပ်ရင် နောက်ထပ် အသက်ဆုံးရှုံးတာတွေထပ်ဖြစ်မယ်တဲ့၊ မသေသင့်ဘဲ သေကြမယ်တဲ့၊ အသက်အန္တရာယ်မဖြစ်အောင် ကာ ကွယ်ရမယ်တဲ့၊ တတ်နိုင်သမျှ စောစောလုပ်ရမယ်တဲ့''

''လုပ်သင့်တာပေါ့ ဒေါက်တာရယ်''

''MS Robison က ခုလို ဈေးနှုန်းမြှင့်လိုက်ရင် ဘယ်လိုအကျိုးရှိ မလဲဆိုတာကို ကိန်းဂဏန်းနဲ့ တင်ပြခဲ့တယ်။ ခုလိုဥပဒေပြင်ပြီး ပထမငါး နှစ်မှာပဲစပြီး ထူးခြားမယ်တဲ့၊  Alcohol-Related Death က ၃၉၂ လျော့သွားမယ်တဲ့၊  Hospital Admission က ၈၂၅၄ လျော့သွားမယ်တဲ့''

''ထူးထူးခြားခြား အကျိုးရှိမယ့်သဘောပဲ''

''အကျိုးရှိမှာပါ၊ သူတို့ဆီမှာ တစ်ခုအတုယူစရာရှိတယ်၊ ခုလိုဥပဒေပြင်ပြီးရင် နောင်ငါးနှစ်အကြာမှာ ပြန်ပြီးသုံးသပ်ဖို့ပါ တစ်ခါတည်း ရေးဆွဲထားတယ်၊ ပြင်သင့်ရင်ထပ်ပြင်မယ်၊ အခြေအနေကို ပြန်ပြန်ပြီးသုံးသပ်တယ်၊ အဲဒါကောင်းတယ် အန်ကယ်''

''မှန်တာပေါ့၊ သုံးသပ်သင့်တယ်''

''ခုလို ဈေးနှုန်းမြင့်တာနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေထွက်လာ တယ်။ ဒီမိုကရေစီနိုင်ငံဆိုတော့ ပွင့်ပွင့်လင်းလင်းဝေဖန်ကြတယ်၊ တချို့က ထောက်ခံတယ်၊ တချို့ကကန့် ကွက်တယ်။  Sheffield University က ပါရဂူ  De Chris Holmes က သုတေသနတွေ လုပ်ဖူးတယ်၊ အရက်ပြဿနာကို ထဲထဲဝင်ဝင်သိတယ်၊ သူကတော့ ထောက်ခံတယ်၊ သူ့သဘောက ဈေးနှုန်းကို ဒီထက်တောင် ထပ် မြှင့်ချင်သေးတယ်တဲ့''

''ပါရဂူက ထောက်ခံတာ ဝမ်းသာစရာပါပဲ''

''Scottish Conservative Deputy Leader ဖြစ်တဲ့  Jackson Carlaw ကလည်း ထောက်ခံတယ်၊ ဒါပေမယ့် သူက ၅ဝ ပဲနိ သတ်မှတ်ချက်ကို ပြန်ပြီးဆွေးနွေးချင်သေးတယ်တဲ့၊ ခေတ်နဲ့အညီ လိုက်လျောညီ ထွေရှိအောင် ပြင်ဆင်သင့်ပါတယ်တဲ့''

''ဟုတ်ကဲ့ ဒေါက်တာ''

''Scottish Labour ပါတီက  Colin Smyth ကလည်း ထောက်ခံတယ်။ အရက်ကြောင့် ဒုက္ခရောက်ရတဲ့ အဆင်းရဲဆုံး လူတန်းစားကို ခုထက်ပိုပြီး ဂရုစိုက်ဖို့ တင်ပြထားတယ်။  Alcohol-Related Hospital Admission က အဆင်းရဲဆုံး လူတန်းစားအုပ်စုမှာ အမြင့်ဆုံးပဲတဲ့၊ ဒုက္ခအရောက်ဆုံးပေါ့ အန်ကယ်ရယ်၊ ဒါကြောင့် သူတို့ကို ပိုပြီး စောင့်ရှောက်ရမယ်တဲ့''

''ဟုတ်ကဲ့ ဒေါက်တာ''

''Scottish Liberal Democrat Leader ဖြစ်တဲ့  Willie Rennie ကလည်း ထောက်ခံတယ်၊ သူက ၅ဝ ပဲနိ အစား ၆ဝ ပဲနိ တောင်လုပ်ချင်တယ်တဲ့၊ ပိုပြီး ဈေးတက်စေချင်တယ်၊ သူတို့ ဆီမှာလည်း  ငွေကြေးဖောင်းပွမှုရှိတယ်။ ဒါကြောင့် လက်ရှိအခြေ အနေနဲ့ ကိုက်ညီအောင် ၆ဝ ပဲနိ သတ်မှတ်ချင်ပါတယ်တဲ့''

''ပိုဈေးကြီးလေ အရက်ပြတ်လေပေါ့နော်''

''ဟုတ်တယ် အန်ကယ်၊ အဆင်းရဲဆုံး လူတန်းစားက ဈေးကြီးသွားရင် လက်လှမ်းမမီတော့ဘူးပေါ့''

''အန်ကယ်တို့ဆီမှာကတော့ 'ထွေးညို'တို့ 'ဂျမ်းဂဲ'တို့ ရှိနေတယ်။ ဒါတွေကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက ထိထိရောက် ရောက် ပြင်းပြင်းထန်ထန် နှိပ်ကွပ်ရမယ်''

''ဘာတွေလည်း အန်ကယ်''

''ထန်းလျက်တို့၊ ကောက်ညှင်းတို့ ကနေ ချက်တဲ့တောအရက်ကို ဘန်း စကားနဲ့ခေါ်တာ၊ တရားဝင်စက်ရုံကထုတ်တဲ့ အရက်ကို အခွန်ကောက်ရတာဖြစ်နိုင်ပေမယ့် တရားမဝင်ချက်တဲ့ အရက်ပုန်းကျတော့ မလွယ်လှဘူး။ ဟိုတစ်ခေတ်က ကြံတော  သင်္ချိုင်းက နာမည်ကြီးခဲ့ဖူးတယ်၊ အရက်ပုန်းက နှိမ်နင်းရတာ မလွယ်ဘူး။ အောက်ခြေမှာ လာဘ်ပေးလာဘ်ယူ တွေရှိနေသမျှ ရှင်သန်နေမှာပဲ''

''ခုတော့ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကိုလည်း ကော်မရှင်ဖွဲ့ ပြီး နှိမ်နင်းမှာပါ၊ အခြေအနေထူးခြားလာမှာပါ''

''ကောင်းလာပါစေလို့ မျှော်လင့်ပါတယ်၊ စောစောက လူနာလို အဖြစ်ဆိုးတွေ ထပ်မဖြစ်စေချင်ဘူး။ ဘာသာရေး ခေါင်းဆောင်တွေ ရပ်မိရပ်ဖတွေ  NGO တွေအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုနေပါပြီ ဒေါက်တာ''

''ဟုတ်ပါတယ် အန်ကယ်''

အောင် (ဆေး-၁)

ရည်ညွှန်းချက်။  ။  BBC News မှ “ Minimum Alcohol Pricing in Scotiand” ဆေးပညာဆောင်း ပါးကို မှီငြမ်းကိုးကားပါသည်။

အောင်(ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.