အသက်ဇီဝကို ဓါတ်ခွဲခန်းတွင် ဖန်ဆင်းခြင်း
မိုးကလည်း သည်းသည်းမဲမဲ ရွာနေ၏။
ညနေစောင်းဖြစ်၍ ရွှေဘုံသာ လမ်းတစ်လျှောက်လူစည်ကားနေ၏။
ဒေါက်တာကျော်ဆွေသိန်းသည် မိုးရွာနေသဖြင့် လင်ကရူဇာ ဆစ်ဂနစ်စ်ကားကြီးကို သတိဖြင့် ဖြည်းညင်းစွာ မောင်းနှင်နေ၏။
မကြာမီ ညောင်ရမ်း ဆေးတိုက်ရှေ့တွင် ငြိမ့်ခနဲ ရပ်သွား၏။
ကားတံခါးဖွင့်၍ ဆင်းလိုက်သည်နှင့် အသင့်စောင့်ကြိုနေသော သူနာပြုဆရာမလေး နွဲ့ယမင်းနှင့် ပြုံး ပွင့်သူတို့ကို တွေ့လိုက်ရ၏။
''မင်္ဂလာပါဆရာ''
''မင်္ဂလာပါ။ ဦးဥာဏ်အုန်း ရောက်ပြီလား''
''ရောက်ပါပြီဆရာ။ ပစ္စည်း တွေ သယ်ပေးပါ့မယ်''
အတက်ချီကေ့စ်ကို နွဲ့ယမင်းက ဆွဲသွား၏။ ထူထဲလှသော ဆေးကျမ်း ကြီးကိုပြုံးပွင့်သူက မယူသွား၏။
ရောဂါဗေဒ ဆရာဝန်ကြီး၏ ရုံး ခန်းသည် ပေတစ်ရာပတ်လည်ကျယ် ဝန်းသော အခန်းကြီးဖြစ်၏။ ဆရာဝန်ကြီး အစည်းအဝေး သွားနေသဖြင့် ရုံးခန်းတွင် မရှိပေ။
ဒေါက်တာ ကျော်ဆွေသိန်းသည် ရုံးခန်းအတွင်း ဝင်သွား၏။ ရောဂါဗေဒ ဆရာဝန်ကြီးက ဆရာရင်းဖြစ်၍ စာရွက်စာတမ်းများကို လွတ်လပ်စွာ ကြည့်ရှုခွင့်ပြုထား၏။
ဒေါက်တာ ကျော်ဆွေသိန်းသည် Science အမည်ရှိ သိပ္ပံပညာ ဂျာနယ်အသစ်တစ်စောင် တွေ့ရ၍ ဆွဲယူကာ ဖတ်ရှုနေ၏။ ထိုဂျာနယ်က နောက်ဆုံးထုတ်ဖြစ်၏။ ရောဂါဗေဒ ဆရာဝန်ကြီးအား နိုင်ငံခြားမှ မိတ်ဆွေ များက ပို့ပေးထားခြင်းဖြစ်၏။
စိတ်ပါဝင်စားစွာ ဖတ်ရှုနေသ ဖြင့် အခန်းတွင်းသို့ အုပ်စုတစ်စု ဝင် လာသည်ကို သတိမထားလိုက်မိပေ။
''ဆရာကျော် သိန်းတစ်ထောင် ပေါက်တယ်ဆို။ ကျွေးပေတော့''
ဒေါက်တာ ပွင့်သက်တင် အသံကြား၍ မော့ကြည့်လိုက်၏။ ဒေါက်တာပွင့်သက်တင်နှင့်အတူ ဒေါက်တာယုစန္ဒာ၊ ဒေါက်တာ တင်တင်ဦးနှင့် ဒေါက်တာ မြမြအေးတို့ကို တွေ့ လိုက်ရ၏။
''ဟာ- ပွင့်ကို ဘယ်သူပြောလဲ။ မဟုတ်ပါဘူး''
` ''သတင်းက သေချာတယ် နော်။ ဒေါက်တာ အေးစန္ဒာဝင်းပြော တာ''
''ဟာ- မဟုတ်ပါဘူး။ တစ်ယောက်ယောက်က ချွန်တွန်းလုပ်လိုက်ပြီထင်တယ်။ ကျွန်တော်က အခုလထဲ ထီတောင် မထိုးဖြစ်ဘူး''
''မပေါက်လဲ ကျွေးရမယ်။ ဗိုက်ဆာပြီ''
''ကဲ-ကဲ- ကျွေးပါ့မယ်။ ဘာစားမလဲပြော''
''လက်ထဲက ဘာဂျာနယ်လဲ။ ထူးဆန်းတာပါလား''
''သိပ်ကို ထူးဆန်းတာ ပါ တယ်။ ပညာရှင်တွေက Scientific Landmark ဆိုပြီး ချီးကျူးနေကြ တယ်''
''ဘာလဲဟင် ပြောပြပါလား။ ပြီးမှ သွားစားကြမယ်လေ''
''ကဲ- ပြောပြပါ့မယ်။ နား ထောင်''
ပွင့်တို့ လေးဦးက ဒေါက်တာ ကျော်ဆွေသိန်းအား အစ်ကိုသဖွယ် ခင်မင်နေပြီး နွဲ့ဆိုးဆိုးကြ၏။ ဆေးကျောင်းသူဘဝက မကြာခဏ နီဂရိုး ပီကေ ဝယ်ကျွေးရ၏။
''နားထောင်မယ်။ ပြောလေ''
''ပထမဆုံးအနေနဲ့ ဖန်တီးချက် တစ်ရပ်ပေါ့ကွာ။ ဓာတ်ခွဲခန်းထဲမှာ သိပ္ပံပညာရှင်တွေ သက်ရှိဆဲလ်တစ်လုံးကို ဖန်တီးနိုင်ပြီ။ ဒါဟာ ကမ္ဘာမှာ ပထမဦးဆုံးကွ။ ဒီဆဲလ်ကို Synthetic DNA က လုံးဝထိန်းချုပ် ပြီးဖြစ်ပေါ်စေတာ။ ယူအက်စ်က ပညာရှင်တွေ တီထွင်တာကွ''
''သက်ရှိကို ဖန်တီးနိုင်ပြီပေါ့။ ဒါဆို အရမ်းထူးဆန်းနေပြီ''
''ထူးဆန်းလို့လဲ မီဒီယာတွေက Artificial Life Breakthrough ဆိုပြီး တင်စားချီးကျူး နေကြတယ်''
''လုပ်ပုံလုပ်နည်းကလေး ပြောပါဦး''
''ပထမဆုံး ပညာရှင်တွေက ဘက်တီးရီးယား တစ်ကောင်ရဲ့ DNA ကို ဓာတ်ခွဲခန်းထဲမှာ တည်ဆောက် ထားတယ်။ ပြီးတော့ တခြားတစ် ကောင်ရဲ့ ဆဲလ်ထဲကို ထည့်လိုက်တယ်။ ထည့်ခံရတဲ့ ဘက်တီးရီး ယားဟာ ဘီလီယံနဲ့ချီပြီး မျိုးပွားတယ်။ ပွားလာတဲ့ ဘက်တီးရီးယား အသစ်တွေက Synthetic DNA ရဲ့ ညွှန်ကြားချက်နဲ့ ဖြစ်လာတာ။ မူလဆဲလ်ရဲ့ ပုံသဏ္ဌာန်နဲ့ အမူအရာအတိုင်းဘဲ၊ ချွတ်စွတ်တူတယ်။ အဲသလိုကွ''
''မူလဆဲလ်က မိဘလိုဖြစ်သွား တာပေါ့နော်''
''ဟုတ်တယ်။ ဒါကို တချို့ကလဲ ထောက်ခံတယ်။ တချို့ကလဲ ကန့်ကွက်တယ်။ ဒါကလဲမဆန်းဘူးကွ၊ သိပ္ပံပညာမှာ အသစ်အဆန်း တွေ့တိုင်း ငြင်းကြခုံကြတာပဲ။ ထောက်ခံသူတွေက Scientific Landmark ဆို ပြီးချီးကျူးတယ်။ အောင်မြင်မှု မှတ်တိုင်တစ်တိုင်ပေါ့ကွာ။ ကန့်ကွက်တဲ့ လူတွေက Synthetic Organism တွေဟာ အန္တရာယ် ရှိတယ်တဲ့၊ ဒီနည်း ပညာသစ်က ရလာမယ့် အကျိုးတရား ဆိုတာတွေကလဲ ရှိသင့် ရှိထိုက်တာ ထက် ချဲ့ကားထားတာတဲ့''
ဒါကတော့ ပညာရှင်လောကရဲ့ ထုံးတမ်းစဉ်လာပါပဲ၊ ငြင်းကြမယ်၊ ခုံကြမယ်၊ ငြင်းရင်းခုံရင်းနဲ့ ပညာရပ်တွေ တဖြည်းဖြည်း တိုးတက်လာတာပါပဲ''
''တီထွင်တဲ့ ပညာရှင်တွေက အကောင်းဘက်လို မျှော်လင့်ကြတယ်။ တီထွင်လိုက်တဲ့ ဘက်တီးရီးယားတွေက ဆေးဝါးတွေ ထုတ်ပေးနိုင်မယ်တဲ့၊ လောင်စာတွေ ထုတ်ပေးနိုင်မယ်တဲ့ ပတ်ဝန်းကျင် ညစ်ညမ်းစေတဲ့ ဓာတ်ငွေ့တွေကို စုပ်ယူရှင်းလင်းနိုင်မယ်။ လေထုညစ်ညမ်းမှုကို ကုစားနိုင်မယ်တဲ့''
''ဦးဆောင်တာက ဘယ်သူ လဲဟင်''
''မေရီလင်းပြည်နယ်နဲ့ ကယ်လီဖိုနီးယားပြည်နယ်မှာ သိပ္ပံသုတေသန ဌာနတစ်ခု ရှိတယ်။ J Craig Venter Institute လို့ခေါ်တယ်။ အဲဒီ ကသုတေသီတစ်ဦးပဲ၊ နာမည်က Dr.Craig Venter တဲ့။ သူဦးဆောင်တဲ့အဖွဲ့က Bactorial Genome ကို တည်ဆောက်နိုင်ခဲ့တယ်။ လွယ်လွယ် ပြောရရင် ဥပမာပေါ့ကွာ၊ တီဘီပိုး ရဲ့မျိုးရိုးဗီဇကို ဓာတ်ခွဲခန်းမှာ ဖန်တီးယူပြီး တိုက်ဖွိုက်ပိုးထဲ ထည့်ထားတာပေါ့ကွာ။ အထည့်ခံရတဲ့ ပိုးကပွားလာရင် တီဘီပိုးတွေဘဲ ပွားလာလိမ့် မယ်၊ အဲဒီသဘောပဲကွာ''
''ဒါဆို နှစ်ဆင့်ရှိတာပေါ့''
''ဟုတ်တယ်၊ နှစ်ဆင့်ရှိတယ်၊ ပထမအဆင့်က မျိုးရိုးဗီဇကို ဖန်တီးတာ၊ ဒုတိယအဆင့်က တစ်ကောင်ရဲ့ မျိုးရိုးဗီဇကို နောက်တစ်ကောင်ထဲ ထည့်တာ Dr. Venter တို့အဖွဲ့က အဆင့်နှစ်ဆင့်ကို ပထမပိုင်းမှာ သီးခြားစီ ကြိုးစားခဲ့ကြတယ်။ ခုအောင်မြင်မှု နှစ်ခုစလုံး ပေါင်းလုပ်တယ်။ နည်းပညာနှစ်ခု ရောလိုက်တာပေါ့ကွာ။ အဲသလို ရောလိုက်မှ Synthetic Cell ထွက်လာတယ်။ ဒီ Synthetic Cell ကကမ္ဘာမှာ ပထမဦးဆုံး အရေးပါ တဲ့အောင်မြင်မှုပါဘဲ''
''အတော် ကြိုးစားရတာပဲ နော်''
''ဒါပေါ့ကွာ၊ အသစ်တီထွင်ရ တာဆိုတော့ ခက်ခက်ခဲခဲလုပ်ရတာပေါ့၊ သုတေသီတွေက သဘာဝ အလျောက်ရှိနေတဲ့ ဘက်တီးရီးယား ရဲ့မူလမျိုးရိုးဗီဇကိုလေ့လာတယ်။ မျိုးရိုးဗီဇရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်တယ်။ ဘာတွေပါသလဲဆိုတာရှာ တယ်။ Sequencing လို့ခေါ်တယ်။ ဘာတွေပါသလဲ သိတော့မှ ပြန်ပြီး တည်ဆောက်ယူတယ်။ ဒီနေရာမှာ Synthesis Machine သုံးတာပေါ့ကွာ။ Synthetic DNA က ဆဲလ်တစ်လုံးကို လုံးဝထိန်းချုပ်နိုင်အောင် လုပ်ပေးတာက ဒါဟာ ပထမဦးဆုံး အကြိမ်ပဲတဲ့ကွ''
''ဒါဆို ဘက်တီးရီးယားကနေ လိုချင်တဲ့ပစ္စည်း ထုတ်ပေးအောင် ခိုင်းနိုင်လိမ့်မယ်ထင်တယ်''
''ဟုတ်တယ်၊ Dr.Venter က ပြောတယ်။ ခုလို တီထွင်မှုကြောင့် New Industrial Revolution ဖြစ်လာလိမ့်မယ်တဲ့။ စက်မှုတော်လှန်ရေး အသစ်တစ်ခုပေါ့ကွာ။ Dr.Venter တို့အဖွဲ့က ဆေးကုမ္ပဏီတွေစွမ်းအင် ကုမ္ပဏီတွေနဲ့ ညှိနှိုင်းနေပြီး။ ကာကွယ်ဆေးတွေ ထုတ်မယ်၊ လောင်စာတွေ ထုတ်မယ်ကွ''
''ဝမ်းသာစရာပါပဲ''
''ထောက်ခံတဲ့လူရှိသလို၊ ကန့်ကွက်တဲ့လူရှိတာ ဓမ္မတာပါပဲ၊ ကန့်ကွက်သူတွေက အန္တရာယ်များတယ်လို့ ပြောကြတယ်။ ယူကေမှာ Genewatch UK ဆိုတာရှိတယ်။ မျိုးရိုးဗီဇ သုတေသနတွေကို စောင့်ကြည့်နေတဲ့ ကြီးကြပ်ရေးအဖွဲ့ ဆိုပါတော့ကွာ။ အဲဒီအဖွဲ့က Dr.Helen Wallace ကပြောတယ်။ ဘက်တီးရီးယား အသစ်က မတော်တဆ လွတ်ထွက်သွားရင် အန္တရာယ်များတယ်တဲ့။ ပတ်ဝန်းကျင်ကို ထိခိုက်နိုင် တယ်တဲ့''
''အားနည်းချက်တွေကို ပြုပြင်စေချင်တဲ့ စေတနာ ဖြစ်မှာပါ''
''ဟုတ်မှာပါ။ တီထွင်ကာစ နည်းပညာသစ်တွေမှာ အားနည်းချက် ရှိနေတတ်တယ်။ ဒါကိုပြင်ရင် ပြင် ရင်းနဲ့ ပိုကောင်းလာတတ်တယ်။ Dr.Helen ကလဲ ပြောပါတယ်။ သူလဲဥပဒေကိစ္စ ဆွေးနွေးနေပါတယ်တဲ့။ စည်းမျဉ်းစည်းကမ်းတွေလဲ လေ့လာနေပါတယ်တဲ့။ ပြီးတော့ ဆေးပညာ ကျင့်ဝတ်သိက္ခာပိုင်းကိုလဲ ဆွေးနွေးနေပါတယ်တဲ့''
''ကောင်းပါတယ်။ ထောင့်စုံ ဘက်စုံက ပြင်ဆင်ထားတဲ့သဘောပါပဲ''
''Dr.Venter ကပြောတယ်။ ၂ဝဝ၃ ခုနှစ်က Synthetic Virus ကို ပထမဦးဆုံး တီထွင်နိုင်ခဲ့ပါတယ်တဲ့။ ခု Synthetic Bacteria ကို တီထွင် တာပါတဲ့။ ၂ဝဝ၃ ခုနှစ်ကလဲ ဆေးပညာ ကျင့်ဝတ်သိက္ခာပိုင်းအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပါတယ်တဲ့။ ခုလဲ ဆွေးနွေးဦးမှာပါတဲ့။ University of Cambridge က Dr.Gos Micklem က Landmark Study ဆိုပြီး ချီးကျူးတယ်ကွာ။ University of Oxford u Professor Julian Savulescu က သတိ ထားဖို့ပြောတယ်။ မသမာသူတွေက အကြမ်းဖက်လက်နက်အဖြစ်နဲ့ သုံး သွားနိုင်တယ်တဲ့။ ကြိုတင်ကာကွယ် ရေးတွေလုပ်ပါတဲ့''
''သတိထားတာ မမှားပါဘူး လေ။ အယ်လ်ကိုင်ဒါလို အကြမ်းဖက် သမားတွေကလဲရှိနေတာကိုး''
Dr.Venter ကလဲ ပြန်တင်ပြပါတယ်။ MIT နဲ့ Washington Defence Think Tank က ဒီပြဿနာကို ဆွေးနွေးပြီးပါပြီတဲ့။ အကျိုးက အပြစ်ထက် အဆပေါင်းများစွာ သာပါတယ်တဲ့။ လောလောဆယ် တုပ်ကွေးကာကွယ်ဆေးကို ဖော်စပ်နိုင်တော့မှာပါတဲ့''
''ကာကွယ်ဆေးတွေ ပေါပေါများများရဖို့ အရေးကြီးတယ်၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကာကွယ်ဆေးတွေ သိပ်ကိုလိုအပ်နေတယ်''
''မကြာခင်ရမှာပါ။ ကဲ- ဆာကူရာတာဝါ သွားကြစို့။ Sky Bistrol မှာ ရှုခင်းကောင်းကောင်းကြည့်ရင် ကာပူချီနို သောက်ကြမယ်''
''သောက်မယ် ဆရာကျော်၊ သောက်မယ်''
ရည်ညွှန်းချက်။ ။ BBC News မှ Artificial Life Breakthrough Announced By Scientistsဆေးပညာဆောင်းပါးကို မှီငြမ်း ကိုးကားပါသည်။
အောင်(ဆေး-၁)
author is my father